News

POST TYPE

PERSPECTIVE

စနစ်တကျ ပျိုးထောင်ကြရဲ့လား
09-Oct-2019


မိဘတွေကိုပြစ်မှားတာတော့ မကောင်းပါဘူး။ မိဘတွေကို ပြစ်မှားတာ ဘုရားဟောတရားနဲ့လည်း မညီပါဘူး။ မိဘတွေဆိုတာ အနန္တောအနန္တဂိုဏ်းဝင်ဆိုတော့ မြန်မာနိုင်ငံမှာ မတို့ရဲ မထိရဲကြတာက အစဉ်အလာ ဓလေ့ထုံးစံတစ်ခုလို ဖြစ်နေတာကြာပါပြီ။ ဒါပေမဲ့ မပြောမပြီး မတီးမမြည်ဆိုတဲ့အတိုင်း ပြောမှသိမယ့်အကြောင်း ဖန်လာပါတယ်။

အကြောင်းဖန်လာပုံက ဒီလိုပါ။ တစ်နေ့က စာရေးသူရဲ့ အစ်ကိုအိမ်ကို အလည်သွားဖြစ်တယ်။ အိမ်ရောက်တော့ သူတို့ရဲ့ တစ်ဦးတည်းသော သားလေးကို ဟိုမလုပ်ရ၊ ဒီမလုပ်ရနဲ့ အရမ်းချုပ်ချယ်ထားတာ တွေ့ရတယ်။ စိတ်မကောင်းလည်း ဖြစ်မိတယ်။ ကလေးက လူစိမ်းမြင်ရင် ကြောက်တတ်တဲ့ လက္ခဏာ သူ့မျက်နှာမှာ အထင်းသား မြင်နေရတယ်။ လန်းလန်းဆန်းဆန်း မတွေ့ရဘူး။ ကလေးတစ်ယောက်ရဲ့ အပြုအမူထက် အကျဉ်းကျနေတဲ့ အကျဉ်းသားတစ်ဦးလို မျက်စိထဲ မြင်မိတယ်။ အဲဒီတော့ သူ့ကိုသနားပြီး မိဘဖြစ်သူ အစ်ကိုကို ကလေးပြုစုပျိုးထောင်နည်း လွဲမှားနေတယ်၊ ကလေးကို အရမ်းကြီး မချုပ်ချယ်ပါနဲ့ စသည်ဖြင့် မိမိသိသမျှ ပြောဖြစ်ဆိုဖြစ် အကြံပေးဖြစ်ပါတယ်။

ဒါပေမဲ့ အစ်ကိုပြောတဲ့ အကြောင်းပြချက်က သူတို့မှာ ကလေးထိန်းပေးမယ့်သူမရှိဘူး။ သူရော သူ့မိန်းမရော နှစ်ယောက်စလုံးက ဝန်ထမ်းတွေဆိုတော့ ကလေးတစ်ခုခုဖြစ်ရင် အလုပ်ပျက်အကိုင်ပျက်ဖြစ်တာမို့ တချို့ဟာလေးတွေ ကန့်သတ်ထားရတယ်လို့ ဆိုပါတယ်။

လူတိုင်းလူတိုင်းမှာ အခက်အခဲတွေ၊ အကျပ်အတည်းတွေ ရှိတတ်ကြပါတယ်။ မိမိတို့ရဲ့ အခက်အခဲပြဿနာတွေကြောင့် ကလေးတွေကို ကန့်သတ်ချုပ်ချယ်ထားတာတော့ ဘယ်လိုနည်းနဲ့မှ မလုပ်ကောင်းပါဘူး။ ဒါက ဥပမာလေးတစ်ခု ပေးတာပါ။ ဒီဟာကနေ စာရေးသူရဲ့ အတွေးနယ်ချဲ့ မိပါတယ်။ ကလေးတွေရဲ့ စိတ်ထဲဝင်ခံစားမိပါတယ်။ မြန်မာမိဘတွေ အကြောင်းလည်း ဆက်စပ်မိသမျှ လေ့လာမိပါတယ်။

