POST TYPE

PERSPECTIVE

အကန်း နဲ့ အမြုံ
08-Nov-2019



သဘောတရားမပါတဲ့ လက်တွေ့က အကန်းနှင့်တူပြီး လက်တွေ့မပါတဲ့သဘောတရားကတော့ အမြုံနှင့်တူပါသတဲ့။ သဘောတရားအစွန်းနှင့် လက်တွေ့အစွန်းလို့များ ပြောနိုင်မလားမသိပါဘူး။ တကယ်လို့ အစွန်းလို့ ပညတ်လို့ရမယ်ဆိုရင်တော့ ဒီအစွန်းနှစ်ဖက်က ဟိုးအဆုံးအစွန်အထိ ရောက်သွားမှ ကန်းနိုင်၊ မြုံနိုင်တာမဟုတ်ဘဲ ဟိုတစ်ဖက်ကိုပိုနီးသွားလေလေ ကန်းဖို့အလားအလာ များလာလေလေ၊ ဒီတစ်ဖက်ကို ပိုနီးလာလေလေ မြုံဖို့အလားအလာ များလာလေလေလို့ ပြောနိုင်ဦးမယ်ထင်ပါတယ်။

“ဟုတ်လိမ့်နိုးနိုး၊ ဆင်ကန်းတိုးသို့၊ အကျိုးအကြောင်း၊ ကောင်းကောင်း မမှန်၊ သမ္ဗန်ပါဌ်လျှောက်၊ ရှေ့နောက်မညီ၊ အစီအရင်၊ အစဉ်မသင့်၊ တဖျင့်တပါး၊ ရယ်ဖွယ်များခဲ့” ဆိုတဲ့အတိုင်းပါပဲ။ သဘောတရားရေးရာတွေကို ကောင်းကောင်းနားမလည်ဘဲ လက်တွေ့နယ်ပယ်မှာ ကျင်လည်နေသူတွေ ကိုကြည့်ရတာက ဆင်ကန်းတောတိုးသလိုပါပဲ။ ဟိုဘက်လှမ်းရကောင်း နိုးနိုး၊ ဒီဘက်လှမ်းရသင့်နိုးနိုးနဲ့ ချီတုံချတုံတွေဖြစ်လိုက်၊ စမ်းသွားကြည့်လိုက်၊ သစ်ပင်ကြီးဝင်တိုက်မိတော့မှ “ဟာ၊ မဟုတ်ဘူးဟ”ဆိုပြီး ပြန်လှည့် လာလိုက်နဲ့ မြင်ရတဲ့သူက ရင်မောနေရပါတယ်။ “တဖျင့်တပါး၊ ရယ်ဖွယ်များခဲ့” ဆိုပေမယ့် အမှားအယွင်းဆိုတာ တစ်ခါတလေ မှားသွားတာမျိုးလောက်ကသာ ရယ်စရာဖြစ်သွားပြီး ထပ်ခါတလဲလဲ မှားနေသေးတယ်ဆိုရင်တော့ ရယ်စရာမကောင်းတော့ဘဲ သနားစရာအသွင်ကို ရောက်သွားတတ်ပါတယ်။ ဆင်ကန်းကြီးတောတိုးနေတာက သစ်ပင်ချုံနွယ်တွေကို ဝင်တိုက်မိနေရုံလောက်ဆိုရင်တော့ ပြဿနာမဟုတ်သေးပါဘူး။ ချောက်ကမ်းပါးကြီးထဲပြုတ်ကျသွားမှဖြင့်ရယ်လို့ ရင်တမမဖြစ်ကြရပြန်ပါတယ်။

