News

POST TYPE

PERSPECTIVE

မြို့ရန်ကုန်က ဆူညံသံများ ဆန်းစစ်ဖို့လိုနေပြီလား
11-Sep-2019



ခုနောက်ပိုင်း ရန်ကုန်မှာ ထူးထူးခြားခြား သတိထားမိလာတဲ့ အချက်ကတော့ ဆူညံသံတွေကို နားနဲ့မဆံ့အောင် ပိုမိုကြားလာရတဲ့အချက် ဖြစ်ပါတယ်။ 

မော်တော်ယာဉ်တွေက စက်သံ၊ ဟွန်းသံ၊ လေယာဉ်သံ၊ ဖုန်စုတ်စက်၊ မြက်ရိတ်စက်သံတွေ၊ ခွေးဟောင်သံ၊ နှိုးစက်သံ၊ အသံချဲ့စက်တွေက အသံ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေက အသံ စတဲ့ အသံမျိုးစုံဟာ ဆူညံသံတွေဖြစ်ကြပါတယ်။ အကြောင်းကတော့ လူတို့ စိတ်အနှောင့်အယှက်ဖြစ်လောက်အောင် ကျယ်လောင်တဲ့အသံ၊ လူတို့ မလိုလား၊ မနှစ်သက်တဲ့အသံတွေဟာ ဆူညံသံတွေဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ဖွင့်ဆိုထားလို့ပဲဖြစ်ပါတယ်။ တချို့အသံတွေဟာ ကျယ်လောင်တဲ့အသံမဟုတ်ပေမယ့် အချိန်အကြာကြီး ကြားလာရတဲ့ အခါ လူ့စိတ်ကို အနှောင့်အယှက်ဖြစ်စေတဲ့အတွက် ဆူညံသံလို့ သတ်မှတ်ရခြင်းပါ။ အသံညစ်ညမ်းမှု ဆိုတာကတော့ ပတ်ဝန်းကျင်ရှိ လူနှင့်တိရစ္ဆာန်တွေရဲ့ ကိုယ်၊ စိတ် ကျန်းမာရေးကို ထိခိုက်စေတဲ့ လူလုပ်အသံမျိုးစုံဖြစ်တယ်လို့ သိရပါတယ်။ 

ဆူညံသံရဲ့ နောက်ဆက်တွဲပြဿနာ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ အစီရင်ခံစာအရ ဆူညံသံကြောင့် လူတို့အပေါ်သက်ရောက်စေတဲ့ ဆိုးကျိုးတွေကတော့ အကြားအာရုံချို့ယွင်းစေတာ၊ စကားပြောဆို ဆက်ဆံရေးကို အနှောင့်အယှက်ဖြစ်စေတာ၊ အိပ်မပျော်တာ၊ နှလုံးသွေးကြောဆိုင်ရာနှင့် ဇီဝကမ္မဖြစ်စဉ်ဆိုင်ရာ ထိခိုက်မှုတွေဖြစ်စေတာ၊ စိတ်ကျန်းမာရေးကို ထိခိုက်စေတာ၊ စိတ်ဖိစီးမှုနဲ့ဆက် စပ်ရောဂါတွေကြောင့် နေ့စဉ်ဘဝ လုပ်ငန်းဆောင်တာတွေကို ထိခိုက်စေတာတွေ ဖြစ်ပါတယ်။ ကလေးသူငယ်တွေအတွက်တော့ ဆူညံသံကို ကြာရှည်ခံစားရတဲ့အခါ ကလေးရဲ့မှတ်ဉာဏ်ကို ထိခိုက်စေတဲ့အပြင် စာဖတ်နှုန်း နှေးကွေးပြီး နားလည်နိုင်စွမ်းရည်ကိုပါ ပျက်စီးစေတယ်လို့ လေ့လာတွေ့ ရှိရပါတယ်။ ဆူညံသံကြောင့် အဓိကအားဖြင့် နားအကြားအာရုံကို ထိခိုက်စေနိုင်တယ်ဆိုပေမယ့်လည်း လက်တွေ့မှာတော့ နားအကြားအာရုံကိုသာမက အခြားသော နောက်ဆက်တွဲပြဿနာပေါင်းများစွာကိုပါ ဖြစ်ပေါ်စေနိုင်တာကိုလည်း တွေ့ရပါတယ်။ စစ်တမ်းတွေအရ ကျယ်လောင်တဲ့ ဆူညံသံဒဏ်ကို ခံစားထားရသူတွေမှာ အိပ်မပျော်တာ၊ ခေါင်းကိုက်တာ၊ စိတ်မကြည်မလင်ဖြစ်တာ၊ ရန်လိုတတ်လာတာတွေ ခံစားကြရတယ်လို့ဆိုပါတယ်။ 

