News

POST TYPE

PERSPECTIVE

သတိပြုရမည့် တို့ဆေးအန္တရာယ်နှင့် လူမှောင်ခိုဂိုဏ်းများ
29-Nov-2019


ယခုရက်ပိုင်း ဖတ်ရတဲ့ထူးခြားသတင်းတွေအထဲမှာ လူ ပျောက်ကြော်ငြာတွေ၊ သက်ငယ်မုဒိမ်းမှုတွေနဲ့ လူမှောင်ခိုကိစ္စတွေလည်းပါဝင်လာပါတယ်။ ဒီသတင်းတွေဟာ ယခု လပိုင်းမှာ နိုင်ငံအနှံ့နေရာအနှံ့အပြားမှာ ခပ်စိပ်စိပ်တွေ့လာရတာမို့ သားရှင်၊ သမီးရှင်တွေရဲ့ စိုးရိမ်ပူပန်မှုတွေလည်း မြင့်တက်လာနေပါတယ်။ လူပျောက်တဲ့သတင်းတွေကိုကြည့်ရင် ပထမဦးဆုံး လှည်းကူးမြို့နယ်၊ ဇီးပင်ဝဲကျေးရွာက မရွှေစင်မင်းထွန်း ၉ တန်းကျောင်းသူတစ်ယောက်၊ နောက်ဖျာပုံက မောင်ထွန်းလင်းထက် (၁၈ နှစ်)၊ ဘ - ဦးစိုးလွင်အောင် မင်္ဂလာကွန်ပျူတာနှင့် မိတ္တူဆိုင် အပြောင်လမ်းက လူငယ်တစ်ဦး၊ နောက် တောင်တွင်းကြီး၊ မှုတ်ရှည်ကျေးရွာက ၉ တန်းကျောင်းသူတစ်ဦး၊ နောက်ရွှေတောင်မြို့နယ်၊ မင်းရွာလမ်း၊ ကသစ်တိုင်အုပ်စု မနှင်းနုနုလှိုင် ဒသမတန်းနှင့် မယဉ်မွန်သန့် (ဒသမတန်း) တောင်ဖိုးခေါင်လမ်း ဆည်ကြီးကုန်းအုပ်စုတို့ နှစ်ဦး၊ ဟင်္သာတမြို့နယ်၊ ဘန်းပွေးကုန်းရွာက မောင်ကျော်ဇင်ဖြိုး (နဝမတန်း)၊ သံလွင်အရှေ့ပိုင်းတက္ကသိုလ်က မချိုချိုထွန်း (ခေါ်) ပုတု၊ ဒလမြို့နယ်၊ စက်မြေရပ်ကွက်၊ မင်းရဲကျော်စွာ ၂ လမ်းထဲက အသက် ၁၇ နှစ်ခန့်ရှိ မောင်သားငယ်၊ မအူပင်မြို့နယ်၊ ကုန်းတန်းရွာက မစန်းစန်းခိုင၊် ဦးအေးငြိမ်း+ ဒေါ်ဝဲတို၊ ကုန်းတန်းကျေးရွာ၊ မအူပင်မြို့နယ် မိန်းကလေးငယ်တစ်ဦး၊ စဉ့်ကိုင်မြို့နယ်ထဲက မိန်းကလေးတစ်ဦး၊ မောင်အောင်ခန့်ဇော် (ဒုတိယနှစ် အင်္ဂလိပ်စာ အထူးပြု)၊ ပြည်၊ နဝဒေး တံတားအနီး၊ မပိုးယုဇော် (၁၇ နှစ်)၊ အဖ ဦးဝင်းဇော်၊ ချောင်းနှစ်ခွ ကျေးရွာ၊ ကျိုက်မရောမြို့နယ်။ မောင်ဇင်မင်းသန့် (ဒသမတန်း)၊ အဖ ဦးညွန့် လွင်၊ အမိ ဒေါ်ခင်နု ပြင်ဦးလွင်မြို့၊ မောင်နေလင်းထွန်း (၁၈နှစ်)အဖ ဦးဝင်းမြင့်အောင်၊ အမာမြို့ရုံးဖျာပုံမြို့နယ်နဲ့ မထက်မြတ်ဘုန်းတင် ဘုန်းကြီးသောင်ရွာ၊ အမာမြို့၊ ဖျာပုံခရိုင် စတဲ့ သတင်းတွေကိုလူမှု ကွန်ရက် အင်တာနက်အပေါ်မှာ တင်ထားတာတွေ တွေ့ရပါတယ်။

