News

POST TYPE

PERSPECTIVE

ဆရာဖြစ်ချင်လွန်းတဲ့ ရောဂါ
09-Oct-2019



ကျွန်တော်တို့တိုက်ကို တစ်ပတ်တစ်ပတ် ဆောင်းပါးတွေ မနည်းမနောရောက်သည်။ ဆောင်းပါးအားလုံးကို ဖတ်ဖို့ အယ်ဒီတာဖြစ်သည့် ကျွန်တော့်တွင် တာဝန်ရှိသည်။ ရောက်ရောက်ချင်း ဖတ်ဖြစ်သည် ရှိသလို အလုပ် မအားသည့်အတွက် နောက်မှ ဖတ်ဖြစ်သည် လည်းရှိရဲ့။ သည်နေ့တော့ အလုပ်ပါးစပြုသွားသော ညနေပိုင်းတွင် အလုပ်စားပွဲပေါ် ရောက်နေသည့် ဆောင်းပါးတစ်ပုဒ်ကို ကောက်ဖတ်လိုက်မိသည်။

စဖတ်ဖတ်ချင်း တစ်ခုခုတော့ လွဲနေပြီဟု ခံစားလိုက်မိသည်။

စစချင်း ဆောက်နှင့်ထွင်းဆိုသလို စထားသည်က “ဆရာ” ဟူ၏။ စာရေးသူကို တစ်စုံတစ်ယောက်က ခေါ်လိုက်သည့်အသံ။ နောက်ဆက်တွဲ ရေးထားသည်က... တပည့်ဟောင်းတစ်ဦး...တဲ့။ နောက်ဆက်ထားပြန်တာက တပည့်ငယ်တစ်ဦးပေမို့...တဲ့။ ပထမအပိုဒ်အတွင်းမှာပင် “ဆရာ” ... “တပည့်”သံများ မိုးမွှန်နေတော့သည်။

ကျွန်တော်တို့ မြန်မာလူ့အဖွဲ့အစည်းတွင် ဘာမသိညာမသိ ဆရာဖြစ်ချင်သူနှင့် ဆရာ အခေါ်ခံချင်သူက အများသား။ ဆရာ အခေါ်ခံရလျှင်လည်း အတိုင်းအတာတစ်ခုလောက်အထိတော့ ကျေနပ်သဘောကျကြသည်။ ထို့ကြောင့် ကျွန်တော်တို့လူ့အဖွဲ့အစည်းတွင် ဆရာတွေ သိပ်များလွန်းသည်။ ဗိုလ်တစ်ထောင် တပ်သားတစ်ယောက် ဇာတ်လမ်းများကလည်း မနည်းမနော။ အချို့ကတော့ ချီးမြှောက်ဂုဏ်တင်သည့်အနေနှင့် ဆရာတပ်ခေါ်ကြသည်။ ဆိုက်ကားဆရာ၊ ပန်းရန်ဆရာ၊ ဝပ်ရှော့ဆရာ၊ ကားဆရာ၊ လက်သမားဆရာ၊ ပန်းချီဆရာ၊ တေးရေးဆရာ... ဆရာ၊ ဆရာတွေ များမှများ။ အနှီဆရာအခေါ်အသုံးများကိုကြည့်လျှင် ကျွန်တော်တို့ တစ်တွေအဘယ်မျှ ဆရာအခေါ်ခံရသည်ကို ကြိုက်နှစ်သက်ကြသည်ကို ရိပ်စားမိကြပေမည်။

ဆရာအခေါ်ခံချင်သည့်အဆင့်က ပြဿနာမရှိ။ နောက်တစ်ဆင့်တက်သည်က ခက်နေခြင်းဖြစ်သည်။ အချို့က ဆရာအခေါ်ခံရရုံဖြင့် အားမရတော့။ တွေ့ကရာလူကို တပည့်ဟု ထင်လာခြင်းက ပြဿနာရှိသည်။ ရောဂါတစ်ခုကဲ့သို့ စွဲကပ်သွားလျှင်တော့ ကုရာနတ္ထိ ဆေးမရှိဟု ဆိုရမည်။ ဆရာ အခေါ်ခံချင်သည်နှင့် နောက်ဆက်တွဲ ဆရာခေါ်သူတိုင်းကို တပည့်ဟု ထင်လာခြင်းက စင်စစ်ရောဂါပင်တည်း။

