News

POST TYPE

PERSPECTIVE

အားကျဖွယ်ရာ တန်ဖိုးထားမှု
13-Jan-2020


အစိုးရက ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလကစပြီး ပြည်သူတွေထံ တောင်းဆိုမှုတစ်ခု ပြုလိုက်ပါတယ်။ အဲဒါကတော့ BigC၊ Tesco၊ Lotus၊ 7 Eleven လို စတိုးဆိုင်နဲ့ ဈေးဝယ်စင်တာတွေမှာ ဈေးဝယ်တဲ့အခါ တစ်ခါသုံးပလတ်စတစ်အိတ် (ကြွပ်ကြွပ်အိတ်)ကို အသုံးမပြုကြဖို့ မေတ္တာရပ်ခံလိုက်တာဖြစ်ပါတယ်။ ဈေးဝယ်တဲ့အခါ ကိုယ့်အိမ်ကနေ ချည်ထည်အိတ်ကလေးတွေ ယူသွားပြီး ဈေးဝယ်ကြဖို့ကိုလည်း ထိုင်းအစိုးရက တစ်ဆက်တည်းတိုက်တွန်းလိုက်ပါတယ်။ထိုင်းအစိုးရက အခုလိုတိုက်တွန်းတာကို ပြည်သူတွေ ပူးပေါင်းဆောင်ရွက် ခြင်းအားဖြင့် ၂၀၂၁ခုနှစ်မှာ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ တစ်ခါသုံး ပလတ်စတစ်အိတ်တွေ သုံးစွဲမှုရှိမှာမဟုတ်တော့ဘူးလို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

တကယ်တမ်းမှာ ၂၀၂၀ ခုနှစ်မတိုင်မီ ၂၀၁၉ခုနှစ် ကတည်းက ဈေးဝယ်စင်တာနဲ့စတိုးဆိုင်တွေမှာ တစ်ခါသုံးပလတ်စတစ်နဲ့ ထုပ်ပိုး ပေးခြင်းမရှိတော့တာစတင်နေပါပြီ။ ထိုင်းနိုင်ငံအစိုးရနဲ့ ထိုင်းနိုင်ငံ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တို့ရဲ့ ထုတ်ပြန်ချက်တွေ၊ တိုက်တွန်း ချက်တွေကို လက်ခံတဲ့အနေနဲ့ အချို့သော ဈေးဝယ်စင်တာတွေမှာ စတင်လိုက်နာကျင့်သုံးကြတာပဲဖြစ်ပါတယ်။ ထိုင်းနိုင်ငံ ခရိုင်အသီးသီးက တက္ကသိုလ်ကျောင်းတွေမှာ ပလတ်စတစ်အိတ်သုံးစွဲမှု လျှော့ချရေး လှုပ်ရှားမှုတွေ စတင်တာတွေ ပြီးခဲ့တဲ့နှစ်ထဲမှာ ဖတ်လိုက်ရပါတယ်၊ ဒါတင်မက နာမည်ကျော်ကုန်တိုက်ကြီးတစ်ခုဖြစ်တဲ့ Rim Ping ကုန်တိုက်ကလည်း ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေကို ငှက်ပျောရွက်နဲ့ထုပ်ပိုးပြီး စတင်ရောင်းချလာပါတယ်။ ဟင်းသီးဟင်းရွက်ကို စည်းနှောင်နေကျသားရေပင်အစား နှီးကြိုးလေးတွေနဲ့ ချည်နှောင်ထားတာကိုလည်း အများပြည်သူသိရှိအောင်၊ အတုယူ ပူးပေါင်းလာအောင် ရှေးဦးစွာစတင် ပြောင်းလဲပေးခဲ့ပါတယ်။

