News

POST TYPE

PERSPECTIVE

Hate Speech များနဲ့ ၂၀၂၀ ရွေးကောက်ပွဲ
02-Dec-2019


ယခုလ ကုန်လျှင် ၂၀၂၀ ထဲရောက်ရှိပြီဖြစ်သည်။ ၂၀၂၀ တွင် ပုံမှန်အားဖြင့် ငါးနှစ်တစ်ကြိမ် ကျင်းပသော အထွေထွေရွေးကောက်ပွဲရှိသည်။ ၂၀၂၀ အတွင်း နိုဝင်ဘာလတွင် ကျင်းပမည်ဟု အကြမ်းဖျင်းသိထားသော်လည်း ဒီဇင်ဘာလည်း ဖြစ်နိုင်သည်ဟု အချို့ခန့်မှန်းကြသည်။ ထို့ကြောင့် ၂၀၂၀ သည် မြန်မာနိုင်ငံအတွက် အရေးကြီးသော ခုနှစ်သက္ကရာဇ်တစ်ခုဖြစ်သည်။ အရေးကြီးသည်ဟုဆိုရသည်မှာ ထိုရွေးကောက်ပွဲက နိုင်ငံ့ကံကြမ္မာတစ်စုံတစ်ရာ အလှည့်အပြောင်း ဖြစ်စေ ဦးမလားဆိုသည့် ပူပန်မှုဖြစ်သည်။ လက်ရှိအစိုးရမှာ Majority မဲဆန္ဒဖြင့် ရွေးကောက်တင်မြှောက်ထားသော အစိုးရဖြစ်သည်။ အနေအထားမပျက် ၂၀၁၅ အထွေထွေရွေးကောက်ပွဲရလဒ်အတိုင်း Majority ဖြင့် ထပ်မံအနိုင်ရလျှင် အကြောင်းမဟုတ်။ ရလဒ်အနည်းအကျဉ်းသော်လည်းကောင်း၊ ထက်ဝက်ခန့်သော်လည်းကောင်း အပြောင်းအလဲဖြစ်ခဲ့ပါက နိုင်ငံ့ကံကြမ္မာ တစ်မျိုးတစ်ဖုံဖြစ်လာနိုင်သည်။

နှစ်များစွာကတည်းက မြန်မာ့နိုင်ငံရေးတွင် အဖုအထစ်၊ အမာရွတ်တွေရှိသည်။ နိုင်ငံရေးတွင် နှစ်ပေါင်းများစွာပါဝင်ခဲ့သော တပ်မတော်သည် နိုင်ငံရေးမှ လုံးလုံးလျားလျား ဆုတ်ခွာသွားမည့် အရိပ်အယောင် မပြသေး။ ထိုအချက်မှာ တပ်မတော်နှင့် အရပ်ဘက်ပြည်သူအကြား ကြီးမားသော အဖုအထစ်ကြီးဖြစ်သလို ယခုချိန်ထိလည်း အစာမကြေနိုင်သေးသလို ရင်ကြားလည်းမစေ့နိုင်သေးပေ။ ပြည်သူတွေက တပ်မတော်၏ နိုင်ငံရေးထဲ ဝင်ပါမှုကို လုံးဝဖယ်ရှားလိုသည်။ ၂၀၀၈ ဖွဲ့စည်းပုံသည် အကျပ်အတည်းတစ်ခုဖြစ်ပြီး ယခုချိန်ထိ ပြည်သူတွေ၏ လက်ညှိုးထိုးစရာ ဖြစ်နေသည်။ ဒီမိုကရေစီနည်း မကျသော ထိုဖွဲ့စည်းပုံကို ဖက်တွယ်ထားလိုသော တပ်မတော်နှင့် တပ်မတော် လိုလားသော အစုအဖွဲ့လက်ထဲသို့ အာဏာပြန်လည်သက်ဆင်းသွားမည့် အရေးက စိုးရိမ်စရာဖြစ်သလို ပြတ်သည့် အဖြေမထွက်သော ရွေးကောက်ပွဲရလဒ်တစ်ခု ဖြစ်ပေါ်လာခဲ့လျှင် ယခုကတည်းက အပြည့်အဝ တည်ငြိမ်မှု မရှိသော နိုင်ငံတစ်ခုမှာ အခြေအနေတွေ ပိုစိုးရိမ်စရာဖြစ်လာမလားတွေးပူနေရသည်။ 

