News

POST TYPE

PERSPECTIVE

ဒီပညာရေးယိုင်နဲ့နဲ့ မဖြစ်စေလို
08-Oct-2019



အောက်တိုဘာလ ၅ ရက်နေ့သည် ကမ္ဘာ့ဆရာများနေ့ ဖြစ်သည်။ ဆရာများကို ဂုဏ်ပြုသောနေ့ ဖြစ်သဖြင့် ဝမ်းသာကြည်နူးလည်း ဖြစ်ရပါသည်။ မြန်မာတွင်သာမက ကမ္ဘာတွင်လည်း ဆရာများကို လေးစားတန်ဖိုးထားကြသည်။ ဆရာများသည် အနာဂတ်၏ ပဲ့ကိုင်ရှင်များဟုလည်း ဆိုကြသည်။ မှန်ပါ၏။

ဆရာများဟု ဆိုလိုက်သည်နှင့် ဆက်စပ်နေသည်မှာ ပညာရေးပင် ဖြစ်သည်။ ပညာရေးသည် နိုင်ငံတစ်နိုင်ငံအတွက် ပင်မရေသောက်မြစ်ဖြစ်ရာ ပညာရေး၏ရေသောက်မြစ်သည်လည်း ဆရာများဟုဆိုရနိုင်သည်။ ထိုရေသောက်မြစ်များ အားကောင်းနေမှသာ ယနေ့မိမိတို့နိုင်ငံမျှော်မှန်းနေသည့် အရည်အသွေးမြင့်ပညာရေးကို တည်ဆောက်နိုင်ပါလိမ့်မည်။ အရည်အသွေးမြင့်ပညာရေးတည်ဆောက်နေသည့် မြန်မာ့ပညာရေးပြုပြင်ပြောင်းလဲမှုနှင့် လက်တွေ့အခြေအနေကို ချိန်ထိုးမိပါသည်။

မြန်မာ့ပညာရေးပြုပြင်ပြောင်းလဲမှုအဖြစ် ပညာရေးမဟာဗျူဟာ ၂၀၁၆ - ၂၀၃၀ ကို ချမှတ်အကောင်အထည်ဖော်လျက်ရှိသည်။ ထိုမဟာဗျူဟာရည်မှန်းချက်များထဲမှ အရည်အသွေးမီပညာရေးဆိုသည့် လုပ်ငန်းစဉ်သည် ပီပီပြင်ပြင်အကောင်အထည်မပေါ်သေးသည်ကို မျက်မြင်အခြေအနေများအရ သိရှိနေရသည်။ အရည်အသွေးမီ ပညာရေးတစ်ရပ်ဖြစ်ရန်ဆိုသည်မှာလည်း အပြောလွယ်သလောက် အလုပ်ခက်ပါလိမ့်မည်။ ဘဏ္ဍာငွေလိုအပ်ချက်၊ ရုပ်ဝတ္ထုလိုအပ်ချက်၊ အရည်အသွေးလိုအပ်ချက်၊ စီမံခန့်ခွဲမှု၊ သင်ကြားမှုနည်းစနစ်၊ ပူးပေါင်းဆောင်ရွက်မှု၊ တစ်ဦးချင်းလိုအပ်ချက်၊ ပတ်ဝန်းကျင်၏အခြေအနေ စသည့် ဘက်စုံ ထောင့်စုံမှ ဖြည့်ဆည်းပြင်ဆင်ရန်များ ရှိနေသည်။ ထိုဖြည့်ဆည်းပြင်ဆင်ရမည့် လိုအပ်ချက်များတွင် လတ်တလော ဖြည့်ဆည်းရမည့် ရုပ်ဝတ္ထုလိုအပ်ချက်များရှိနေသကဲ့သို့ ယခုကတည်းကပင် အချိန်ယူပြင်ဆင်ရမည့် အရည်အသွေး ပိုင်းဆိုင်ရာ၊ စီမံခန့်ခွဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရမည့်အရာများလည်း ရှိနေပါသည်။ အချို့သောနေရာများတွင် စီမံခန့်ခွဲမှု လွဲချော်ခြင်းများကြောင့် သင်ကြားရေးပိုင်း၊ သင်ယူမှုအပိုင်းအပေါ် အကျိုးသက်ရောက်မှုများ ရှိနေသည်ကိုလည်း တွေ့မြင်နေရသည်။