ချင်းမိုင်မှာရှိတဲ့ Rim Ping ကုန်တိုက်မှာ ဈေးဝယ်သူအများစုဟာ နိုင်ငံခြားသားအများစုဖြစ်ပြီး ဟိုက်ဆိုလို့ သုံးနှုန်းကြတဲ့ ထိုင်း အထက်တန်းလွှာတွေဈေးဝယ်ကြတဲ့ ကုန်တိုက်ပဲဖြစ်ပါတယ်။ ကျန်ခဲ့တဲ့နှစ်ကာလများကတည်းက ဈေးဝယ်သူအချို့ဟာ တစ်ခါသုံး ပလတ်စတစ်အိတ်နဲ့ ထုပ်ပိုးပေးတာကို ငြင်းဆန်ပြီး သူတို့ယူဆောင်လာတဲ့ အဝတ်အိတ်၊ ချည်အိတ်တွေနဲ့ ထည့်ပိုးယူဆောင်တတ်လေ့ ရှိပါတယ်။ အခုလိုအစိုးရက တိုက်တိုက်တွန်းတွန်းဆိုလာတဲ့အခါ အဆိုပါကုန်တိုက်ကြီး သာမက လူလတ်တန်းစားတွေ ဈေးဝယ်ရာ တက်စ်ကိုလိုတပ်စ်၊ ဘစ်စီနဲ့ လူတန်းစားပေါင်းစုံ အလွယ်တကူဝင်ထွက်ဝယ်ယူကြတဲ့ ဆဲဗင်းအလဲဗင်း ဆိုင်တွေမှာပါ တစ်ခါသုံး ပလတ်စတစ်အိတ်တွေ မပေးတော့ပါဘူး။

တိုင်းပြည်ကို ဆိုးကျိုးဖြစ်စေမယ့် ကိစ္စအတွက် ဝိုင်းဝန်းပူးပေါင်းဖို့ လိုအပ်ပါက တညီတညာတည်းပူးပေါင်းဖို့၊ လိုက်နာဖို့ ထိုင်းတွေက တက်ညီလက်ညီ ရှိကြတာ အလေ့အကျင့်လိုဖြစ်နေပါတယ်။ ထိုင်းနိုင်ငံဟာ အမှိုက်စွန့်ပစ်ရာကနေ ပင်လယ်ထဲကို ပလတ်စတစ်တွေ ရောက်ရှိစေတာ ကမ္ဘာမှာအဆင့် ၆ ရှိနေသတဲ့။ ပြီးခဲ့တဲ့တစ်နှစ်တည်းမှာကို ပလတ်စတစ်တန်ချိန် ငါးထောင်ကျော်ကိုသုံးစွဲခဲ့တယ်လို့ သတင်းတွေမှာ ထုတ်ပြန်ခဲ့ပါတယ်။ အင်မတန်မှ အလှအပကြိုက် သန့်သန့်ရှင်းရှင်း ကြိုက်ပြီးအဆင့်အတန်းမြင့်လိုလှတဲ့ ထိုင်းလူမျိုးတွေဟာ ဒီကိစ္စအတွက်ပူးပေါင်းကြမယ်ဆိုတာ ယုံကြည်မိရပါတယ်။ သူ့အစိုးရကလည်း ပြည်သူတွေအပေါ် ယုံကြည်မှုရှိပြီးသားဖြစ်ပုံရပါတယ်။

လတ်တလော ဈေးဝယ်နေတဲ့ ဓာတ်ပုံတွေမြင်ရတာ အချို့ကရယ်စရာလိုလို ဖြစ်နေပေမယ့် ဒါဟာထိုင်းလူမျိုးတွေရဲ့ ချစ်စရာဓလေ့ ဖြစ်တယ်ဆိုတာ သူတို့အနားနေခဲ့ဖူးတော့ သိနေရတယ်၊ တစ်ခါသုံး ပလတ်စတစ်အိတ်တွေ မပေးတဲ့အတွက် အချို့က ရေပုံး၊ အချို့က ဆန်ခါ၊ အချို့က ကြက်ခြင်းလို ဝါးခြင်းကြီး စသဖြင့် ယူလာပြီးထည့်သိုယူဆောင်ကြတာမြင်ရတော့ ရယ်မောကြတာပါ။ သာမန်ထိုင်းလူမျိုးတွေဟာ ဘဝကိုပေါ့ပေါ့ပါးပါးပျော်ပျော်ပဲနေပြီး စိတ်ချမ်းသာသလို လုပ်ချင်သလိုလုပ်ပြီး နေတတ်ကြတယ်။ ရေကြီးနေတဲ့အခါ အိမ်အောက်ထပ်တစ်ခုလုံး ရေမြုပ်နေတာတောင် စိုးရိမ်နေတာ ပူပန်သောက ရောက်နေတာမျိုးမရှိဘဲ ပျော်ပျော်ပါးပါး မူကထ၊ (မူက ဝက်၊ ကထ က ဒယ်အိုး၊ ဒယ်အိုးပေါ် ဝက်သားပြားပါးပါးလွှာလွှာတွေတင်ပြီး အောက်ကမီးအပူနဲ့ အသားမျိုးစုံ ကင်စား၊ အရွက်မျိုးစုံ ထည့်ပြုတ်စားတာမျိုး)လုပ်စားနေကြသေးတာ။