ဆင်ကန်းတောတိုးတာကို လက်တွေ့မြင်ဖူးဖို့ခဲယဉ်းပေမယ့် စိတ်ကူးကြည့်ရုံနဲ့ သိနိုင်ပါတယ်။ ၅၅၀ နိပါတ်တော်တွေထဲက မဏိကုဏ္ဍလဝဂ်၊ လဋုကိကဇာတ်ထဲကလိုပေါ့။ ဘုရားလောင်းဆင်မင်း ဟိမဝန္တာတောအတွင်းမှာ ဆင်ရှစ်သောင်းအခြံအရံနဲ့နေခဲ့တုန်းက နှံပြည်စုတ်ငှက်မလေးတစ်ကောင်က သူ့အသိုက်နား ဆင်အုပ်ကြီးဖြတ်လာတော့ မပျံနိုင်၊ မပြေးနိုင်သေးတဲ့ သူ့သားသမီးလေးတွေကို စောင့်ရှောက်ပေးဖို့ ဆင်မင်းကို ရှိခိုးတောင်းပန်တယ်။ ဆင်မင်းက ကိုယ်နဲ့မိုးပြီး အကာအကွယ်ပေးလို့ အသက်ချမ်းသာရာ ရခဲ့ပေမယ့် ဆင်ရိုင်းကြီးလာတဲ့အလှည့်ကျတော့ ဘယ်လိုမှ တောင်းပန်လို့မရတော့ဘဲနဲ့ ငှက်ပေါက်ကလေးတွေ ဆင်ခြေထောက်အောက် ပြားပြား မှောက်ရရှာရော။ ဒီတော့ အငြိုးတကြီးနဲ့ပဲ ကျီးကိုအကူအညီတောင်းပြီး ဆင်ကြီးမျက်လုံးအဆိတ်ခိုင်း၊ ဆင်ကန်းကြီးဖြစ်သွား၊ ပေါက်နေတဲ့မျက်လုံးထဲ မဲရိုင်းယင်မကို အဥခိုင်း၊ လောက်တွေကကိုက်၊ ဖားတစ်ကောင်ကို အကူအညီတောင်းပြီး တောင်ထိပ်ကနေ မြည်သံအပေးခိုင်း၊ ဆင်ကြီးတောင် ထိပ်ရောက်မှ ချောက်ကမ်းပါးနဲ့နီးတဲ့ဘက်ကနေ ဖားသံထပ်အပေးခိုင်း၊ ရေကန်ရှိလိမ့်နိုးနိုးနဲ့ တိုးလိုက်တဲ့ဆင်ကြီး ဗုန်းခနဲကျသေရှာရောတဲ့။

ဆင်ကန်းကြီး သေရတဲ့အဖြစ်ကိုကြည့်လိုက်ရင် ဘယ်လောက်ပဲ အင်အားကြီးတဲ့ဆင်ပြောင်ကြီးဖြစ်ပါစေ ရှေ့နောက်ဝဲယာကို ကြည့်နိုင်မြင်နိုင်တဲ့မျက်စိမရှိတော့တဲ့ နောက်ပိုင်းမှာတော့ ဖားသူငယ်လေးရဲ့ လက်ချက်နဲ့ အသက်ပါဆုံးရတဲ့အဖြစ် ရောက်သွားခဲ့တာကို တွေ့နိုင်ပါတယ်။ လူမှာလည်းဒီလိုပါပဲ။ အခြေအနေ အချိန်အခါတစ်ခုခုအရ နယ်ပယ်တစ်ခုထဲ ကိုရောက်သွားရင် ကိုယ့်မှာ ဒီနယ်ပယ်မှာကျင်လည်နိုင်တဲ့ ပညာမျက်စိရှိရဲ့ လား၊ ဒီနယ်ပယ်နဲ့ပတ်သက်တဲ့ သဘောတရားရေးရာတွေနဲ့ ပြည့်စုံနေရဲ့လားဆိုတာကို ကိုယ့်ကိုယ်ကိုယ် မညှာတမ်းစိစစ်သင့်ပါတယ်။ 

မျက်စိက မမြင်တဲ့အဆင့်အထိ မရောက်သေးဘဲ မှုန်ဝါးဝါးဖြစ်နေ ပြီဆိုရင်တောင်မှ နီးစပ်ရာမျက်စိဆရာဝန်နဲ့ အမြန်ဆုံးပြသပြီး ကုသမှုခံယူသင့်သလို ကိုယ့်မှာ ကိုယ့်နယ်ပယ်နဲ့ပတ်သက်လို့ သဘောတရားရေးရာတွေ လုံးလုံးလျားလျားကြီး ကင်းမဲ့တာမဟုတ်ဘဲ တောင်တစ်လုံး မြောက်တစ်လုံးလောက်သာ သိသေးတာဆိုရင်လည်း ဒီ့ထက်ဒီ့ထက် ပိုပိုနားလည် တတ်ကျွမ်းလာအောင် ကြိုးစားအားထုတ်သင့်ပါတယ်။ ဒါပေမဲ့ အခြေအနေမှန်ကို သိနိုင်ဖို့ဆိုတာကျတော့လည်း အခက်သား။ တကယ်ကြီး ဆိုးဆိုးရွားရွားဖြစ်နေတာဆိုရင်သာ ကိုယ့်မျက်စိကိုယ် အဝေးမှုန်လား၊ အနီးမှုန်လား၊ ဘာလား၊ ညာလား ခွဲခြားနိုင်တာပါ။ နည်းနည်းလေးလောက် မှုန်နေတာဆိုရင် ကိုယ့်ဘာသာ သိပ်မသိနိုင်ပါဘူး။ မျက်စိအထူးကုနဲ့ ပြကြည့် လိုက်တော့မှသာ ကိုယ့်မျက်လုံးက ဘယ်လောက်မှုန်နေတယ်၊ ပါဝါဘယ် လောက်ပါတဲ့မျက်မှန် တပ်ရမယ်ဆိုတာကို သိနိုင်တာပါ။