ဒီလို လုပ်နိုင်ကိုင်နိုင်တဲ့အရွယ်လည်းဖြစ်၊ ကျောင်းသားအရွယ်လည်းဖြစ်တဲ့လူငယ်လေးတွေ ပျောက်ဆုံးနေရတဲ့ကိစ္စကို သုံးသပ်ကြည့် ရရင်တော့ ပထမတစ်ချက်က လူငယ်တွေရဲ့ မိသားစုအရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ စားဝတ်နေရေးမပြေလည်မှုကို အခွင့်ကောင်းယူပြီး ကနဦးမှာ ကြိုတင်ငွေပေးစည်းရုံးခေါ်ဆောင်ပြီး အကျိုးအမြတ်ယူရောင်းစား ကြတဲ့လူမှောင်ခိုဂိုဏ်းတွေနဲ့ ဆက်စပ်ပါတယ်။ ဒီအချက်နဲ့ ပတ်သက်လို့ လွန်ခဲ့တဲ့ရက်ပိုင်းကဆိုရင်ပဲ ဒဂုံတက္ကသိုလ်ကျောင်းသားတစ်ဦးဟာ ဖျာပုံမြို့နယ်ထဲက ပင်လယ်ငါးဖမ်းလုပ်ငန်းတစ်ခုဖြစ်တဲ့ ကျားဖောင်ပေါ်မှာ ရောင်းစားခံရတဲ့အမှုကို ဖော်ထုတ်ခဲ့တာ သိပြီးဖြစ်ကြမှာပါ။ အမှန်တော့ ဒီလိုလူမှောင်ခိုတွေလုပ်တာ၊ လုပ်အားခေါင်းပုံဖြတ်တာ၊ နိုင်ငံသား အချင်းချင်းခြိမ်းခြောက်အနိုင်ကျင့်ခိုင်းစေတာ၊ သတ်ဖြတ်မှုတွေဟာ လွန်ခဲ့တဲ့ နှစ်တွေကတည်းက ဒီဒေသတွေမှာ ဖြစ်ပေါ်နေခဲ့တာပါ။ ဒီသတင်းတွေကိုလည်း ပုဂ္ဂလိကသတင်းစာတွေမှာ မီဒီယာတွေက ရေးသားဖော်ပြပြီး အစိုးရပိုင်းက တာဝန်ရှိသူတွေကို လှုပ်နှိုး၊ အသိပေးခဲ့ပေမယ့်လည်း ဒီအဖြစ်တွေဟာ ပိုနေမြဲ၊ ကျားနေမြဲလိုဖြစ်ပြီး ပိုမိုဆိုးရွားနေခဲ့ပါတယ်။ အခုအခြေအနေမှာတော့ ဒဂုံတက္ကသိုလ်ကျောင်းသားကစပြီး ဒီအမှု မှာပါဝင်ပတ်သက်သူ တရားခံအဖြစ်စွပ်စွဲထားသူ ၇ ဦးထဲက ၂ ဦးကို ဖမ်းဆီးထားပြီး ကျောက်တံတားရဲစခန်းမှာ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေပုဒ်မ ၂၅ နဲ့ အမှုဖွင့်ထားပြီလို့ဆိုပါတယ်။ ဒီအမှုရဲ့ သံသယတရားခံ မအေးသက်မာဆိုသူရဲ့ ဓာတ်ပုံကို ရဲတပ်ဖွဲ့က ရရှိထားပြီး ဖမ်းဆီးရမိရေးအတွက် ကြိုးစားနေကြောင်းလည်း သိရပါတယ်။

