POST TYPE

PERSPECTIVE

ငြိမ်းချမ်းပါစေ အမိမြေ
07-Nov-2019



အမုန်းတရားကြောင့် တစ်ယောက်က အစပြုပြီး လူသား အချင်းချင်း ရန်ငြိုးတွေဖြစ်ကြရတယ်။ သူ့ အုပ်စု၊ ကိုယ့်အုပ်စုအဖြစ် အဖွဲ့တွေကွဲကြရတယ်။ မပြေငြိမ်းနိုင်တဲ့ ရန်ငြိုးတွေနဲ့ စစ်ပွဲတွေဖြစ်ကြရတယ်။ လူသားတွေရဲ့ အချစ်မေတ္တာက လူသားအချင်းချင်းကို ငြိမ်းငြိမ်းချမ်းချမ်း ဆက်သွယ်ပေးပေမယ့် အမုန်းတရား ရန်ငြိုးကတော့ ပြဿနာတွေကိုပဲဆင့်ကဲ ပေါက်ကွဲစေခဲ့ရတယ်။ သူတစ်ဖက်သားမကြိုက်တာလုပ်ရင်၊ မကြိုက်တဲ့စကားပြောရင် အမုန်းဆိုတဲ့ မီးကိုလောင်ကျွမ်းဖြစ်ပေါ်စေတာ သဘာဝပါ။

အမုန်းစကား ဆိုတဲ့စကားကို ဒီရက်ပိုင်းခွဲခြမ်းကြည့်မိတယ်။ အလွယ်တကူဆိုရင်တော့ ချစ်စကားမဟုတ်တာက အမုန်းစကားပေါ့။ လူအချင်းချင်း မေတ္တာမထားနိုင်တာ အမုန်းကြောင့်ပေါ့။ ဒါပေမဲ့ အဲဒီလို ချစ်ခြင်းနဲ့မုန်းတီးခြင်း နှစ်ခုကြားက ကျယ်ပြန့်နက်နဲတဲ့ အဓိပ္ပာယ်အများကြီးကို မြင်တွေ့နိုင်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းကျွတ်အခါသမယမှာ ပြည်နယ်တစ်ခုနဲ့တစ်ခု ဆက်သွယ်ပေးထားတဲ့ရထားလမ်း၊ ကားလမ်းတွေမှာ ခရီးသွားပြည်သူတွေ ပြည့်ကျပ်နေတာကြောင့် ရထားလက်မှတ်၊ ကားလက်မှတ်တွေ အတော်လေး ခက်ခဲသွားခဲ့ရပါတယ်။ ဒါကတော့ နှစ်စဉ်မပျက်မြန်မာတို့ရဲ့ ပွဲတော်ရက်တွေရောက်တိုင်း အမြဲကြုံတွေ့နေရတဲ့ ဖြစ်ရိုးဖြစ်စဉ် အကြောင်းအရာလေးတစ်ခုပါ။ မြန်မာနိုင်ငံရဲ့ မြို့တော်ရန်ကုန်အပါအဝင် အလုပ်အကိုင်အခွင့်အလမ်းပေါများရာ နေပြည်တော်၊ မန္တလေး၊ ပြင်ဦးလွင် အစရှိတဲ့ မြို့နယ်တွေမှာ အနယ်နယ်၊ အရပ်ရပ်ကလူတွေ ဘဝတိုးတက် ရေးအတွက်၊ မိသားစုစားဝတ်နေရေးအတွက်၊ ကိုယ့်ဘဝကိုယ်ရှင်သန်နေထိုင်ရေးအတွက်ဆိုတဲ့ အကြောင်းအရာအစုံနဲ့ အလုပ်အကိုင်မျိုးစုံမှာ အသီးသီးဝင်ရောက် လုပ်ကိုင်ကြပါတယ်။ ဒီလိုတစ်နယ်တစ်ကျေးမှာ မိသားစု တွေနဲ့ဝေးကွာပြီးအလုပ်တွေလုပ်ကိုင်ကြပေမယ့် သူတို့တွေအတွက် အိမ်ပြန်ချိန်ဆိုတာ တစ်နှစ်တစ်ကြိမ် (သို့) နှစ်ကြိမ်လောက်တော့ ရှိကြပါတယ်။ အဲဒါကတော့မြန်မာတို့ရဲ့နေ့ထူးနေ့မြတ်ရက်တွေမှာပဲ ဖြစ်ပါတယ်။ ဒီရက်တွေဟာ ကုမ္ပဏီဝန်ထမ်းက အစပြုလို့ ကိုယ်ပိုင်လုပ်ငန်းအထိ လုပ်ကိုင်နေသူအားလုံးရဲ့ ရုံးပိတ်ရက်၊ အလုပ်ပိတ်ရက်တွေလည်း ဖြစ်ပါတယ်။ ဒီတော့ တစ်နယ်တစ်ကျေးနယ်ဝေးမှာ အလုပ်လုပ်နေသူတွေဖြစ်တဲ့ အိမ်ဝေးသူတွေရဲ့အိမ်ပြန်ချိန်လေး ဖြစ်နေပါတယ်။ တချို့ကတော့ ခင်မင်ရာမိတ်ဆွေသူငယ်ချင်းများထံ အလည်အပတ်လိုက်လည်တတ်ကြပြန်ပါတယ်။