ဒီလိုပါပဲ။ ကိုယ့်မှာ သဘောတရားရေးရာတွေ ဘယ်လောက်ပြည့်ဝနေပြီလဲဆိုတာကို ကိုယ်ကိုယ်တိုင် သိရှိနားလည်ဖို့ကျတော့ ခက်ပါတယ်။ ကိုယ့်ဟာကိုယ်တော့ ဟုတ်လှပြီထင်နေတတ်တယ်။ သိသာမြင်သာတဲ့နေရာ ဆိုရင်တော့ နားလည်နိုင်တာပေါ့လေ။ ဥပမာအားဖြင့် ကိုယ်တစ်ခါမှ မသင်ဖူး၊ မလေ့လာဖူးတဲ့ အာကာသယာဉ်တည်ဆောက်ရေးလုပ်ငန်းကို ကိုယ်ကိုယ်တိုင် နကန်းတစ်လုံးမှမသိကြောင်း ကိုယ့်ဘာသာသိနိုင်တာမျိုး၊ ကျောက်မျက်ရတနာနဲ့ အလှမ်းဝေးနေလို့ ဘယ်လိုစိန်တစ်ပွင့်က အရည်အသွေးဘယ်လောက်ကောင်းပြီး တန်ဖိုးဘယ်လောက်လောက် ရှိမယ်ဆိုတာကို မခန့်မှန်းတတ်ကြောင်း ကိုယ့်ဘာသာသိနိုင်တာမျိုး။ ဒါပေမဲ့ တချို့ကိစ္စတွေက ဒီလောက်အထိ မရိုးရှင်းဘူးဖြစ်နေပြန်တယ်။ တချို့ဆိုတာထက် တော်တော်များများကိစ္စတွေကကို သိပ်မရိုးရှင်းဘူး ဖြစ်နေတယ်။ ဒီတော့ သိသလိုလို၊ မသိသလိုလိုနဲ့ ကိုယ့်ဘာသာတောင် နားလည်မှန်း၊ နားမလည်မှန်း မခွဲနိုင်ဘဲ ဇဝေဇဝါ ဖြစ်နေတတ်ပါတယ်။ ဇဝေဇဝါဘဝမှာ ရှေ့တစ်ဆင့်တိုးပြီး နားလည်အောင် ကြိုးစားသင်ယူ ကြည့်မယ်ဆိုရင်တော့ အဆင်ပြေမှာပါ။ 

လူတစ်ယောက် မျက်စိဘယ်လောက်မှုန်နေတယ်၊ ဘယ်လိုမျက်မှန် တပ်လိုက်မှ အဆင်ပြေမယ်ဆိုတာကို လူနာကိုယ်တိုင်ထက် မျက်စိဆရာဝန်ကသာ ပိုသိနိုင်သလို သက်ဆိုင်ရာနယ်ပယ်ထဲက လူတစ်ယောက်ယောက် သူ့နယ်ပယ်မှာ သူဘယ်လောက်ကျွမ်းကျင်နေသလဲ၊ သဘောတရားရေးရာ အယူအဆတွေကို ဘယ်လောက်နိုင်နင်းမှုရှိသလဲဆိုတာကို ကာယကံရှင်ထက် ဘေးကလေ့လာသူပညာရှင်တွေက ပိုပြီး တိတိကျကျသိနိုင်ပါတယ်။