“ကျွန်တော့်တပည့်လေးတစ်ယောက်ပေါ့...” ။ “တပည့်တွေ လွှတ် လိုက်မယ်လေ...”၊ “တပည့်တစ်ယောက် လာကန်တော့သွားတာ...”၊ “တပည့် တွေများတော့ မမှတ်မိဘူး ...”၊ ... ဌာနမှာ ကိုယ့်တပည့်တစ်ယောက် ရှိတယ်လေ ...၊ ... ဌာနက ... လား ... အဲဒါ ကိုယ့်တပည့်ပေါ့ ...၊ ဆရာအခေါ်ခံ ချင်ခြင်းနှင့် တပည့်ဟု သတ်မှတ်ခေါ်ဆိုခြင်းတည်းဟူသော ရောဂါဘယဆိုးကြီးက လူအချို့ကို အတော်နှိပ်စက်ကလူပြု၏။ ပြင်ပရှိ ကိုယ့်ပတ်ဝန်းကျင်တွင် ထိုရောဂါကပ်ငြိခြင်းက ပြဿနာမရှိ။ သူ့အရပ်နှင့်သူ့ဇာတ် အဆင်ပြေနေလျှင် ပြောစရာမရှိ။ စာမျက်နှာပေါ်အထိတက်ပြီး ရောဂါတက်ပြသည်ကိုတော့ ပြောစရာရှိလာသည်။ စာမျက်နှာပေါ်တွင် စာရေးသူ ဆရာကြီးများကို တပည့်တပန်းများက တစ်ဆရာတည်း တစ်ဆရာခေါ်ကာ သူကလည်း တပည့်ဟောင်း၊ တပည့်သစ်၊ တပည့်လတ်၊ တပည့်ငယ်၊ တပည့်ပေါက်စသံတညံညံဖြင့် လူလုံးပြနေခြင်းက တဆိတ်လွန်လွန်းသည်။ သည်လိုစာမျက်နှာပေါ် မဏ္ဍပ်တိုင်တက်ပြ၊ ရောဂါသည်းပြနေခြင်းက ပြဿနာ။

တကယ်တန္တု တပည့်ဆိုသည်မှာ ဆရာဖြစ်သူက သတ်မှတ်ရခြင်း မဟုတ်။ သက်ဆိုင်ရာ ကာယကံရှင်က မိမိ၏ဆရာဖြစ်ကြောင်း လူသိရှင်ကြားထုတ်ဖော်အသိပေးခြင်း၊ မိမိသည်ထိုဆရာသမား၏ တပည့်ဖြစ်ကြောင်း ဝန်ခံခြင်းမျိုး။ အထင်ရှားဆုံးသာဓကမှာ လစာရိက္ခာချို့တဲ့စွာဖြင့် ပညာသင်ပေးခဲ့ကြသော အာစရိယဂိုဏ်းဝင် ကျောင်းဆရာ၊ ဆရာမများပင်တည်း။

အထက်အရာရှိဖြစ်ရုံနှင့် လက်အောက်ငယ်သားကို တပည့်ဟု သတ်မှတ်နေကြသောခေတ်တွင် ဆရာနှင့် တပည့်အသုံးအနှုန်း သိပ်ဖောင်းပွလွန်းသည်။ စစ်မှန်သော၊ ရိုသေလေးစားအပ်သော၊ အာစရိယ ဆရာများနှင့် ၎င်းတို့ကို လေးလေးစားစား ရင်ထဲနှလုံးသားထဲက လှိုက်လှိုက်လှဲလှဲ ဆရာဟု အသိအမှတ်ပြုကာ မိမိတို့ကိုယ်ကိုယ် ထိုဆရာတို့၏ တပည့်ဟု သတ်မှတ်သော ဆရာ... တပည့်မှာမူ ယနေ့ ရှားပါးလာသည်။ ထိုအချက်ကို စာရေးသူ (မိမိကိုယ်ကိုယ် ဆရာဟုသတ်မှတ်ထားသူ) ရိပ်စားမိဟန်မတူ။

နောက်အပိုဒ်တွေ ဆက်ဖတ်တော့ ကျွန်တော် အတော်ဘဝင်မကျ ဖြစ်သွားမိသည်။ စာရေးသူ (ဆောင်းပါးတွင် သူ့ကိုယ်သူ ဆရာဟုဆိုထား) ၏ အတွေးအခေါ်အယူအဆကို ရုတ်တရက် ဆွဲလှန်ပြလိုက်သကဲ့သို့ ဖြစ်နေသည့် အသုံးအနှုန်းများက ကျွန်တော့်စိတ်ကို လေးလံသွားအောင် လုပ်နေသည်ကိုး။