စိတ်မရှည်တဲ့ မြန်မာမိဘ

ပတ်ဝန်းကျင်က မိဘတွေကို လေ့လာကြည့်တဲ့အခါ ဆင်းရဲချမ်းသာ၊ ပညာတတ်ခြင်း၊ မတတ်ခြင်း ကွာချင်ကွာမယ်။ တူညီသောအချက်တစ်ခု က သားသမီးများအပေါ် အထူးသဖြင့် ကလေးတွေအပေါ် စိတ်မရှည်ကြတာကို ထူးထူးခြားခြား တွေ့ရပါတယ်။ ဘယ်နေရာတွေမှာ စိတ်မရှည်ကြသလဲဆိုရင် ကလေးကိုယ်တိုင် လုပ်ကိုင်ဆောင်ရွက်တာကို စိတ်မရှည်ကြဘူး။ စိတ်မရှည်တော့ အရာအားလုံး သူတို့စီမံပေးကြတယ်။ လုပ်ပေးကိုင်ပေးကြတယ်။ ကလေးလုပ်ဆောင်နေတာကို စိတ်ရှည်ရှည်နဲ့ မစောင့်နိုင်ကြတာ တွေ့ရတယ်။ ဒါကိုပဲ သားသမီးကိုချစ်လို့ လုပ်ပေးတာဆိုပြီးတော့ အမည်တစ်မျိုးပြောင်းပြီး ခေါင်းစဉ်တပ်လိုက်ကြပါသေးတယ်။ အမှန်တကယ်အားဖြင့် ခြုံသုံးသပ်လိုက်ရင် စိတ်မရှည်မှုလို့ ဆိုရမှာပါ။

ဥပမာတင်စားပြီး ပြောရရင် ကလေးတစ်ယောက် သူ့အင်္ကျီ သူဝတ်တတ်အောင် ကြိုးစားလုပ်နေတယ်ဆိုပါတော့။ ဒါကို အမေဖြစ်သူက စိတ်မရှည်နိုင်ဘဲ သား အမေဝတ်ပေးမယ်ဆိုပြီး ဝတ်ပေးလိုက်ကြတယ်။ ကလေးက သူ့လက်နဲ့သူ ထမင်းစားတတ်အောင် ကြိုးစားနေတယ်ဆိုပါတော့။ မိဘဖြစ်သူတွေက စိတ်မရှည်ကြဘူး။ ဒီတော့ ကလေးက ကြာလာရင် သူ့ကိုယ်သူ လုပ်တတ်အောင် မကြိုးစားတော့ဘဲ မိဘတွေ လုပ်ပေးတာပဲဆိုပြီး ဘာမှ အားမထုတ်တော့ဘဲ မိဘတွေကိုပဲ အစခပ်သိမ်း အားကိုးသွားတာ တွေ့ရပါတယ်။

ဒီလို မိဘက လုပ်ပေးလိမ့်မယ်ဆိုတဲ့ စိတ်အစွဲက ငယ်ရွယ်စဉ်မှာ သိပ်မသိသာပေမယ့် ကြီးတဲ့အထိ အကျင့်ပါသွားရင် အဲဒီကလေးဟာ မိဘမပါရင် မသွားရဲ မလာရဲ မလုပ်ရဲ မကိုင်ရဲနဲ့ တော်တော်ခွတိခွကျ ဖြစ်ပါတယ်။ ဘွဲ့ရတဲ့အထိ သားသမီးနောက် တကောက်ကောက်လိုက်ပြီး လုပ်ပေးတတ်တဲ့ မိဘတွေနဲ့ ဆုံဖူးပါတယ်။ သူတို့ကတော့ သားသမီးကို ချစ်လို့ဆိုပြီး သားသမီးတာဝန်တွေကိုပါ ကူလုပ်ပေးကြတယ်။ သားသမီး ဘာမှလုပ် စရာမလိုအောင် မိဘတွေက ရှေ့တော်ပြေးဖြစ်နေကြတယ်။ ဒီနေရာမှာ တွေးမိတာက တစ်ကိုယ်ရေတာဝန်တွေကိုတောင် မယူဖူးတဲ့ အဲဒီကလေးတွေ အလုပ်ခွင်ထဲရောက်လို့ အလုပ်လုပ်တဲ့အခါ ဘယ်လိုလုပ် တာဝန်ကျေနိုင် ပါ့မလဲလို့ စိတ်မောမောနဲ့ တွေးဖြစ်ပါတယ်။

