News

POST TYPE

PERSPECTIVE

နိုင်ငံရေး ဇာတ်ခုံထက်က သီဟတင်စိုးများ
14-Feb-2020


ရန်ပိုင် ။  ။ ဒီကနေ့ဆွေးနွေးပွဲ ခေါင်းစဉ်ဖတ်ပြီးတော့ ရုပ်ရှင်မင်းသား သီဟတင်စိုးရဲ့ အက်ရှင်ဇာတ်ကားအကြောင်းများ ပြောမလို့လားဗျ၊ လုပ်ပါဦး။

ရန်နိုင် ။  ။ သီဟတင်စိုးလိုင်းလို့ဆိုလိုက်တာနဲ့ ရုပ်ရှင်ကြည့်ပရိသတ်တွေ အလိုလိုသိပြီးသားဖြစ်နေတာတစ်ခုက မပြီးဆုံးသေးတဲ့ နယ်ချဲ့တော်လှန်ရေး၊ အမျိုးဘာသာကာကွယ်ရေးအတွက် ကိုယ်ကျိုးစွန့်တိုက်ပွဲဝင်မယ်ဆိုတာတွေကို ပရိသတ်တွေက သီဟတင်စိုးဆိုတာနဲ့ ဒီလိုဇာတ်လမ်းတွေလာတော့မယ်ဆိုတာ မြင်လွယ်အောင် ဥပမာပေးလိုက်တာ ကိုရန်ပိုင်ရေ။

ရန်ပိုင် ။  ။ သဘောပေါက်ပြီ၊ တစ်နေ့ကလုပ်သွားတဲ့ အမျိုးသားရေးဆိုသူတွေရဲ့ ဆန္ဒဖော်ထုတ်ပွဲတွေအကြောင်း ဆွေးနွေးမယ်ဆိုပါတော့။

ရန်နိုင် ။  ။ အဲဒီအကြောင်းအရာမပြောခင်၊ အမျိုးသားရေးဝါဒနဲ့၊ မျိုးချစ်/ပြည်ချစ်ဝါဒ ဘယ်လိုကွဲပြားမှုရှိတယ်ဆိုတာကိုဖတ်ခဲ့ဖူးတာ လေးတစ်ခုကိုအမှတ်ရမိလို့ ပြန်လည်မျှဝေလိုတယ် ကိုရန်ပိုင်ရေ။

ရန်ပိုင် ။  ။ လုပ်စမ်းပါဦးဗျ။

ရန်နိုင် ။  ။ အမျိုးသားရေးဝါဒဆိုသည်မှာ လူထု၏ အနိမ့်ကျဆုံးအခြေအနေကိုပင် အကောင်းဆုံးဟု ယောင်ဝါးစေတတ်ပြီး၊ လက်တွေ့ဘဝတွင် သုံးမရ၊ ယူမရသည့် စွမ်းပကား/အာဏာ/ကျရှုံးဆုတ်ခွာရခြင်း/လက်စားချေခြင်း စသည်မျိုးကို တွင်တွင်အော်နေခြင်းမျိုးက အမျိုးသားဝါဒီများ၏တတ်ကျွမ်းသည့် နယ်ပယ်ဖြစ်ကြောင်း ဂျော့ဂျ်အော်ဝဲလ်(George Orwell) ကဆိုသဗျ။ အမျိုးသားရေးဝါဒ၌နှိုင်းရ အမှန်တရား (သမ္မုတိသစ္စာ) သဘောပါဝင်၍ အခြားပုဂ္ဂိုလ်နှင့် ကိစ္စရပ်များကို သေချာစွာဆန်းစစ် လေ့လာလျှင် ခါးသီးဖွယ်ရာချည်းဖြစ်သွားလေ့ရှိတယ်လို့ ဆိုတယ်ဗျ။ ယူဂိုဆလပ် ကဗျာဆရာ၊ စာရေးဆရာဒါနီလိုကစ်(Danilo Kis)  ဆိုသူကတော့ ရသနှင့် ကျင့်ဝတ်သိက္ခာ အပါအဝင်မည်သည့်တန်ဖိုးမှ မရှိဘူလို့ ဆိုတယ်ကိုရန်ပိုင်ရေ။