ရေမြုပ်နေတဲ့ လမ်းပေါ်အိမ်ထဲက ရေဇလုံကြီးတင်ပြီး ဈေးဝယ်ထွက်ကြတာ၊ အပြန်ကျ ဇလုံထဲပစ္စည်းအပြည့်၊ ခါတိုင်းလို ဆွဲလွဲစရာ တောင်မလိုဘဲ ရေထဲလက်ကလေးနဲ့ တွန်းလိုက်ရုံဆိုပျော်နေကြတာ တပြုံးပြုံး၊ အဲလိုစိတ်ဓာတ်မျိူးနဲ့ အခုလိုအချိန်မှာ ပလတ်စတစ် မပေးလည်းဘဲ အိမ်မှာရှိတဲ့ ဆန်ကောဆန်ခါဆွဲပြီး ဈေးဝယ်စင်တာသွားကြပုံ၊ ချင်းမိုင်မှာ ကျောင်းတက်နေတဲ့ သမီးဖြစ်သူကိုတောင် အိတ်ကလေးတစ်လုံးဝယ်ထား သတိပေးဖို့ပြင်နေတုန်း သူကအရင်အဝတ်အိတ်ကလေး ဝယ်ထားတဲ့အကြောင်း လှမ်းပြောလာတယ်၊ သိပ်ကောင်းတာပဲတဲ့။ အရင်က အဲဒီအိတ်တွေနဲ့ ထည့်ပေးလာရင်ပစ်ရ၊ သိမ်းရ အလုပ်ရှုပ်တာလို့ ဆိုပြန်တယ်၊ ပတ်ဝန်းကျင်ရဲ့ ထိရောက်မှုပေါ့လို့ သုံးသပ်ကျေနပ်ရတယ်။

ရန်ကုန်မှာတော့ စီးတီးမတ်နဲ့ မားကက်ပလေ့စ်လို ဈေးဝယ်စင်တာတွေမှာ တစ်လမှာ ၂ရက် တစ်ခါသုံး ပလတ်စတစ်အိတ် လုံးဝမပေးတာ ကျင့်သုံးနေပါပြီ။ ဒီလိုနဲ့ပဲ တဖြည်းဖြည်းကျင့်ယူရမှာပါ။ တိုင်းပြည်ရေမြေသဘာဝနဲ့ ကမ္ဘာကြီးတစ်ခုလုံးကို ခြိမ်းခြောက်နေတဲ့ အန္တရာယ်ကိုကိုယ့်တိုင်းပြည်ကလည်း တစ်တပ်တစ်အား ဝိုင်းဝန်းပါဝင်ခြင်းဖြင့် လူသားဆန်မှုနဲ့ တာဝန်သိမှုကို ပြသကြရမှာ ဖြစ်ပါတယ်။

ပြန်ပြောင်းပြောရမယ်ဆိုက မြန်မာတွေကို တစ်ခါသုံးပလတ်စတစ်အိတ် (ကြွပ်ကြွပ်အိတ်တွေ)နဲ့ စတင်မိတ်ဆက်ပေးခဲ့တာ ထိုင်းနိုင်ငံပါ။ အဲဒီကမှတစ်ဆင့် ပလတ်စတစ် အသုံးအဆောင်ပစ္စည်းတွေပါ သုံးစွဲလာကြတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပလတ်စတစ်အိတ်တွေ သုံးစွဲ တာသာရှိပြီး စနစ်တကျစွန့်ပစ်မှုမရှိတာ နှစ်ပေါင်းမနည်းတော့ပါဘူး။ ပလတ်စတစ်က ထွက်တဲ့အမှိုက်တွေဟာ မြေကြီးထဲမှာ မြေဆွေးဖြစ်ဖို့ နှစ်ကာလများစွာ ကြာမြင့်တယ်ဆိုတဲ့ အသိတွေရောက်လာတာလည်း မကြာသေးပါဘူး။ ပလတ်စတစ်အိတ်တွေ အသုံးမပြုဖို့ နှိုးဆော်ဖို့ထက် သုံးနေတဲ့ပလတ်စတစ်တွေကို ပစ်စလက်ခတ်မပစ်ဖို့ ဝိုင်းဝန်းအသိပညာပေးနေတာတောင် နှစ်အနည်းပဲ ရှိပါသေးတယ်။ တစ်နေ့ကတင် ပုဂံရှေးဟောင်းဒေသကိုလာရောက်တဲ့ ပြည်တွင်းခရီးသွားဧည့်သည်တွေအနေနဲ့ ပလတ်စတစ်အမှိုက်တွေကို စည်းကမ်းမဲ့မစွန့်ပစ်ကြဖို့ ပုဂံပလတ်စတစ် ကန်ပိမ်းအဖွဲ့က မေတ္တာရပ်ခံတဲ့သတင်းဖတ်လိုက်ရပါသေးတယ်။ သတင်းမှာ ပလတ်စတစ်အိတ်တွေ ပလူပျံနေတဲ့ မြင်ကွင်းဓာတ်ပုံကို ပုဂံ ဘုရားတစ်ဆူရှေ့မှာပြန့်ကျဲနေတာ မြင်လိုက်ရပါတယ်။