ပညာရေးပြုပြင်ပြောင်းလဲမှုနှင့်စပ်လျဉ်း၍ အကောင်အထည် ဖော်မှုအခြေအနေများကိုလည်း လွှတ်တော်သို့ အစီရင်ခံတင်ပြလျက်ရှိသည်။ သို့သော်လည်း အချို့သောအစီရင်ခံစာများတွင် အောက်ခြေတွင်ဖြစ်ပွားနေသည့်၊ ဖြစ်ပွားနေဆဲအခြေအနေများကို ထင်ဟပ်ရန် လိုအပ်နေဆဲဟုဆိုရပါမည်။ ထိုအခြေအနေတွင် ပညာရေးနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော်ပညာရေးမြှင့်တင်မှုကော်မတီသည် စက်တင်ဘာလ ၁၈ ရက်နေ့က မျိုးဆက်သစ်များ၏ပညာရေးအတွက် အခြေခံဆရာ၊ ဆရာမများ၏ ကျွမ်းကျင်မှုများနှင့် လေ့ကျင့်သင်ကြားပေးမှုများဆိုင်ရာ စုံစမ်းလေ့လာမှု အစီရင်ခံစာတစ်စောင်ကို ပြည်သူ့လွှတ်တော်သို့ တင်သွင်းခဲ့သည်ကိုတွေ့ရသည်။ အစီရင်ခံစာ၏ ခေါင်းစဉ်သည်ပင် အထူးစိတ်ဝင် စားစရာကောင်းလှသည်။ စိတ်ဝင်စားရသည့် အကြောင်းအရင်းများ ရှိပါသည်။ အခြေခံ ဆရာ၊ ဆရာမများ၏ ကျွမ်းကျင်မှုနှင့် လေ့ကျင့်သင်ကြားပေးမှုသည် အရည်အသွေးမြင့်ပညာရေး၏ အခြေခံဖြစ်နေခြင်းကြောင့် ဖြစ်သည်။ အရည်အသွေးရှိသည့် ပညာရေးတစ်ရပ်ဖြစ်ရန် ဆရာ၊ ဆရာမများ၏ ကျွမ်းကျင်မှုနှင့် ထိရောက်သောသင်ကြားမှုသာ လိုအပ်သည်တော့မဟုတ်။ ဘဏ္ဍာငွေအစ စီမံခန့်ခွဲမှုအဆုံး အားလုံးနှင့် သက်ဆိုင်ပါသည်။ ယင်းသက်ဆိုင်မှုများအနက် ဆရာ၊ ဆရာမများ၏ ကျွမ်းကျင်မှုနှင့် သင်ကြားမှုသည် အဓိကကျခြင်းကြောင့် ယင်းအပေါ် အထူးပြုဖော်ပြလိုခြင်းပင်ဖြစ်သည်။

ယင်းအစီရင်ခံစာအတွက် ကော်မတီသည် ၁၀ လကြာ စုံစမ်းလေ့လာမှုပြုလုပ်ခဲ့ကြောင်းသိရသည်။ စုံစမ်းလေ့လာမှုအား နယ်ပယ် ( ၅ ) ရပ်ကို အဓိကထားတင်ပြထားသည်။ ယင်းနယ်ပယ် ( ၅ ) ရပ်မှာ ( ၁ ) ဆရာ၊ ဆရာမများ ခန့်ထားမှုနှင့် လေ့ကျင့်သင်ကြားပေးမှုများ၊ ( ၂ ) ဆရာ၊ ဆရာမများ၏ လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှု၊ ( ၃ ) သင်ကြားမှုသင်ယူမှုဆိုင်ရာ သဘောတရားများနှင့်နည်းလမ်းများ၊ ကျောင်းများစီမံခန့်ခွဲမှုနှင့် စွမ်းဆောင်ရည်၊ ( ၄ )သင်ကြားသင်ယူမှုဖြစ်စဉ်တွင် တွေ့ကြုံရသည့် စိန်ခေါ်မှုများ၊ ( ၅ ) မိဘဆရာအသင်း၊ ကျောင်းအကျိုးဆောင်အဖွဲ့၊ ကျောင်းသားမိဘ သို့မဟုတ် အုပ်ထိန်းသူများနှင့် ရပ်ရွာလူထုအဖွဲ့အစည်းများ ပူးပေါင်းပါဝင် ဆောင်ရွက်မှုများဖြစ်သည်။ တစ်နည်းအားဖြင့် အရည်အသွေးမြင့်ပညာရေးတစ်ရပ်ဖြစ်ရန် အခြေခံလိုအပ်ချက်ဖြစ်သည့် ဆရာ၊ ဆရာမများ၏ ကျွမ်းကျင်မှုနှင့် သင်ကြားမှုအပေါ် အဓိကထား လေ့လာတင်ပြထားသည့် အစီရင်ခံစာဖြစ်သည်။ အထူးသဖြင့် လက်တွေ့ အခြေအနေတွင် ဖြစ်ပေါ်နေသည့် စိန်ခေါ်မှုများနှင့် အခက်အခဲများကို အနီးစပ်ဆုံး ဖော်ပြထားခြင်းဖြစ်သည်။ ထိုအစီရင်ခံစာတွင် ဆရာ၊ ဆရာမများ၏ကျွမ်းကျင်မှုနှင့် သင်ကြားမှုအပေါ် အဓိကထား လေ့လာစုံစမ်းထားသော်လည်း ဆရာ၊ ဆရာမများ၏ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ချက်နှင့် သင်ကြားမှုကြောင့်ရရှိလာသည့် ကျောင်းသားများ၏တတ်မြောက်မှု စစ်ဆေးအကဲဖြတ်ချက် မပါဝင်သည်ကို တွေ့ရသည်။