တကယ်တော့ ကလေးပြုစုပျိုးထောင်ခြင်းဟာ နိုင်ငံရဲ့ အနာဂတ်ကို တည်ဆောက်နေတာလို့ သဘာဝကျကျ ပြောလို့ရပါတယ်။ ယနေ့ ကလေးဆိုပေမယ့် နောင်တစ်ချိန် လူကြီးဖြစ်လာတဲ့အခါ နိုင်ငံ့တာဝန်ကို တစ်ထောင့် တစ်နေရာက ထမ်းဆောင်ကြရမှာပဲ ဖြစ်ပါတယ်။ နိုင်ငံ့ဝန်ထမ်းလုပ်ကိုင် ဆောင်ရွက်မှ မဟုတ်ဘဲ နိုင်ငံရဲ့ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ စတဲ့ နိုင်တဲ့နေရာမှာ တစ်ထောင့်တစ်နေရာကနေ ဆောင်ရွက်တာဟာလည်း နိုင်ငံရဲ့ပုံရိပ်ကို ခြယ်သတာပဲ ဖြစ်ပါတယ်။ နိုင်ငံ့အနာဂတ်လှစေချင်ရင် ဂါထာ မန္တန်တွေနဲ့ မန်းမှုတ်ပြီးတော့ ဆောင်ရွက်လို့ရတာ မဟုတ်ပါဘူး။ နိုင်ငံရဲ့ အနာဂတ်ကလေးတွေကို ဘယ်လိုပျိုးထောင်ကြမလဲဆိုတဲ့အပိုင်းက သေရေးရှင်ရေးတမျှ အရေးကြီးတယ်လို့ မြင်ပါတယ်။

မြန်မာကဗျာလေးတစ်ပုဒ် သဘောကျမိတယ်။ လက်ဦးဆရာ မည်ထိုက်စွာ၊ ပုဗ္ဗစရိယ၊ မိနှင့်ဖတဲ့။ ဆိုလိုတာကတော့ လူ့လောကကြီးကို ဘုမသိ ဘမသိဝင်လာတဲ့ ကလေးငယ်အတွက် အမိနဲ့ အဖဟာ ပထမဆုံး သွန်သင်ဆုံးမတဲ့ လက်ဦးဆရာတွေ ဖြစ်ကြပါတယ်။ ကလေးတွေဟာ မိဘတွေပုံသွင်းသလို ဖြစ်လာကြတာပါ။ လိမ္မာရေးခြားရှိအောင် ပုံသွင်းမလား၊ ဆိုးသွမ်းယုတ်မာအောင် ပုံသွင်းမလား။ အဖြူထည်ဖြစ်တဲ့ ကလေးတွေကို ပုံသွင်းသလို ပုံသွင်းတဲ့အတိုင်း ဖြစ်လာကြတာပါ။ ဒေါသကြီးအောင် ပုံသွင်းမလား၊ စိတ်ရှည်သည်းခံတတ်တဲ့ ကလေးဖြစ်အောင် ထုဆစ်မလားဆိုတာ မိဘတွေရဲ့ ရွေးချယ်မှုအပေါ်မှာ ရာနှုန်းပြည့် မူတည်ပါတယ်။ ကောင်းတဲ့ ရလဒ်ကို ရချင်ရင်တော့ စိတ်ရှည်မှုနဲ့ ပျိုးထောင်ဖို့တော့ လိုပါတယ်။

