News

POST TYPE

PERSPECTIVE

ပညာရေးဤခရီးနီးသလား
14-Jan-2020

ပြောင်းလဲရေးအစ

မြန်မာ့ပညာရေးအပြောင်းအလဲသည် ၂၀၁၁ ခုနှစ် နိုင်ငံရေးစနစ်ပြောင်းလဲခြင်းနှင့်အတူ ကျောင်းတွင်းပညာရေး၊ ကျောင်းပြင်ပပညာရေးနှင့် သက်မွေးပညာများကဲ့သို့သော ပညာရေးဆိုင်ရာများ ပြောင်းလဲခဲ့ပါသည်။ အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း ၂၀၁၆ -၂၀၂၁ ကိုလည်း ရေးဆွဲအကောင်အထည်ဖော်လျက်ရှိသည်။ထို့အပြင် ၂၀၂၁ - ၂၀၃၀ အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်းကိုလည်း ရေးဆွဲနေကြောင်းသိရပါသည်။ပညာရေးပြုပြင်ပြောင်းလဲမှုတွင် အသွင်သဏ္ဌာန်အားဖြင့်ပြောင်းလဲခြင်း နှင့် အနှစ်သာရအားဖြင့်ပြောင်းလဲခြင်း အပိုင်း ၂ ပိုင်းအဖြစ် ရှုမြင်လိုပါသည်။

မြန်မာ့ပညာရေးအပြောင်းအလဲတွင် အသွင်သဏ္ဌာန်အားဖြင့် ပြောင်းလဲမှုများ သိသာစွာတွေ့မြင်ရသော်လည်း ပညာရေးအနှစ်သာရ ပိုင်း ပြောင်းလဲမှုတွင် လွန်စွာအားနည်းနေဆဲဟုဆိုရပါမည်။စဉ်းစားတွေးခေါ်နိုင်စွမ်း၊ ဝေဖန်သုံးသပ်နိုင်စွမ်း၊ တီထွင်ဖန်တီးနိုင်စွမ်း၊ ကျင့်ဝတ်လိုက်နာနိုင်စွမ်းကဲ့သို့သော အနှစ်သာရများကို သင်ကြားလေ့ကျင့်ပေးခြင်းဖြင့်သာ ပညာရေးအရည်အသွေး အာမခံမှု ရရှိနိုင်ပါလိမ့်မည်။သင်ကြားချိန်တိုးမြှင့်ခြင်းသက်သက်ဖြင့် ပညာရေးအရည်အသွေး အာမခံမှုရရှိနိုင်ပါမည်လား။ရရှိနိုင်ပါသည်ဟု ယေဘုယျဆိုနိုင်ပါသည်။သို့သော် ...။

စာသင်ချိန်တိုးမြှင့်

စာသင်ကြားချိန်တိုးမြှင့်ခြင်းနှင့်ပတ်သက်၍ စတုတ္ထတန်းနှင့် အဋ္ဌမတန်းနှစ်ဆုံးစာမေးပွဲကို ဖေဖော်ဝါရီ ၂၄ ရက်မှ မတ်လ ၃ ရက်အထိ၊ တက္ကသိုလ်ဝင်တန်းနှစ်ဆုံးစစ်ဆေးခြင်းကို ဖေဖော်ဝါရီအတွင်းကျင်းပရန် သတ်မှတ်ကြောင်း၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို မတ်လ ၁၁ ရက်မှ ၂၀ ရက်အထိ ကျင်းပ၍ကျန်အတန်းများ၏ နှစ်ဆုံးစာမေးပွဲကို မတ်လ ၂၃ ရက်မှ ၃၁ ရက် အထိကျင်းပမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၇ ရက်က ကြေညာခဲ့သည်။