ကော်မတီ၏ အစီရင်ခံစာကို လေ့လာကြည့်ပါက လက်တွေ့ အခြေအနေများကို များစွာထင်ဟပ်နေပါသည်။ ထပ်မံဖြည့်စွက်လိုသည်မှာ ကျောင်းများတွင် မူဝါဒနှင့်ညီသော စီမံခန့်ခွဲနိုင်မှုရှိ၊ မရှိ၊ ထိရောက်သော သင်ကြားမှု ရှိ၊ မရှိ၊ ဆရာများ၏ အရည်အသွေးဆန်းစစ်ချက်၊ ကျောင်းသားများ၏ နားလည်တတ်ကျွမ်းမှု ဆန်းစစ်ချက်များလည်း လိုအပ်နေသည်။ သို့မှလည်း ပညာရေး၏ အရည်အသွေးကို ခန့်မှန်းသုံးသပ်နိုင်မည်ဟု ယူဆပါသည်။ ကျောင်းများ၏ အရည်အသွေးများအား စာမေးပွဲအောင်ချက်တစ်ခုတည်းဖြင့် ဆုံးဖြတ်ပါက မှန်ကန်သောရလဒ်၊ မျှော်မှန်းသောရလဒ်နှင့် ဝေးကွာနေနိုင်ပါသည်။ အရည်အသွေးမြင့် ပညာရေးတွင် စာမေးပွဲအောင်ချက်ကဲ့သို့ မြင်သိနိုင်သောအရာများ ပါဝင်သကဲ့သို့ အတွေးအခေါ်၊ တီထွင်ဖန်တီးနိုင်မှု၊ ကျင့်ဝတ်စည်းကမ်းလိုက်နာမှုကဲ့သို့သော မတွေ့ထိနိုင်သည့် အရည်အသွေးများလည်း ပါဝင်နေပါသည်။ စာမေးပွဲအောင်မြင်သူတိုင်း အတွေးအခေါ်တိုးတက်လာမည်၊ တီထွင်ဖန်တီးနိုင်စွမ်းမြင့်မားလာမည်၊ ကျင့်ဝတ်စည်းကမ်းများလိုက်နာလာမည်ဟု တထစ်ချပြောဆိုရန် ခက်ခဲပါလိမ့်မည်။ အတန်းပညာအောင်မြင်မှုနှင့်အတူ ပညာ၏သဘောဖြစ်သော စဉ်းစားတွေးခေါ်နိုင်စွမ်း၊ ဝေဖန်ပိုင်းခြားနိုင်စွမ်း၊ တီထွင်ဖန်တီးနိုင်စွမ်း၊ ကျင့်ဝတ်သိက္ခာလိုက်နာနိုင်စွမ်းများလည်းရရှိမှသာ အရည်အသွေးမြင့်ပညာရေးဟု ဆိုနိုင်ပါလိမ့်မည်။