ဒါ့အပြင် တက္ကသိုလ်ကျောင်းသားအမှုကဲ့သို့ ၂၀၁၈ ခုနှစ်က ရန်ကုန် ဆေးဝန်ထမ်းတစ်ဦးဖြစ်တဲ့ ကိုဆန်းဦးကိုလည်း ရေးမြို့နယ်ဘက်မှာ ကျားဖောင်လုပ်ငန်းလုပ်ကိုင်ဖို့ ရောင်းစားခံခဲ့ရတာမို့ နိုဝင်ဘာလ၂၅ ရက်နေ့က ကျောက်တံတားမြို့နယ်တရားရုံးမှာ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိထားပြီးတဲ့အကြောင်း လည်းဖတ်ရပါသေးတယ်။ လက်ရှိမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးထားတဲ့ ဗလကြီး(ခေါ်) အောင်ဗလဆိုသူဟာ ဒဂုံ တက္ကသိုလ်ကျောင်းသားနဲ့ ကိုဆန်းဦးတို့နှစ်ဦးစလုံးကိုလူကုန်ကူးခဲ့သူ ဖြစ်တယ်လို့ သိရတာမို့ ဒီသတင်းတွေနဲ့ဆက်စပ်ပြီး အခုပျောက်ဆုံးနေတဲ့လူငယ်တွေသတင်းကို လေ့လာကြည့်မယ်ဆိုရင်လည်း ဖျာပုံ၊ ဟင်္သာတ၊ မအူပင်၊ လှည်းကူး၊ ဒလမြို့နယ်တွေက ပါဝင်တဲ့အတွက် ဒီ ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်းတစ်ခုဖြစ်တဲ့ ကျားဖောင်တွေမှာ ရောင်းချခြင်းခံထားရပြီလားဆိုတာကိုလည်း စိုးရိမ်မကင်းဖြစ်မိပါတယ်။ ဒီလိုကျားဖောင် တွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတာကို စုံစမ်းစစ်ဆေးဖို့ အတွက် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က လာမယ့် ဒီဇင်ဘာလ ၂ ရက်နေ့က စပြီး သုံးရက်ကြာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ် သွားမယ်လို့ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးယုလွင်အောင် ကဆိုထားသလို သူက “တော်တော်ဆိုးဝါးတဲ့ အဆင့် ပါ၊ လူအချင်းချင်းကုန်ရောင်းကုန်ဝယ်လုပ်တဲ့ပုံစံမို့၊ လူ့အခွင့်အရေးကို ချိုးဖောက်တာ ၊ ဟိုဘက်ရောက်တော့ လုပ်အားကို ခေါင်းပုံဖြတ်တာ၊ မဝရေစာကျွေးတာ၊ နင်ပဲငဆ ရိုက်နှက်နှိပ်စက်ပြီးတော့ ခိုင်းတာ၊ လုပ်ချင် သည်ဖြစ်စေ၊ မလုပ်ချင်သည်ဖြစ်စေ အတင်းအဓမ္မ ရိုက်နှက်ခြိမ်းခြောက် ပြီးတော့ခိုင်းတာ၊ ဒါတွေက ကျွန်ပြုတဲ့သဘော ဖြစ်သွားပြီ”လို့ သတင်း ဌာနတစ်ခုကို ပြောထားတာကိုလည်း ဖတ်ရပါတယ်။ ဒီကျားဖောင်လုပ်ငန်း တွေဟာ ဧရာဝတီတိုင်း၊ ဖျာပုံမြို့မှာ အများဆုံးလုပ်ကိုင်ကြတာဖြစ်ပြီး မြန်မာနိုင်ငံမှာ ရေလုပ်ငန်း ပို့ကုန်လုပ်ငန်းဟာ ဒုတိယအကြီးဆုံးလုပ်ငန်း တစ်ခုဖြစ်ပြီး ပြည်တွင်းစားသုံးမှုဟာလည်း မြန်မာတစ်နိုင်ငံလုံး နီးပါး ရှိနေတယ်လို့ ဆိုပါတယ်။