ရွေးကောက်ပွဲကျင်းပဖို့ တစ်နှစ်စွန်းစွန်း လိုသေးသော်လည်း လာမည့် ၂၀၂၀ အတွင်းမှာ ပါတီတွေ အပြိုင်းအရိုင်း မဲဆွယ်စည်းရုံးရေးတွေ လုပ်လာနိုင်သလို ရွေးကောက်ပွဲအကြို အသံတွေကလည်း ပိုကျယ်လာနိုင်သည်။ ယခုလာမည့် ရွေးကောက်ပွဲမှာ ပထမဦးဆုံး လူထုရွေးချယ်တင်မြှောက်ခံ အစိုးရလက်ထက် ကျင်းပသည့် ရွေးကောက်ပွဲဖြစ်သလို ပါတီများ ပြိုင်ဆိုင်မှု ပြင်းထန်မည့် ရွေးကောက်ပွဲလည်းဖြစ်သည်။ ယခုချိန်ထိတော့ အင်အားကြီးမားသော အတိုက်အခံပါတီ၏ လှုပ်ရှားမှု သိပ်မတွေ့ရသေးသလို တတိယ အင်အားစုအဖြစ် ထပ်မံပေါ်ထွက်လာသည့် ပါတီအချို့ကိုလည်း လူထုက စိတ်ဝင်တစားမရှိသေးတာ တွေ့ရသည်။ အာဏာရပါတီအတွက် အခြေအနေကောင်းနေသေးသည်ဟု ဆိုရမည်။

ရွေးကောက်ပွဲကာလ နီးကပ်လာတော့မည့်ဆိုလျှင်တော့ အပြိုင်အဆိုင်ပါတီတွေ၏ အသံတွေ၊ လှုပ်ရှားမှုတွေ ပိုမိုကျယ်ပြန့်လာနိုင်သည်။ သန့်ရှင်းမျှတစွာ စည်းရုံးယှဉ်ပြိုင်ကြလျှင် အကြောင်းမဟုတ်သော်လည်း မသန့်ရှင်းသော(မသမာသော) နည်းများဖြင့် ယှဉ်ပြိုင်လာလျှင် ရှုပ်ထွေးမှုတွေ၊ ပဋိပက္ခတွေ ရှိလာနိုင်သည်။ ထိုအထဲတွင် (မျက်မှောက်ကမ္ဘာ့ရွေးကောက်ပွဲများ၌ ) အထင်ရှားဆုံး ဖြစ်စဉ်တစ်ခုမှာ ‘အတုအယောင်သတင်းများ၊ မမှန်သတင်းများ ထုတ်လွှင့်ကာ မဲဆန္ဒရှင်ပြည်သူများအား ထင်ယောင်ထင်မှားဖြစ်စေခြင်း၊ ယုတ်ညံ့သော စွပ်စွဲပုတ်ခတ် နှိမ့်ချဝေဖန်မှုများဖြင့် တစ်ဖက်နှင့်တစ်ဖက် တိုက်ခိုက်ခြင်း’ များ ဖြစ်သည်။ 

ထိုအခြင်းအရာကို နိုင်ငံတကာ အသုံးအနှုန်းအရ (Hate Speech) ဟု ခေါ်တွင်သည်။ (Hate Speech) ကို ‘အမုန်းစကား’ ဟု တစ်ခွန်းတည်းဖြင့် အဓိပ္ပာယ်ဖွင့်ဆိုလျှင် မလုံလောက်။ Hate Speech ၏ နယ်ပယ်က ကျယ်ဝန်းသည်။ အာရှစင်တာမှ ဒေါက်တာ ဂျိမ်းစ်ဂိုမက်ဇ်၏ အဆိုအရ အရှေ့တောင်အာရှနိုင်ငံများတွင် တွေ့ရတတ်သည့် Hate Speech လေးမျိုး ရှိသည်။ ပထမတစ်မျိုးမှာ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ နေထိုင်သော လူ့အဖွဲ့အစည်းအတွင်း လူမျိုးရေး၊ ဘာသာရေးကို အခြေခံသည့် အမုန်းစကားထုတ်လွှင့်မှု၊ ဒုတိယတစ်မျိုးမှာ နိုင်ငံခြားသား၊ ရွှေ့ပြောင်းအလုပ်သမားများနှင့် ဒုက္ခသည်များကို ပစ်မှတ်ထား အမုန်းစကားထုတ်လွှင့်မှု၊ တတိယတစ်မျိုးမှာ နိုင်ငံရေးအယူအဆနှင့် တန်ဖိုးများအပေါ် အမုန်းစကား ပြောဆိုမှု စတုတ္ထတစ်မျိုးမှာ လိင်ကွဲပြားမှုအပေါ်အခြေခံသည့် အမုန်းစကား ပြောဆိုမှုဖြစ်သည်။ 