အပြစ်တင်တတ်တဲ့ မြန်မာမိဘ

စာရေးသူ မှတ်မိစအရွယ်တုန်းကနေ စာရေးသူဟာ အပြစ်တင်ခံရတယ်။ ဘာလို့ အပြစ်တင်ခံရလဲဆိုရင် လူကြီးမကြိုက်တဲ့ဟာတွေ လုပ်လို့ ဖြစ်ပါတယ်။ အမေက ဒါမကိုင်နဲ့ဆို ကိုင်ကြည့်ချင်တယ်။ ဒါမလုပ်နဲ့ဆို လုပ်ကြည့်ချင်တယ်။ အဲဒီတုန်းက မိဘပြောစကား နားမထောင်တာလည်း မဟုတ်ပါဘူး။ အရွဲ့တိုက်တယ်လို့လည်း မထင်ခဲ့ဘူး။ အဓိက သိချင်စိတ်ပါ။ မကိုင်နဲ့ဆိုတဲ့အရာ ကိုင်ကြည့်လိုက်ရင် ဘာဖြစ်မလဲ သိချင်ရုံသက်သက်ပါ။ ဒါက ကလေးတွေကို အပြစ်တင်စရာ မဟုတ်ပါဘူး။ မြင်မြင်သမျှဟာ သူတို့အတွက် လက်တည့်စမ်းချင်စရာ၊ လေ့လာချင်စရာ၊ စူးစမ်းချင်စရာဆိုတော့ ကလေးသဘာဝ စမ်းကြည့်၊ လုပ်ကြည့်ချင်ကြတာ ဖြစ်ပါတယ်။

ခက်တာက မိဘတွေထဲမှာ ကလေးသဘာဝကို နားလည်တဲ့ မိဘရှိသလို နားမလည်တဲ့ မိဘတွေလည်း တပုံကြီးပါပဲ။ ပြောစကားနားမထောင်ရကောင်းလားဆိုပြီး အပြစ်တင်ကြတာက အများစုဖြစ်မယ် ထင်ပါတယ်။ တကယ်တော့လည်း ကိုယ့်စိတ်တောင် ကိုယ်ဖြစ်ချင်တဲ့အတိုင်း ဖြစ်လာတာမဟုတ်ပါဘူး။ ငါမွေးလိုက်တဲ့သားသမီး ငါနေစေချင်သလို နေရမယ်ဆိုတာ အရမ်းအတ္တကြီးရာရောက်ပါတယ်။ အမိတစ်ဝမ်းတည်းက စက္ကန့်၊ မိနစ်လောက်ပဲခြားပြီး မွေးလာတဲ့ အမြွှာညီအစ်ကိုတွေတောင် စိတ်ဓာတ်၊ ခံယူချက်တွေ မတူကြတာ အားလုံးအသိပါ။ 

ဒီတော့ ကလေးတွေကို ကိုယ်ဖြစ်စေချင်တာထက် သူတို့ဖြစ်ချင်တာကို အဆိုး၊ အကောင်း နားဝင်အောင် တည့်မတ် လမ်းပြပေးဖို့က မိဘတွေရဲ့ အဓိကတာဝန်လို့ မြင်ပါတယ်။ သူအားသန်ရာ ဝါသနာပါရာကို လမ်းညွှန်ပြသပေးဖို့ အဓိကကျပါတယ်။ ကိုယ်ဖြစ်စေချင်တဲ့အတိုင်း ဖြစ်မလာလို့ အပြစ်တင်တဲ့အလေ့အထက ကလေးကို ချစ်ရာလည်းမရောက်ပါဘူး။ မိမိကိုယ်ကို ချစ်ရာပဲရောက်ပါတယ်။ မိမိရဲ့ စိတ်ချမ်းသာမှုကို ကလေးတွေက ဖြည့်ဆည်းပေးရမယ်ဆိုတဲ့ သတိမထားမိတဲ့ အယူအဆကလည်း လွဲမှားနေပါတယ်။ ကလေးကို တကယ်ချစ်တယ်ဆိုရင် ကလေးစိတ်ချမ်းသာမယ့် ကိစ္စ၊ ကလေးပျော်မယ့်ကိစ္စကို နောက်ကနေ ထောက်ပံ့ပေးဖို့ပဲ လိုပါတယ်။

