News

POST TYPE

PERSPECTIVE

ငြိမ်းချမ်းရေးအသိုက်အမြုံထဲမှ ခဲဖျက်အတုများ
14-Jan-2020

မိမိတို့ကိုယ်တိုင်ပြုလုပ်မိခဲ့ကြသည့်အမှားများကို ပြန်လည်ချေဖျက်နိုင်ဖို့ရန်အတွက် လုံးဝဖျက်ပစ်နိုင်သော အမှားဖျက်ဆေးဟူ၍ လောကတွင်မရရှိနိုင်ပါပေ။ကလေးဘဝက အသုံးများခဲ့ကြပါသော ခဲဖျက်လေးများကို ပြန်လည်တမ်းတရုံမျှဖြင့်လည်း အမှားများကို ပြန်လည်ဖျက်လို့ မရရှိနိုင်ကြပေ။ဘဝဟူသော လျှောက်လမ်းပေါ်တွင် အမှားနည်းနိုင်သမျှ နည်းနိုင်အောင်သာ ကျွန်တော်တို့တစ်တွေ ကြိုးစားကြရပေမည်။ပြုလုပ်မိခဲ့ကြသည့်အမှားများကို ပြန်လည်ပြင်ဆင်နိုင်ဖို့ရန်အတွက် အချိန်ရရှိမှုဆိုသည်မှာ နည်းလွန်းပေသည်။ အမှားများပြင်ဆင်နိုင်ဖို့ရန်အတွက် ပြင်ဆင်ချိန်များကို ပြန်လည်မရနိုင်သည်က များပေသည်။ဆိုရလျှင် အမှားကိုပြန်လည်ပြင်ဆင်ဖို့ရန် အချိန်မရှိနိုင်ပေ။

လျှို့ဝှက်ချက်များနှင့် ပြည့်လျှံနေတတ်သည့်ဘဝတိုင်းသည် အမှန်နှင့် အမှားကြား ပျားရည်ဆမ်းခရီးတစ်ခုပမာ ဖြစ်ပေမည်။ ဒုက္ခများကို ဖြတ်ကျော် ပြီးမှသာလျှင် ပျော်ရွှင်ခြင်းများ၏ ပြည့်စုံသာယာမှုကို ရရှိကြပေမည်။လောက၌ လူသားတို့ပြောနေကျ စကားတစ်ခွန်းရှိပေသည်။'မနက်ဖြန် ဆိုသည်မှာ ဝေးလွန်းသည်'ဟူ၍ ဖြစ်သည်။ပြည့်စုံမှုများနှင့် ရှင်သန်နေကြရသောဘဝများအတွက် မနက်ဖြန်တိုင်းသည် ဝေးလွန်းနေနိုင်သော်လည်း မပြည့်စုံကြသည့်ဘဝများအတွက်မူ နီးလွန်းနေနိုင်ပါသည်။

လူတစ်ဦးနှင့်တစ်ဦးကြားတွင် ရှင်သန်ရသောဘဝများသည် မတူညီနိုင်ကြပေ။ထို့အတူပင် မျှော်လင့်ခြင်းများသည်လည်း ကွဲပြားနေမည်ဖြစ်သည်။ကျွန်တော်တို့တစ်တွေသည် လဲလျှင်ပြန်ထကြရမည်ဖြစ်သည်။လူသစ်၊ စိတ်သစ်၊ အားအသစ်များကို ပြန်လည်မွေးမြူကြရင်း မနက်ဖြန် ဆိုသည့် မျှော်လင့်ချက်လေးများကို အလင်းပေးနိုင်ရမည်ဖြစ်သည်။အရှုံးမှာရပ်တန့်၍မနေဘဲ လဲလျှင်ပြန်ထ၊ ရှုံးလျှင်ပြန်လည်ကြိုးစား၊ ကိုယ့်ကိုယ်ကိုယ် ရှင်သန်နိုင်အောင် လေ့ကျင့်ပေးနိုင်ရမည်ဖြစ်သည်။မိမိကိုယ်ကိုယ် စောင့်ရှောက်ရင်း တည့်မတ်နိုင်ရမည်ဖြစ်သည်။