အသံရဲ့အတိုင်းအတာနှင့် လူတို့်ရဲ့ နားခံနိုင်ရည်

လူတွေရဲ့ နားအကြားအာရုံဖြင့် ကြားနိုင်သောအသံပမာဏကို အသံအတိုးအကျယ်ပြယူနစ် ဒက်ဆီဘယ် (Decibles: dB) နဲ့ တိုင်းတာသတ်မှတ်ပါတယ်။ ယေဘုယျအားဖြင့်တော့ ဒက်စီဘယ်ဂဏန်းများလာလေ နားကိုဒုက္ခပေးနိုင်လေဖြစ်ပါတယ်။ အသံ ၁၀ ဒက်စီဘယ်တိုးတိုင်း နှစ်ဆပိုကျယ်လာပြီး ၇၅ ဒက်စီဘယ်ထက်များတဲ့ အသံကို အမြဲကြားနေရမယ်ဆိုရင် အကြားအာရုံ ချို့ယွင်းနိုင်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ လေ့လာတွေ့ရှိချက်တွေအရ ပုံမှန်စကားပြောသံဟာ ဒက်ဆီဘယ် ၆၀ ခန့် ရှိပြီး ဆူညံတဲ့စားသောက်ဆိုင်ထဲက အသံက ၉၀ ဒက်ဆီဘယ်ခန့် ရှိတယ်လို့ သိရပါတယ်။ ၁၁၀ ဒက်ဆီဘယ်လောက်ရှိတဲ့ ရော့ခ်သီချင်းသံမျိုးကိုတော့ လူရဲ့နားက ၂ မိနစ်ခန့်သာ လက်သင့်ခံပြီး ဗြောက်အိုးဖောက်သံလိုမျိုး ၁၄၅ ဒက်ဆီဘယ်ထက်ကျော်တဲ့ အသံတွေကတော့ အန္တရာယ်ရှိတဲ့အသံ တွေဖြစ်ပြီး လူရဲ့နားက ခံနိုင်ရည်မရှိတတ်ပါဘူး။ ဒီအတွက် အမေရိကန်နိုင်ငံ ပတ်ဝန်းကျင်ကာကွယ်ရေး အေဂျင်စီရဲ့ The Environmental Protection Agency’s (EPA’s) ရဲ့ လေ့လာတွေ့ရှိချက်တွေအရ ယေဘုယျအားဖြင့် ၈၅ ဒက်ဆီဘယ်ထက်ပိုတဲ့အသံတွေကို ဆက်တိုက်ကြားနေရမယ်ဆိုရင် လူတွေရဲ့ နားအကြားအာရုံကို ထိခိုက်စေနိုင်တယ်လို့ ဆိုထားပါတယ်။ အသံကျယ်လောင်လွန်းရင် အသံကြားရသည့်ကာလ မကြာမြင့်စေကာမူ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ အလွန်အမင်း ကျယ်လောင်ခြင်းမရှိပေမယ့်လည်း ကာလအတန်ကြာ ဆူညံသံတွေကို ကြားနေရရင်လည်း အလားတူ ထိခိုက်စေနိုင်ပါတယ်။ သာမန်လူကောင်း တစ်ယောက်အတွက် တစ်ရက်တာကာလအတွင်း ၈၅ ဒက်ဆီဘယ်ထက် မပိုသောအသံကို အများဆုံး ၈ နာရီခန့်အထိသာ ရရှိသင့်ပြီး ၁၀ နာရီခန့်သည် ဒက်ဆီဘယ် ၇၀ အောက်သာရှိသင့်တယ်လို့ လေ့လာရပါတယ်။ ကလေးသူငယ်တွေအတွက် အမြင့်ဆုံး ခံနိုင်ရည်အသံပမာဏဟာ ၁၂၀ ဒက်ဆီဘယ်ဖြစ်ပြီး အရွယ်ရောက်ပြီးသူတွေအတွက်ကတော့ ၁၄၀ ဒက်ဆီဘယ်လို့ သတ်မှတ်ထားပါတယ်။ ဒါ့ထက်ပိုရင်တော့ နားအကြားအာရုံကို ထိခိုက်စေမှာဖြစ်ပါတယ်။ ဗြိတိန်ဆေးပညာအသင်းရဲ့ စစ်တမ်းတစ်ရပ်အရ အသံဆူညံတဲ့ပတ်ဝန်းကျင်မှာ နေထိုင်သူတွေဟာ သက်တမ်းတိုကြပြီး လေဖြတ်ရောဂါဖြစ်နိုင်ခြေပိုများတဲ့အပြင် ဒက်ဆီဘယ် ၆၀ အထက် ပတ်ဝန်းကျင်မှာ နေထိုင်သူတွေဟာ ၅၅ ဒက်ဆီဘယ်အောက် ပတ်ဝန်းကျင်မှာ နေထိုင်သူတွေထက် သေဆုံးမှုနှုန်း ၄ ရာခိုင်နှုန်းပိုများကြောင်း လေ့လာရပါတယ်။ 

