News

POST TYPE

PERSPECTIVE

လူငယ်နှင့် မျိုးဆက်အမွေ
02-Dec-2019


ဒီနေ့ ခေတ်လူငယ်လေးတွေ ဘာသာတရားနဲ့ ဝေးကွာလာခြင်း အကြောင်းကို တွေးမိနေတာပါ။ တွေးမိရတဲ့အကြောင်းက ဒီလိုပါ။ ဟိုတစ်လောက အထကကျောင်း ပညာရေးမိသားစုရဲ့ ကထိန် အလှူပွဲကိုကြွရောက်ဖြစ်တော့ စိတ်ထဲမှာ တစ်ခုခုကိုလိုနေသလို ကျေနပ်မှု မရှိသလို ခံစားနေမိခဲ့တယ်။ ကိုယ်ကလည်း ပင့်လျှောက်ထားတဲ့ နာရီထက်စောပြီး ရောက်ဖြစ်တယ်။ ပွဲတော်ကမကျင်းပရသေးဘူး၊ ကျောင်းသူ၊ ကျောင်းသားလေးတွေ စက်ဘီးလေးတွေကိုယ်စီနဲ့ အိမ်ပြန်လို့နေကြပါတယ်။ ကျောင်းဝင်းထဲရောက်တော့ တမာပင်အရိပ်မှာ ခဏထိုင်နေရင်း နွေရာသီယဉ်ကျေးမှုသင်တန်းမှာ တပည့်တော်ခဲ့ဖူးတဲ့ ကျောင်းသား၊ ကျောင်းသူလေးတို့ လာရောက်နှုတ်ဆက်ပြီး ထိုင်ကန်တော့ကြပါတယ်။ ကန်တော့ပြီးတဲ့အခါ သူတို့တွေပြန်တော့မယ်လို့ ဆိုလာပါတယ်။ 

“ဟဲ့ ... မင်းတို့လေးတွေ ကထိန်ပွဲပြီးအောင် မနေကြဘူးလား။ ကထိန်တရားနာယူကြဦးလေ။ ဆရာ၊ ဆရာမတွေက ပြန်ခွင့်ပေးသလား”လို့မေးလိုက်တော့ “တပည့်တော်တို့ တာဝန်တွေပြီးပြီ။ ဆရာမကလည်း ပြန်ခိုင်းပါတယ်”တဲ့။ ကထိန်အလှူပွဲစတော့ ကျောင်းသား၊ ကျောင်းသူလေးတွေ တစ်ယောက်မှ မရှိကြတော့ပါဘူး။ ဒီအခြေအနေ ဒီမြင်ကွင်းတွေ ဒီနေရာမှမဟုတ်ပါဘူး။ တခြားသောစေတီကျောင်းကန် ဘုရားပွဲတွေ အလှူတွေ ဘာသာရေးကုသိုလ်ပွဲတွေမှာ လူငယ်လေးတွေ ဘေးရောက်နေတာကို သတိထားမိကြမယ်ထင်ပါတယ်။ 

တစ်နေ့က ဘာသာရေးပွဲလမ်းတွေမှာ ဦးဆောင်ဦးရွက်ပြုလုပ်ပေးနေတဲ့ ဒါယကာကြီးတစ်ယောက် ဆုံးပါးသွားပါတယ်။ သူ့ရဲ့နာရေးမှာ လိုက်ပို့ပေးသူတွေက ဆုံးပါးသွားတဲ့ ဒါယကာကြီးရဲ့အကြောင်းကို ပြောနေကြပါတယ်။ သူတို့တွေပြောနေတာက “နှမြောလိုက်တာအေ။ သူမရှိတော့ရင် သူလုပ်ကိုင်ပေးနေတဲ့ ဘာသာရေးကုသိုလ်ပွဲတွေကို ဦးဆောင်ဦးရွက် ဘယ်သူလုပ်မှာလဲ။ တို့ရပ်တို့ရွာမှာကျင်းပပြုလုပ်တဲ့ ဘာသာရေးပွဲတွေ သာရေးနာရေးပွဲတွေမှာ သူက အင်မတန်အားကိုးရတာ။ လုပ်တတ်ကိုင်တတ်တယ်။ စိတ်အားလည်း ထက်သန်တယ်။ အခု သူဆုံးသွားပြီဆိုတော့ ဘယ်သူ့ကိုအားကိုးကြမလဲ”တဲ့။ ဟုတ်ပါတယ်။ စိတ်ပူမယ်ဆိုလည်း စိတ်ပူလောက်စရာ အခြေအနေပါ။ 