ဒီလိုလူငယ်လေးတွေပျောက်ဆုံးနေရတဲ့ကိစ္စနဲ့ အသက်အရွယ် ငယ်ရွယ်လှတဲ့ မိန်းကလေးတွေကို မုဒိမ်းကျင့်သတ်ဖြတ်နေကြတဲ့ကိစ္စတွေရဲ့ နောက်တစ်ချက်ကတော့ ယနေ့ခေတ်မှာပေါများနေတဲ့ မူးယစ်ဆေးဝါးတွေနဲ့လည်း ဆက်စပ်နေပါတယ်။ ဒါတွေဟာ ပေါများလာတဲ့ မူးယစ်ဆေးတွေရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေသာဖြစ်ပြီး ဒါတွေကို အသုံးပြုပြီးတော့ မိန်းကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာမတရားပြုကျင့်တာ၊ လိင်ဖျော်ဖြေမှုလုပ်ငန်းတွေ၊ ကာရာအိုကေလုပ်ငန်းတွေမှာ ရောင်းစားခံရ တာတွေ ပြုလုပ်လာကြတာကိုလည်း နေ့စဉ်သတင်းတွေမှာ မြင်နေရပါတယ်။ သူတို့ရဲ့ပထမဆုံးလုပ်ငန်းကတော့ လူငယ်လေးတွေ၊ မိန်းကလေးငယ်တွေရဲ့ ပျော့ကွက်အားနည်းချက်ကို လေ့လာအကဲခတ်ပြီးချဉ်းကပ်ကြခြင်းပါ။ ဒီ့နောက်မှာတော့ သူ့တို့အနားမရရအောင်ကပ်ပြီး တို့ဆေးလို့ခေါ်တဲ့ မူးယစ်ဆေး (မော်ဖင်းထိုးဆေးလိုမျိုး) ကို ဆလင်းအသေး၊ အပ်အသေးလေးနဲ့ လက်ဝါးထဲညှပ်ကိုင်ပြီး ထိုးသွင်းကြလေ့ရှိပါတယ်။ ယနေ့ခေတ်မှာ ပေါများလာတဲ့မူးယစ်ဆေးဝါးတွေကို တွင်တွင်ကျယ်ကျယ် အသုံးချပြီး မသိမသာထိုးသွင်းကြတဲ့ နည်းတွေနဲ့လုပ်ပြီး အသိဉာဏ် မူးနောက်ဝေဝါးနေချိန်မှာ လိုရာကို ခေါ်ဆောင်သွားပြီးလိုသလို အသုံးချ၊ ရောင်းစား၊ သတ်ဖြတ်ခံရတဲ့အဖြစ်တွေ ဖြစ်ပွားနေတာလည်း အမှန်အတိုင်းပဲ တွေ့နေရပါတယ်။