ကိုယ်က သဘောတရားရေးရာတွေ မပြည့်ဝသေးဘူးဆိုတာ သိလာရင်ကို အခြေအနေသိပ်မဆိုးတော့ဘူးလို့ ပြောရမှာပါ။ ကိုယ်က မပြည့်ဝတဲ့အပြင် ကိုယ့်ဘာသာ မပြည့်ဝလို့မပြည့်ဝမှန်းတောင် မသိဘူးဆိုမှသာ အခြေအနေက ပိုဆိုးသွားတတ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် မပြည့်ဝမှန်းသိ တဲ့သူက ဘယ်နေရာကပြန်ဖြည့်ရင် ကောင်းမလဲဆိုတာကို စဉ်းစားနေဦးမှာပါ။ မပြည့်တာကို ပြည့်တယ်ထင်နေမှ အကုန်ဘောင်ဘင်ခတ်ကုန်နိုင်တာပါ။ သဘောတရားက မရှိသေး၊ ဟိုလုပ်ဒီလုပ်၊ ဟိုပြောဒီပြောက များနေချင်သေးတယ်ဆိုရင်တော့ “တဖျင့်တပါး၊ ရယ်ဖွယ်များ”ကုန်မှာပါ။

အထူးသဖြင့် မသိတာလည်းမဟုတ်၊ အမှန်တကယ်သိရှိနားလည် တာလည်းမဟုတ်ဘဲနဲ့ တောင်စပ်စပ်၊ မြောက်စပ်စပ်၊ မသိတသိ အခြေအနေမျိုးဆိုရင် ပိုခက်ပါတယ်။ “အနည်းငယ်သောအသိသည် အန္တရာယ်ကြီး၏”တဲ့။ အမှန်တကယ်မသိဘဲ သိလှပြီ၊ နားလည်လှပြီလို့ ထင်နေလေလေ၊ အခြေအနေတွေက ပိုဆိုးတတ်လေလေပါပဲ။ 

သဘောတရားရေးရာအစွန်းဘက်ကို ရောက်သွားတဲ့သူတွေလည်း ထိုနည်း၎င်းပါပဲ။ သဘောတရားမပါဘဲ လက်တွေ့လုပ်နေရသူတွေကို ကြည့်ပြီး မကြာမကြာ ရယ်မောနေတတ်ပေမယ့် ကိုယ်ကိုယ်တိုင်ကျတော့လည်း သဘောတရားရေးရာတွေမှာသာ ကျွမ်းကျင်နေပေမယ့် လက်တွေ့ဘာမှမလုပ်ဖူး၊ မကိုင်ဖူးတော့ ဘာရလဒ်မှ ထွက်မလာဘူး။ မြုံနေသလိုပဲတဲ့။ မြုံတယ်ဆိုတာကိုတော့ အထူးတလည်ဖွင့်ဆိုဖို့ မလိုနိုင်တော့ပါဘူး။

သဘောတရားရေးရာချည်း ကျွမ်းကျင်တဲ့သူက သဘောတရားရေးရာတွေချည်း ဖိဖိပြောနေတတ်ပါတယ်။ လက်တွေ့နယ်ပယ်ကလူတွေကိုလည်း ဘာမှမသိကြောင်း၊ ဘာမှနားမလည်ကြောင်းတွေ ဝေဖန်နေတတ် ပြန်ပါတယ်။ လက်တွေ့သမားက တစ်ခုခုလုပ်လိုက်ပြန်ပြီဟေ့ဆိုရင် သဘောတရားသမားက ဒီဟာက ဘယ်သီအိုရီနဲ့မကိုက်ဘူး၊ ဒီဟာကတော့ ဘယ်အယူအဆအရ လွဲပြန်ပြီဆိုတာမျိုးနဲ့ ကြက်ခြေခတ်ပေးဖို့သာ စိတ်ကစောနေတတ်ပါတယ်။ အများအားဖြင့် သဘောတရားရေးရာချည်း ကျွမ်းကျင်သူတွေဟာ အပြောသန်တဲ့ဘက်ကို ရောက်သွားတတ်ပါတယ်။ “လူပြောမသန်၊ လူသန်မပြော” ဆိုတာလည်း ရှိသေးတယ် မဟုတ်လား။

သဘောတရားသမားက လက်တွေ့သမားကို အထင်သေးတတ်သလိုပဲ လက်တွေ့သမားကလည်း သဘောတရားသမားကို အထင်မကြီးတတ်ပြန်ဘူး။ “ဒီလူတွေ ပြောသာပြောနေတာပါကွာ၊ တကယ်တမ်းကျတော့ ဘာတစ်ခုမှမလုပ်တတ်ပါဘူး၊ တောင်ပြောမြောက်ပြောသာ လျှောက်ပြောနေကြတာပါ”လို့ ပြောပစ်လိုက်တယ်။ “လက်တွေ့လုပ်ကိုင်နေရတာလောက် ကျွမ်းကျင်စေနိုင်တာ ဘာရှိဦးမှာတုံး”လို့ အောက်မေ့ မိတတ်ကြတယ်။ လက်တွေ့သမားနှင့် သဘောတရားသမား နှစ်ဦးနှစ်ဖက်အပြန်အလှန် အထင်အမြင်တွေသေးနေကြတယ်။