ရန်ပိုင် ။  ။ အင်း ... စဉ်းစားတွေးတောစရာပေါ့လေ၊ ဒါနဲ့ မျိုးချစ်/ပြည်ချစ် ဆိုတာလေးလည်းလုပ်ပါဦး ကိုရန်နိုင်ရေ။

ရန်နိုင် ။   ။မျိုးချစ်/ပြည်ချစ်ဝါဒီတို့ကတော့ အမျိုးသားရေးဝါဒီတို့နဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ပြီး၊ နိုင်ငံတော်ကိုအမြင့်ဆုံးထားလိုသည် သာမကဘူး နိုင်ငံသားတို့ကို အမြင့်ဆုံးဖြစ်အောင်ထားလိုတတ်ကြတယ်လို့ဆိုတယ်။ မျိုးချစ်/ပြည်ချစ် ဆိုသူတို့ရဲ့သဘာဝက အရာအရာကို လက်တွေ့ကျကျ ချဉ်းကပ်တတ်ပြီး တိုင်းပြည်ကိုအမှန်တကယ် ချစ်မြတ်နိုး၍ နိုင်ငံတိုးတက်ကြီးပွားရေး၊ ပိုမိုမြင့်မားသောအဆင့်သို့ မြှင့်တင်နိုင်ရေးအစဉ်ဦးထိပ်ထားလေ့ရှိတယ်လို့ဆိုတယ်ဗျ။ စဉ်းစားနိုင်ရန် တွေးတောနိုင်ရန်ပေါ့ ကိုရန်ပိုင်ရေ။

ရန်ပိုင် ။  ။ မြန်မာနိုင်ငံလို မရင့်ကျက်သေးတဲ့ ထွန်းသစ်စဒီမိုကရေစီ စနစ်ကျင့်သုံးစနိုင်ငံတွေရဲ့ အန္တရာယ်ဟာ အမျိုးသားရေးဝါဒပဲလို့ဆိုတာ ကျွန်တော်လည်းဖတ်မိတယ်ဗျ။ ဒီမိုကရေစီစနစ်ရေချိန်တွေ ဒီမိုကရေစီ ဆိုတာ သေချာနားလည်ဖို့ထက်စာရင် နိုင်ငံကိုချစ်ရမယ်၊ အမျိုးဘာသာ၊ သာသနာကိုကာကွယ်ရမယ် ဆိုတာတွေက လူတွေရဲ့စိတ်နှလုံးကို ကိုင်လှုပ်နိုင်တဲ့အတွက် အမျိုးသားရေးဝါဒအလံကိုလွှင့်ထူတာက အလွယ်ကူဆုံး စည်းရုံးရေး လက်နက်တစ်ခုပဲဗျ။ လက်တွေ့ကနေ့ မြန်မာ့နိုင်ငံရေးအခြေအနေကို ကြည့်ရင်မြင်နိုင်တယ်ဗျ။

ရန်နိုင် ။  ။ ဟုတ်တယ် ... ကိုရန်ပိုင်ရေ၊ လတ်တလောဖြစ်ပျက်နေတဲ့ အခြေအနေအရပ်ရပ်ကို ခြုံငုံစဉ်းစားရင် လယ်ပြင်မှာဆင်သွားသလို ထင်ရှားနေတာကတော့အမှန်ပဲဗျ။တစ်ခုရှိတယ် ရှင်ကြီးဝမ်းလည်းဝင်ခဲ့၊ ရှင်ငယ်ဝမ်းလည်းဝင်ခဲ့ဖူးတဲ့ ကျွန်တော်တို့ပြည်သူတွေက မညံ့တော့ပါဘူး။

ရန်ပိုင် ။  ။ ဘာလဲ၊ လွှတ်တော်မှာ ဖွဲ့စည်းပြင်ဆင်ရေးတင်တာနဲ့ အချိန်ကိုက်လုပ်လာတာလို့ ဆိုလိုချင်တာလား။ ကဲပါ၊ အမျိုးသားရေး ဝါဒကိုဆွေးနွေးနေတာမို့ သူ့ရဲ့သမိုင်းကြောင်းလေးလည်း လုပ်ပါဦးကိုရန်နိုင်ရ။