တို့ဆေး (Ketamine) လို့အများက သိထားတဲ့အရာဟာ အမှန်တကယ်တော့ မူးယစ်ဆေးဝါးအပြင်းစားကို လူ့ခန္တာကိုယ်ထဲ ဆတ်ခနဲ မသိမသာဖိပြီးထိုးတို့လိုက်တာသာ ဖြစ်ပါတယ်။ ထိုးသွင်းခံလိုက်ရတဲ့ ခဏမှာ ဆစ်ခနဲ စူးရှနာကျင်သွားပြီး ဆေးအသားထဲ ဝင်သွားတာနဲ့ စက္ကန့်ပိုင်းအတွင်းမှာ မူးဝေလာမည်-အမြင်အာရုံဝေးဝါးကာ သတိလွတ်သွားခြင်းသာ ဖြစ်ပါတယ်။ ဒီ့နောက်မှာတော့ အနားမှာရှိသူရဲ့ အလိုက်သင့်တွဲခေါ်သူနောက် ပါသွားရတဲ့သဘောပါ၊ ဒီဆေးတွေဟာ သာမန်မူးယစ်ဆေးပြားတွေထက်ပြင်းပြီး ခွဲစိတ်ခန်းတွေမှာသုံးကြတာများပါတယ်။ အနာကိုလှီးဖြတ်ဖို့၊ ခွဲစိတ်ဖို့ လူနာကို လုံးဝမေ့သွားတာမျိုးမဟုတ်ဘဲ အသိဉာဏ်ပျောက်ရုံ၊ နာကျင်မှုမခံစားရရုံသာ သုံးကြတဲ့ ဆေးတွေထဲက အချို့သာဖြစ်ပါတယ်။

ဒီမူးယစ်ဆေးတွေကို အမှုန့်၊ အဆီ၊ အရည် အမျိုးမျိုးထုတ်လုပ်ပြီး ဒုစရိုက်သမားများ သုံးနေကြတယ်လို့ဆိုပါတယ်။ ဒီဆေးတွေကို သူ့အဆက်အသွယ်နဲ့သူရှာရင် မူးရစ်ဆေးဝါးရှာရတာထက် ပိုလွယ်တယ်လို့လည်း ပြောကြပါတယ်။ အဆိုပါမူးယစ်ဆေးဟာ သုံးလေးနာရီလောက် သတိလစ်သွားနိုင်ပါတယ်။ ဒီဆေးအာနိသင် ပြယ်ချိန်အကြားမှာတော့ အဖြစ်အပျက်များကို မမှတ်မိခြင်း သွေးပေါင်ချိန်ကျခြင်း၊ အိပ်ချင်လာခြင်း၊ ြွကက်သားများ အားလျော့လာခြင်း သို့မဟုတ် ြွကက်သားများအား ထိန်းချုပ်နိုင်စွမ်း မရှိတော့ခြင်း၊ အရက်မူးသကဲ့သို့ ဖြစ်ခြင်း၊ မအီမသာနှင့် ပျို့ချင်အန်ချင် စိတ်ဖြစ်ခြင်း၊ စကားမပြောနိုင်တော့ခြင်း၊ လှုပ်ရှားရန်ခက်ခဲလာခြင်း၊ အသိစိတ်ပျောက်ဆုံးခြင်း၊ ဇဝေဇဝါဖြစ်ခြင်း၊ အမြင်ဝေဝါးလာခြင်း၊ မူးဝေခြင်း၊ အစာအိမ်မအီမသာဖြစ်ခြင်းများ ဖြစ်လေ့ရှိကြောင်းလေ့လာ တွေ့ရှိရပါတယ်။ ဒါတွေကို ကာကွယ်ဖို့ဆိုရင်တော့ ကိုယ့်အနီးအနားမှာ အနီးပတ်ဝန်ကျင်မှ လူစိမ်းများကို အခါမလပ် သတိနဲ့ စောင့်ကြည့်သတိထားရမယ့်အပြင် အသွားအလာကို တစ်ဦးတစ်ယောက်တည်းသွားမည့်အစား အဖော်နှင့်သွားလာကြပါ၊ ကလေးများအား တစ်ဦးတည်း မိမိ မျက်စိအောက်မှပျောက်ကာ နာရီပိုင်းမိနစ်ပိုင်းအတွင်းသွားရမယ့် နေရာများကို မလွှတ်မိစေရန် လိုလာပါတယ်။ ယနေ့ခေတ်ကာလဟာ တရားဥပဒေစိုးမိုးမှုလျော့ကျပြီး အဂတိလိုက်စားမှုများပြားကာ အကျင့် ပျက်မှုပေါနေတဲ့ ခေတ်လိုဖြစ်လာတာနဲ့အညီ မသမာသူများ၊ ဒုစရိုက် သမားများ၊ လူယုတ်မာများ ပေါသည်ထက်ပေါများလာနေတာမို့ သွားသတိ၊ စားသတိ၊ နေသတိ အထူးရှိမှသာ တန်ကာကျမှာ ဖြစ်တယ်လို့ သတိပေးလိုပါတယ်။ ဒါနဲ့ဆက်စပ်လို့ဒီရက်ပိုင်းမှာဆိုရင်ပဲ အသက် ၆ နှစ်ခန့်သမီးလေး ပျောက်ဆုံးသွားရာက အောက်ပိုင်းအဝတ်မပါတဲ့ အလောင်းသာ ပြန်တွေ့ရတဲ့သတင်းနဲ့ မြဝတီကတည်းခိုခန်းတစ်ခုရှေ့မှာ မူးယစ်ဆေးကျွေးပြီး မုဒိမ်းကျင့်ကာ စွန့်ပစ်ခံထားရတဲ့ မိန်းခလေးငယ် သတင်းကိုလည်းဖတ်မိကြမယ်ထင်ပါတယ်။

