News

POST TYPE

PERSPECTIVE

အကြောက်မလွန်သင့်ပါ သို့သော် မပေါ့ဆသင့်ပါ ကိုရိုနာ
14-Feb-2020


အခုလတ်တလော ဝူဟန်ဗိုင်းရပ်စ်လို့အများသိကြတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က COVID-19 (CO= corona, VI= virus, D= disease) လို့ အမည်ပေးလိုက်ပြီဖြစ်ပါတယ်။ ဒီရောဂါကြောင့် သေဆုံးသူဦးရေဟာတစ်နေ့ ထက်တစ်နေ့ တိုးလာနေတာမို့ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးမှာ တညီတညွတ်တည်း မဟာဗျူဟာချမှတ်နိုင်ဖို့ ရာနဲ့ချီတဲ့ ကမ္ဘာ့ဆေးသိပ္ပံ ပညာရှင်တွေဟာ မနေ့ကဂျီနီဗာမှာ ဆွေးနွေးနေကြတယ်လို့ဆိုပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲကတော့ ဒီဗိုင်းရပ်စ်ဟာ ကမ္ဘာကြီးအတွက်ကြီးမားတဲ့အန္တရာယ်ဖြစ်နေပြီလို့ ပြောခဲ့သလို ကူးစက်သူဦးရေလျော့ကျခြင်းမရှိတဲ့အတွက်လည်း တရုတ်နိုင်ငံဖြစ်ပွားရာဒေသက ထိပ်တန်းအရာရှိအတော်များများကို ရာထူးကဖယ်ရှားမှုလည်းပြုလုပ်ခဲ့ကြတာတွေ့ရပါတယ်။ အခုဒီရောဂါပိုးကြောင့် သေဆုံးခဲ့တဲ့ အရေအတွက်ဟာ လွန်ခဲ့တဲ့ ၂၀ဝ၃ ခုနှစ်က SARS ရောဂါဖြစ်ပွားမှုကြောင့် ၇၇၄ ဦးသေဆုံးခဲ့တဲ့အရေအတွက်ထက် ကျော်လွန်ခဲ့တဲ့အနေအထားလည်းဖြစ်ပါတယ်။ အာရှမှာ ၁၉၉၇ခုနှစ်က ဖြစ်ပွားခဲ့တဲ့ H1N1 ဟာ အဲဒီတုန်းက နိုင်ငံပေါင်း ၁၇ နိုင်ငံကို ကူးစက်ခဲ့ပြီး သေဆုံးသူကတော့ ၄၅၅ ဦးအထိပဲရှိခဲ့သလို ၂၀ဝ၉ ခုနှစ်က အာရှမှာပဲ ဖြစ်ပွားခဲ့တဲ့ H1N1 ကြောင့် အမေရိကန်နိုင်ငံအထိပါ ကူးစက်ပျံ့နှံ့ပြီး လူပေါင်း ၁၂,၄၆၈ ဦးထိ သေဆုံးခဲ့ကြဖူးသလို ၂၀၁၂ ခုနှစ်က MARS ရောဂါဖြစ်တုန်းကလည်း သေဆုံးသူ ၈၅၈ ဦးရှိခဲ့ကြဖူးတာ လေ့လာမိပါတယ်။ အခုကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေကတော့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ၄၂,၂၀ဝ ဦးရှိနေရာက ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာမှာ ၄၄ç၂၀ဝ ဦးရှိတာမို့ ၂,ဝ၀ဝကျော် ရှိနေသေးတာကြောင့် ကူးစက်သူဦးရေကတော့ ဒီအရေအတွက်မှာတန့်နေတာတွေ့ရပါတယ်။ယခင် ဖေဖော်ဝါရီ ၁၀ ရက်နဲ့  ၁၁  ရက်နေ့တွေမှာ ဆိုရင်လည်း သေဆုံးသူဦးရေဟာ ၉၀ဝကျော်ရှိခဲ့တာမို့ အခုသေဆုံးမှုအရေအတွက်ဟာ လျော့ကျခြင်းမရှိဘဲ ဆက်လက်မြင့်တက်နေသေးတာကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။