တကယ်တော့ ဒီနှစ်ခုက ဟန်ချက်ညီညီပေါင်းစပ်နိုင်မှသာ အဆင်ပြေမှာပါ။ သဘောတရားကသာကောင်းတယ်၊ လက်တွေ့ကသာကောင်းတယ်ဆိုတာကို အပြန်အလှန်ငြင်းဆိုနေတာမျိုးထက် ကိုယ့်ရဲ့သဘော တရားရေးရာတွေဟာ လက်တွေ့နဲ့ ဘယ်လောက်အလှမ်းကွာနေသလဲ၊ ကိုယ့်ရဲ့ လက်တွေ့ဆောင်ရွက်ချက်တွေဟာ သဘောတရားရေးရာနဲ့ ဘယ်လောက်ဘောင်လွတ်နေသလဲဆိုတာမျိုးတွေကို မကြာမကြာ ဝေဖန်သုံးသပ် ကြည့်သင့်ပါတယ်။

သဘောတရားသမားက လက်တွေ့နယ်ပယ်ကို ထဲထဲဝင်ဝင် လေ့လာ ကြည့်သင့်ပါတယ်။ ကိုယ်သင်ယူလေ့လာ၊ ပြောဆိုဆွေးနွေးနေတာတွေက လက်တွေ့အသုံးချမယ့်သူတွေအတွက် အလုပ်ဖြစ်ရဲ့လား၊ ကိုယ်ကိုယ်တိုင် လက်တွေ့လုပ်ကိုင်ရပြီဆိုတဲ့အခါ အဆင်ပြေနိုင်ပါ့မလားဆိုတာကို ခွဲခြမ်း စိတ်ဖြာကြည့်သင့်ပါတယ်။ ဒီလိုပဲ၊ လက်တွေ့သမားကလည်း ဆင်ကန်းတိုးသလို တိုးနေတာထက် သဘောတရားရေးရာတွေကို မကြာမကြာ ချဉ်းကပ် လေ့လာပြီးတော့မှ ကိုယ့်လုပ်ရပ်တွေကို မူနဲ့ကိုက်အောင် တဖြည်းဖြည်း ညှိယူသွားသင့်ပါတယ်။ အကန်းနှင့်အမြုံ အပြန်အလှန်အထင်သေးနေကြရုံနဲ့တော့ ဘာမှတိုးတက်လာကြမှာမဟုတ်ပါဘူး။ သူ့သုညနဲ့ ငါ့သုညမှာ ငါ့သုညကသာ ပိုဝိုင်းတယ်လို့ ငြင်းခုံနေသလို ဖြစ်နေမှာပါ။

ဒီနှစ်ခု ဟန်ချက်ညီညီ မပေါင်းစပ်နိုင်သရွေ့ သဘောတရားကလည်း လက်တွေ့အသုံးဝင်တဲ့ သဘောတရားဖြစ်မလာသလို လက်တွေ့လုပ်ရပ်တွေကလည်း အကျိုးများတဲ့လက်တွေ့လုပ်ရပ်တွေ ဖြစ်မလာနိုင်ပါဘူး။ ကန်းနေမှန်းသိရင် အမြင်ဖွင့်ပေးသင့်ပါတယ်။ မြုံနေမှန်းသိရင် မမြုံအောင် ဘယ်လိုကုသပေးသင့်တယ်ဆိုတာကိုသာ စဉ်းစားပေးသင့်ပါတယ်။ အပြစ်ပြောရုံနဲ့တော့ အကျိုးမများနိုင်ပါ။