ကိုယ်တွေ့ကြုံရ အသံဒုက္ခ

ဒီနေရာမှာ ကျွန်မကိုယ်တွေ့ ကြုံရတာလေးကို မျှဝေရရင် ပြီးခဲ့တဲ့လက မျဉ်းကျားမှာ လမ်းဖြတ်ကူးဖို့ စောင့်နေတုန်း ရှေ့မှာ ထိုးရပ်လိုက်တဲ့ YBS ကားကြီးက ဟွန်းကို တရစပ် ဆောင့်တီးလိုက်တာကြောင့် ကျွန်မရဲ့နား ရုတ်တရက် အတော်အူသွားပါတယ်။ အိမ်လည်း ပြန်ရောက်ရော တစ်ခါမှမဖြစ်စဖူး၊ ခေါင်းက ချာချာလည်နေအောင် မူးပါလေရော။ ဆရာဝန် က ပြင်းထန်တဲ့ဆူညံသံက ပြင်ပအာရုံကြောငယ် Peripheral Nerve လေးတွေကို ထိခိုက်သွားစေတာကြောင့်လို့ ပြောပါတယ်။ မနေ့တစ်နေ့ကလည်း မြို့လယ်ကောင်က စားသောက်ဆိုင်တစ်ခုထဲမှာ ထိုင်နေတုန်း မီးပွိုင့်မှာ တန်းစီနေကြတဲ့ ကားတစ်စီးကနေ ဟွန်းသံကျယ်ကြီးကို တစ်မိနစ်လောက် မလွှတ်တမ်း ဖိတီးထားလိုက်တာကြောင့် ကျွန်မအပါအဝင် ဆိုင်တွင်းကရော ပတ်ဝန်းကျင်က လူတွေပါ စိတ်အနှောင့်အယှက်ဖြစ်ပြီး နားတွေကို ပိတ်ထားလိုက်ရတဲ့အထိ ဖြစ်သွားပါတယ်။ ဒါကြောင့် ဒီလိုဆူညံသံမျိုးကို နေ့စဉ်နဲ့အမျှ နားဒုက္ခခံနေကြရတဲ့ မြို့နေလူထုဆီကနေ မြို့တွင်းမှာ ပြေးဆွဲနေတဲ့ YBS ကားတွေမှာ ဒီလောက်တောင် ဆူညံနှုန်းမြင့်တဲ့ဟွန်းမျိုး တပ်ထားဖို့ လိုအပ်ရဲ့လား၊ လူစည်ကားရာမြို့လယ်ကောင်မှာ မောင်းနှင်နေကြတဲ့ကားတွေက ဟွန်းသံရဲ့ ဒက်ဆီဘယ်တွေကို ကျွမ်းကျင်သူတွေနဲ့ ဆန်းစစ်ဖို့လိုလာပြီလားဆိုတဲ့ မေးခွန်းမျိုး ထွက်ပေါ်နေတာကို ကြားသိနေရပါတယ်။ ရန်ကုန်မြို့မှာ လွန်ခဲ့တဲ့ ဆယ်နှစ်နှစ်က ဟွန်းသံကင်းမဲ့ဇုန်တွေ သတ်မှတ်ပြီး မလိုအပ်ဘဲ ဟွန်းတီးခြင်းကို တားမြစ်ခဲ့ပေမယ့် အခုအချိန်မှာတော့ လိုလို၊ မလိုလို ဟွန်းတွေ၊ စက်ဘီး၊ ဆိုက်ကား ဘဲလ် (Bell) တွေကို တီးနေကြတာကို နေရာအနှံ့ကြားနေရပါတယ်။