ရောဂါကူးစက်ပြန့်ပွားနေမှု အခြေအနေ

အခုလက်ရှိအခြေအနေမှာတော့ တရုတ်နိုင်ငံအပြင် အခြားနိုင်ငံပေါင်း ၂၈ နိုင်ငံကို ကူးစက်ပျံ့နှံ့နေတာကိုလည်း သတင်းတွေမှာ တွေ့ရပါတယ်။အခုဆိုရင် ဂျပန်နဲ့စင်ကာပူမှာဆိုရင် တရုတ်နိုင်ငံသားတွေဆီက ကူးစက်တဲ့အနေအထားမျိုးမဟုတ်တော့ဘဲ သူတို့အချင်းချင်း ပြန်ကူးစက်တဲ့ အနေအထားမျိုးဖြစ်လာနေတယ်လို့ သတင်းတွေမှာဖတ်ရပါတယ်။ ဒါကြောင့်  စင်ကာပူနိုင်ငံမှာလည်း အားလုံးက စိုးရိမ်သောကဖြစ်နေပြီး မနေ့ကဆိုရင် စားစရာတွေ အပူတပြင်းဝယ်ယူစုဆောင်းကြတဲ့အထိ ဖြစ်နေပါတယ်။ မနေ့က စင်ကာပူက တရုတ်လူမျိုးအိမ်မှာ အိမ်ဖော်လုပ်နေတဲ့ မြန်မာမိန်းကလေးတစ်ဦး ရောဂါကူးစက်ခံနေရတဲ့ သတင်းဖတ်ရသလို မြန်မာမှာဆိုရင် စင်ကာပူနိုင်ငံက ပြန်လာသူတစ်ဦး နဲ့ ကူမင်းမှ ပြန်လာသူတစ်ဦးတို့ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ဝူဟန်နမိုးနီးယား စောင့်ကြည့်လူနာအဖြစ် ထပ်တိုးလာလို့ မြန်မာတစ်နိုင်ငံလုံး၌ သံသယနှင့် စောင့်ကြည့်လူနာ စုစုပေါင်း ၂၁ ဦးရှိ ပြီဖြစ်ကြောင်း၊ သံသယလူနာနှင့် စောင့်ကြည့်လူနာများအားလုံးမှာ ဖေဖော်ဝါရီလ ၁၀ရက်နေ့ ည ၈နာရီအထိ ကျန်းမာရေးအခြေအနေ သက်သာကောင်းမွန်နေကြောင်း၊ ဒါ့အပြင် မြန်မာနိုင်ငံမှာလည်း ကိုရိုနာဗိုင်းရပ်စ်ကို ဓာတ်ခွဲစစ်ဆေးနိုင်တော့မှာဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဗိုင်းရပ်စ်ကို စစ်ဆေးရာမှာ အသုံးပြုမယ့် ဓာတ်ခွဲစမ်းသပ်ပစ္စည်း (Reagent) များကို ထိုင်း၊ ဂျပန်နဲ့ အမေရိကန်နိုင်ငံ CDC တို့မှ ပေးပို့ခြင်းဖြစ်ကြောင်းလည်းသိရပါတယ်။

အခုနောက်ဆုံးရ သတင်းအရဆိုရင် ကြောက်မက်ဖွယ် ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ လေထဲမှာပျံ့နှံ့ပြီး (Aerosol Transmission) ဖြစ် လာနေတဲ့အကြောင်း တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့အာဏာပိုင်များက အတည်ပြုခဲ့တယ်လို့ ဆိုပါတယ်။ ဆိုလိုတာကတော့ ဗိုင်းရပ်စ်ပိုးဟာ ၎င်းရဲ့သက်တမ်းရှိသလောက် လေထဲမှာလွင့်မျောခိုက် ရှူရှိုက်မိသူတို့ကို ရောဂါကူးစက်စေနိုင်ခြင်းပဲဖြစ်ပါတယ်။ လေမှာပျံ့နှံ့တဲ့ ရောဂါဖြစ်တယ်ဆိုတဲ့ ယခုတွေ့ရှိချက်ကြောင့် ကိုရိုနာဗိုင်းရပ်စ်အနေနဲ့ အနီးရှိ ရောဂါကူးစက်နေသူရဲ့ နှာချေချောင်းဆိုးခြင်းကို ရှူရှိုက်မိရာမှ တိုက်ရိုက်ရောဂါကူးစက်ခြင်း၊ ရောဂါပိုးကပ်ငြိနေတဲ့ မျက်နှာပြင်၊ အရာဝတ္ထုတို့ကို ထိတွေ့ကိုင်တွယ်ပြီးနောက် မိမိရဲ့ ပါးစပ်၊ မျက်စိနဲ့ နှာခေါင်းတို့ကို ပွတ်သပ်ခြင်းဖြင့် ဗိုင်းရပ်စ်ကူးစက်ခြင်းတို့ အပါအဝင် နည်းလမ်း ၃ မျိုးနဲ့ ကူးစက်နိုင်တယ်လို့ သိရပါတယ်။ အခုနောက်ဆုံး ဗိုင်းရပ်စ်ပိုးသစ်ကိုပါ ထည့်သွင်းရင် လူကိုကူးစက်နိုင်တဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးမျိုး ၇ ခုအထိ ရှိနေပြီး ပြင်းထန်တဲ့အဆုတ်ရောင် ဝေဒနာဖြစ်စေပြီး နောက်ဆုံး ကျောက်ကပ်ပျက်စီးကာ အသက်ဆုံးရှုံးနိုင်တဲ့အထိ ဖြစ်စေပါတယ်။ 

