News

POST TYPE

PERSPECTIVE

လူယုံများနဲ့ သူတို့ပတ်ဝန်းကျင်သို့ နားလည်ကြည့်ခြင်း
13-Feb-2020


                                                                                                                                                                           ၁။
လူယုံတဲ့။ ဒီစကားလုံးကိုပုံဖော်ဖို့ဆိုတာ အချိန်ကာလတစ်ထပ် ကြီးလက်တွဲဖြတ်သန်းဖူးရမယ်။ ရိုးသားတယ်ဆိုတဲ့ ပြာယုဂ်ရှိရမယ်။ သစ္စာရှိတယ်ဆိုတာမျိုးလည်းပြနိုင်ရမယ်။ အထိုက်အလျောက်ရလဒ် ကောင်းတချို့ထွက်ဖူးတဲ့ သာဓကလည်းရှိရမယ်ပေါ့လေ။ အဓိက,ကတော့ တစ်ဖက်က သတ်မှတ်သူရဲ့အမြင်ပါပဲ။ သူ့အနေနဲ့ ဆိုခဲ့တဲ့အချက်တွေအပြင် တခြားသူ့သတ်မှတ်ချက် တစ်စုံတစ်ရာနဲ့ ကိုက်ညီလို့ပဲဖြစ်ဖြစ် ယုံကြည်မှုပေးထားလိုက်တယ်။သူလုပ်တာပဲ စိတ်ချတယ်။ သူနဲ့ပဲရေရှည် လက်တွဲချင်တယ်ပေါ့။

အခုတင်ပြခဲ့တဲ့အခြေအနေမျိုးထဲကလို လူယုံဝန်ထမ်းတွေနဲ့ လည်ပတ်နေတဲ့လုပ်ငန်းခွင်အတော်များများ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ တွေ့ရတတ်ပါတယ်။ မိတ်ဆွေတို့လည်း တွေ့ဖူးမှာပေါ့။ ယုံကြည်ရတဲ့သူတွေရှိတာမကောင်းဘူးလား။ ကောင်းတာပေါ့။ သိပ်ကိုကောင်းတာပါ။ ဒါပေမဲ့ အဲဒီယုံကြည်ရတဲ့သူတွေကြောင့်ပဲ လုပ်ငန်းခွင်တွေမှာ တိုးတက်သင့်သလောက် မတိုးတက်တာတွေ၊ တိုးတက်ဖို့ နှောင့်နှေးနေတာတွေလည်း တွေ့ရပြန်ပါတယ်။ ကဲ ... ဘယ်လိုအခြေအနေတွေကြောင့် ယုံကြည်ရသူတွေရှိလျက်သားနဲ့ မတိုးတက်ရသလဲဆိုတာ သုံးသပ်ကြည့်ရအောင်ဗျာ။

                                                                                                                                                                        ၂။
လူယုံရှိတဲ့လုပ်ငန်းခွင်အတော်များများကို လေ့လာကြည့်ရင် လုပ်ငန်းသေးသေးလေးမှသည် လုပ်ငန်းပမာဏတစ်ခုကြီးထွားလာ သည်အထိ အဲသည်လူယုံဆိုသူတွေနဲ့ လက်တွဲလာခဲ့ကြတာပါ။ ဒီလူယုံတွေရဲ့ အရည်အချင်းတွေ ပံ့ပိုးမှုတွေကြောင့်လည်း ဒီလုပ်ငန်းတိုးတက်လာခဲ့တယ် ဆိုတာမမှားပါဘူး။ လုပ်ငန်းရှင်တိုင်း လုပ်ငန်းကိုတည်ထောင်သူတွေတိုင်းမှာတော့ သူတို့လည်ပတ်မယ့် လုပ်ငန်းပမာဏနဲ့ကိုက်ညီမယ့် ရင်းနှီးမြှုပ်နှံမှုအရ ဝန်ထမ်းရွေးချယ်ခန့်ထားတတ်ကြတယ်ဆိုတာတော့ အထူးရှင်းပြဖို့မလိုဘူးထင်ပါတယ်။ ဒါ့ကြောင့် အချို့လုပ်ငန်းတွေဟာ သူတို့လုပ်ငန်းသေးစဉ်မှာ လုပ်ငန်းသေးရဲ့လျာထားချက်နဲ့ညီတဲ့ ဝန်ထမ်းမျိုးတွေနဲ့ပဲစပြီးလုပ်ငန်းကိုလည်ပတ်ကြပါတယ်။ ဝန်ထမ်းတွေကလည်း အဲသည်အလုပ်မှာပဲလေ့လာသင်ယူရင်း အတွေ့အကြုံတွေရလာ၊ အရည်အချင်းတွေလည်း ထိုက်သင့်သလိုတက်လာကြတာပေါ့ဗျာ။