ဒီလို နယ်ကလူတွေရဲ့ အိမ်ပြန်ချိန်မှာတော့ မြို့တော်ရန်ကုန်အပါအဝင် မြို့ကြီးများမှာလူတွေရှင်းနေတတ်ပါတယ်။ ကားတွေရှင်း၊ လူတွေရှင်းနေတာကို အကြောင်းပြုပြီး ဇာတိချက်မြုပ်မြို့ ကြီးသားတွေက သူတို့ပိုင်ဆိုင်ရာ လူမှုကွန်ရက်တစ်ခုဖြစ်တဲ့ ဖေ့ဘွတ်ခ်စာမျက်နှာမှာ တောသားကင်းစင် ပြုံးပျော်ရွှင်တို့၊ တောသားတွေပြန်သွားတဲ့ ရန်ကုန်တို့ ဆိုတဲ့စကားလုံးတွေကို အပြောင်အပြက်သဘောနဲ့ ပို့စ်တင်လာပါတယ်။ ပျော်စေပြက်စေအနေနဲ့ဖြစ်ဖြစ်၊ ဟာသအနေနဲ့ဖြစ်ဖြစ်တင်တာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီအသုံးအနူန်းတွေကို နယ်ကနေ အလုပ်တက်လုပ်တဲ့ နယ်သူနယ်သားတွေ တွေ့ရင်စိတ်ကောင်းနိုင်ပါဦးမလား။

လူတွေရဲ့စိတ်ခံစားချက်ဆိုတာ အခြေအနေ၊ အချိန်အခါပေါ်လိုက်ပြီး ပြောင်းလဲတတ်ပါတယ်။ စိတ်ကြည်သာရွှင်ပျနေချိန်မှာ ဒီစကားလုံးတွေဟာ ဘာမှမဖြစ်ပေမယ့် စိတ်လက်မချမ်းမသာဖြစ်နေချိန်ဆို ပြောတဲ့သူကို ရန်စကားနဲ့ တုံ့ပြန်မိမှာသေချာနေပါတယ်။

ရှိတ်စပီးယားက လူဆိုသည်မှာ ရှေ့နောက်တိုင်းထွာတတ်သော သတ္တဝါ (A Being “Looking Before and After”) ဖြစ်တယ်လို့ အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပါတယ်။ ကျွန်မတို့ ရှေးမြန်မာလူကြီးသူမတွေရဲ့ ဆုံးမစကားနဲ့လည်း လာတူနေပါတယ်။ “လူဆိုတာ တစ်ခုခုလုပ်တော့မယ် ဆိုရင် ရှေ့နောက်တိုင်းထွာပြီးမှလုပ်၊ စဉ်းစားပြီးလုပ်သင့်မှလုပ်၊ ထိန်းထိန်းသိမ်းသိမ်းလုပ်” “သတိတမံ ဉာဏ်မြေကတုတ်”လို့လည်း ဆုံးမတတ်ကြပါတယ်။ တစ်ခုခု လုပ်တော့မယ်၊ ပြောတော့မယ်ဆိုရင် သတိတရား လက်ကိုင်ထားပြီး ဆင်ဆင်ခြင်ခြင်လုပ်ကိုင်ဖို့၊ ပြောဆိုတတ်ဖို့ သတိပေးထားပါတယ်။ ကိုယ်လုပ်မယ့်အလုပ်၊ ကိုယ်ပြောမယ့်စကားကို သတိတရား လက်ကိုင်ထားပြီး မပြောဘဲ လက်လွတ်စပယ် ပြောလိုက်မိရင် အပြောခံရသူဘက်က တမြေ့မြေ့နဲ့ ခံစားသွားရနိုင် ပါတယ်။ ဒီလိုမခံစားရလည်း မခံချင်စိတ်နဲ့ ပြန်လှန်ပြောဆိုတတ်ပါတယ်။ လူလူချင်းခွဲခြား ဆက်ဆံရင် အဆုံး တစ်ဦးနဲ့တစ်ဦး ရန်မီးကိုသာပွားစေမှာ ဖြစ်ပါတယ်။တကယ်တော့ လူသားတွေအားလုံးဟာ သူ့နေရာနဲ့သူ လိုအပ်ချက်အတိုင်း တည်ရှိ၊ ဖြစ်တည်နေကြတဲ့သူချည်းဖြစ်ပါတယ်။