ယခုအချိန်အထိ သေဆုံးသူအရေအတွက် အများစုဟာ ဝူဟန်ဒေသမှဖြစ်ပြီး  တရုတ်နိုင်ငံပြင်ပအနေနဲ့တော့ ဟောင်ကောင်နဲ့  ဖိလစ်ပိုင်တို့မှာ တစ်ဦးစီသေဆုံးခဲ့ကြတယ်လို့ သိရပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့  (WHO) ကတော့ တရုတ်မှာ ဗိုင်းရပ်စ်ကူးစက်မှု ရှိနေသေးပေမယ့် တည်ငြိမ်လာပြီလို့ဆိုထားပါတယ်။လက်ရှိကူးစက်ခံထားရတဲ့ ၂၈ နိုင်ငံအပြင် အခြားဘယ်နိုင်ငံမှာမှ ဗိုင်းရပ်ကူးစက်ခံရသူ အသစ်မတွေ့ရတာ အခုဆို ၄ ရက်ရှိသွားပြီမို့အတော်ငြိမ်လာတဲ့ သဘောဖြစ်တယ်လို့လည်း ဆိုပါတယ်။ နောက်ဆုံးသတင်းတွေအရ စင်ကာပူမှာတော့ နောက်ထပ် ၂ ဦး ကူးစက်တာတွေ့တဲ့အတွက် အခုဆို ၄၅ ဦးထိ ကူးစက်နေပြီဖြစ်ပါတယ်။ ဂျပန်က အဝင်အထွက်ပိတ်ထားတဲ့ ဇိမ်ခံသင်္ဘောကြီးပေါ်မှာတော့ကူးစက်သူ နောက်ထပ် ၆၆ ယောက်ရှိပြီဖြစ်ပြီး စုစုပေါင်း ၁၈၀ ကူးစက်နေတယ်လို့ သိရပါတယ်။ သင်္ဘောပေါ်က ဗြိတိန်နိုင်ငံသား ၈ ယောက်နဲ့ အမေရိကန်နိုင်ငံသား ၁၁ ယောက် ကူးစက်ခံနေရတယ်လို့ သိရပါတယ်။ အင်္ဂလန်မှာ ကူးစက်ခံရသူ ၄ ဦးထပ်မံတွေ့ရပြီး အမေရိကန်မှာတော့ ကူးစက်သူ စုစုပေါင်း ၁၂ ဦးရှိနေပါတယ်။ ဒီရက်ပိုင်းမှာဒီရောဂါပိုးနဲ့ ပတ်သက်ပြီးထူးခြားတဲ့ သတင်းတစ်ခုလည်းတွေ့ရပါသေးတယ်။ ဒါကတော့ ဂျာမနီနိုင်ငံဆေးရုံတစ်ခုက သုတေသနစာတမ်း ၂၂ စောင်ကို သုံးသပ်ချက်အရ ကိုရိုနာဗိုင်းရပ်စ်ပိုးက လူနာနားက ခုံတွေ၊ အိပ်ရာခင်းတွေ၊ တံခါးလက်ကိုင်စတဲ့ မျက်နှာပြင်တွေပေါ်မှာ ၉ ရက်အထိ အသက်ရှင်နေထိုင်နိုင်တာကြောင့် ရာသီဥတုအေးပြီး စိုထိုင်းဆ ပိုများရင် ပိုးကအသက်ပိုရှည်နိုင်တယ်၊ သူ့ကို နှိမ်နင်းဖို့ကတော့ သာမန်အရက်ပြန်နဲ့ ဆေးရုံသုံး ပိုးသတ်ဆေးတွေနဲ့လုံလောက်တယ်ဆိုတဲ့ အကြောင်းပါ။