သူတို့တွေအတူ ကြိုးစားရုန်းကန်ရင်း လုပ်ငန်းကကြီးသည်ထက်ကြီးလာတယ်ပေါ့ဗျာ။လူတိုင်းမှာ အရည်အချင်းတွေလုပ်နိုင်စွမ်းတွေက အကန့်အသတ်ရှိပါတယ်။တစ်နည်းအားဖြင့်ဆိုရရင်လည်း ကိုယ်တိုင်ကန့်သတ်လိုက်တဲ့အထဲမှာ ကိုယ့်အရည်အချင်းကရောက် နေမှာလည်း ဖြစ်ပါတယ်။ဥပမာဆိုပါစို့။ ယာဉ်တစ်မျိုးမျိုးမောင်းနှင်နိုင်သူပဲဆိုပါတော့။စက်ဘီးပဲစီးတတ်သူကို ဆိုင်ကယ်သော့ပေးပြီး နှစ်ဘီးချင်းအတူတူပဲ။ ရအောင်မောင်းဆို မဖြစ်နိုင်ပါဘူး။ ကားမောင်းတတ်သူကို လေယာဉ်မောင်းခိုင်းဖို့မဖြစ်နိုင်သလို၊ ရထားမောင်းတတ်သူကိုလည်း သင်္ဘောသွားမောင်းခိုင်းလို့ မရနိုင်ပါ။

လေ့လာသင်ယူမှုအလိုက် အရည်အချင်းကတိုးတက်လာမှာပဲဆိုတာမှန်ပေမယ့် လူတိုင်းကတော့ ကိုယ်တကယ်လေ့လာသင်ယူနေသလား၊ ဘယ်လောက်ထိရနေသလဲ၊ လက်တွေ့အသုံးချနိုင်သလား ဆိုတာတွေကို သဲသဲကွဲကွဲမသိကြပါဘူး။တချို့ကနီးစပ်ရာလောက်မှာ ဟိုမေး ဒီစမ်းလုပ်နေတာကို တော်တော်လေ့လာမိနေပြီထင်တတ်တယ်။သူများလုပ်နေတာကြည့်ပြီး ကိုယ်လည်းလုပ်နိုင်တယ် ထင်တတ်တယ်။ သူများမှားတာတွေ့ရင်တောင် ကိုယ်လုပ်ရင်သည်လိုဖြစ်မှာ မဟုတ်ဘူးဆိုတာမျိုးတွေးတတ်ကြတယ်။ ပြန်ကောက်ရရင်တော့ဗျာ လုပ်ငန်းကကြီးလာပြီ။ ကိုယ့်လူယုံတွေကလည်း ဒီအလုပ်တစ်ခုတည်းမှာပဲ ဖြတ်သန်းကြီးပြင်းလာတာ။ ခေတ်တွေကလည်း ပြောင်းလာသလို ပြိုင်ဆိုင်မှုတွေကလည်း ပြင်းထန်လာလေတော့ သူတို့ရဲ့အတွေ့အကြုံ၊ သူတို့ဖြတ်သန်းမှုနဲ့တင်က မလုံလောက်တော့သလို ကြုံလာရပါတယ်။ ဒီအခါမှာ လုပ်ငန်းရှင်တွေ ရင်းနှီးမြှုပ်နှံထားသူတွေက လက်ရှိအခြေအနေနဲ့ကိုက်ညီမယ့် လူသစ်တွေကိုလက်တွဲဖို့ ထပ်မံကြိုးစားလာကြပါတယ်။ ဒါပေမဲ့ လူဟောင်းတွေအပေါ် ယုံကြည်တာလောက်လည်း လူသစ်တွေအပေါ်ယုံကြည်မပေးနိုင်ကြသလို လူသစ်တွေဆီက လူဟောင်းတွေထက်သာမယ့် ရလဒ်တွေကိုကျ မျှော်လင့်ပြန်ရော။

