News

POST TYPE

PERSPECTIVE

မြို့ကြီးရဲ့ဝမ်းဗိုက်ထဲ ဝင်ကြည့်ခြင်း
11-Sep-2019



ကျီးအာသီးဆိုသဟာကို ခရီးဆောင်မြန်မာအဘိဓာန်က ဒီလို ဖွင့်ဆိုပါတယ်။ “ကျီးအာသီး (နာမ်) မှည့်လျှင် အခွံနီ မြန်း၍ အတွင်းသားမည်းသောအသီး” အပြင်ဘက်က ကြည့်ရင်တော့ နီနီရဲရဲနဲ့ နှစ်သက်စဖွယ်ပေါ့။ အတွင်းသားကြည့်လိုက်တော့မှ မည်းမည်းပုပ်ပုပ်နဲ့ အော်ဂလီဆန်ချင်စရာအသီးမျိုး ဖြစ်ပါတယ်။

မြန်မာ့လူနေမှုစနစ်မှာလည်း ပြုမူကျင့်ကြံပုံနဲ့ပတ်သက်လို့ ကျီးအာသီးနဲ့ပမာပြပြီး ဆုံးမသွန်သင်လေ့ ရှိကြပါတယ်။ အပြင်ပန်းက ရူးချင်စဖွယ်ဝတ်စားကာ ဖီးလိမ်းပြင်ဆင်ထားသော်လည်း အတွင်းစိတ်သဘောက မဖြူစင်မသန့်ရှင်းဘဲ စိတ်ပုပ်၊ စိတ်ယုတ်ရှိသူတို့ကို ရည်ညွှန်းပြောဆိုကြရာမှာ ကျီးအာသီးလိုလူဆိုပြီး နှိုင်းတတ်ကြပါတယ်။

အနှီ ကျီးအာသီးလို လူတွေက တောအရပ်မှာထက် မြို့အရပ်မှာ ပိုလို့တွေ့ရတတ်ပါတယ်။ တောအရပ်က လူတွေကတော့ များသောအားဖြင့် ရိုးရှင်းကြပါတယ်။ ဗဟိဒ္ဓနဲ့ အဇ္ဈတ္တတို့ ထပ်တူကျတာများပါတယ်။ ဒီနေရာမှာ တောနယ်က လူတွေကို မျက်နှာလိုက်ပြီး ပြောတာမဟုတ်ပါဘူး။ တောမှာလည်းပဲ ခြောက်ပြစ်ကင်းသဲလဲစင် မဟုတ်ပါ။ တောကျီးအာသီးတွေလည်း ရှိနေနိုင်ပါတယ်။ ရှိလည်းရှိခဲ့ကြပါတယ်။ နောင်လည်း ရှိနေဦးမှာပါပဲ။ ဒါပေမဲ့ များသောအားဖြင့်ကတော့ အရေအတွက် နည်းပါးကြပါတယ်။ ဒီနေရာမှာ လူဦးရေနည်းလို့ နည်းနေတာလို့တော့ တထစ်ချပြောဆိုလို့မရပါ။ တောသူတောင်သားဆိုတာဟာ နဂိုကတည်းက ရိုးသားပွင့်လင်းပြီး ဟန်ဆောင်မှု အတော်အတန် ကင်းကြတယ်ဆိုတာ ယုံမှားဖွယ်မရှိပါ။ ရိုးသားလွန်းအားကြီးတော့ “အ”တဲ့ဘက်ကိုပင် ပါသေးမဟုတ်ပါလား။

မြို့ပြအရပ်ကတော့ အများသိကြသလိုပင် ကျီးအာသီးလို လူတွေက အများသားရယ်။ ကိုယ့်မှာ ကိုယ်ပိုင်မရှိသော်လည်း ငှားရမ်းသုံးစွဲပြီး ဟိတ်ဟန်တစ်ခွဲသားနဲ့ နေကြတဲ့လူတွေလည်း ရှိတယ်။ အိမ်မှာသာ စားစရာမရှိတာ အပြင်ထွက်ရင် သူဌေးလိုလို ဘာလိုလိုဆိုပြီး ပြောစမှတ်ပြုတာလည်း ကြားဖူးကြမှာပါ။ မြို့ပြရဲ့ လမ်းတွေပေါ်က လူတွေကို လိုက်ကြည့်ပါ။ ရုတ်တရက်ဆိုရင် ဘယ်သူကသူဌေး၊ ဘယ်သူက လူလတ်တန်းစား၊ ဘယ်သူက ဆင်းရဲသားရယ်လို့ ပြင်ပပုံပန်းသဏ္ဌာန်ကိုကြည့်ရုံနဲ့ ခွဲခြားနိုင်ဖို့ လွယ်မှာမဟုတ်ပါဘူး။ 