ကလေးတွေကို အပြစ်တင်တာထက် သူတို့ရဲ့ ကောင်းတဲ့စရိုက်သဘာဝကို နားလည် လက်ခံပြီးတော့ တည့်မတ်ပေးဖို့ပဲ အရေးကြီးပါတယ်။ မကောင်း တဲ့စရိုက်လက္ခဏာ ဆိုရင်လည်း ကလေးရဲ့အသိစိတ်ထဲမှာ မကောင်းမှန်းလက်ခံသွားအောင်၊ နားဝင်လာအောင် စိတ်ရှည်ရှည်နဲ့ ကျိုးကြောင်းဆီလျော်စွာ ရှင်းပြပေးရပါမယ်။ ဒါမှလည်း မိဘပီသရာကျမယ်လို့ ယူဆပါတယ်။

ချီးကျူးဖို့မေ့နေတဲ့ မြန်မာမိဘ

ကလေးတွေကို ချီးကျူးတဲ့ကိစ္စတွေကတော့ မိဘအများစု မလုပ်ဖြစ်တဲ့၊ လုပ်လေ့ လုပ်ထမရှိတဲ့ အလေ့အထလို့ ဆိုရမယ်ထင်ပါတယ်။ ကလေးက သူ့ကိုယ်သူ လုပ်တတ်အောင် ကြိုးစားဆောင်ရွက်တာကို အသိအမှတ်ပြု ချီးကျူးဖို့လိုပါတယ်။ သူတို့လုပ်လိုက်တာ၊ ကြိုးစားလိုက်တာက လူကြီးအတွက် ဘာမှမဟုတ်ပေမယ့် သူတို့အတွက် ဧရာမအောင်မြင်မှုလို့ ခံယူချင်လည်း ခံယူနေပါလိမ့်မယ်။ ဒါကို အနီးကပ်ဆုံးဖြစ်တဲ့ မိဘတွေက မချီးကျူးရင် ဘယ်သူချီးကျူးမှာလဲ။ ကလေးသဘာဝကလည်း သူတို့ကြိုးစားမှုကို မိဘတွေက အသိအမှတ်ပြု ချီးကျူးရင် အတိုင်းမသိ ပျော်ရွှင်ကြတာ တွေ့ရပါတယ်။ ချီးကျူးခံချင်တာထက် သူတို့ကြိုးစားမှုကို မိဘတွေက အသိအမှတ်ပြုတယ်ဆိုရင်ပဲ သူတို့ခမျာ အပျော်လုံးကြီး ဆို့လို့။

တကယ်တော့ ချီးကျူးတာက ဘာမှခက်ခဲတာတော့ မဟုတ်ပါဘူး။ သတိမထားမိသူ၊ ချီးကျူးခြင်းကနေ ကောင်းတဲ့ရလဒ်ထွက်လာတာကို မသိတဲ့သူတွေက ကလေးကို ချီးကျူးဖို့ မေ့လျော့နေကြတယ်နဲ့ တူပါတယ်။ သားလုပ်တာ ကောင်းတယ်။ သားက တော်လိုက်တာလို့ စကားတစ်ခွန်း ပြောမယ့်အရေးဟာ သိပ်ခက်ခဲလှတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ မလုပ် ဖြစ်တာက အများစုဖြစ်နေတာ တွေ့ရပါတယ်။