ဒီအကြောင်းအရာလေးတွေကို ဆက်စပ်ကြည့်လိုက်ရင် မျိုးဆက်အမွေပေးဝေမှုတွေဟာ ဘယ်လောက်အရေးပါ အရာရောက်တယ်ဆိုတာ သိသာပါတယ်။ သား၊ သမီးနဲ့ မိဘ ဆရာနဲ့တပည့် လူကြီးနဲ့ လူငယ်တို့ရဲ့ ဘဝရှင်သန်မှုတွေထဲမှာ အမွေပေးခြင်းဆိုသော ယဉ်ကျေးမှုတစ်ရပ်ဟာ ကြီးကြီးမားမား ထဲထဲဝင်ဝင် ပါဝင်နေပါတယ်။ မိဘက သား၊ သမီးကို အမွေပေးခြင်း ဆရာကတပည့်ကို အမွေပေးခြင်း လူကြီးကလူငယ်ကို အမွေပေးခြင်းဆိုတဲ့ ယဉ်ကျေးမှုအစဉ်အလာမှာ လောကီအမွေ၊ လောကုတ္တရာ အမွေရယ်လို့ နှစ်မျိုးခွဲခြားထားပါတယ်။ 

သိင်္ဂါလောဝါဒမှာလည်း အမွေပေးခြင်းဆိုင်ရာ ဆုံးမစာများ တာဝန်ဝတ္တရားကို အခုလိုဖွင့်ဆို ထားပါတယ်။ “မကောင်းမြစ်ထာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျှင်၊ ဝတ်ငါးအင်၊ ဖခင်မယ်တို့တာ” မကောင်းမှုကို၊ အကုသိုလ်တွေကို မပြုလုပ်မိဖို့ အကြောင်းအကျိုးပြပြီး ဆုံးမတားမြစ်ရမယ်။ ကောင်းမှုကုသိုလ်တွေကို ပြုလုပ်တတ်စေဖို့ အကြောင်း အကျိုးပြပြီး ဆုံးမညွှန်ပြရမယ်။ ဘဝရပ်တည်နိုင်ရေးအတွက် အသိပညာအတတ်ပညာတွေကို သင်ကြားပေးရမယ်။ လုပ်ကိုင်စားသောက်နိုင်ဖို့ တတ်နိုင်ရာက အရင်းအနှီးပေးရမယ်။ သင့်တင့်လျောက်ပတ်သူနဲ့ ထိမ်းမြားလက်ထပ်ပေးရမယ်ဆိုတဲ့သား၊ သမီးတို့အပေါ် ပြုကျင့်ရမယ့် မိဘဝတ္တရာငါးပါးကို ဖွင့်ဆိုထားပါတယ်။ ဆရာကျင့်ဝတ်မှာလည်း “အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာ အပ်ပို့၊ ဆရာတို့၊ ကျင့်ဖို့ဝတ်ငါးဖြာ”လို့ တပည့်များအပေါ်မှာ ပြုကျင့်ရမယ့် ဆရာသမားတို့ရဲ့ တာဝန်ဝတ္တရားများကို ဖွင့်ဆိုထားပါတယ်။ 

