News

POST TYPE

PERSPECTIVE

ပြည်သူချစ်တဲ့ ဦးထွန်းလွင်
08-Nov-2019


မြန်မာတွေက တော်ရုံတန်ရုံနဲ့ မချစ်တတ်ပါဘူး။

၄ - ၁၁ - ၂၀၁၉ နေ့၊ ညနေ ၆ နာရီ ၅၇ မိနစ်မှာ ကွယ်လွန်ရရှာတဲ့ မိုး/ဇလပညာရှင်ဦးထွန်းလွင်ကျတော့ ကွယ်လွန်တာသိသိချင်း လှည်းနေလှေအောင်း မြင်းဇောင်းမကျန် အကုန်ဝမ်းနည်းကြတယ်။ အထပ်အမြင့်တိုက်ကြီးပေါ်နေသူတွေက ငလျင်သတင်းကို ဦးထွန်းလွင် အတည်ပြု ညွှန်ကြားချက်တွေ စောင့်နားထောင်တယ်၊ ကမ်းခြေမှာ အခြေပြုနေထိုင်သူတွေက ဦးထွန်းလွင်ဘာပြောသလဲ နားစွင့်တယ်။ လေယာဉ်၊ သင်္ဘောမောင်းသူတွေက ဦးထွန်းလွင်မုန်တိုင်းသတင်း သတိထားတယ်။

တံငါသယ်တွေက လှိုင်းသတင်းသိချင်တယ်၊ နေ့ပြန်တိုးယူပြီး တစ်နေ့တာရင်းကြတဲ့ ဈေးသည်လေးများက ဦးထွန်းလွင်ပြောတဲ့ အခြေအနေစောင့်ကြည့့်ပြီးမှ ရင်းရဲရှာတယ်။ ဆွမ်းခံကြွတဲ့ သံဃာတော်များက ဦးထွန်းလွင် ထုတ်ပြန်ချက်နဲ့ကြည့်ပြီး ဆွမ်းခံတယ်။ အလှူအကြီးအကျယ်ပေးသူများက ရှင်ဥပဂုတ္တတင်ရုံနဲ့ မပြီးတော့ဘူး။ ဦးထွန်းလွင်ပါ ကိုးကွယ်ကြတယ်။ တောင်သူလယ်သမားများနဲ့ သူတို့ရဲ့ ဇနီး၊ သား၊ သမီးများက ဦးထွန်းလွင်ကို မရွာလည်းတ ရွာလည်းတကြတယ်။ စစ်ချီ၊ စစ်တက် စစ်သည်တော်များကလည်း ဦးထွန်းလွင် ကြေညာချက်အပေါ် အလေးထားစစ်ဆင်ကြတယ်။

ဆိုတော့ မြန်မာနိုင်ငံမှာ အချက်နှစ်ချက်တွေ့လာရတယ်။ တစ်ချက်က မြန်မာပြည်သူတွေစားဝတ်နေရေးက မိုး/ဇလဟာ အရေးအကြီးဆုံးလို့ သိလာတယ်။ နောက်တစ်ချက်က မိုး/ဇလပညာရှင် ဦးထွန်းလွင်ကို ကျေးဇူးရှင်တစ်ယောက်အဖြစ် အသိအမှတ်ပြုလာကြတယ်။

ယနေ့ အွန်လိုင်းပေါ်မှာကြည့်ရင် ဦးထွန်းလွင်ကိုနှမြောတသတဲ့ ပို့စ်တွေချည်းပဲ။ ဟုတ်ပါတယ်။ မိုး/ဇလအခြေအနေမှန်ကိုသိဖို့လည်း အရေးတကြီး လိုအပ်ပါတယ်။ ထူးချွန်တဲ့ မိုး/ဇလပညာရှင်ကြီးကို နှမြောမယ်ဆိုရင်လည်း နှမြောထိုက်ပါတယ်။ မိုး/ဇလပညာရှင် ဦးထွန်းလွင်က ထူးခြားပါတယ်။ ကမ္ဘာအတွက် မထူးခြားချင်နေ မြန်မာအတွက်တော့ ထူးကိုထူးခြားပါတယ်။ ဦးထွန်းလွင်က အညာကျေးလက်မှ ကျေးတောသားတစ်ဦးပါ။

သူက သူယုံကြည်တဲ့ဘာသာဗေဒကို စေ့စေ့စပ်စပ်လေ့လာပါတယ်။ နေ့စဉ်နေ့တိုင်း အိပ်ချိန်နည်းနည်းယူပြီး ကျန်အချိန်မှာ မိုး/ဇလ သုတေသနကို တစိုက်မတ်မတ်ပြုနေသူပါ။ ကြိတ်ကြိတ်ကလေး သုတေသနလုပ်နေပေမယ့် ကြိတ်ကြိတ်ကလေးမနေပါဘူး။ အချိန်နဲ့ တစ်ပြေးညီ ပြည်သူတွေအတွက် အချိန်မီ အမြဲထုတ်ပြန်ပေးနေသူပါ။ ဘယ်လောက်စေတနာထားသလဲဆိုရင် အိပ်တာတောင်မှ ယောင်ရမ်းပြီး မိုးလေဝသသတင်းတွေကို ကြေညာပေးနေတဲ့ ဗီဒီယိုဖိုင်များ တက်လာတာတွေ့ရပါတယ်။