တစ်ရက်က အမေ့ရဲ့ကျန်းမာရေးအခြေအနေအရ နာမည်ကြီး ပုဂ္ဂလိကဆေးရုံတစ်ခုကိုရောက်သွားပါတယ်။ ဒီဆေးရုံကြီးမှာက နိုင်ငံခြားပြန် ပါရဂူဆရာဝန်ကြီးတွေ စုဝေးရာနေရာဖြစ်သလို တခြားသော ဝန်ထမ်းအများအပြားလည်း များစွာရှိနေတဲ့နေရာပါ။ ဧည့်ကြို၊ ကားပါကင်၊ သန့်ရှင်းရေး၊ ဆေးကောင်တာ၊ သူနာပြု၊ ဆရာဝန်အစပြုပြီး ပါရဂူကြီးတွေအဆုံး အားလုံးသောဝန်ထမ်းတွေဟာ မြို့ပေါ်မှာနေသူတွေပါသလို တခြားသောအနယ်နယ်အရပ်ရပ်ကလူတွေပါ စုပေါင်းအလုပ်လုပ်တဲ့ နေရာဌာနကြီးတစ်ခု ဖြစ်ပါတယ်။ အလုပ်နေရာကွာခြားမှုအရ အဆင့်အနေအထား မတူနိုင်ပေမယ့် အားလုံးသောသူတွေဟာ ဒီဆေးရုံကြီးအတွက် သူ့နေရာနဲ့သူ လိုအပ်နေသူချည်းဆိုတာ အသေအချာ တွေ့မြင်ခံစားခဲ့ရပါတယ်။

နိုဘယ်လ်ဆုရ ဘယ်လ်ဂျီယံစာရေးဆရာကြီးမောရစ်မေတားလင့်ခ်ရဲ့ နာမည်ကျော် The Blue Bird ပြဇာတ်ထဲက ဇာတ်ဝင်ခန်းလေး တစ်ခန်းရဲ့အကြောင်းကို ဆရာဖေမြင့်ရေးထားတဲ့ စာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးပါတယ်။ လူ့ပြည်မှာ လူသားအဖြစ် မွေးဖွားလာမယ့် သူငယ်ကလေးများဟာ ကမ္ဘာမြေကိုသွားမယ့်အချိန်ကာလ သင်္ဘောကြီးပေါ်ကိုတက်ဖို့ တန်းစီပြီး စောင့်နေကြပါတယ်။ သူတို့လေးတွေရဲ့သေးကွေးတဲ့လက်ထဲမှာ လူ့ပြည်ရောက်ရင် သူတို့ထမ်းဆောင်ရမယ့်အလုပ်ဝတ္တရားတွေကို ဖော်ပြထားတဲ့ ခန့်အပ်လွှာတစ်စောင်စီပါလာခဲ့ကြတယ်။ ဆရာဝန်၊ အင်ဂျင်နီယာ၊ သင်္ဘောသား၊ ပန်းချီဆရာ၊ ကဗျာဂီတ၊ အလုပ်ကြမ်းသမား အစရှိတဲ့ အကြီးကျယ်ဆုံးကနေ အသေးငယ်ဆုံးထိပါတယ်။ ဒါလေးကတော့ စာရေးဆရာမေတားလင့်ခ်က လူ့ပြည်၊ လူ့ရွာကို လူတွေရောက်ရှိခြင်းနဲ့ ပတ်သက်ပြီး သူ့အမြင်ကို တင်စားရေးသားထားခြင်းပါ။ လူတိုင်းဟာ လောကကြီးထဲကို အဓိပ္ပာယ်မဲ့ ရောက်လာကြခြင်းမဟုတ်ပါဘူး။ တစ်စုံတစ်ခုကို ပီပီပြင်ပြင်လုပ်ဆောင်နိုင်ရန်အတွက် လာခဲ့ခြင်းဆိုတာကို သူက ဆိုလိုထားတာပါ။