ဗိုင်းရပ်စ်ပိုးတွေရဲ့ သဘောသဘာဝ

ဗိုင်းရပ်စ်ပိုးတွေနဲ့ပတ်သက်လို့ အလင်းရောင်နဲ့ ထိတွေ့တာနဲ့ ပျက်စီးသွားတတ်တဲ့ပိုးတွေရှိသလို ပွက်ပွက်ဆူနေတဲ့ ရေမှာ မိနစ် ၂၀ မျှ တောက်လျှောက် အပူပေးပြုတ်တာကို ခံနိုင်ရည်ရှိတဲ့ ဗိုင်းရပ်စ်ပိုးတွေလည်းရှိတယ်လို့ လေ့လာရပါတယ်။ တိရစ္ဆာန်အချို့မှာရှိတဲ့  ဗိုင်းရပ်စ်အချို့ဟာ သက်ဆိုင်ရာတိရစ္ဆာန်မှာ ဘာမှမဖြစ်ပေမယ့်လည်း လူကိုကူးစက်တဲ့အခါမှာတော့ ရောဂါဖြစ်စေကြောင်း၊ လူတို့ရဲ့အင်္ဂါအစိတ်အပိုင်းများမှာရှိတဲ့ ဆဲလ်တွေမှာ ပျော်မွေ့တဲ့ ဗိုင်းရပ်စ်တွေအဖြစ် အသွင်ပြောင်းနိုင်ကြောင်းလည်း သိရပါတယ်။ သို့အတွက် ပြင်ပက ရောဂါပိုးမွှားတွေ ကာကွယ်နိုင်ဖို့ဆိုရင် မိမိရဲ့ကိုယ်ခံစွမ်းအား မြင့်တက်နေစေဖို့ ဂရုစိုက်ရမှာ ဖြစ်သလို ရောဂါပိုးကူးစက်ခံလာရပြီ ဆိုရင်လည်း ဆေးမြီးတိုတွေသုံးပြီး ကုသခြင်းကိုလည်း ဂရုပြုရမှာဖြစ်ပါတယ်။

ဆောင်ရန်၊ ရှောင်ရန်များ

ဝူဟန်ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး တရုတ်ပြည်မှာ ဒီဗိုင်းရပ်စ်အတွက် ပါဝင်ကုသပေးနေတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဆရာဝန်ပညာရှင်တစ်ဦးက ပြောကြားထားတဲ့ အချက်လေးတွေအချို့ကိုလည်း ဗဟုသုတ အဖြစ် ပြန်လည်မျှဝေပေးလိုပါသေးတယ်။ ဒါကတော့ ဗိုင်းရပ်စ်ပိုးဟာ သက်ရှိခန္ဓာကိုယ်ရဲ့ ဆဲလ်ထဲမှာသာရှင်နိုင်ပြီး အခန်းအပူချိန်အောက်မှာ မရှင်သန်နိုင်တာမို့ အသုံးအဆောင်တွေကို ရေနွေးပူနဲ့ပြုတ်စရာမလို ကြောင်း၊ ဒီဗိုင်းရပ်စ်က အစာခြေလမ်းကြောင်းကနေ ကူးစက်တာမဟုတ်ဘဲ တံခါးလက်ကိုင်၊ ဖုန်းတွေကို ကိုင်ထားတဲ့လက်က ကူးစက်တာမို့  နှာခေါင်းမနှိုက်ဖို့၊ မျက်စိကိုမပွတ်ဖို့လိုကြောင်း၊ ဒီဗိုင်းရပ်စ်က ခွေးတွေ၊ ကြောင်တွေကို ကူးစက်တာမျိုး မရှိကြောင်း၊ အပြင်ထွက်တဲ့အခါ ဆေးဆိုင်မှာရောင်းတဲ့ ရိုးရိုး mask မျိုး တစ်ထပ်ပဲတပ်ရင် လုံလောက် ကြောင်း၊ သူစိမ်းနဲ့စကားပြောတဲ့အခါ အကွာအဝေးနဲ့မဆိုင်ဘဲ အရေးကြီးတာက လူတည့်တည့် နှာချေတာမျိုး၊ ချောင်းဆိုးတာမျိုး မလုပ်သင့်ကြောင်း၊ ဒီဗိုင်းရပ်စ်က အစာခြေလမ်းကြောင်းက ကူးစက်တာမဟုတ်တာမို့ အစာမျိုးစုံစားလို့ရကြောင်းသိရပါတယ်။ ရောဂါပျိုးချိန်ဟာ ၁ရက်၊ ၂ ရက် အကြာကနေ ၁၀ရက်၊ ၁၂ ရက်ထိကြာတတ်ပါတယ်။ သာမန်အားဖြင့်တော့ ၇ ရက်ပါ။ ဆရာဝန်စောင့်ကြည့်ချိန်က ၁၄ ရက်ပါ။ ရောဂါပျိုးချိန်က ကူးစက်နိုင်ခြေများပြီး လူနာကိုယ်အပူချိန်မြင့်နေရင်တော့ ကူးစက်နေချိန်ဖြစ်ပါတယ်။ 