စေတနာ၊ မေတ္တာ၊ ကရုဏာတရားတို့ကိုရှေ့ထားပြီး အတတ်ပညာသင်ကြားပေးခြင်း။ လူတော်လူကောင်လေးတွေဖြစ်လာအောင် သွန်သင်ဆုံးမပေးခြင်း။ အတတ်ပညာများကို မြွခင်းမချန်သင်ကြားပေးခြင်း၊ ကျရောက်လာနိုင်သော ဘေးအန္တရာယ်တို့ကို တားဆီးပေးခြင်း၊ သင့်တော်ကောင်းမြတ်သော ဆရာသမားများထံ ပညာသင်ယူနိုင်စေဖို့ အပ်နှံပို့ဆောင်ပေးခြင်းဆိုတဲ့ တပည့်များအပေါ် ပြုကျင့်ပေးရမယ့် ဆရာသမားရဲ့ ဆရာကျင့်ဝတ်ငါးပါး၊ လူကြီးသူမတို့ရဲ့ ကျင့်ဝတ်မှာလည်း “နိုးကြားထကာ၊ လုံ့လများနဲ့ သနားတတ်သိသည်းခံလေ။ ဝေဖန်စရာ ဝေဖန်သိလို့၊ ကြည့်ရှု့စောင်မ ရှိပါစေ။ ဤခြောက်ထွေကို မပြတ်သုံးလို့ ရပ်မမုန်းဖို့ ဆုံးမနေ။ လူကြီးသူမနာယက ပြည့်ဝဂုဏ်ခြောက်ထွေ”။ နိုကြားမှုရှိခြင်း၊ ဇွဲလုံ့လရှိခြင်း။ စာနာသနားတတ်ခြင်း။ အမှားအမှန်ကို ဝေဖန်ထောက်ပြ နိုင်ခြင်း၊ ကြည့်ရှုစောင်မခြင်းဆိုတဲ့ လူကြီးသူမကျင့်ဝတ်ခြောက်ပါးတို့ရှိကြောင်း ပြဆိုထားပါတယ်။

လူကြီးလူငယ် မိဘနဲ့ သား၊ သမီး ဆရာတပည့်ကြားမှာ တစ်ယောက် အပေါ်တစ်ယောက်က ပြုကျင့်လိုက်နာရမယ့် ကိစ္စကြီးငယ် အသွယ်သွယ်ဟာ ဘဝပေးသမိုင်းတာဝန်များလည်း ဖြစ်ပါတယ်။ ရှောင်လွှဲသွားလို့ မပြုကောင်းသလို တာဝန်တွေပျက်ကွက်ခဲ့ရင်လည်း အနာဂတ်မျိုးဆက်ကို ဖျက်ဆီးရာလည်းရောက်ပါတယ်။ ဗုဒ္ဓဘာသာမြန်မာလူမျိုးများတင်မက စကြဝဠာ ကမ္ဘာပေါ်ရှိသတ္တဝါတိုင်းမှာ လက်ဆင့်ကမ်းအမွေဆိုတာ ရှိကြပါတယ်။ “ကိုယ့်ရဲ့နောက်မှရောက်ရှိလာတဲ့ မျိုးဆက်သစ် ရင်သွေးငယ်တိုင်းကို အရင်ရောက်နှင့်ပြီးဖြစ်တဲ့ မျိုးဆက်ဟောင်းကြီးများက ပညာအမွေ၊ စာရိတ္တအမွေ၊ မျိုးနွယ်အမွေ၊ ယဉ်ကျေးမှုအမွေ၊ ဘာသာတရားအမွေစတဲ့ မြင့်မြတ်သော လောကီလောကုတ္တရာ အမွေများကို ပေးဝေကြရမှာ ဖြစ်ပါတယ်”။ 

မျိုးဆက်အမွေပေးဝေခြင်းဟာ အပြောလွယ်သလောက် အလုပ်ခက်ပါတယ်။ လောကီအမွေဖြစ်တဲ့ အတတ်ပညာ စည်းစိမ်ဥစ္စာတွေကို အမွေပေးရလွယ်ကူပေမယ့် လောကုတ္တရာ အမွေဖြစ်တဲ့ ဘာသာရေးနဲ့ ဆက်နွှယ်လာသော အမွေပေးဖို့ဆိုတာ အလွန်မလွယ်ကူပါဘူး။ အမွေပေးဝေမှုချို့ယွင်းခဲ့ရင်၊ မှားယွင်းခဲ့ရင်လည်း မျိုးဆက်သစ်လေးတွေအတွက် နောက်ဆက်တွဲပြဿနာတွေဟာ မီးခိုးမဆုံး၊ မိုးမဆုံးဆိုတာလို ကျားသတ္တဝါထက်လည်း ကြောက်စရာကောင်း လာနိုင်သလို မီးဆိုတဲ့အရာထက်လည်း စိုးရိမ်စရာကောင်းပါတယ်။
 