တစ်ခါ မြို့ပြမှာ အကောင်းစားဆိုတာတွေကတော့ နေရာတကာမှာ ပေါများလွန်းပါရဲ့။ ဒါပေမဲ့ အနှစ်အသားပါတာ နည်းလွန်းပါတယ်။ အများစုကတော့ ပြင်ပ အပြင်အဆင်နဲ့ ဖမ်းစားထားပြီး တကယ်ပေးရမယ့် ဝန်ဆောင်မှုတွေမှာ လိုအပ်ချက်တွေ ရှိနေဆဲပါ။ သာဓကအနေနဲ့ အထူးကုဆေးရုံကြီးတွေ ကြည့်မလား၊ စားသောက်ဆိုင် အကောင်းစားတွေ ကြည့်မလား၊ ဈေးဝယ်စင်တာကြီးတွေ ကြည့်မလားပြောစရာတွေ အများသားရယ်။ ယူထားတဲ့ငွေကြေးနဲ့ ပြန်ပေးတဲ့ဝန်ဆောင်မှုဟာ ပြောင်းပြန်အချိုးကျတယ် ပြောရမလားပဲ။ ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင် ကျီးအာသီးတွေပေါ့။

ငွေရှင်ကြေးရှင်၊ လုပ်ငန်းရှင်တွေထဲမှာလည်း မြို့ပြကျီးအာသီးတွေ ရှိနေတာပါပဲ။ သူတို့ဦးနှောက်ထဲမှာ ငွေရပေါက်ရလမ်းကလွဲလို့ တခြားဟာတွေအတွက် နေရာမရှိဘူး ပြောရမှာပါပဲ။ သူတို့အသိုင်းအဝိုင်းမှာ သမာသမတ်ရှိပြီး သမ္မာအာဇီဝနဲ့ စီးပွားဖြစ်ကြသူတွေလည်း ရှိကြပါတယ်။ ဒါပေမဲ့ ရာခိုင်နှုန်းအတော်များများကတော့ အလုပ်သမားတွေအပေါ်ကနေ ခေါင်းပုံဖြတ် အမြတ်ကြီးစားလုပ်ကြတာပါပဲ။ အချင်းချင်း လိမ်လည်လှည့်ဖြားတာတွေလည်းရှိရဲ့၊ ကတိမတည်တာတွေလည်းရှိရဲ့။ စီးပွားရေးသမား ပီသလာပြီဆိုရင် ပညာရှင်ကိုလည်း ငွေပေးခိုင်းစေစရာလို့ပဲ မြင်လာကြတော့တယ်။ ပညာကို လေးစားရမှန်းမသိ ဖြစ်လာနေကြတယ်။ လိုအပ်တုန်း ခေါ်ခန့်ထားပြီး ခိုင်းစေတယ်။ မလိုအပ်တော့တဲ့အခါ အလုပ်ဖြုတ်ပြီး ကန်ထုတ်ပစ်တယ်။ အလုပ်ရှင်နဲ့ဝန်ထမ်း အပြန်အလှန်မှီခိုနေကြရတယ်ဆိုတာကို မသိချင်ယောင်ဆောင်ကြတယ်။ တစ်ဖို့တည်းသမား မြို့ပြစီးပွားရေးသမား ကျီးအာသီးတွေပေါ့။

နောက်ပြီး မြို့ပြရဲ့ လမ်းမကြီးတွေကနေ ရပ်ကွက်တွေထဲကို လမ်းသွယ်လေးတွေအတိုင်း လိုက်လာကြည့်ပါ။ တကယ့်ဘဝတွေကို တွေ့ရပါလိမ့်မယ်။ လမ်းမကြီးတွေဘေးက တိုက်ကြီးတာကြီးများက ကွယ်ထားတော့ ဒါတွေကို အလွယ်တကူနဲ့ မတွေ့မြင်နိုင်ကြပါဘူး။ လမ်းကျဉ်းတွေတစ် လျှောက် ပြွတ်သိပ်ကျပ်ညပ်လွန်းလှတဲ့ လူနေအိမ်လေးတွေကို တွေ့ကြရမှာပါ။ အဲဒီထဲ ရောက်သွားပြီဆိုရင် မြို့ကြီးပြကြီးဆိုတဲ့ အသိပျောက်ပြီး ကျူးကျော်တဲတွေထဲ ရောက်သွားသလိုလို၊ စစ်ဘေးရှောင်စခန်းတွေထဲ ရောက်သွားသလိုလို ခံစားရစေမှာပါပဲ။ ပြောမယုံ ကြုံဖူးမှသိဆိုသလို တကယ်ရောက်ဖူး၊ နေထိုင်ဖူးမှ အပြည့်အဝနားလည်နိုင်ကြမှာပါ။