ပညာရေးဝန်ကြီးဌာန၏ အထက်ပါသတ်မှတ်ချက်ကို နိုင်ငံအဝန်း  ဖဲကြိုးစိမ်းကမ်ပိန်းလှုပ်ရှားမှုများပြုလုပ်၍ ကန့်ကွက်ခဲ့ပြီးနောက် ဇန်နဝါရီ ၉  ရက်က နေပြည်တော်တွင်ကျင်းပသည့် တိုင်းနှင့်ပြည်နယ်ပညာရေးမှူးများ ပါဝင်သည့် အစည်းအဝေးဆုံးဖြတ်ချက်အရ မူလသတ်မှတ်ချက်ထက် ခြောက်ရက်လျှော့၍ မတ်လ ၂၅ ရက်အထိ ကျောင်းဖွင့်ရန် ပြောင်းလဲသတ်မှတ်ခဲ့သည်။ အခြေခံပညာရေးစာသင်ကာလ တိုးမြှင့်သတ်မှတ်ရသည့်အကြောင်းအရင်းများသည် လက်တွေ့မြေပြင်အခြေအနေကိုက်ညီမှု၊ ပညာရေးမဟာဗျူဟာ ရည်မှန်းချက်များအပေါ် အထောက်အကူပြုမှု၊ ပညာရေးစီမံခန့်ခွဲမှု တာဝန်ရှိသူများ၊ ကျောင်းသား ဆရာမ မိဘများအကြား ပူးပေါင်းဆောင်ရွက်နိုင်မှုတို့နှင့် ချိန်ထိုးကြည့်မိပါသည်။

အရည်အသွေးအာမခံမှု

ကမ္ဘာ့အဆင့်သာမက ဒေသတွင်းပင်နိမ့်ကျနေသော နိုင်ငံစီးပွားရေး နှင့် ဖွံ့ဖြိုးတိုးတက်ရန်ဆိုပါက ပညာရေးမြင့်မားရေးသည် အခြေခံလိုအပ်ချက်တစ်ရပ် ဖြစ်နေပါသည်။ပညာရေးပြုပြင်ပြောင်းလဲမှုအတွက် နှစ်စဉ်ဘဏ္ဍာငွေတိုးမြှင့်သုံးစွဲလျက်ရှိသော်လည်း ပညာရေးအနှစ်သာရအားဖြင့် ပြောင်းလဲမှုမှာ ထိရောက်မှု အားနည်းနေဆဲအခြေအနေကို တွေ့မြင်ခံစားနေရဆဲဖြစ်သည်။ အခြေခံပညာရေးတွင် သင်ရိုးညွန်းတမ်းများ၊ စာမေးပွဲစနစ်များ ပြောင်းလဲနေသော်လည်း သင်ကြားမှုစနစ်မပြောင်းလဲနိုင်သေးခြင်း၊ ဆရာ၊ ဆရာမများ အရည်အသွေးမြှင့်တင်ရန် လိုအပ်နေသေးခြင်း၊ စီမံခန့်ခွဲမှုစနစ်များ မပြောင်းလဲနိုင်သေးခြင်းတို့ကြောင့် အရည်အသွေးမြင့် ပညာရေးမှာ အလှမ်းဝေးနေဆဲဟုပင် ဆိုရပါလိမ့်မည်။

အမျိုးသားပညာရေးမူဝါဒကော်မရှင်၏ အမျိုးသားပညာရေးအဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ်ရေးကော်မတီက  ယင်း၏ဆောင်ရွက်ချက်များကို လွှတ်တော်သို့အစီရင်ခံစာတင်ပြလျက်ရှိပါသည်။သို့သော်လည်း အခြေခံပညာရေးတွင်လည်းကောင်း၊ အဆင့်မြင့်ပညာရေးတွင်လည်းကောင်း ပညာသင်ကြားနေရသည့် ကျောင်းသား ကျောင်းသူများ၏ ပညာအရည်အသွေးကို လေ့လာဆန်းစစ်ကြည့်ပါက  ယခင်ကာလများကဲ့သို့ပင် ရှိနေဆဲဖြစ်သည်ကိုတွေ့မြင်နေရပါသည်။ ပညာရေးစနစ်အား အလုံးစုံပြောင်းလဲရန် အချိန်ကာလအားဖြင့်လည်းကောင်း၊ ငွေကြေး၊ နည်းပညာ၊ စီမံခန့်ခွဲမှုစနစ်၊ လူသားရင်းမြစ်၊ ဦးဆောင်နိုင်မှု စသည့် လိုအပ်ချက်များစွာရှိနေမည်ကို နားလည်လက်ခံနိုင်ပါသည်။ သို့သော်လည်း ပြောင်းလဲလိုသောစနစ်နှင့်အညီ မလိုက်ပါ မပြောင်းလဲနိုင်သေးသည့်အချက်များသည် ပညာရေးပြုပြင်ပြောင်းလဲမှုအတွက် အခက်အခဲ၊ အကျပ်အတည်းနှင့် ကြန့်ကြာမှုများကို ဖြစ်ပေါ်စေလျက်ရှိပါသည်။