စနစ်တကျ ပျိုးထောင်ကြရဲ့လား

မြန်မာမိဘတွေကို စွပ်စွဲတယ်လို့ဆိုဆို အပြစ်တင်တယ်လို့ ပြောပြော အထက်ပါအချက် ၃ ချက်ကို လုပ်ကိုင်ဆောင်ရွက်တဲ့ မိဘတွေဆိုတာ ပတ်ဝန်းကျင်မှာ လေ့လာကြည့်ရင် လက်ချိုးရေလို့ ရပါတယ်။ ကလေးတွေကို စနစ်တကျ ပျိုးထောင်ရဲ့လားလို့ မြန်မာမိဘတွေကို မေးချင်ပါတယ်။ ကလေးမွေးထားပြီးတော့ ကလေးကို ဂရုတစိုက်ဆက်ဆံပြီး စနစ်တကျ ပျိုးထောင်တဲ့မိဘက အတော်လေး နည်းနေသေးတာကိုတော့ စိတ်မကောင်းစွာ တွေ့ရပါတယ်။ ကလေးကို စနစ်တကျပျိုးထောင်တဲ့မိဘတွေ မြန်မာနိုင်ငံမှာ မရှိဘူးလို့ ယတိပြတ် ဆိုလိုတာတော့ မဟုတ်ပါဘူး။ တချို့လည်း တကယ့်ကို စနစ်တကျ ပျိုးထောင်ကြတာ အားရစရာကောင်းပါတယ်။ ကလေးအပေါ်မှာ စိတ်ရှည်တယ်။ ကလေးရဲ့အမူအကျင့်၊ အပြောအဆို၊ ဝါသနာကို မျက်ခြည်မပြတ် စောင့်ကြည့်ပြီးတော့ စနစ်တကျ ပံ့ပိုးပေးကြတာ တွေ့ရပါတယ်။ 

ဒါပေမဲ့ ကလေးကို စနစ်တကျပျိုးထောင်တဲ့မိဘနဲ့ ကြုံရာကျပန်း ပျိုးထောင်တဲ့မိဘ၊ ဒီနှစ်မျိုးကို နှိုင်းယှဉ်ကြည့်လိုက်ရင် ကြုံရာကျပန်း ပျိုးထောင်တဲ့ မိဘက ပိုများနေတယ်လို့ ဆိုရမှာပါ။ ဒါလည်း လူဦးရေအချိုးအစားအရ ကျေးလက်နေလူဦးရေက ၇၀ ရာနှုန်းဆိုတော့ ကျေးလက်နေမိဘတွေ ပိုများနေလို့ ထင်ပါတယ်။ ကျေးလက်က မိဘတွေကို အထင်သေးတာတော့ မဟုတ်ပါဘူး။ တချို့ကျေးလက်တောရွာတွေမှာ ကလေးကို ရိုက်လား နှက်လား ဆုံးမတဲ့မိဘတွေ ရှိနေပါသေးတယ်။

နိုင်ငံကို နိုင်ငံတကာနဲ့ ရင်ပေါင်တန်းစေချင်ရင် ကလေးပျိုးထောင် နည်းကိုလည်း နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့နည်းလမ်းအတိုင်း ပျိုးထောင် ကြရမှာပဲဖြစ်ပါတယ်။ အရင်တုန်းက ဘုန်းတော်ကြီးသင်ပညာရေးစနစ် ထွန်းကားခဲ့တဲ့အချိန်မှာ ကြိမ်လုံးကို ခါးပေါ်ဆောင်ပြီး ဆုံးမလို့ ရကောင်းရနိုင်ပေမယ့် ဒီနေ့ခေတ် အတိုင်းအတာမှာတော့ ကြိမ်လုံးဗဟိုပြုဆုံးမ သွန်သင်နည်းထက် အသိအခြေပြုပျိုးထောင်နည်းကို ပြောင်းလဲကျင့်သုံးဖို့ လိုပါတယ်။ ကလေးတွေကို ချုပ်နှောင်ကျဉ်းကျပ်တဲ့ ပတ်ဝန်းကျင်ကနေ လွတ်လပ်ပွင့်လင်းတဲ့ ပတ်ဝန်းကျင်ဆီဆွဲခေါပြီး အတွေးအခေါ် မြင့်မားတဲ့ လူကြီးတွေဖြစ်လာအောင် လေ့ကျင့်ပေးကြရမှာပဲ ဖြစ်ပါတယ်။ ဒါမှလည်း မိမိတို့ ခေတ်ရေစီးကြောင်းမှာ နိုင်ငံတကာနဲ့ ရင်ပေါင်မတန်းနိုင်စေကာမူ မိမိတို့ရဲ့ သား၊ မြေးခေတ်လောက်မှာ ရင်ပေါင်တန်းနိုင်လာမှာ ဖြစ်ပါတယ်။