ဒီ့အတွက်အချုပ်အားဖြင့်ပြန်ကောက်ရရင် ယခုနောက်ပိုင်းနိုင်ငံနဲ့အဝန်းမှာ အဖြစ်များလာနေတဲ့ လူငယ်ယောကျာ်း၊ မိန်းမငယ်လေးတွေ ပျောက်ဆုံးနေရတဲ့အဓိကလက်သည်တရားခံဟာ လူမှောင်ခိုဂိုဏ်းတွေ၊ ကာမဘီလူးတွေနဲ့ ပေါများလာတဲ့မူးယစ်ဆေးတွေကြောင့်ဆိုတာ မြင်ကြရမှာဖြစ်တဲ့အတွက် မိမိတို့ကိုယ်စီအနေနဲ့ ကိုယ့်ရဲ့မိသားစုအတွင်းက သားငယ်၊ သမီးငယ်တွေကို ဒီကိစ္စတွေနဲ့ဆက်စပ်လို့ ပွင့်ပွင့်လင်းလင်း ချပြဆွေးနွေးပြီးအသိပညာပေးတာ၊ မိမိတို့ကိုယ်စီရဲ့ ဝန်းကျင်မှာလည်း အသိပညာဖြန့်ဝေတာ၊ လူစိမ်းတွေကို သတိထားစောင့်ကြည့်တာတွေကို နိုင်ငံသားတွေဘက်က ပြုလုပ်သင့်ကြကြောင်းနဲ့ အစိုးရဘက်ပိုင်းက တာဝန်ရှိသူဌာနဆိုင်ရာဝန်ထမ်းတွေအနေနဲ့လည်း ဒါတွေနဲ့ပတ်သက်လို့ ကာကွယ်တားဆီးရမယ့်ဥပဒေတွေဖြစ်တဲ့ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေပါပြဋ္ဌာန်းချက်တွေ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပါ ပြဋ္ဌာန်းချက်တွေ၊ ရာဇဝတ်မှုကျူးလွန်သူများအတွက် ရာဇသတ်ကြီးပါ ပြဋ္ဌာန်းချက်တွေကို အဂတိတရားကင်းရှင်းစွာနဲ့ တိတိကျကျလိုက်နာ အကောင်အထည်ဖော်ကာ တရားဥပဒေစိုးမိုးမှုရှိအောင်၊ ပြည်သူအများစိတ်မပူမပင် နေထိုင်နိုင်အောင် အဆိုပါအမှုများကို မဖြစ်ခင်က စောင့်ကြည့်ကာကွယ် တားဆီးထိန်းချုပ်ခြင်းတွေကို အထူးအလေးထားဆောင်ရွက်ကြစေလိုပါကြောင်း ရေးသားလိုက်ရပါတယ်။

သန်းဖြိုးနိုင်