မြင်ကွင်းများကျယ်ပြန့်လာသော ခေတ်သစ်လူနေမှုဘဝများတွင် အရှုံးများကို လက်ခံတတ်ရန်လိုအပ်သလို၊ အရှုံးများထဲမှ ရုန်းထွက်နိုင်ဖို့ ရန်က ပို၍ပင်အရေးကြီးလှပေသည်။မိမိတို့ဘဝ၏ သစ္စာဖောက်များဟူသည် အဝေးကြီးတွင် ရှိ၍မနေပေ။မိမိတို့ကိုယ်တိုင်သာလျှင် ဖြစ်နေတတ်ပေသည်။ကျွန်တော်တို့အားလုံးတို့သည် မိမိတို့အပေါ်၌ တစ်ပါးသူများက သစ္စာဖောက်သွားသည်ကိုသာ သတိရတတ်ပေသည်။မိမိတို့ကိုယ်တိုင် မိမိတို့၏ရှင်သန်မှုများအပေါ်၌ သစ္စာမရှိကြခြင်းကိုမူ သတိမထားတတ်ကြပါပေ။ တစ်နည်းအားဖြင့်ပြောရလျှင် မိမိကိုယ်ကိုယ် လျှော့ပေါ့ပေး၍ တွေးပေးတတ်သောကြောင့်သာ ဖြစ်ပေသည်။

အသိုက်အမြုံတစ်ခုကို တည်ဆောက်ကြသည့်အချိန်၌ဖြစ်စေ၊ဘဝ သစ်တစ်ခုကို အသစ်တည်ဆောက်ကြသည့်အချိန်၌ဖြစ်စေ အမှားများကို ကျူးလွန်တတ်ကြပေသည်။လမ်းမှားသို့ လျှောက်တတ်ကြပေသည်။သို့သော် ကျွန်တော်တို့တစ်တွေသည် မိမိတို့ပြုလုပ်မိသောအမှားကိုမူ သတိထားဆင်ခြင်နိုင်စွမ်း နည်းလွန်းတတ်ပေသည်။မိမိတို့၏အမှားများကို ပြန်လည်မြင်နိုင်မှုအား ရှိမနေတတ်ကြပေ။ဤသည်ပင် မိမိကိုယ်မိမိ သစ္စာဖောက်တတ်လာသည့်အကျင့်များကို မွေးမြူသလိုဖြစ်လာပေသည်။

မိမိကိုယ်ကိုယ် သစ္စာဖောက်မိကြခြင်းများသည် မိမိတို့၏ဘဝများကို ဆင်းရဲတွင်းသို့ တွန်းချသည်နှင့် မထူးလှပေ။ငွေမရှိမှ ဆင်းရဲသည်ဟု မဆိုနိုင်ပါပေ။အမှန်နှင့်အမှားတို့၏အလယ်၌ ရပ်တည်ရန်ခက်ခဲခြင်းများကလည်း ဆင်းရဲခြင်းတစ်မျိုးဖြစ်ပေသည်။သဘောမှာ အမှန်နှင့်အမှားများ၏ လွန်ဆွဲခြင်းဒဏ်ကြောင့် သံသယစိတ်သည် ကြီးစိုးတတ်သောကြောင့်သာဖြစ်ပေသည်။ ကျွန်တော်တို့တစ်တွေသည် မိမိတို့ကိုယ်တိုင် ပြုလုပ်မိကြသည့်သံသယများကြောင့် ဆင်းရဲတွင်းနက်ကြခြင်းများကို ပြင်ဆင်နိ်ုင်ကြဖို့ရန်အတွက် အသိနှင့်သတိ ရှိကြဖို့လိုအပ်ပါသည်။