ဗဟိုဦးစီးစနစ်

ထိုအကျပ်အတည်း၊ အခက်အခဲများကို ဖြေရှင်းနိုင်ရန်အတွက် မူဝါဒချမှတ်သူများ၊ စီမံခန့်ခွဲသူများနှင့် လက်တွေ့အကောင်အထည်ဖော်နေရသူများ၊ ကျောင်းသား၊ ဆရာနှင့် မိဘများအကြား အပြန်အလှန်ပူးပေါင်း ဆောင်နိုင်ရန်လည်း အထူးလိုအပ်နေပါသည်။ပါဝင်ပတ်သက်သူများ အကြား ပူးပေါင်းဆောင်ရွက်ခြင်းထက် မူဝါဒချမှတ်သူများနှင့် စီမံခန့်ခွဲသူများ၏ ဗဟိုချုပ်ကိုင်မှုများကြောင့် လက်တွေ့ ဖြစ်ပျက်နေသည့်အခြေအနေ၊ လိုအပ်ချက်၊ ထွက်ပေါ်လာသည့်ရလဒ်တို့သည် ပညာရေးရည်မှန်း ချက်နှင့် များစွာကင်းကွာစေနိုင်ပါသည်။ဥပမာအားဖြင့် ကျောင်းသား ဗဟိုပြုသင်ကြားရေးစနစ်ကို အကောင်အထည်ဖော်နေသော်လည်း မည်သည့် အတိုင်းအတာအထိ အောင်မြင်နေပါသနည်း။တက္ကသိုလ်ဝင်တန်းစာမေးပွဲပုံစံများ ယခင်နှစ်က ပြောင်းလဲခဲ့သည့်အတွက် ကျောင်းသားများ၏ အရည်အသွေးတိုးတက်မှုအတိုင်းအတာ မည်မျှရှိပါသနည်း။စသည့် စသည့် ပညာရေးပြောင်းလဲလိုက်မှုများ၏ အကျိုးဆက်၊ ရလဒ်အတိုင်းအတာများကို ဆန်းစစ်ကြည့်ရန် အထူးလိုအပ်နေပါသည်။အများဝေဖန်ပြောဆိုနေကြသကဲ့သို့ အစမ်းသပ်ခံပညာရေး မဖြစ်စေလိုပါ။ပညာရေးပြုပြင်ပြောင်းလဲရေး အထူးလိုအပ်နေသည်မှာမှန်သော်လည်း အစမ်းသပ်ခံတော့ မဖြစ်လိုပါ။မဖြစ်သင့်ပါ။မူဝါဒများကောင်းသော်လည်း လွဲမှားသောဦးဆော
င်မှု၊ မှားယွင်းသောစီမံခန့်ခွဲမှုများကြောင့် ရည်မှန်းရာသို့မရောက်သည့်အပြင် ပြောင်းပြန်အကျိုးရလဒ်များ ရရှိနိုင်သည်ကိုလည်း သတိချပ်သင့်ပါသည်။