ယုံတယ်ဆိုတာရဲ့နောက်ကစိတ်အခံမှာတော့ တာဝန်ခွဲဝေမှုတွေ၊ ပွင့်လင်းမြင်သာမှုတွေ၊ မျှော်လင့်ချက်တွေက တွဲလျက်ပါလာတတ် တာကိုး။ မသဲကွဲတဲ့ ဖွဲ့စည်းပုံတွေ၊ မရှင်းလင်းတဲ့တာဝန်ခွဲဝေမှုတွေ၊ မပြတ်သားတဲ့ ညွှန်ကြားချက်တွေ၊ မတိကျတဲ့ဆုံးဖြတ်ချက်တွေနဲ့ပဲ လိုရာ မရောက်လည်ပတ်နေတတ်ကြတာတွေ ထပ်လာပါလိမ့်မယ်။

                                                                                                                                                                                 ၃။
ပြိုင်ဆိုင်မှုများလာတဲ့ ယနေ့အချိန်မှာ ကိုယ့်ပြိုင်ဘက်က ဘယ်လောက်ထပ်ရင်းသလဲ။ ကိုယ်လိုက်ရင်းလို့ရကောင်းရပါလိမ့်မယ်။ ကိုယ့်ပြိုင်ဘက်က ဘယ်လိုနည်းပညာတွေသုံးလဲ။ ကိုယ်လိုက်သုံးလို့ရပါလိမ့်မယ်။မတူနိုင်တာကတော့ ကိုယ့်ဝန်ထမ်းနဲ့ သူ့ဝန်ထမ်းပါပဲ။ သူ့ဝန်ထမ်းတွေမှာရှိတဲ့အရည်အသွေးမျိုး ကိုယ့်ဝန်ထမ်းတွေမှာရှိလာအောင် ဘာတွေပံ့ပိုးပေးရမလဲဆိုတာ စဉ်းစားလာကြရပါပြီ။ လိုအပ်မယ့်နည်းပညာ၊ အဆောင်အယောင်၊ ကိရိယာတန်ဆာပလာတွေ အစုံတပ်ဆင်ပေးဖို့ လိုအပ်လာပါပြီ။ ခက်နေတာတစ်ခုက အပေါ်မှာဆိုခဲ့သလို လူတိုင်းရဲ့လုပ် နိုင်စွမ်းက သူ့ပင်ကိုစိတ်နေစိတ်ထား၊ ဆည်းပူးခဲ့တဲ့ပညာရပ်နယ်ပယ် အတိမ်အနက်၊ ဖြတ်သန်းဖူးတဲ့ပတ်ဝန်းကျင် အနေအထား၊ လက်တွေ့ဖော်ဆောင်နိုင်စွမ်းဆိုတာတွေအရ ကန့်သတ်ချက်တွေရှိနေတတ်ပါတယ်။

ဥပမာပေးရရင် မိတ်ဆွေတို့ ပြင်ပစားသောက်ဆိုင်တွေရောက်တဲ့အခါ သတိထားမိနိုင်တာတွေ ရှိပါတယ်။ တချို့သောဆိုင်ဝန်ထမ်းလေး တွေဟာ စားသုံးသူရဲ့လိုအင်ဆန္ဒကို အပြည့်အဝရအောင်ဖြည့်ဆည်းပေးတတ်သလို၊ အဲသည်ဆိုင်ထဲကပဲ အချို့ဝန်ထမ်းလေးတွေကတော့ တာဝန်အရလုပ်ရမယ့်အပိုင်းလောက်ပဲ ဝတ်ကျေတမ်းကျေလုပ်သွားတာမျိုးတွေ့ဖူးမှာပေါ့။ တချို့ဆို ဝတ်ကျေတမ်းကျေတောင်မလုပ်ဘဲ သူတို့ လုပ်ချင်သလိုလုပ်ပေးတဲ့ အနေအထားနဲ့ဝန်ဆောင်မှုကို စားသုံးသူက ကျေနပ်သည်ဖြစ်စေ၊ မကျေနပ်သည်ဖြစ်စေ လက်ခံလိုက်ရတာမျိုးတောင် ရှိတတ်ပါတယ်။ကဲ ... မိတ်ဆွေဘယ်လိုယူဆပါသလဲ။ ဆိုခဲ့တဲ့ စားသောက်ဆိုင်ကြီးရဲ့ပိုင်ရှင်တွေ၊ ဦးဆောင်သူတွေဟာ ယနေ့ခေတ်ရဲ့ အရေးပါလှတဲ့ ဝန်ဆောင်မှုပိုင်းဆိုင်ရာ အကျင့်အကြံတွေကို သူတို့ဝန်ထမ်းတွေအားလုံးကို မလွဲမသွေလေ့လာစေ၊ လေ့ကျင့်စေမှာပါပဲ။ ဒါပေမဲ့ ခံယူသူတစ်ဦးစီရဲ့ လက်ခံနိုင်မှု၊ အလေးထားမှု၊ ခံစားသက်ဝင်မှု တွေကတော့ ကွာခြားနေတာတွေ့ရပါလိမ့်မယ်။ ဒီတော့ နည်းပညာပေးတယ်။ အလေးမထားဘူး။ အဆောင်အယောင်ပေးတယ်။ လိုက် လျောညီထွေမနေတတ်ဘူး။ ကိရိယာတန်ဆာပလာတပ်ဆင်ပေးတယ်။ အသုံးတည့်အောင်မသုံးတတ်ဘူး။ အခုတင်ပြခဲ့သလို အခြေအနေတွေဟာ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ အမြဲတွေ့နေရနိုင်ပါတယ်။ အားလုံးဟာ ကာယကံရှင်တွေအပေါ်မှာပဲ မူတည်ပါတယ်။