အရည်အသွေးမြင့်ပညာရေးသို့ ပြုပြင်ပြောင်းလဲနေသည်မှာမှန်သော်လည်း ယင်းပြုပြင်ပြောင်းလဲမှုများ အောက်ခြေအထိ ရောက်ရှိရန် လိုအပ်နေပါသည်။ မဟာဗျူဟာကြီးများ၊ နည်းဗျူဟာကြီးများ၊ စီမံကိန်းကြီးများ ချမှတ်ပြင်ဆင်နေမှုနှင့်အတူ ယင်းပြုပြင်ပြောင်းလဲမှုများ မည်သည့်အတွက် အောက်ခြေသို့ ရောက်မလာနိုင်သေးသည်ကို ပြန်လည်သုံးသပ်သင့်ပါသည်။ ပြုပြင်ပြောင်းလဲမှုများ အောက်ခြေအထိ မရောက်နိုင်သမျှ အရည်အသွေးမြင့်ပညာရေး မျှော်မှန်းချက်သည်လည်း ဝေးနေဦးမည်ဟု ဆိုရနိုင်သည်။ အခြေခံပညာရေးအဆင့်သည် ပညာရေးလုပ်ငန်းစဉ်တစ်ခုလုံး၏ အုတ်မြစ်ဖြစ်သဖြင့် အရည်အသွေးမြင့်အခြေခံပညာရေး ဖြစ်မှသာ အရည်အသွေးမြင့် အဆင့်မြင့်ပညာရေးကို အဆင့်တက်တည်ဆောက်နိုင်ပါလိမ့်မည်။ ထိုသို့ဆိုခြင်းသည် ယနေ့ပြောင်းလဲနေသည့် ပညာရေးပြုပြင်ပြောင်းလဲနေမှုအပေါ် အဆိုးမြင်ဖြင့် ဝေဖန်လိုခြင်းအလျှင်းမရှိဘဲ လက်တွေ့မြေပြင်အခြေအနေနှင့် ပညာရေးပြုပြင်ပြောင်းလဲမှု အခြေအနေကို နှိုင်းယှဉ်သိရှိစေလိုခြင်းဖြစ်ပါသည်။ အပေါ်မှပြောင်းသော်လည်း အောက်ခြေကမပြောင်းသည့် ယိုင်နဲ့နဲ့ပြောင်းလဲရေး မဖြစ်စေလိုပါ။ တစ်နည်းအားဖြင့် ပညာရေးပြုပြင်ပြောင်းလဲမှု အကောင်အထည်ဖော်ရာတွင် ထိရောက်မှုအပေါ် မခြွင်းမချန် ပြန်လည်သုံးသပ်ရေးပင် ဖြစ်ပါသည်။ 

ထို့အတူ ပညာရေးပြုပြင်ပြောင်းလဲမှု၏ အကျိုးသက်ရောက်မှု၊ အကျိုးဆက်များအပေါ်သုံးသပ်ရာတွင် ရံဖန်ရံခါ၌ လက်တွေ့ အောက်ခြေ၏ အဖြစ်အပျက်အမှန်များကို ကိုယ်စားမပြုနိုင်သည်ကို တွေ့မြင်နေရဆဲ ဖြစ်သည်။ ဥပမာအားဖြင့် ဆရာ၊ ဆရာမတွေ ဘာကြောင့် ကျူရှင်ပြနေကြသလဲ၊ ကျောင်းသားတွေကရော ဘာကြောင့် ကျူရှင်တက်နေကြသလဲ၊ မိဘများကရော ဘာကြောင့် မိမိတို့ သားသမီးတွေကို ကျူရှင်တက်စေကြရသလဲဆိုသည့် အခြေခံအကျဆုံးမေးခွန်း၏ ဇာစ်မြစ်အကြောင်းအရင်းမှာပင် ကွာဟနေပါလျှင် ယင်းအခြေခံအကြောင်းအရင်းများ ဖြေရှင်းရာတွင်လည်း ပို၍ကွာဟမည်ကို စိုးမိပါသည်။ ဆရာများ ကျူရှင်ပြနေခြင်း၊ ကျောင်းသားများ ကျူရှင်တက်နေရခြင်း၊ မိဘများက သားသမီးများကို ပုဂ္ဂလိကကျောင်းများသို့ ပို့နေရခြင်းများသည် လူ့သဘာဝဖြစ်တတ် ကြသည့်အတ္တများထက်ကျော်လွန်သော မိမိတို့ဘဝလူတန်းစေ့ရပ်တည် ရေးများနှင့်လည်း ပတ်သက်နေပါသည်။ ထိုထိုသော အခြေခံလိုအပ်ချက်များသည် သဘောတရားရေးဖြေရှင်းခြင်းသက်သက်ဖြင့် ချဉ်းကပ်ဖြေရှင်း၍ ရနိုင်ပါမည်လား။