ယခင်ပညာနှစ်က တက္ကသိုလ်ဝင်စာမေးပွဲ မေးခွန်းပုံစံပြောင်းလဲခဲ့ပါသည်။ကျောင်းသားများ စဉ်းစားတွေးခေါ်မှုပိုမိုရရှိစေရန်ဟု ဆိုပါသည်။သင်ကြားမှု၊ သင်ယူမှုပုံစံ မပြောင်းလဲနိုင်သေးမီ မေးခွန်းပုံစံပြောင်းလဲခြင်းသည် အစမ်းသပ်ခံသက်သက် လုပ်ရပ်ထက်မပိုဟု သုံးသပ်လိုပါသည်။စီမံခန့်ခွဲမှုလိုအပ်ချက်ဟု ထောက်ပြလိုပါသည်။ထို့အတူ တက္ကသိုလ်ကျောင်းများတွင် စာတမ်းဖတ်ပွဲများ၊ ဟောပြောပွဲများနှင့် ဆွေးနွေးပွဲများ ကျင်းပလိုပါက အသေးစိတ်အချက်အလက်များနှင့်တင်ပြ၍ ခွင့်ပြုချက်တောင်းခံရန် ညွန်ကြားချက်ထုတ်ခဲ့ပါသည်။သို့သော် ယင်းညွန်ကြားချက်ကို ရက်အနည်းငယ်အတွင်းမှာပင် ပြန်လည်ပယ်ဖျက်ခဲ့သည်။ယင်းတို့ကို သုံးသပ်ကြည့်ခြင်းအားဖြင့် မူဝါဒအကောင်အထည်ဖော်နေကြသည့် စီမံခန့်ခွဲမှုများသည် ဗဟိုဦးစီးစနစ်ဖြင့်သာ ဆောင်ရွက်နေဆဲဖြစ်သည်ဟု ကောက်ချက်ချနိုင်ပါသည်။သို့ဖြစ်၍လည်း လက်တွေ့အခြေအနေများနှင့် ကင်းကွာနေခြင်း၊ မူဝါဒရည်မှန်းချက်များ၊ လိုလားချက်များနှင့် ဟန်ချက်မညီခြင်းများကို တွေ့မြင်ရပါသည်။

တုံ့ပြန်မှုနည်းလမ်း

ယခုပြောင်းလဲလိုက်သော စာသင်ကာလတိုးမြှင့်ရခြင်းအကြောင်း အရင်းကိုရှင်းလင်းရာတွင်လည်း ပညာရေးပြုပြင်ပြောင်းလဲမှု မဟာဗျူဟာ ရည်မှန်းချက်ဆိုသည်ထက် နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် မိဘများ အလုပ်ကြိုးစားလုပ်နိုင်ရေး ကလေးများကို ကျောင်းတက်ချိန် တိုးမြှင့်ရခြင်း၊ နိုင်ငံတကာကျောင်းများကဲ့သို့ ကျောင်းချိန်သတ်မှတ်ပေးရခြင်းဆိုသည့် အကြောင်းပြချက်များသည် ဆီလျော်မှု ရှိ၊ မရှိ အလွယ်တကူ ခန့်မှန်းနိုင်ပါသည်။ 

ပညာရေးဝန်ကြီးဌာန၏ စာသင်ကာလပြောင်းလဲသတ်မှတ်ခြင်း နှင့်ပတ်သက်၍ ဝန်ကြီးဌာနအနေနှင့် ထိုသတ်မှတ်ချက်ကို ပြင်ဆင်မပေး ပါက ၂၀၂၀ ရွေးကောက်ပွဲတွင် မဲရုံတာဝန်ထမ်းမည်မဟုတ်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်က ဇန်နဝါရီလ ၅ ရက်တွင် သဘောထားကြေညာခဲ့သည်။ယင်းကဲ့သို့ ကန့်ကွက်မှုများအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများ၏ တုံ့ပြန်မှုများသည်လည်း အများ၏ဝေဖန်ထောက်ပြစရာများဖြစ်ခဲ့သည်ကို တွေ့ရသည်။ 

ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ ဆရာ၊ ဆရာမများသည် နွေကျောင်းပိတ်ရက်တွင်လည်း လစာခံစားသည့်အတွက် စာသင်ကြား ရေးလုပ်ငန်းများဆောင်ရွက်ရမည်ဟု တုံ့ပြန်ခြင်းမျိုး၊ ဆရာ၊ ဆရာမများအပေါ် ခြိမ်းခြောက်ပြောဆိုခြင်းမျိုးသည် ပြောင်းလဲလာသည့်ခေတ်စနစ်နှင့် ကိုက်ညီမှုရှိ၊ မရှိဆိုသည်ကိုလည်း ပြန်လည်ဆန်းစစ်သင့်ပါသည်။ နိုင်ငံ့ဝန်ထမ်းတစ်ယောက်သည် မိမိတာဝန်ကျေပွန်စွာ ထမ်းဆောင်ရမည် ဆိုသည်မှာ အားလုံးသိပြီးဖြစ်သလို ကျေပွန်စွာထမ်းဆောင်ရမည်လည်း ဖြစ်ပါသည်။ လိုအပ်ချက်အရ ပြောင်းလဲမည်ဆိုပါကလည်း မူဝါဒများနှင့် ကိုက်ညီသော၊ လက်တွေ့အခြေအနေနှင့်ကိုက်ညီသော ပြောင်းလဲမှုဖြစ်ရန် လိုအပ်ပါလိမ့်မည်။