ဆောင်းပါးက ရသဟန်စွက်ထားသော ပညာပေးဇာတ်လမ်းတစ်ခု။ တပည့်ငယ် (သူ့အသုံးအနှုန်း) ဖြစ်သူကမေးပြီး ဆရာဖြစ်သူ (စာရေးသူ) က ဖြေထားသည့်အသွင်။ သူဖြေသည့်ရှုထောင့်က သမာရိုးကျအားဖြင့်၊ သီအိုရီအားဖြင့်တော့ မှန်သည်ဟုဆိုနိုင်သည်။ သို့သော် အာဏာရှင်စနစ်ကနေ ဒီမိုကရေစီအသွင်ပြောင်းစ မြန်မာပြည်အတွက်တော့ မေးခွန်းထုတ် စရာတွေ တင်းကျမ်းပြည့်နေမည့်ကိစ္စ။ စာရေးသူက ဝန်ကြီးလက်ကိုင်မရှိ ဌာနကြီးတစ်ခုတွင် ဝန်ထမ်းကြီးတစ်ဦးအဖြစ် တာဝန်ကြီးယူလာခဲ့သူဖြစ်သည်။ ထို့ကြောင့် သူ့အပေါ်တွင် စနစ်၏ဩဇာသက်ရောက်မှု ကြီးကြီးရှိသည်။ ထို့ကြောင့် အစိုးရဝန်ထမ်းကဲ့သို့ တွေးသည်၊ ပြောသည်၊ ဆိုသည်၊ ရေးသည်။ ပြဿနာက ထိုစရိုက်သည် လက်သည်တရားခံဟု ဆိုနိုင်၏။

ဆောင်းပါး၏ တစ်နေရာတွင် တိုင်းပြည်တစ်ပြည်တွင် အစိုးရဆိုသည်မှာ ဖခင်နှင့်တူပြီး တိုင်းသူပြည်သားများက သားသမီးနှင့်တူသည်ဟု သူက ဆိုထားသည်။ သည်နေရာတွင် အလွဲကြီးလွဲတော့သည်။ တက်တက်စင်အောင်လွဲသော အတွေးအခေါ်ဖြစ်သည်။ မြန်မာစာပေလောကတွင် ခက်နေသည်က ကလောင်ကြီး၊ ဝါကြီး၊ အသက်ကြီး၊ နာမည်ကြီး၊ လူရိုသေ၊ ရှင်ရိုသေတစ်ယောက်က ပြောဆိုရေးသားလျှင် ထိုပုဂ္ဂိုလ်ကို ကြည်ညိုလေးစားသူ အပေါင်းက ထိုပုဂ္ဂိုလ် ဘာပြောပြော၊ ဘာရေးရေး ထောက်ခံအားပေးကြတော့သည်။ မှားနေမှန်းသိသူပင်လျှင် မိတ်ပျက်မည်၊ မျက်နှာပျက်မည်စိုးကာ ထောက်ပြ၊ ဝေဖန်ခြင်း၊ အမှန်ပြင်ပေးခြင်း မလုပ်ရဲ။ သည်အတိုင်းကြည့်နေကြသည်။ ထို့ကြောင့် အစိုးရသည် မိဘ၊ တိုင်းသူပြည်သားသည် သားသမီးဆိုသော အယူအဆအလွဲ တွင်ကျယ်နေသည်။ သည်လို အယူအဆမျိုးကို သက်ဦးဆံပိုင် ဘုရင်စနစ်တွင်ပင် အကျုံးမဝင်။ ဘုရင်ရူး ရူးနေသူများကို စိတ်တော်သိ ဗောင်းတော်ညိတ်၊ မြှောက်ပင့်ပေးနေသူများနှင့် အာဏာရှင်များကတော့ အကြိုက်တွေ့သည်။ အစိုးရမင်းများကို မိဘများဟု ကင်ပွန်း တပ်ပေးခြင်းအားဖြင့် အလိုလို ကြီးမြင့်သွားစေသည်။ အမှန်က ထိုအယူအဆသည် ရမ်းသန်းမှန်းသန်းဖြင့် ကောက်ယူထားသည့် အကျိုးအပဲ့ အယူအဆသာဖြစ်၏။

စောဒက