တစ်ခါတုန်းက အောင်ပန်းကနေ ပင်းတယအသွား ကားလမ်းမမှာ ကားရှေ့ ခပ်ဝေးဝေးကနေ လွင့်နေတာ ဘာတွေပါလိမ့်လို့ စူးစမ်းကြည့်မိတော့ ပလတ်စတစ်အိတ်တွေ ဖြစ်လို့နေတာတွေ့ရပါတယ်။ အဲဒီလွင့်နေတဲ့ ပလတ်စတစ်အိတ်ဟာ လေနဲ့အတူ တလွင့်လွင့်ပါပြီး အနီးက လယ်ကွင်းထဲ ထိုးဆင်းသွားပါတော့တယ်။ ပလတ်စတစ်ရဲ့ အစွမ်းဟာမြေဆီလွှာကို ပျက်စီးစေတာ အားလုံးအသိပါ၊ မြေဆီလွှာတင်မက ရေထဲရောက်လည်း မပျော်ဝင်နိုင်တဲ့အရာပေမို့ ရေထဲက သတ္တဝါတွေအတွက် အကြီးအကျယ် အန္တရာယ်ပါ၊ ပလတ်စတစ်စွပ်မိပြီး အသက်ရှူမရလို့သေဆုံးကြတဲ့ သတ္တဝါတွေများလာနေတဲ့အပြင် ပင်လယ်ရေအောက်ကြမ်းပြင်အထိ ညစ်ညမ်းမှုနဲ့ ဓာတ်ပြောင်းလဲမှုတွေ ဆက်စပ်ခံစားနေရပြီ ဖြစ်ပါတယ်။

နှစ်စဉ်ပလတ်စတစ် ပေါင် ၁၈ဘီလီယမ်နီးပါး သမုဒ္ဒရာတွေထဲမှာစီးမျောနေပြီး ပလတ်စတစ်အမှိုက်တွေကို ဝါးမျိုမိမှုရယ်၊ အဲဒီအမှိုက် တွေရဲ့ ချည်နှောင်ခံရမှုတွေကြောင့် ရေသတ္တဝါတွေလည်း အသက်ဆုံးရှုံး နေရတယ်လို့ သတင်းတွေထုတ်ပြန်ထားတယ်၊ ကုန်းမြေရေမြေအနှံ့ မျိုးဆက်အဆက်ဆက်တိုင် အန္တရာယ်ရှိတဲ့ပလတ်စတစ်တွေကို မသုံးတော့ရင်အကောင်းဆုံးလို့ ဆိုရမှာပင်၊ ကမ္ဘာပေါ်မှာ နှစ်စဉ်ထုတ်လုပ်လိုက်တဲ့ ပလတ်စတစ်တွေရဲ့ ၅ ရာခိုင်နှုန်းကိုသာ Recycle  (ပြန်လည်သုံးစွဲရန် ထုတ်လုပ်ခြင်း) ပြန်လုပ်နိုင်ပြီး ကျန်တာတွေက စွန့်ပစ်ပစ္စည်းတွေ ဖြစ်ကုန်တယ်လို့ဆိုတယ်။ ဒါ့ကြောင့် လူသားတို့ရဲ့လူနေမှုဘဝနဲ့ သဘာဝ ပတ်ဝန်းကျင်ကို များစွာထိခိုက်မှုဖြစ်စေတဲ့ ပလတ်စတစ်သုံးစွဲမှုကိုတတ်နိုင်သမျှ လျှော့ချဖို့ ကြိုးစားသင့်ပါတယ်လို့ သူများတွေကို အားကျရင်းရေးသားလိုက်မိပါတယ်။

ခိုင်ခိုင်စောလွင်