အခြေခံပညာကဏ္ဍရှိ ဆရာ၊ ဆရာမ လေးသိန်းခုနစ်သောင်းကျော်က ကန့်ကွက်မည်ဆိုပါက လက်ရှိထုတ်ပြန်ထားသည့် ကျောင်းတက်ချိန်များကို ပြန်လည်စဉ်းစားပေးမည်ဟု တာဝန်ရှိသူတစ်ဦးကပြောကြောင်း သတင်းများတွင်ဖတ်ရသည်။ လက်ရှိတာဝန်ထမ်းဆောင်နေသည့် ဆရာ၊ ဆရာမ စုစုပေါင်း လေးသိန်းခုနစ်သောင်းကျော်ရှိကြောင်းလည်းသိရသည်။ သို့ဖြစ်ရာ လက်ရှိထုတ်ပြန်ထားသည့် ကျောင်းတက်ချိန်ပြောင်းလဲရန် ဆိုပါက တာဝန်ထမ်းဆောင်ဆဲ ဆရာ၊ ဆရာမများအားလုံး၏ (ရာနှုန်းပြည့် ထောက်ခံချက်ရရှိမှသာ) သဘောတူညီချက်ရမှသာ ပြင်ဆင်နိုင်မည့်သဘောဖြစ်သည်။တည်ဆဲ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လွှတ်တော်တွင်း ပြင်ဆင်မည်ဆိုပါက ပုဒ်မ ၄၃၆ (ခ) အရ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံဆန္ဒမဲရရှိပါက ပြင်ဆင်နိုင်ပါသည်။သို့ဆိုပါက ကျောင်းတက်ချိန်ပြောင်းလဲမှုအား ပြင်ဆင်ရေးသည် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးထက်ပင် ပိုမိုခက်ခဲနေသည်ကို တွေ့ရသည်။ မြန်မာ့သမိုင်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးထက် ပိုမိုခက်ခဲသောညွန်ကြားချက်အဖြစ် သမိုင်းမှတ်တမ်းတင်ရမည် ဖြစ်သည်။

အနာဂတ်ခရီး

ထိုသို့ဆိုခြင်းသည် အပျက်သဘော ထောက်ပြလိုသောသဘော မရည်ရွယ်ပါ။ ယခင်က တင်းကျပ်သော ဗဟိုဦးစီးစနစ်ကိုမကျေနပ်၍ပင်  ဒီမိုကရေစီစနစ်သို့ ပြောင်းလဲနေသည်မဟုတ်ပါလား။အထက်အောက် ပူးပေါင်းဆောင်ရွက်မှုရရှိလိုပါက ဗဟိုချုပ်ကိုင်မှုများလျှော့ချရန် လိုအပ်ပါလိမ့်မည်။အထူးသဖြင့် ပညာရေးကဏ္ဍကဲ့သို့သော ပညာ့နယ်ပယ်သည် နိုင်ငံ့အပြောင်းအလဲ၏ ဗဟိုချက်မ ပို၍ဖြစ်သင့်ပါသည်။ ပညာရေးသည် အနာဂတ်၏ခေါင်းဆောင်များ၊ ပညာရှင်များ၊ လက်ဆင့်ကမ်းအမွေဆက်ခံသူများကို လေ့ကျင့်ပြုစုပျိုးထောင်ရာနေရာဖြစ်၍ပင် ဖြစ်သည်။

ပညာရေးသည် အနာဂတ်နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှုဟုဆိုပါက ယနေ့ပညာရေး ပြုပြင်ပြောင်းလဲမှုကို စီမံခန့်ခွဲနေသူများ၏ လက်ဝယ်တွင် နိုင်ငံ၏အနာဂတ်ရှိနေသည်ဟု ညွန်းဆိုလိုပါသည်။ သို့ဖြစ်ရာ ပညာရေး ဤခရီးနီးသလားဆိုပါက ...။

သိန်းထွန်း (IR)