အရှေ့တောင်အာရှနိုင်ငံများသည် ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း အတုအယောင်သတင်းများ၊ မှားယွင်းသည့်သတင်းများကို အခြေခံသည့် အမုန်းစကားများကို လူသုံးများသည့် ဆိုရှယ်မီဒီယာ မိုဘိုင်းလ်ပလက်ဖောင်းမှတစ်ဆင့် ရည်ရွယ်ချက်ရှိရှိ ထုတ်လွှင့်ခဲ့ကြသည်။ လူဦးရေ ၆၆၂ သန်းရှိသည့် အရှေ့တောင်အာရှတွင် ယခုအခါ မိုဘိုင်းလ်ဖုန်းသုံးစွဲမှုက ၈၄၃ သန်း ရှိနေသည်ဟု သိရသည်။ အချက်အလက်အခြေခံ သမားရိုးကျမီဒီယာများ သိသိသာသာ ကျဆင်းလာချိန်တွင် လူအများသည် မိုဘိုင်းလ်ပလက်ဖောင်းပေါ်မှ အလွယ်တကူရရှိနေသော အမှားအမှန် စိစစ်မထားသည့် သတင်းအချက်အလက်များကို ပိုမိုသုံးစွဲလာနေခြင်းက အမုန်းစကား အလွယ်တကူ ပျံ့နှံ့ခြင်း၏ အကြောင်းတရားတစ်ခုဖြစ်သည်။ ၂၀၁၈ ခုနှစ် ဇူလိုင်လက ကျင်းပခဲ့သော ကမ္ဘောဒီးယား ရွေးကောက်ပွဲ၊ ၂၀၁၉ မတ်လက ကျင်းပခဲ့သော ထိုင်းရွေးကောက်ပွဲ၊ ဧပြီလကျင်းပခဲ့သော အင်ဒိုနီးရှားရွေးကောက်ပွဲ၊ မေလကကျင်းပခဲ့သော မလေးရှားရွေးကောက်ပွဲများတွင် နိုင်ငံရေးပါတီများသည် သတင်းမှားကိုအခြေခံသည့် Hate Speech များကို ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း နိုင်ငံရေးလှုံ့ဆော်မှုတစ်ခုအဖြစ် အသုံးပြုခဲ့သည်ဟု အာရှစင်တာမှ ဂိုမက်ဇ်က ဆိုသည်။ 

လာမည့် ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီကာလအတွင်း မြန်မာနိုင်ငံ၌လည်း အလားတူ သတင်းတု သတင်းယောင်၊ ပုံဖျက်ထားသော သတင်းမှားများကို ဆိုရှယ်မီဒီယာပလက်ဖောင်းများမှတစ်ဆင့် ပြိုင်ဘက်နိုင်ငံရေးပါတီများက ထုတ်လွှင့်လာနိုင်သည်။ ထိုအခြေအနေကို နားလည်သဘောပေါက်ပြီး ကြိုတင်ပြင်ဆင် တားဆီးနိုင်သမျှ တားဆီးဖို့လိုအပ်သည်။ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများအနက် မိုဘိုင်းလ်ဖုန်းသုံးစွဲမှု နောက်ကျခဲ့သော်လည်း လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုအတွင်း ဆက်သွယ်ရေးလုပ်ငန်း အလျင်အမြန်ဖွံ့ဖြိုးတိုးတက်ခဲ့ပြီး မိုဘိုင်းလ်ဖုန်းမှတစ်ဆင့် ဆိုရှယ်မီဒီယာ သုံးစွဲမှုသည် လာမည့် ၂၀၂၀ တွင် ၅၅ သန်းသော လူဦးရေ၏ ၄၅ ရာခိုင်နှုန်းထိ ရှိလာမည်ဟု ဆိုသည်။ ထိုသို့ ဆက်သွယ်ရေးလုပ်ငန်းအလျင်အမြန် တိုးတက်လာခြင်းနှင့်အတူ ဆိုရှယ်မီဒီယာမှတစ်ဆင့် အမုန်းစကား ထုတ်လွှင့်မှုများကလည်း မြန်မာနိုင်ငံအတွက် အန္တရာယ်ရှိသည်ဟု ဂိုမက်ဇ်က ဆိုသည်။ 
အမုန်းစကားမှတစ်ဆင့် ပဋိပက္ခဖြစ်ပွားသည်အထိ ကြီးထွားလာ နိုင်သည့်အန္တရာယ်ကို ကြိုတင်ရှောင်ရှားနိုင်ဖို့ ဥပဒေချမှတ် တားဆီးဖို့လိုသည်။ ထိုင်း၊ စင်ကာပူ၊ မလေးရှားနိုင်ငံများက ဆိုရှယ်မီဒီယာပေါ်မှ အမုန်းစကားထိန်းချုပ်ရေးဥပဒေများ ပြဋ္ဌာန်းထားပြီးဖြစ်သော်လည်း မြန်မာနိုင်ငံတွင် အမုန်းစကားတားဆီးရေးဥပဒေ မရှိသေးပါ။ ၂၀၁၆ ခုနှစ်ကတည်းက ရေးဆွဲနေသော အမုန်းစကား တားဆီးကာကွယ်ရေးဥပဒေမှာ မူကြမ်းအဆင့်မှာပင် ရှိနေသေးသည်ဟု သိရသည်။ 

၂၀၂၀ ရွေးကောက်ပွဲကျင်းပရန် တစ်နှစ်စွန်းစွန်းသာ လိုတော့သည်။ ဆိုရှယ်မီဒီယာများမှတစ်ဆင့် ကြီးထွားလာနေသော မိုဘိုင်းလ်ပလက်ဖောင်းပေါ် ရောက်ရှိလာမည့် ‘အမုန်းစကားများ’ က ၂၀၂၀ ရွေးကောက်ပွဲကို ဘယ်လောက်အထိ ရိုက်ခတ်မှု ရှိနိုင်သလဲ။ ကြိုတင်သတိထားမိဖို့ လိုအပ်နေပါပြီ။

 ချစ်ဝင်းမောင် (၁ - ၁၂ -၂၀၁၉ )