ဦးထွန်းလွင်က မိုး/ဇလပညာကို လူအထင်ကြီးရုံလောက် သဘောမထားပါဘူး။ ကိုယ်ရောစိတ်ပါနှစ်ပြီး အသက်ထက်ဆုံး လုပ်သွားတာပါ။ လောကနီတိကျမ်းနဲ့အညီလည်း လုပ်ကိုင်ဆည်းပူးသွားတာပါ။

ခုဒ္ဒေါတိ နာတိမညေယျ၊

ဝိဇ္ဇာဝါ သိပ္ပမထဝါ။

ဧကမ္ပိ ပရိယောဒါတံ၊

ဇီဝိတ ကပ္ပကာရဏံ။

သူက အတတ်ပညာတစ်ခုကို ပြောင်ပြောင်စင်စင် ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားအောင် လုပ်ဆောင်ခဲ့ပါတယ်။ သူ့ကိုယ်သူလည်း အကျိုးပြုပါတယ်။ ပြည်သူကိုလည်း အကျိုးပြုနိုင်ပါတယ်။

ပြီးတော့ သူဟာ ပညာကိုလေ့လာပြီး တတ်မြောက်ကျွမ်းကျင်အောင် လုပ်ဆောင်တဲ့နေရာမှာ လူငယ်များစံထားရမယ့် ပုဂ္ဂိုလ်ကြီးပါ။ သုတေသနကို တစိုက်မတ်မတ်နဲ့ ပြည်သူကိုအကျိုးပြုနိုင်တဲ့အဆင့်ထိအောင် ပြုသွားသူပါ။ ဦးထွန်းလွင်ဟာ တကယ်ထူးခြားတဲ့ပုဂ္ဂိုလ်ပါ။ မြန်မာ့သမိုင်းကိုလှန်ကြည့်ရင် သူလိုပုဂ္ဂိုလ်မျိုး မပေါ်ခဲ့ဖူးသေးပါ။ မိုး/ဇလသတင်းကြေညာတဲ့အခါ သူ့ရဲ့အသံက တစ်မူထူးခြားပါတယ်၊ အသံဩဇာနဲ့ပြည့်စုံတယ်။ ယုံကြည်မှုအပြည့်အဝရရှိတဲ့ အသံပိုင်ရှင်ဖြစ်တယ်။ ကိုယ့်ပညာကိုယ် ယုံယုံကြည်ကြည် ကျွမ်းကျင်ပိုင်နိုင်မှုရှိတယ်။ ပြည်သူရဲ့နှလုံးသားထဲမှာ စိမ့်ဝင်တယ်။ ဦးနှောက်ထဲမှာ အသိစွဲစေတယ်။

တကယ်လုပ်ထားတဲ့ ပညာရှင်ဆိုတော့ ကမ္ဘာနဲ့ရင်ပေါင်တန်းနိုင်တယ်၊ ပညာရဲရင့်ပွဲလယ်တင့်ဆိုတဲ့စကားအတိုင်းပါပဲ။ ဖော်ချွတ်ရဲရင့် ပွဲလယ်မသင့်ဆိုသူများက ပေါ်ပြူလာခဏဖြစ်တာပါ။ ဆယ်စုနှစ်အတွင်းမှာ ရေပန်းအစားဆုံးပုဂ္ဂိုလ်၊ ပြည်သူကို အကျိုးအပြုဆုံးပုဂ္ဂိုလ်၊ ပြည်သူက အားအကိုးရဆုံးပုဂ္ဂိုလ်၊ ပြည်သူအချစ်ဆုံးပုဂ္ဂိုလ်ကို ပြစမ်းပါဆိုရင် ဦးထွန်းလွင်ကိုသာ လက်ညှိုးထိုးပြရပေလိမ့်မည်။

မြန်မာနိုင်ငံမှာ ဦးထွန်းလွင်ကွယ်လွန်သွားပြီးနောက် ဦးထွန်းလွင် ပြန်ပြီး လူဝင်စားဖြစ်ဖို့လိုပါမယ်။ ဆိုလိုတာက ဦးထွန်းလွင်လို ပုဂ္ဂိုလ်မျိုး ပေါ်ပေါက်ဦးမှဖြစ်မယ်။ မိုး/ဇလမှလူငယ်မောင်မယ်များ ဘဘ ဦးထွန်းလွင်ကို စံထားပြီး ထူးချွန်အကျိုးပြုနိုင်အောင် ကြိုးစားပေးဖို့ မျှော်လင့်တိုက်တွန်းပါရစေ။

ဘုန်းဝင်းခေါင် (မြန်မာမှု)