အသံချဲ့စက်နဲ့ ကျွန်မတို့နိုင်ငံ

ကျွန်မတို့နိုင်ငံမှာ ရှေးယခင်ကာလကတည်းက အသံချဲ့စက်တွေကို သာရေး၊ နာရေးကိစ္စတွေမှာ သုံးလေ့ရှိခဲ့ကြပေမယ့်လည်း ခုနောက်ပိုင်း နည်းပညာတိုးတက်မြင့်မားလာတာနဲ့အမျှ ဘာသာရေးအကြောင်းပြပြီး ပွဲလမ်းသဘင်တချို့မှာ အသံချဲ့စက်ပေါင်းများစွာကို တစ်ပြိုင်တည်း အစုလိုက် အပြုံလိုက်ဖွင့်သုံးကြတဲ့အပြင် အသံကြိမ်နှုန်းမြင့်မားတဲ့ သီချင်းတွေကို ဆက်တိုက်ဖွင့်ကြခြင်းကြောင့် ပတ်ဝန်းကျင်ကလူတွေအတွက် ရေရှည်မှာ ကျန်းမာရေးထိခိုက်မှုများ ဖြစ်လာကြတာကို တွေ့ရှိရပါတယ်။ တစ်ခုခု ဆိုးကျိုးဖြစ်လာရင် ကံကံ၏အကျိုးလို့ ယုံကြည်ဖြေသိမ့်လေ့ရှိကြတဲ့ ကျွန်မတို့နိုင်ငံက လူအတော်များများရဲ့ စရိုက်ကြောင့်ရယ်၊ သုတေသနတွေ၊ စစ်တမ်းတွေ ကောက်ယူပြုစု လေ့လာမှုနည်းပါးနေသေးတဲ့ အခြေအနေတွေရယ်ကြောင့် တိတိကျကျ မသိနိုင်ပေမယ့် ခုနောက်ပိုင်း လုယက်မှု၊ ရိုက်နှက်မှု၊ လူသတ်မှု စတဲ့ ရာဇဝတ်မှုတွေ ပိုမိုအဖြစ်များလာတာတွေဟာ ဆူညံသံတွေကြောင့် လူတွေမှာ သွေးဆူလွယ်လာကြပြီး လောဘ၊ ဒေါသတွေ ပိုမိုများပြားလာတာလား ဆိုတာလည်း စဉ်းစားစရာတစ်ချက်ဖြစ်ပါတယ်။ 