တကယ်လည်း မှန်ပါတယ်။ လူတိုင်းလူတိုင်းက လောကထဲ ရောက်လာကတည်းက တာဝန်၊ ကိုယ်စွဲလမ်းနှစ်သက်ရာတစ်ခုခုကို ပြုလုပ်ရမယ့်အရာက ပါလာခဲ့ပြီးဖြစ်ပါတယ်။ လူပေါင်းစုံ စိတ်ဓာတ်ပေါင်းစုံရှိကြတဲ့ လောကကြီးထဲ ကျရာတာဝန်ကို သူကတစ်မျိုးကိုယ်က တစ်ဖုံ ကျေပွန်နေမယ်၊ ဘယ်သူ့ဘယ်သူမှကြီးနိုင်ငယ်ညှဉ်း မလုပ်ဘဲ စုပေါင်းအားတွေယူကြရင် လောကကြီးဟာ ပြည့်စုံနေမှာ အမှန်ပါ။

ကျွန်မတို့နိုင်ငံဟာ သေချာလေ့လာဆန်းစစ်ကြည့်ရင် ကမ္ဘာမှာ ပြည်တွင်းစစ်သက်တမ်းကြာနေတယ်လို့ ပြောလို့ရပါတယ်။ တစ်ဦးဦးရဲ့ မကျေနပ်ချက်ကြောင့် ရန်မီးခဏခဏပွားနေတတ်တာတွေဟာ ရပ်ဆိုင်းသင့်နေပါပြီ။ တကယ်တော့ လူ့ဘဝဆိုတာ လူသားအချင်းချင်းတွန်းထိုး တိုက်ခိုက်ရင်း ယှဉ်ပြိုင်မှုမှာ အောင်မြင်တာထက် ချစ်ခြင်းတရားမှာ အောင်မြင်တာက ပိုပြီးတန်ဖိုးရှိပါတယ်။ ချစ်ခြင်းမေတ္တာကြောင့်ပြုံးတဲ့ အပြုံးဟာ ယှဉ်ပြိုင်မှုမှာအောင်မြင်လို့ ပြုံးတဲ့အပြုံးထက် ပိုပြီးလှပပါတယ်။

ဘဝရဲ့ တန်ဖိုးဆိုတာ အနိုင်ရခြင်းအပေါ်မှာ ရှိတာမဟုတ်တဲ့အတွက် တချို့အရာတွေမှာအချင်းချင်း အနိုင်လိုခြင်းတွေ ကင်းရှင်းသင့်နေပါပြီ။ လူတစ်ဖက်သားကို ထိုးနှက်ပြီးမှ ရရှိလာတဲ့ လက်ခုပ်သံထက် ချစ်ခြင်းမေတ္တာကြောင့်ရတဲ့ လက်ခုပ်သံကအေးချမ်းပါတယ်။

ဘဝတစ်ခုကို အောင်မြင်ဖို့ ကြိုးစားနေသူတွေ၊ ဘဝရပ်တည်မှုတစ်ခုအတွက် မွေးရပ်မြေကို စွန့်ပြီးရေကြည်ရာ၊ မြက်နုရာဒေသတွေမှာ အဆင်ပြေအောင် ကြိုးစားနေသူတွေရော၊ ကိုယ့်မွေးဖွားရာ ကိုယ့်ဒေသမှာပဲ ဘဝရပ်တည်နေသူအားလုံးဟာလူ့လောကကြီးထဲကို အဓိပ္ပာယ်မဲ့ ရောက်လာသူတွေ မဟုတ်ပါဘူး။ ဒါကြောင့် လူသားတွေ အားလုံးဟာကျရာတာဝန်ထမ်းဆောင်ရင်း၊ ကိုယ့်နေရာနဲ့ကိုယ်ရှာဖွေနေထိုင်နိုင်ကြရင်း ချစ်ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ လက်ခုပ်သံတွေကိုသာမြတ်နိုးနိုင်ကြပါစေ။ အမိမြေကြီး ငြိမ်းချမ်းစေဖို့အမုန်းတရားတွေ ကင်းရှင်းနိုင်ကြပါစေ။ ။

ခိုင်ခိုင်