ဒီကနေ့ခေတ် ဘာသာရေးအခမ်းအနားတွေ လူမှုရေးကိစ္စတွေ ရပ်ရွာမြို့နယ်ရပ်ရေးရွာရေးကိစ္စတွေမှာ လူငယ်လေးတွေပါဝင် ပတ်သက်မှု နည်းပါးလာနေတာကို သတိထားမိကြမယ်ထင်ပါတယ်။ ရပ်ရွာမြို့နယ်အတွက် သာရေး၊ နာရေး၊ လူမှုရေးကိစ္စတွေမှာ လူလတ်ပိုင်း၊ လူကြီးပိုင်းတွေအများစုနဲ့ လုပ်ကိုင်နေကြရပါတယ်။ လူငယ်တွေပါဝင်တဲ့ အခန်းကဏ္ဍဆိုတာ အတော်လေးနည်းပါးလာတာပါ။ ဒါဆိုလူငယ်တွေ ဘယ်ရောက်နေတာလဲလို့ မေးစရာရှိပါတယ်။ လက်ဖက်ရည်ဆိုင်၊ ဂိမ်းဆိုင်၊ ဘိလိယက်ခုံ၊ အရက်ဆိုင်၊ လောင်းကစားဝိုင်းနဲ့ ပျော်ပွဲရွှင်ပွဲတွေမှာ ရောက်နေတတ်ပြီး ဖုန်းတစ်လုံးနဲ့သူတို့ဘဝ သူတို့အချိန်တွေ အကျိုးမဲ့ ကုန်ဆုံးနေကြတာပါ။ 

ဘာလို့များ လူငယ်လေးတွေရဲ့ ပါဝင်မှုအခန်းကဏ္ဍတွေ နည်းပါးနေတာလဲလို့ တွေးကြည့်မိတဲ့အခါ အဖြေများစွာက ဆီးလို့ကြိုနေပြန်ပါတယ်။ စာရေးသူတို့ငယ်စဉ်က ဥပုသ်သီတင်းတွေ အခါကြီးရက်ကြီးတွေမှာ လူကြီးမိဘတွေ ဘုန်းတော်ကြီးကျောင်းကို သီလယူသွားရင် ‘ငါ့မြေးလာ၊ ငါ့သား၊ ငါ့သမီးလာ’ ဆိုပြီး လက်ဆွဲလို့ ခေါ်ဆောင်သွားတတ်ကြပါတယ်။ အရပ်ထဲက ဘာသာရေးအလှူပွဲတွေသွားကြရင်လည်း နောက်ပါးက လိုက်ကြရစမြဲ။ ညခင်း၊ မနက်ခင်း လူကြီးမိဘတွေဘုရားရှိခိုးရင် ဘေးနားမှာလက်အုပ်လေးချီပြီး မဆိုတတ်ဆိုတတ်နဲ့ ထိုင်နေရပြန်ပါတယ်။ 

ငယ်ဘဝကို ဒီလိုဖြတ်သန်းခဲ့ရတဲ့ စာရေးသူတို့ခေတ်နဲ့ အခုခေတ်တွေဟာ ပြောင်းပြန်တွေဖြစ်သွားကြပါပြီ။ ဒါတင်မက “လူကြီး၊ မိဘတို့ ကိုယ်တိုင်က ဗဟုသုတဆိုင်ရာ လေ့လာမှုအားနည်းခြင်း။ အနာဂတ်ကို မျှော်မြင်မှု အားနည်းလာခြင်း။ ဘာသာတရားအပေါ် အလေးထားမှု ပျက်ကွက်ခြင်း။ လူငယ်တွေအပေါ် ယုံကြည်မှုနည်းပါးခြင်း။ သင်ကြားမှုစနစ် ချို့ယွင်းခြင်း။ ဆုံးမသွန်သင်မှု ပျက်ယွင်းခြင်း။ လူငယ်တွေရဲ့ အနာဂတ်အပေါ် ကြိုတင်ပြင်ဆင်မှု မရှိခြင်းစတဲ့ အကြောင်းတရား များစွာတို့အပေါ်မှာ အားနည်းလာတဲ့အခါ လူကြီးနဲ့လူငယ်သား၊ သမီးနဲ့ မိဘ၊ ဆရာနဲ့တပည့်တို့ရဲ့ ထိတွေ့ဆက်ဆံမှုတွေပါ အကျည်းတန်လာပါ တော့တယ်”။ 