ပညာရေးပြုပြင်ပြောင်းလဲရေးတွင် ရေတိုပြောင်းလဲရေး၊ ရေရှည်ပြောင်းလဲရေး၊ ရုပ်ပိုင်းပြောင်းလဲရေး၊ အနှစ်သာရပြောင်းလဲရေးများ ပါဝင်ခြင်းကြောင့် နေ့ချင်းညချင်း အကောင်အထည်ဖော်နိုင်သည်များရှိသကဲ့သို့ အချိန်ယူပြောင်းလဲရမည့် အရာများရှိနေသည်မှာလည်း အမှန်ပင်ဖြစ်သည်။ သို့သော်လည်း စတင်ပြောင်းလဲ အကောင်အထည်ဖော်နေတာလား၊ ထိရောက်ဖို့ အချိန်လိုအပ်နေတာလား သို့မဟုတ် အကောင်အထည်ဖော်နေပါလျက် မထိရောက်တာလား၊ အပေါ်ယံ ပြောင်းလဲနေတာလားဆိုသည်ကိုလည်း သုံးသပ်စေလိုလှသည်။ ဥပမာအားဖြင့် ပညာရေးမဟာဗျူဟာတွင်ပါဝင်သော ကျောင်းသား အခြေပြု သင်ကြားရေးဆိုသော်လည်း ကျောင်းများတွင် ယခုချိန်အထိ ဆရာကိုသာ အခြေပြုသင်ကြားနေဆဲဖြစ်သည်။ ယခင်ပုံစံအတိုင်းသာ။ 

ထိထိရောက်ရောက်သင်ကြားရေးနှင့် ကျူရှင်ယူရခြင်းက ဆက်စပ်နေသည်။ ကျူရှင်ယူသည့်အတွက် သူ့ဆရာ၊ ငါ့ဆရာ၊ သူ့တပည့်၊ ငါ့တပည့်ဆိုသည့် အဂတိတရားများ ပါလာပြန်သည်။ မုန့်လုံးစက္ကူကပ်သကဲ့သို့ အကြောင်းကြောင့် အကျိုးဖြစ်၊ အကျိုးကြောင့်အကြောင်းဖြစ် သံသရာလည်နေပါသည်။ ကျောင်းသားများနှင့် မိဘများအတွက်မှာမူ ပညာတတ်ဖို့ ထက်စာတတ် (အတန်းအောင်) ဖို့ပင် လူပန်း၊ စိတ်ပန်း၊ ငွေပန်းနေကြရသည်။ မိဘများနှင့် ကျောင်းသားများ ပုဂ္ဂလိကကျောင်းများအပေါ် ငွေကုန်မှန်းသိလျက်နှင့်ပင် အားကိုးလာရသည့် အကြောင်းတရားမှာ အတန်းပညာကို ထူးထူးချွန်ချွန်နှင့် အောင်မြင်ရန်ပင် ဖြစ်သည်။ ပညာတတ်ဖို့အဆင့် မစဉ်းစားနိုင်သေးပါ။ အတန်းကို ထူးထူးချွန်ချွန်နှင့် အောင်မြင်မှလည်း ကျောင်းသားများအတွက် ဘဝအသက်မွေးဝမ်းကျောင်း ပညာရွေးချယ်ခွင့် ပိုမိုရရှိမည်မဟုတ်ပါလား။ 