ငွေမရှိသောဆင်းရဲတွင်းများထက် အသိမရှိသော ဆင်းရဲတွင်းများက ပို၍တွင်းနက်ပေလိမ့်မည်။အသိမရှိသောဘဝ၏ သံသယများဖြင့် ဖောက်ပြန်ခံရခြင်းများမှာ ဘဝကိုလမ်းမှားသို့ တွန်းပို့လိုက်ခြင်းများပင် ဖြစ်သည်။သံသယများကြီးစိုးခံရသည့်ဘဝတိုင်းသည် တိုးတက်မှုနှေးကွေးမည်သာဖြစ်သည်။ပျော်ရွှင်ချမ်းသာမှုများ နည်းပါးသွားမည်ဖြစ်သည်။သံသယများ၏ နှိက်စက်မှုကြောင့် ရရှိတတ်သောဒဏ်ရာဟူသည် မေ့ဖျောက်ပစ်နိုင်ရန်ခက်ခဲပေသည်။သံသယအမှောင်များကြောင့် မိမိတို့လိုလားသော ရည်မှန်းချက်များ ပျောက်ဆုံးတတ်ပေသည်။

ကျွန်တော်တို့တစ်တွေသည် အသက်ရှင်သမျှကာလပတ်လုံး ရည်မှန်းချက်ကြီးကြီးထားရှိရမည်။မိမိတို့၏ ရည်မှန်းချက်များကို လမ်း ပျောက်မသွားစေရန် ထိန်းညှိနိုင်ရမည်ဖြစ်သည်။ကျွန်တော်တို့တစ်တွေ၏ဘဝတွင် ရည်မှန်းချက်မရှိကြခြင်းများမှာ  မိမိကိုယ်မိမိ သတ်သေသည့်သဘောပင်ဖြစ်သည်။တစ်နည်းအားဖြင့် ကိုယ့်ဘဝတက်လမ်းများကို ဖျက်ဆီးပစ်၍ ကိုယ့်သေတွင်းကို ကိုယ်တိုင်တူးခြင်းမျိုးပင်ဖြစ်သည်။ကျွန်တော်တို့တစ်တွေ၏ ဘဝတက်လမ်းများကို ကျွန်တော်တို့တစ်တွေကိုယ်တိုင် ချိုးဖျက်တတ်သည့် သဘောတရားများကို နားလည်ထားဖို့ရန်လိုအပ်သည်။ 

မြင်တတ်ကြည့်တတ်ကြပါသော မျက်စိများကိုမှိတ်၍လည်းကောင်း၊ ကြားတတ် နားစွင့်တတ်ကြပါသော နားများကိုပိတ်၍လည်းကောင်း၊ ဖောက်ပြန်မှုများ၏ရလဒ်ဖြစ်သည့် ကျိတ်ငိုရခြင်းမျိုးများကို ကျော်လွှားနိုင်ကြဖို့ဆိုလျှင် သံသယဉာဉ်ဆိုးများကို ဦးစွာဖျောက်တတ်ကြဖို့ လိုအပ်ပါသည်။ခေတ်သစ်ကိုကြည့်၍ဆိုရလျှင် ဖုန်းတွေ၊ အင်တာနက်တွေကနေတစ်ဆင့် ဖြစ်ပေါ်လာတတ်သော သံသယအမှောင်များကိုလည်း ကျော်လွှားနိုင်ဖို့ရန် လိုအပ်ပါသည်။မိမိတို့၏ ဖောက်ပြန်မှုများကြောင့် မိမိတို့ကိုယ်တိုင် ကျိတ်ငိုရသည့်အဖြစ်မျိုးဆိုသည်မှာ သွေးမထွက်သည့်ဒဏ်ရာပင် ဖြစ်သည်။

ယနေ့ ကျွန်တော်တို့နိုင်ငံ၏ အဓိကလိုအပ်ချက်ဖြစ်လို့နေသော ပြည်တွင်းငြိမ်းချမ်းရေးဆိုသည်မှာ ဖောက်ပြန်မှုများကို အခြေခံ၍သာ ကြာလင့်လို့နေပေသည်။မည်သူတွေက မည်ကဲ့သို့ ဖောက်ပြန်နေကြသနည်း။စဉ်းစားတွေးကြည့်စရာပင်ဖြစ်သည်။ ကျွန်တော်တို့တစ်တွေတွင် မြင်တတ်သော မျက်စိ၊ ကြားတတ်သောနားတို့ ရှိပေသည်။ အမှန်ကို အမှန်တိုင်းကြည့်၍  အမှန်ကိုနားထောင်လိုကြပေသည်။ ငြိမ်းချမ်းရေးဆိုသည် ပြည်သူတွေ အတွက် အဓိကလိုအပ်ချက်ဖြစ်ပေသည်။