ကိုရိုနာဗိုင်းရပ်စ်ရဲ့ အဓိကလက္ခဏာတွေ

ကိုယ်အပူချိန်မြင့်ပြီး  အသက်ရှူရခက်တာ၊ တစ်ကိုယ်လုံးနာကျင် ကိုက်ခဲတာမျိုးဖြစ်တတ်ကြောင်း၊ လောလောဆယ် ကုသနိုင်တဲ့ဆေးမတွေ့သေးဘဲ  သက်သာအောင်နဲ့ အားပေးတာလောက်ပဲ လုပ်နိုင်သေးကြောင်း၊ ရောဂါခုခံအားကောင်းတဲ့ လူတွေကတော့ ပျောက်ကင်းလေ့ရှိကြောင်း သိရပါတယ်။ ရောဂါကူးစက်ခံရပြီဆိုရင် အသက်ရှူလမ်းကြောင်းကို ထိခိုက်မှုတွေကို စတင်တွေ့ရှိရပါတယ်။ အဖျားရှိလာတာ၊ ချောင်းဆိုးတာ၊ အသက်ရှူမဝတာနဲ့ အသက်ရှူရခက်ခဲတာ၊ အားအင်ကုန်ခန်းတာတွေ ဖြစ်လာတတ်ပါတယ်။ ကနဦးမှာ ကိုယ်အပူချိန် မြင့်တက်ပြီး ချောင်းခြောက်တွေဆိုးပါမယ်။ တစ်ပတ်အကြာမှာ အားအင်ကုန်ခန်း အသက်ရှူကျပ်တဲ့အထိ ဖြစ်လာပါမယ်။ လူနာတချို့အတွက် ဆေးရုံမှာဆေးကုသမှုခံယူရဖို့ လိုအပ်ပါမယ်။