တစ်ခါတစ်ခါမှာ ဘက်ပြောင်းပြီး စဉ်းစားကြည့်သင့်ပါတယ်။ သူ့ နေရာမှာ ကိုယ်သာဖြစ်ရင်ဆိုတဲ့ အတွေးမျိုးနဲ့လည်း ကိုယ်စားဝင်တွေး ကြည့်ပေးသင့်ပါတယ်။ ကိုယ်က သဘောတရားရေးရာ ကျွမ်းကျင်သူဆိုရင် လက်တွေ့သမားတွေအတွက် အယူအဆရေးရာကျွမ်းကျင်လာအောင် ကိုယ်ဘယ်လို အကြံဉာဏ်ပေးနိုင်မလဲ၊ လမ်းကြောင်းလွဲနေရင် ဘယ်လိုတည့်မတ်ပေးနိုင်မလဲဆိုတဲ့ ချဉ်းကပ်ပုံနည်းလမ်းကိုရှာပြီး ကူညီပေးသင့်ပါတယ်။ မှားနေပြီ၊ မှားနေပြီလို့ ပြောတာလောက်ကိုတော့ လူတိုင်းပြောတတ်တာ၊ ပြောနိုင်တာကို နားလည်သင့်ပါတယ်။ သဘောတရားသမားအနေနဲ့ မှားတယ်ပြောတာတောင်မှ မှားတယ်လို့ ဒီအတိုင်းသက်သက် ပြောတာမျိုးထက် ဘာ့ကြောင့်မှားတယ်ဆိုတာကို သေသေချာချာ ထောက်ပြသင့်သလို ဘယ်လိုလုပ်ရင်တော့ မှန်နိုင်တယ်ဆိုတဲ့ အကြံပြုချက်ကိုပါ ဖြည့်စွက်ပေးဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဒီလိုမဟုတ်ဘဲ အပြစ်ဝေဖန်နေရုံ သက်သက်ဆိုရင်တော့ ဘယ်သူ့အတွက်မှ အကျိုးရှိနိုင်မှာမဟုတ်ပါဘူး။

လက်တွေ့သမားအနေနဲ့ဆိုရင်လည်း ကိုယ်က လက်တွေ့နယ်မှာ ကျင်လည်နေသူမို့ ကိုယ်သာလျှင် ဟုတ်တိုင်းမှန်ရာကိုသိနိုင်တယ်ဆိုတဲ့အယူကို ပယ်ဖျောက်ရမှာဖြစ်ပါတယ်။ ကိုယ့်ရဲ့လက်တွေ့လုပ်ငန်းတွေ အောင်မြင်ဖို့အတွက် သဘောတရားရေးရာကျွမ်းကျင်သူတွေရဲ့ အကြံဉာဏ်ကို ဘယ်လိုယူပြီး ဘယ်လိုအားဖြည့်ရမယ်ဆိုတာကို ရှာကြံပြီး ပေါင်းစပ်ပေးလိုက်ရင် ကိုယ့်လက်တွေ့ဟာ ဟိုတုန်းကလက်တွေ့တွေထက် ပိုမိုထိရောက်အောင်မြင်မှုရရှိလာစေနိုင်မှာ ဖြစ်ပါတယ်။ 

နှစ်ဦးနှစ်ဖက် ပူးပေါင်းလိုက်မှ သဘောတရားရေးရာသမားကလည်း “ဪ်၊ ငါ့ရဲ့သဘောတရားတွေ လက်တွေ့အသုံးတည့်နိုင်ဖို့အတွက် ဒီအပိုင်းဒီအပိုင်းတွေကို ပြန်လည်သုံးသပ်ဖို့လိုပါသေးလား” ဆိုတာကို သိပြီး ပိုမိုပြောင်မြောက်တဲ့ သဘောတရားရေးရာသမားဖြစ် လာနိုင်တဲ့အပြင် လက်တွေ့သမားကလည်း “ဪ၊ ငါလုပ်နေတာတွေဟာ ဒီအယူအဆ သဘောတရားနဲ့တော့ နည်းနည်းသွေဖည်နေပါလား” ဆိုတာကိုသိပြီး အမှန်ဘက်ကိုပြန်ရောက်အောင် ကြိုးစားလာနိုင်ပါလိမ့် မယ်။ နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်လိုက်မှသာ လက်တွေ့အသုံးဝင် တဲ့သဘောတရားတွေ ပေါ်လာပြီးတော့ သဘောတရားနဲ့ ညီညွတ်တဲ့ လက်တွေ့ဆောင်ရွက်ချက်တွေ ထွက်ပေါ်လာနိုင်တာဖြစ်ပါတယ်။ 

နှစ်ဖက်ပူးပေါင်းလိုက်မယ်ဆိုရင် အကန်းကလည်း တဖြည်းဖြည်း မြင်လာနိုင်ပါလိမ့်မယ်။ အမြုံကလည်း နောက်တော့ မြုံတော့မှာမဟုတ်ပါဘူး။

သဘောတရားနှင့်လက်တွေ့ ဟန်ချက်ညီညီ ပေါင်းစပ်နိုင်ကြပါစေ။

သိုက်စိုးထွန်း (နတ်ရွာ)