ဆူညံသံတွေကို ဘယ်လိုထိန်းချုပ်ကြမလဲ 

နိုင်ငံတကာက အတွေ့အကြုံတွေအရ တကယ်တော့ ဆူညံသံကို အလွယ်တကူထိန်းချုပ်နိုင်ပါတယ်။ ဒါပေမဲ့လည်း ဆူညံသံကြောင့် ထိခိုက် ခံစားရတာတွေကို အရေးယူပေးဖို့ ပြည်သူတွေက တောင်းဆိုလာမှ တာဝန်ရှိသူတွေက အရေးယူဆောင်ရွက်ကြတာ များတာကြောင့် အချိန်အတော် နောက်ကျနေတတ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ အစီရင်ခံစာအရ ဆူညံသံကိုလျှော့ချဖို့ ဒါမှမဟုတ် ဖျောက်ဖျက်ဖို့ဆိုရာမှာ ဆူညံသံထွက်ပေါ်နေတဲ့ အရင်းအမြစ်ကိုဖယ်ပစ်လိုက်ဖို့ ဖြစ်ပါတယ်။ ဒါကြောင့်လည်း လွန်ခဲ့တဲ့နှစ်က ဓမ္မာရုံကဖွင့်တဲ့ အသံချဲ့စက်သံကို ဆူညံသံလို့သတ်မှတ်ပြီး မခံနိုင်တဲ့ နိုင်ငံခြားသားတစ်ယောက်က အသံချဲ့စက်ကြိုးကို လာဖြုတ်လိုက်တာမျိုး လုပ်လိုက်တာ ဖြစ်ပုံရပါတယ်။ နောက်တစ်ချက်က ဆူညံသံ ထွက်ပေါ်နေသည့်နေရာနဲ့ အိမ် သို့မဟုတ် အများပြည်သူပိုင်နေရာအကြား အသံကိုကာပေးမယ့် အကာအကွယ် (Sound Barrier) တွေ တည်ဆောက်ပေးခြင်းဖြစ်ပါတယ်။ အနောက်နိုင်ငံတချို့မှာ လေဆိပ်ကနေ မြို့တွင်းလာရာ လမ်းတစ်လျှောက်မှာ၊ အမြန်လမ်းတစ်လျှောက်မှာ နေထိုင်တဲ့ ပြည်သူတွေ အသံဆူညံခြင်းဘေးက ကင်းဝေးစေဖို့အတွက် အကာအရံတွေ ထားရှိပေးထားတာကို လေ့လာတွေ့ရှိခဲ့ရဖူးပါတယ်။ ဆေးရုံတွေ၊ ကျောင်းတွေ၊ ပြခန်းတွေ၊ လူနေရပ်ကွက်တွေရဲ့ အနီးပတ်ဝန်းကျင်မှာ မော်တော်ယာဉ်ဟွန်းမတီးရဇုန် သတ်မှတ်ခြင်း၊ နံရံများကို အသံလုံနံရံများဖြင့် အစားထိုးခြင်း၊ ထိုဧရိယာများ၌ ကားသွားလာနှုန်းကိုလျှော့ချခြင်း၊ လေဆိပ်နားအနီးရှိပြည်သူတွေအတွက်လည်း အသံညစ်ညမ်းမှု မခံစားရလေအောင် အစီအမံကောင်းတွေ ထားရှိပေးခြင်းစတာတွေကိုလည်း ပြုလုပ်ပေးထားပါတယ်။ 

ဒါ့အပြင် ဆူညံသံထွက်ပေါ်စေတဲ့အရာတွေမှာ အသံထိန်းကိရိယာများကို လိုအပ်သလို ဒီဇိုင်းထုတ် တပ်ဆင်မှုတို့လည်းပါဝင်ပါတယ်။ ဥပမာ- မော်တော်ယာဉ်အိတ်ဇောတွေမှာ မြည်သံလျော့ပါးစေတဲ့ကိရိယာ (Silencer) တွေတပ်ဆင်စေတာ၊ အိတ်ဇောကို တမင်အသံကျယ်အောင် လုပ်ထားရင်ပြင်းထန်ထိရောက်စွာ အရေးယူဆောင်ရွက်တာ၊ အသံလုံ မီးစက်တွေ ထုတ်လုပ်အသုံးပြုစေတာ၊ ကားတွေရဲ့အမြန်နှုန်းကို လျှော့ချတာ၊ လမ်းမျက်နှာပြင်ဒီဇိုင်းပြောင်းတာ စသဖြင့် ဆူညံသံထိန်းချုပ်မှုတွေကို ပြုလုပ်ပေးကြသလို ဆူညံတဲ့လုပ်ငန်းခွင်မှာ အလုပ်လုပ်ကြရတဲ့ အလုပ်သမားတွေကို နားကြပ်များ မတပ်မနေရ တပ်ဆင်စေတာတွေလည်း ပါဝင်ပါတယ်။