လူငယ်တွေဆိုတာ အနာဂတ်ရဲ့သူရဲကောင်း မျိုးဆက်သစ်တွေ ဖြစ်ကြပါတယ်။ စာရေးသူတို့ပြုစုပျိုးထောင်ပေးတဲ့အတိုင်း ရှင်သန်မွေးဖွား ကြီးပြင်းလာမယ့်သူတွေပါ။ လူငယ်တွေကို တိုးတက်အောင်မြင်သော၊ လိမ္မာယဉ်ကျေးသော လူငယ်လေးတွေအဖြစ် မြင်တွေ့လိုကြရင် ဘာသာတရားနဲ့ ကင်းကွာပြီး မထားသင့်ပါဘူး။ ဘာသာတရားနဲ့ အနီးကပ်ဆုံး ထားရှိရမှာဖြစ်သလို ဓမ္မစကူးလ်သင်တန်း၊ နွေရာသီယဉ်ကျေးမှုသင်တန်းများကို မဖြစ်မနေ ပို့ဆောင်ပေးကြရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် “ဗုဒ္ဓဘာသာ ကျောင်းကန်များကို သွားရောက်တဲ့အခါ ကိုယ့်တပည့်၊ ကိုယ့်ရင်သွေးလေးတွေကို ဘာသာတရားနဲ့ ရင်းနှီးမှုရှိလာအောင် ခေါ်ဆောင်သွားကြလို့ ဘုရားရှိခိုးခြင်း၊ သံဃာတော်များနဲ့ စကားပြောဆိုခြင်း၊ ရတနာသုံးပါး အဆုံးအမများကို သင်ကြားပေးခြင်း၊ ယဉ်ကျေးလိမ္မာဇာတ်နိပါတ်တော် ပုံပြင်များကို ဖတ်ရှုစေခြင်းအမှုတွေကို ပြုစုပျိုးထောင်ပေးကြဖို့ လိုပါတယ်”။

ဒါမှသာ “ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊ လှူမျှဝေ၍၊ စောင့်လေမျိုးနွယ်၊ ဝတ်ငါးသွယ်၊ ကျင့်ဖွယ်သားတို့တာ”ဆိုသော သားသမီးကျင့်ဝတ် “ညီညာထကြွ၊ ဆုံးမနာယူ၊ လာမူကြိုဆီး၊ ထံနီးလုပ်ကျွေး၊ သင်တွေးအံရွတ်၊ တပည့်ဝတ်၊ မချွတ်ငါးခုသာ”ဆိုသော တပည့်ကျင့်ဝတ်များနဲ့ ညီညွတ်သော လူငယ်လေးတွေ ဖြစ်လာကြမှာ ဖြစ်ပါတယ်။ 
မျိုးဆက်အမွေကို ချဝေတဲ့အခါ လူငယ်လေးတွေအဖို့ သူတို့ရဲ့ အနာဂတ်နဲ့အတူ တိုင်းပြည်နဲ့လူမျိုး ဘာသာ၊ သာသနာနဲ့ ယဉ်ကျေးမှု တွေကိုပါ အလေးထားဆောင်ရွက်တတ်ကြဖို့ ပေးဝေရမှာ ဖြစ်ပါတယ်။ ဒါမှသာ စာရေးသူတို့မျှော်မှန်းထားတဲ့ ရွှေရောင်မျိုးဆက်နဲ့ ရွှေရောင် နိုင်ငံရှိရာကို အသွင်ကူးပြောင်းဖော်ဆောင်နိုင်ကြမှာ ဖြစ်ပါတယ်။
 
နတ်သျှင် (ရွှေဂူ)