အပြောင်းအလဲဆိုတဲ့စကားကို ၂၀၁၀ ကနေ ယနေ့အချိန်ထိ သုံးစွဲ လာကြတာ ဖန်တစ်ရာတေနေပါပြီ။ နိုင်ငံရေးဘက်ဆိုလည်း ဟိုဟာပြောင်းလဲမယ်၊ ဒီဟာပြောင်းလဲမယ်ဆိုပြီး ကြွေးကြော်နေကြတာကို အသံကျယ်ကျယ်နဲ့ ကြားနေရပေမယ့် နိုင်ငံအနာဂတ်အတွက် ကလေးတွေပျိုးထောင်ရေးနဲ့ ပတ်သက်ပြီးတော့ သိပ်ပြီးပြောဆိုကြတာ၊ ရေးသားကြတာ မတွေ့ရပါဘူး။ ကလေးတွေကို အရေးမကြီးဘူးဆိုပြီး သဘောထား၍များလားတော့ မသိပေ။ 

မြန်မာမိဘတွေ ကလေးမပျိုးထောင်တတ်တာလည်း ဒီဟာတွေနဲ့ တစ်နည်းတစ်ဖုံ ဆက်နွှယ်နေပါတယ်။ ကလေးပျိုးထောင်နည်းကို မသိရှိကြတော့ ရှေးရိုးစွဲလက်ဆင့်ကမ်းလာတဲ့ အကြောက်တရားနဲ့ ကလေးပျိုး ထောင်နည်းကိုပဲ သုံးကြတာ တွေ့ရပါတယ်။ မိဘက မလုပ်ရဆိုတဲ့အရာ သားသမီးက လုပ်ခွင့်မရှိဘူး။ မိဘက လုပ်ရမယ်ဆိုတဲ့အရာကို ကလေးစိတ်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ လုပ်ကိုလုပ်ရမယ်ဆိုတဲ့ ပုံသေကားချပ် အတွေးအခေါ်တွေက အားကောင်းမောင်းသန်ရှိနေတုန်းပဲလို့ ဆိုရမှာ ဖြစ်ပါတယ်။ ကလေးကို စနစ်တကျ ပျိုးထောင်တတ်အောင် တက္ကသိုလ်ကျောင်းတွေမှာ အဓိကဘာသာရပ်မဟုတ်တောင် သင်ခန်းစာတစ်ရပ်အနေနဲ့ ထည့်သွင်းသင်ကြားသင့်ပါတယ်။ ဒါမှလည်း သူတို့တွေ အိမ်ထောင်ကျလို့ ကလေးမွေးတဲ့အခါ ကလေးပျိုးထောင်နည်းကို စနစ်တကျ သိရှိအသုံးချနိုင်ကြမှာ ဖြစ်ပါတယ်။

နိဂုံး

နိဂုံးချုပ်ဆိုရရင် ကလေးတွေကို စနစ်တကျပျိုးထောင်တာဟာ နိုင်ငံ့အနာဂတ် တည်ဆောက်နေတာလို့ မိဘတွေ ခံယူတတ်လာအောင် အသိပညာပေးရေးလုပ်ငန်းကို ဆောင်ရွက်ဖို့လိုပါတယ်။ ကလေးပျိုးထောင်နည်းကို အလုံးစုံ မသိရှိရင်တောင် ကလေးအပေါ် စိတ်ရှည်မယ်၊ အပြစ်မဆိုဘဲ ချီးကျူးကြပြီး ကလေးတို့ရဲ့ ဝါသနာ၊ ဗီဇကို ဝိုင်းဝန်းပံ့ပိုးပြီးတော့ လွတ်လပ်တဲ့အတွေးအခေါ်၊ တာဝန်ယူတတ်တဲ့ အလေ့အထတွေကို နိုင်ငံ့အနာဂတ်အတွက် မိဘတိုင်းက စနစ်တကျ ပျိုးထောင်ပေးကြဖို့ မေတ္တာရပ်ခံ တိုက်တွန်းရေးသားလိုက်ရပါတယ်။

မြန်မာကလေးတွေ လွတ်လပ်စွာ ရှင်သန်ကြီးပြင်းနိုင်ကြပါစေ။

သားညိုထွေး