ဆူညံသံနဲ့ ဥပဒေအထိန်းအကွပ်

အင်္ဂလန်နိုင်ငံမှာ ရဲကား၊ အရေးပေါ်ကား၊ မီးသတ်ကားများမှလွဲပြီး လူနေအိမ်ခြေများအကြား အသံချဲ့စက်ဖွင့်ခြင်းကို ည ၉ နာရီမှ နံနက် ၈ နာရီ ထိ မပြုလုပ်ရန် တားမြစ်ထားပြီး အကယ်၍ ပြုလုပ်လိုပါက သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းထံမှာ ပွဲမိန့်လိုင်စင် (မဲဆွယ်ပွဲနှင့် ကြော်ငြာတွေကလွဲလို့) လျှောက်ထားနိုင်ပါတယ်။ အစားအသောက်ရောင်းချဖို့အတွက် အသံချဲ့စက်သုံးခြင်းကိုတော့ မွန်းတည့်ချိန်ကနေ ည ၇ နာရီထိသာ ခွင့်ပြုထားပြီး လူနေတိုက်တာအိမ်ခြေနှင့် ဥယျာဉ်ပန်းခြံတွေကနေ ဆူညံသံများ ထွက်ပေါ်ခြင်းကို ည ၁၁ နာရီမှ နံနက် ၇ နာရီထိ တားမြစ်ထားပါတယ်။ တကယ်လို့ ဆူညံသံကြောင့် အများပြည်သူက တိုင်တန်းခဲ့ရင်တော့ သက်ဆိုင်ရာက အဲဒီနေရာကိုသွား၊ ဆူညံမှုကိုတိုင်းတာပြီး သတ်မှတ်ထားသည့် ပမာဏထက် ကျော်လွန်နေရင် သတိပေးတားမြစ်ရမည်။ မလိုက်နာရင်တော့ ဒဏ်ငွေအဖြစ် ပေါင် ၁၀၀ (မြန်မာငွေ ကျပ်တစ်သိန်းခွဲနီးပါး) ပေးဆောင်စေရမယ့်အပြင် ဆူညံသံကိုဖြစ်ပေါ်စေတဲ့ အရာဝတ္ထုအား သိမ်းဆည်းရမည်။ ဒါကို အဟန့်အတားပြုရင်တော့ ဒဏ်ငွေ ပေါင် ၁၀၀၀ (မြန်မာငွေ ကျပ် တစ်ဆယ့်ငါးသိန်းနီးပါး) ထိ ဒဏ်တပ်ရိုက်နိုင်တယ်လို့ သိရပါတယ်။ စင်ကာပူနိုင်ငံမှာလည်း ဆူညံသံနှင့်ပတ်သက်သည့် ဥပဒေနှစ်မျိုးရှိတယ်လို့ သိရပြီးတစ်မျိုးကတော့ ဆူညံသံကြောင့် အများပြည်သူ အနှောင့်အယှက်ဖြစ်မှုကို ကာကွယ်ပေးတဲ့ဥပဒေဖြစ်ပြီး နောက်တစ်မျိုးက လုပ်ငန်းခွင်မှ ဆူညံသံကြောင့် အလုပ်သမားများ နားလေးမည့်အန္တရာယ်မှ ကာကွယ်ပေးတဲ့ ဥပဒေဖြစ်တယ်လို့ သိရပါတယ်။