ရန်နိုင် ။  ။ ဝီကီပီဒီးယားမှာပါတဲ့ အမေရိကန်အတွေးအခေါ်နဲ့ သမိုင်းပညာရှင် Hans Kohn ကတော့ အမျိုးသားရေးဝါဒသည်  ၁၇ ရာစုကပေါ်ပေါက်ခဲ့တယ်လိုဆိုထားတယ်ဗျ၊ အခြားအရင်းအမြစ်တွေ အဆိုကတော့ ၁၈ ရာစုကစပြီး အမေရိကန်ပြည်နယ်တွေ စပိန်အစိုးရကို ဆန့်ကျင်ခြင်း ဒါမှဟုတ် ပြင်သစ်တော်လှန်ရေးကနေ ပေါက်ဖွားလာ တယ်လို့ဆိုထားတယ်ဗျ။ အများသဘောတူချက်တစ်ခုကတော့ ၁၉ ရာစုမှာတော့ အမြစ်တွယ်လာတယ်ဆိုတယ် ကိုရန်ပိုင်ရေ။

ရန်ပိုင် ။  ။ အင်း အဓိကကတော့ ခံယူကျင့်သုံးတဲ့လူတွေရဲ့အတွေးအခေါ်ပေါ်မူတည်ပါတယ်။ တစ်ခါတစ်ရံအပြုသဘောဆောင်ပေမယ့်  တစ်ခါတစ်ရံတော့အနုတ်လက္ခဏာပြတတ်တယ်ဗျ။ ဥပမာဆိုရရင် အမျိုးသားရေးဝါဒသည် လွတ်လပ်ရေးလှုပ်ရှားမှုများအတွက်၊ အဓိက မောင်းနှင်အားဖြစ်တယ်။ဥပမာ ဇီယွန်ဝါဒလှုပ်ရှားမှုနဲ့ ခေတ်သစ်အစ္စရေး နိုင်ငံတော်ဖြစ်ပေါ်လာသလို၊ ဂျာမနီမှာဟစ်တလာရဲ ့အစွန်းရောက် အမျိုးသားရေးအယူအဆက အနုတ်လက္ခဏာဆောင်တာတော့အမှန်ပဲဗျို့။

ရန်နိုင် ။  ။ ဟုတ်တယ် ... ကိုရန်ပိုင်ရေ၊ ကျွန်တော်တို့နိုင်ငံလို ကမ္ဘာပေါ်မှာ တိုင်းရင်းသားလူမျိုးစုအများအပြားရှိတဲ့ နိုင်ငံမျိုးက အမျိုးသားရေးအလံလွှင့်ထူခြင်းက ပဋိပက္ခတွေကို လက်ယပ်ခေါ်ရာကျမယ်ထင်တယ်ဗျ။

ရန်ပိုင် ။   ။ စာရေးဆရာ ဗိုလ်မှူးကြီးမြတ်ထန်ရဲ့ နိုင်ငံရေးစာအုပ်တစ်အုပ် အမည်ကိုအမှတ်တောင်ရတယ်ကိုရန်နိုင်ရေ၊ တိုင်းပြည်ကနုနု၊ မုန်တိုင်းက ထန်ထန်တဲ့၊ ကျွန်တော်က ဒီမိုကရေစီကနုနု မုန်တိုင်းကထန်ထန်ဆိုပြီးနောက်ထပ်အမည်သစ်နဲ့ စာအုပ်တောင်ထပ်ရေးဖို့ ကောင်းနေပြီ ကိုရန်နိုင်ရေ။

ရန်နိုင် ။  ။ အချုပ်ဆိုရရင် ပြောင်းလဲလာတဲ့နိုင်ငံတကာအခြေအနေတွေနဲ့ ပြည်တွင်းအခြေအနေအရပ်ရပ်တို့နဲ့လိုက်လျောညီထွေတဲ့ မျိုးချစ်/ပြည်ချစ်ဝါဒကသာ ကာကွယ်နိုင်မယ်ထင်တယ်ကိုရန်ပိုင်ရေ။

နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ

အဂ္ဂ