တကယ်ပါ အပိုမဆိုပါဘူး။ လမ်းမကြီးကနေ လှမ်းမမြင်နိုင်တဲ့ အဲသလိုမျိုး ရပ်ကွက်တွေဟာ မြို့ကြီးပြကြီးတိုင်းလိုလိုမှာ ရှိနေတာပါ။ မြို့ပြစနစ်ကို ဘယ်လိုစီမံခန့်ခွဲနေကြသလဲလို့ နားမလည်နိုင်စရာပေါ့။ နဂိုကတော့ ဝင်းနဲ့ခြံနဲ့ ကျယ်ကျယ်ဝန်းဝန်း ရှိခဲ့ကြမှာပါပဲ။ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ အိမ်လေးတွေဟာ ပြွတ်သိပ်ကျပ်ညပ်လွန်းအားကြီးလှတယ်။ အိမ်လေးတွေဟာ မျက်နှာဖွင့် ၁၀ ပေ၊ ၁၂ ပေ၊ ၁၅ ပေ၊ ပေ ၂၀ စသဖြင့် ရှိတတ်ကြပြီး အနောက်ကို ပေ ၂၀၊ ပေ ၃၀၊ ပေ ၄၀ အရှည် ရှိကြပါတယ်။ အဲဒီအကျယ်အဝန်းရှိ မြေပေါ်မှာ အိမ်ကို အပြည့်ဆောက်လိုက်ကြတဲ့အခါ တစ်အိမ်နဲ့တစ်အိမ်ဟာ ထိစပ်နေတော့တာပါပဲ။

ပြီးတော့ အိမ်လေးတွေဟာ သွပ်မိုးထရံကာတွေပဲ များပါတယ်။ မီးဘေး အန္တရာယ်ကြုံရတဲ့အခါ အကုန်လုံး ကူးစက်ပြီး လောင်ကျွမ်းခံရတော့တာပါပဲ။ ပိုဆိုးတာက လမ်းကျဉ်းလေးတွေ ဖြစ်တာကြောင့် မီးသတ်ကားဝင်လို့ မရတာပါပဲ။ 

အိမ်ချင်းက နီးကပ်လွန်းတာကြောင့် တစ်အိမ်က အသံဗလံတွေကို ဘေးအိမ်တွေကပါ အတိုင်းသားကြားရပါတယ်။ တစ်နေ့တစ်ရက်မဟုတ်ဘဲ နေ့စဉ်နဲ့အမျှဆိုတော့ တစ်နေ့မဟုတ်တစ်နေ့ ပြဿနာတက်ကြတော့တာပါပဲ။ ဒါတွေအပြင် တခြားလူမှုရေးပြဿနာတွေကလည်း ဒုနဲ့ဒေးလို့ ဆိုရမလိုပါပဲ။ ရေဝင်တဲ့ပြဿနာတွေ၊ မိလ္လာစနစ်မကောင်းလို့ ဖြစ်ရတဲ့ပြဿနာတွေ စုံလို့ပါပဲ။ စိုးရိမ်စရာအကောင်းဆုံးတစ်ချက်ကတော့ ကာလဝမ်းလိုမျိုး ကူးစက်ရောဂါများဖြစ်ပွားပါက ထိန်းချုပ်ဖို့ အတော်လုပ်ဆောင်ရနိုင်ပါတယ်။ ကျန်းမာရေးဘက်က ကြည့်ရင်ဖြစ်ဖြစ်၊ မီးရေးထင်းရေးအန္တရာယ်ဘက်က ကြည့်ရင်ဖြစ်ဖြစ် ရင်မနေကြရမယ့် အနေအထားဖြစ်ပါတယ်။