                                                                                                                                                                                  ၄။
အဖွဲ့အစည်းတစ်ခုရဲ့ တိုးတက်ရေးအတွက်ကို ဦးတည်ရင်တော့ လူအစွဲထားတတ်တဲ့အကျင့်ဟာ ပြန်စဉ်းစားစရာဖြစ်နေပါပြီ။ ကိုယ်နဲ့ စိတ်ခံစားချက်တူတဲ့လူတွေ၊ ကိုယ့်အပေါ်လိုက်လျောညီထွေနေပေးမယ့် သူတွေကိုပဲ ရွေးချယ်လက်တွဲကြမှာလား။ သေချာတာကတော့ သူတို့အများစုဟာ မိတ်ဆွေရဲ့အမြင်၊ အတွေးတွေကို ဘယ်တော့မှဆန့်ကျင်တာမျိုး၊ တစ်ဖက်က တွေးပေးတာမျိုးတွေ လုပ်မှာမဟုတ်ပါဘူး။ ဆိုချင်တာကတော့ ရွေးချယ်မှုအားလုံး၊ ဆုံးဖြတ်ချက်အားလုံးအတွက် ဖြစ်လာမယ့်ရလဒ်တွေအပေါ် တာဝန်ယူရမယ့်သူဟာ မိတ်ဆွေကိုယ်တိုင်ပါပဲ။

လုပ်သက်ကြာခြင်း တစ်ခုတည်းနဲ့ အလုပ်အပေါ်သစ္စာရှိနေသယောင်မြင်ဖို့တော့ ခက်ပါလိမ့်မယ်။ သူ့မှာဒီအလုပ်ထက် ပိုကောင်း မယ့်တစ်နေရာကို ရွေးချယ်စရာမရှိတာမျိုး ဒါမှမဟုတ် အဲသည်လိုနေရာ တွေကိုဝင်တိုးဖို့ သူ့မှာအရည်အချင်းမပြည့်ဝလို့ နောက်တစ်နည်း တခြားပတ်ဝန်းကျင်က သူ့လက်ရှိအနေအထားကို လိုလိုလားလားမရှိ၊ ကမ်းလှမ်းမှုမရှိလို့ အမျိုးမျိုးဖြစ်နိုင်ပါတယ်။ သွားစရာနေရာမရှိလို့ ကပ်နေရတဲ့အခါ သူ့အတွေး သူ့အမြင်နဲ့အဖွဲ့အစည်းတိုးတက်အောင်လုပ်ဖို့ မဆိုထားနဲ့ဦး။ အဖွဲ့အစည်းရဲ့ထိပ်တန်းနေရာက ဘယ်သူရဲ့အတွေးအမြင် ဘယ်လောက်လွဲနေသည်ဖြစ်စေ သူတို့ကတော့ အလိုက်သင့်ဖော်ဆောင်ပေးကြပါလိမ့်မယ်။

ကျွန်တော်တို့နဲ့စိတ်အခန့်သင့်တဲ့သူတွေ၊ လက်တွဲမှုကြာနေသူတွေကို လူယုံလို့အများစုက သတ်မှတ်တတ်ကြပါတယ်။ လုပ်ချင်တဲ့ လူတွေနဲ့တွဲလုပ်ရင်း ရလာတဲ့ရလဒ်ဟာ ကိုယ်လိုချင်တာမဖြစ်လာဘူး ဆိုရင်တော့ ပြန်လည်သုံးသပ်ဖို့လိုနေပြီဆိုတာကို ဆက်လက်အတွေးပွားနိုင်ဖို့ သတိပေးလိုက်ရပါတယ်ဗျား။

Z မောင်