ယင်းအခြေအနေပေါ်မူတည်၍ အကျိုးဆက်တစ်ခု ထပ်မံပေါ်ပေါက်လာပါသည်။ အစိုးရကျောင်းများတွင် ကျောင်း၏ သင်ကြားမှုနှင့် စာမေးပွဲအောင်ချက်အပေါ်မူတည်၍ ကျောင်းသားတက်ရောက်မှု အနည်းအများ ကွာခြားနေသည်မှာ ယနေ့အထိပင်ဖြစ်သည်။ ကျောင်းသားပျံ့နှံ့မှုနှုန်းကွာဟရခြင်းအကြောင်းရင်းထဲမှာ အဓိကကျသည့် အချက်တစ်ခုလည်း ဖြစ်သည်။ အောင်ချက်မြင့်မားသောကျောင်း၊ သင်ကြားမှုကောင်းသော ကျောင်းများကိုသာ ရွေးချယ်ထားကြသည့်အတွက် နယ်ကျော်ကျောင်း အပ်မှုများဖြစ်လာပြီး ကျောင်းသားပျံ့နှံ့မှုနှုန်းမညီမျှမှု၊ ဆရာ၊ ကျောင်းသား အချိုးမညီမျှမှုများ ဖြစ်ပေါ်လာသည်။ မိမိတို့အိမ်နီးဝန်းကျင်ရှိ ကျောင်းမှာ သင်ကြားမှုကောင်းနေပါက၊ အောင်ချက်မြင့်မားနေပါက၊ စည်းကမ်းများ ကောင်းနေမည်ဆိုပါက မည်သည့်မိဘမျှ မိမိသားသမီးကို နယ်ကျော်ကျောင်းအပ်မည်မဟုတ်ချေ။ နယ်ကျော်ကျောင်းအပ်သည့်အတွက် ငွေကြေး၊ အချိန်၊ လုပ်အားပိုမိုကုန်ကျသည်။ ပိုမိုပင်ပန်းပါသည်။ ယင်းအခြေအနေအားဖြေရှင်းရန် အတင်းအကျပ်ဖိအားပေးလုပ်ဆောင်မည်ဆိုပါက လိမ်လည်မှုများ၊ မသမာမှုများ၊ အဂတိများကဲ့သို့သော နောက်ဆက်တွဲအကျိုးဆက်များ ထပ်မံပေါ်ပေါက်လာနိုင်ပြန်သည်။ ဈေးကွက် စီးပွားရေးကဲ့သို့ပင်။ မိမိထုတ်ကုန်ပစ္စည်းမကောင်းသည်ကို ပြင်မလား၊ ဝယ်ယူသူကို ပြင်မလား။ စဉ်းစားစရာပင်ဖြစ်သည်။

ထိုသို့သောအနေအထားတွင် ကျောင်းသားများနှင့် မိဘများဘက်တွင်လည်း ယနေ့အချိန်အထိ ကြိုးပမ်းနေကြရသည်မှာ ကျောင်းသားများ အတန်းစာတတ်ရေး၊ အတန်းအောင်မြင်ရေးအတွက် ဖြစ်ပါသည်။ ပညာတတ်ရေး မျှော်မှန်းချက်မှာ ဝေးကွာနေဆဲဟု မပြောလိုသော်လည်း ပြောရဦးမည့်အခြေအနေဖြစ်သည်။ အရည်အသွေးမြင့် ပညာရေး ရရှိလိုလှသည်။ ပညာတတ်များဖြင့်သာ ဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်ကြီး တည်ဆောက်နိုင်ပါလိမ့်မည်။ ပညာတတ်များဖြင့်သာ ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ဆောက်နိုင်ပါလိမ့်မည်။ ပညာတတ်များဖြင့်သာ ကမ္ဘာကို ရင်ပေါင်တန်းနိုင်ပါလိမ့်မည်။ ဝါးလုံးခေါင်းအတွင်း လသာနေရုံဖြင့် မရနိုင်တော့ချေ။

အရည်အသွေးမီပညာရေးတစ်ရပ် တည်ဆောက်ရန်မလွယ်ကူသော်လည်းပဲ ယင်းအရည်အသွေးမီ ပညာရေးသည်ပင် မိမိတို့နိုင်ငံရဲ့ အဓိကထွက်ပေါက်တစ်ရပ်ဖြစ်နေသည်နှင့် နှိုင်းချိန်ရပေလိမ့်မည်။ အရည်အသွေးမြင့် ပညာရေးဖြင့်သာ အတွေးအခေါ်၊ နည်းပညာများမှ အစအပြုအမူ၊ အပြောအဆိုအဆုံး ပြုပြင်နိုင်ပါလိမ့်မည်။ အပေါ်ယံများဖြင့်သာ အချိန်ကုန်နေ၍ မဖြစ်နိုင်တော့။

သိန်းထွန်း (IR)
၆.၁၀.၂၀၁၉