အဲသလို မြို့ကြီးထဲက ရပ်ကွက်တွေထဲ မနေချင်ဘူးဆိုရင်ဖြင့် မြို့အစွန်အဖျားတွေက လယ်ကွင်းတွေကို အကွက်ရိုက်ပြီး ရောင်းချနေတာကို ဈေးနှုန်းအသင့်အတင့်နဲ့ဝယ်ပြီး ပြောင်းရွှေ့နေကြပြန်ပါတယ်။ အဲဒီမြေတွေဟာ အစိုးရက လူနေဖို့ ခွင့်ပြုပြီးသား မြေဖြစ်မဖြစ် မသေချာပါ။ ဒီလိုပဲ စွန့်စားပြီး ဝယ်ယူနေထိုင်ကြတာလို့ ဆိုပါတယ်။ လမ်းစနစ်၊ ရေနုတ် မြောင်းစနစ်၊ ရေမီးစနစ် ဘာတစ်ခုမှ အဆင်သင့်မဖြစ်သေးတဲ့ နေရာတွေ ဖြစ်ပါတယ်။ ကြိုက်ရောင်းကြိုက်ဝယ်ဆိုသလိုမျိုး ဘာတစ်ခုမှ အာမခံချက် မရှိဘဲနဲ့ မြို့ပြကိုချဲ့ထွင်ပြီး နေနေကြတာပါ။ အိမ်နေရာကွက်၊ လမ်းစတာတွေကလည်း အဆင်ပြေသလို ဖော်ဆောင်ဖောက်လုပ်ထားတာတွေပဲ များပါတယ်။ စနစ်ကျမှု အားနည်းလှပါတယ်။ မစုံစမ်း မစစ်ဆေးပဲ ဝယ်ယူပြီးကာမှ အစိုးရပိုင်တဲ့မြေအပေါ် ကျူးကျော်ဆောက်လုပ်ထားတာမျိုးဖြစ်ခဲ့ရင် နောင်တစ်ချိန်မှာ ဒုက္ခရောက်နိုင်ပါတယ်။ ကျူးကျော်ထားလို့ဆိုပြီး စည်ပင်ကတရားဥပဒေနဲ့အညီ လာရောက်ရှင်းလင်းမှ စည်ပင်မကောင်းဘူး၊ အစိုးရမကောင်းဘူးလို့ ဆိုလို့မရပါ။ အစိုးရတို့၊ စည်ပင်တို့ကလည်း မြို့စွန်မြို့ဖျားအရပ်များမှာ လူနေအိမ်များ စတင်ရောင်းဝယ်ဖောက်ကား စဉ်ကတည်းက အသေအချာစိစစ်ပြီး ခွင့်ပြုမပြု ထုတ်ပြန်ထားပေးသင့်ကြပါတယ်။ သို့မှသာလျှင် နောင်ကာလမှာ ပြဿနာမရှိမှာ ဖြစ်ပါတယ်။ ပြည်သူ လူထုကလည်း အရှုပ်အရှင်းကင်းပြီး သေချာမှသာလျှင် ဝယ်ယူနေထိုင်ကြသင့်ပါတယ်။

ဒီနေရာမှာ အိမ်နီးချင်းနိုင်ငံကြီးတစ်ခုရဲ့ မြို့သစ်တည်ဆောက်ပုံကို အနည်းငယ်ဖောက်သည်ချလိုပါတယ်။ သူတို့မြို့တွေမှာ မြို့ဟောင်း၊ မြို့သစ်ဆိုပြီး ရှိကြတာများပါတယ်။ မြို့သစ်ဖော်ပြီဆိုလျှင် အရင်ဦးဆုံး အိမ်နေရာကွက်တွေကို စနစ်တကျဖြစ်အောင် ဖော်ပါတယ်။ ပြီးရင် လမ်းစနစ်နဲ့ ရေနုတ်မြောင်းစနစ် လာပါတယ်။ လမ်းဆိုရင် လူသွားစင်္ကြံနဲ့ လမ်းလယ်ကျွန်းတွေက အမြဲတွဲဖက်ပါလေ့ရှိပါတယ်။ လမ်းဘေးဝဲယာနဲ့ လမ်းလယ်ကျွန်းတွေမှာ ပန်းအလှပင်များ၊ မြက်ခင်းများ၊ အရိပ်ရပင်များကို လှပဝေဆာနေအောင် စိုက်ပျိုးထားရှိပါတယ်။ နောက်ပြီး ရေမီးစနစ်များ အားလုံး အဆင်သင့်ဖြစ်ပြီဆိုမှ လူနေအိမ်များ၊ တိုက်ခန်းများ စတာတွေကို ဆောက်လုပ်စေပါတယ်။ လူနေမှုစနစ်အရ အကုန်ပြည့်စုံပြီဆိုမှ လူနေထိုင်ခွင့်ပြုပါတယ်။ အင်မတန်အားကျအတုယူစရာ ကောင်းလှပါတော့တယ်။ 

ဒီစာစုလေးကို ဖတ်ရှုကြခြင်းအားဖြင့် မြို့ပြများမှာ ကျီးအာသီးလို အဖြစ်များ တတ်နိုင်သမျှ လျော့နည်းအောင် အားထုတ်ကြစေလိုပါတယ်။ ထို့ထက်တစ်ဆင့်တက်ပြီး ပျောက်ကွယ်သွားအောင် စီမံကြစေလိုပါတယ်။ မြို့ ပြအဖြစ်ကို ပြက်ရယ်ပြု ပြောင်လှောင်လိုခြင်း၊ နှိမ့်ချလိုခြင်း အလျှင်း မရှိပါ။ ကောင်းစေလိုသော စေတနာအရင်းခံဖြင့်သာ ရေးသားလိုက် ရပါတော့တယ်။

ဆဏ်းဝင်းအောင်