ပြည်သူတွေအတွက် အဓိကလိုချက်ဖြစ်သော ငြိမ်းချမ်းရေးကို ကြန့်ကြာအောင်ပြုလုပ်နေကြခြင်းသည်လည်း ပြည်သူတွေကို သတ်ခြင်းတစ်မျိုးပဲဟု ဆိုချင်မိသည်။စစ်ပွဲတွေပဲဖြစ်ဖြစ်၊ လမ်းပေါ်တွင် မီးရှို့ခံရသောကားတွေပဲဖြစ်ဖြစ်၊ လက်တွေ့ခံစားရသူများမှာ ပြည်သူများသာလျှင် ဖြစ်ကြပေသည်။ကိုယ့်အမျိုးကိုချစ်လို့ ဖြစ်ကြသည့်စစ်ပွဲများဟုဆိုကြလျှင် အဘယ့်ကြောင့်များ ကိုယ့်အမျိုးကို ဒုက္ခပေးကြသနည်း။ဤအရာသည် သက်ဆိုင်သူများသာ အဓိကကျကျ စဉ်းစားရမည့်အရာဖြစ်ပေသည်။

ယုံကြည်မှုမရှိပါဘဲ တည်ဆောက်ထားကြသော ငြိမ်းချမ်းရေးဆိုသည်မှာ အတုယောင်ငြိမ်းချမ်းရေးမျိုးပင် ဖြစ်ပေလိမ့်မည်။ မိမိတို့၏အမျိုးကို ချစ်သည်လော။မိမိတို့၏အမျိုးသားရေးကို ချစ်ကြသည်လော။နဖူးပေါ်လက်မတင်ဘဲ စဉ်းစားသင့်လှပေသည်။ မိမိတို့၏ လုပ်ဆောင်ချက်များသည် မိမိတို့၏သမိုင်းအဖြစ် ကျန်ရစ်ခဲ့ပေမည်။မိမိတို့၏ ဆိုးမွေကောင်းမွေ ဟူသည် မိမိတို့မသိမသာထားခဲ့ကြသည့် သေတမ်းစာပင်ဖြစ်လိမ့်မည်။အသိုက်ပျက်သူတို့ ပို့သသောမေတ္တာဟူသည် မိမိတို့ ရေးခဲ့မှန်းမသိသော သေတမ်းစာများပင် ဖြစ်ပေလိမ့်မည်။

အမှားများကို ပြင်ဆင်ဖို့အချိန်မရရှိကြသည့်တိုင်အောင် အမှားကိုအမှားဟု ရှုမြင်နိုင်ကြခြင်းသည်ပင် တော်လှပေသည်။ကလေးဘဝ ဆီကလို အမှားဖျက်ဖို့ရန်အတွက် ခဲဖျက်လေးများနှင့် မလုံလောက်သော မျက်မှောက်ခေတ်မှာ အပုပ်အနံ့ထွက်ခြင်းက မြန်လွန်းလှပါသည်။

လူသစ်၊ စိတ်သစ်များနှင့် မနက်ဖြန်တိုင်းကို နိုးထချင်လှပါသည်။ပုပ်သိုးနေသည့် မပြီးဆုံးသေးသော လူလုပ်ဉာဉ်ဆိုးပွဲများကို ပျောက်ဆုံးစေချင်ပါသည်။ဘယ်သူတွေကများ သစ္စာဖောက်သွားကြလို့ ငြိမ်းချမ်းရေးဆိုတာကြီးက ယခုချိန်ထိအောင် ပုန်းအောင်းလို့ နေနိုင်နေရတာလဲဆိုသည့် အမေးရှိပြီး အဖြေပြန်မပေးနိုင်သေးသည့် ပုစ္ဆာမျိုးဆိုသည်မှာ ဒုလ္လဘ ရခဲလှသည့် ငြိမ်းချမ်းရေးပင်ဖြစ်ပေလိမ့်မည်ဟု အတွေးပွားရင်း ရေးသားလိုက်ရပါသည်။


 ခိုင်မြင့်ဝေ