ဘယ်လို ကာကွယ်ကြမလဲ

ဒီရောဂါပိုးနဲ့ပတ်သက်ပြီး ကာကွယ်ဖို့အကြံပြုရရင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နဲ့ မြန်မာနိုင်ငံကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်လမ်းညွှန်ချက်တွေအတိုင်း လိုက်နာဆောင်ရွက်ရင် ရောဂါပိုးကူးစက်ခံရမှု ဖြစ်နိုင်ခြေကိုလျှော့ချနိုင်မှာ ဖြစ်ပါတယ်။ ဖျားနာနေသူ၊ ချောင်းဆိုး၊ နှာချေ စတဲ့ အသက်ရှူလမ်းကြောင်း ရောဂါလက္ခဏာတွေ ခံစားနေရသူတွေနဲ့ အနီးကပ် နေထိုင်တာကို ရှောင်ကြဉ်ရပါမယ်။ တတ်နိုင်သမျှ လူထူထပ်တဲ့ နေရာကိုသွားလာခြင်း မပြုသင့်ပါ။ လက်ကို ဆပ်ပြာနဲ့ရေ သို့မဟုတ် အရက်ပြန်ပါတဲ့ လက်ဆေးရည်ကို အသုံးပြုပြီး လိုအပ်ရင် လိုအပ်သလို သန့်စင်အောင် မကြာခဏဆေးကြောပေးဖို့ လိုပါမယ်။ နှာချေ ချောင်းဆိုးရင် နှာခေါင်းနဲ့ပါးစပ်ကို နှာခေါင်းစည်း Mask တွေ သုံးပြီး လုံခြုံအောင်ဖုံးအုပ်ပါ။အထူးသဖြင့် အများပြည်သူသုံး ယာဉ်တွေ၊ ဘတ်စ်ကားစီးချိန်တွေမှာ တခြားသူတွေထံ ရောဂါမကူးစက်စေဖို့ သတိပြုသင့်ပါတယ်။ ဒါ့အပြင်တိရစ္ဆာန်တွေကို အကာအကွယ်မရှိဘဲ တိုက်ရိုက်ထိတွေ့ကိုင်တွယ်တာ၊ ပွတ်သပ်တာ၊ နမ်းရှုပ်တာ တွေမလုပ်ဖို့ သတိပြုရပါမယ်။ အသား၊ ငါးနဲ့ ဥတွေကို သေချာစွာချက်ပြုတ် စားသောက်ပြီး တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ဖို့နဲ့ အိပ်ရေးဝ၀ အိပ်ဖို့ လည်း လိုပါတယ်။ အာဟာရပြည့်တဲ့ အစားအသောက်တွေ များများစားဖို့နဲ့ ကိုယ်လက်လှုပ်ရှားမှု မှန်မှန်လုပ်ဖို့လည်း အကြံပြုလိုပါတယ်။ကျန်းမာရေး ဝန်ထမ်းတွေအနေနဲ့လည်း လူနာနဲ့ ထိတွေ့ကိုင်တွယ်ရချိန် ကိုယ့်ကို မကူးစက်အောင် အထူးဂရုပြုလိုက်နာဖို့နဲ့ လူနာကို စမ်းသပ်ကိုင်တွယ်ပြီးတိုင်း လက်ကို နည်းလမ်းတကျ ဆပ်ပြာနဲ့ စင်ကြယ်စွာဆေးဖို့လိုပါတယ်။

နိဂုံးချုပ်အနေနဲ့ပြောရရင် ကြိုတင်ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုပြီးထိရောက်တယ် (Prevention is better than cure) ဆိုတာ ကြောင့် ဒီရောဂါအတွက် အစိုးရိမ်လွန်ဖို့ မလိုသလို ပေါ့ပေါ့တန်တန်လည်း သဘောမထားသင့်ဘဲ ပြင်ဆင်သင့်တာတွေကို စနစ်တကျ ပြင်ဆင်ထားသင့်ပါတယ်။ တရားဝင်သတင်းတွေအရ တရုတ်နိုင်ငံရဲ့ ဖြစ်ပွားရာဒေသမှာလည်း ခုထိစိုးရိမ်စရာဖြစ်နေဆဲမို့ သတိထားကြစေချင်တာပါ။ကျွန်မတို့နိုင်ငံက ပြည်သူအတော်များများဟာ နှာခေါင်းစည်းကို နည်းစနစ် မှန်မှန် မသုံးတတ်ကြတာ၊ နှာခေါင်းစည်းတော့ တပ်ထားပေမယ့် လက်မကြာခဏ ဆေးဖို့ ဂရုမပြုကြတာ၊ တချို့က မျက်ကန်းတစ္ဆေမကြောက် ဘာအကာအကွယ်မှ မသုံးတာစတဲ့ ကျန်းမာရေးအသိ အားနည်းတဲ့ အခြေအနေတွေအရ နေရာအနှံ့ ကူးစက်လာပြီဆိုရင် ထိန်းချုပ်ဖို့ပိုခက်မှာ ဖြစ်တာကြောင့် ပြည်သူတိုင်းက မိမိတို့ဝန်းကျင်မှာ ကူးစက်ခံရသူရှိ၊ မရှိ နေ့စဉ်သတိထားစောင့်ကြည့် လေ့လာပြီး တတ်သိနားလည်ကျွမ်းကျင်သူတွေရဲ့ သတိပေးချက်တွေကို ဂရုပြုလိုက်နာမှသာ ကပ်ရောဂါဘေးက ကင်းဝေး မှာဖြစ်ပါတယ်။ လူသားအားလုံးရောဂါဘယ ကင်းစင်ပကြပါစေ။

နန်းသီတာလွင်