ကျွန်မတို့နိုင်ငံမှာလည်း ဆူညံသံထိန်းချုပ်မှုနဲ့ ပတ်သက်လို့ ၂၀၁၂ ခုနှစ်မှာ ထုတ်ပြန်ပြီး ၂၀၁၆ ခုနှစ်မှာ ပြင်ဆင်ဖြည့်စွက်ထားတဲ့ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးဥပဒေ ပုဒ်မ ၁၈ အရ “ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်း နေထိုင်သူသည် အသံချဲ့စက်ဖွင့်လိုပါက သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံမှ ခွင့်ပြုမိန့်ရယူရမည့်အပြင် သတ်မှတ်ထားသည့် စည်းကမ်းချက်များကို လိုက်နာရမည်ဖြစ်ပြီး မည်သူမဆို ဖောက်ဖျက်ပါက ကျပ်ငါးထောင်ထက်မပိုသော ငွေဒဏ်ချမှတ်ရမည်၊ ငွေဒဏ်ပေးဆောင်ရန် ပျက်ကွက်ပါက ခုနစ်ရက်ထက်မပိုသော ထောင်ဒဏ်ကျခံစေရန် သက်ဆိုင်ရာ တရားရုံးက ချမှတ်ရမည်” လို့ ပြဋ္ဌာန်းထားပါတယ်။ ဒါ့အပြင် ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးနည်း ဥပဒေ အခန်း(၄)၊ ပုဒ်မ ၁၄ (င) တွင် အသံချဲ့စက်ဖွင့်လိုသူသည် သုံးရက် ကြိုတင်လျှောက်ထားရမည်ဖြစ်ပြီး ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူးက လိုအပ်သလို စိစစ်၍ “အများပြည်သူ အနှောင့်အယှက်မဖြစ်စေရေးအတွက် ခွင့်ပြုသည့် ဥပစာတွင် အများပြည်သူ ကြားသိနိုင်ရုံမျှသာ ဖွင့်ခွင့်ပြုခြင်း” အပြင် “လိုအပ်၍ ခွင့်ပြုချက်ရပ်စဲခြင်း” ပြုလုပ်နိုင်ကြောင်း အတိအလင်းပြဋ္ဌာန်းထားတာကို တွေ့ရပါတယ်။ ဒါကြောင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများအနေနဲ့ အများပြည်သူစိတ်သောကရောက်လောက်အောင် ဆူညံသံဖြစ်ပေါ်စေတဲ့ အသံချဲ့စက်ဖွင့်သူတွေကို မိမိကိုပေးအပ်ထားတဲ့တာဝန်နဲ့ လုပ်ပိုင်ခွင့်ဘောင်ထဲကနေပြီး တာဝန်သိသိနဲ့ စစ်ဆေးအရေးယူ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ တစ်ခုပြောလိုတာက ကျွန်မတို့နိုင်ငံမှာ အသံချဲ့စက်ဖွင့်ခြင်းကိုထိန်းချုပ်တဲ့ ဥပဒေရှိပြီးဖြစ်ပေမယ့် မြို့ကြီးပြကြီးတွေမှာ နေထိုင်ကြတဲ့ အများပြည်သူတွေရဲ့အကျိုးအတွက် မော်တော်ယာဉ်တွေက ထွက်ပေါ်လာတဲ့ ဆူညံသံတွေကို ထိန်းချုပ်ကန့်သတ်တဲ့ဥပဒေ ပြဋ္ဌာန်းချက်မရှိသေးတဲ့အတွက် ရေရှည်မှာ ပြည်သူ့ကျန်းမာရေးအတွက် ထည့်သွင်းစဉ်းစားစရာ ဖြစ်ပါတယ်။ 

လူမှုဘဝလှပဖို့၊ ဆူညံသံတွေ လျှော့ကြစို့

နိဂုံးချုပ်အနေနဲ့ ကျွန်မတို့အားလုံး ကျန်းမာတဲ့ လူမှုဘဝကို ပိုင်ဆိုင်နိုင်ဖို့အတွက် ရုပ်ပိုင်းရော စိတ်ပိုင်းဆိုင်ရာပါထိခိုက်စေတဲ့ ဆူညံသံတွေကိုလည်း အတတ်နိုင်ဆုံး လျှော့ချဖို့လိုအပ်မှာ ဖြစ်ပါတယ်။ နားအကြားအာရုံဆိုတာ လူသားတစ်ဦးအတွက် အလွန်အရေးကြီးတာမို့ ဆူညံသံတွေကြောင့် အကြားအာရုံ ပျက်စီးစေတာမျိုး မဖြစ်ပေါ်သင့်ပါ။ အထူးသဖြင့် ရှောင်လွှဲရနိုင်သည့် ဆူညံသံများဖြစ်သည့် အလှူအတန်း၊ သာရေး၊ နာရေးများတွင် အသံချဲ့စက်အမျိုးမျိုးကို အရေအတွက် အများအပြားဖြင့် တစ်ပြိုင်တည်း ဖွင့်ခြင်းမျိုး၊ မလိုလားအပ်တဲ့ဆူညံနှုန်းမြင့် ဟွန်းတီးမှုမျိုးဟာ ပတ်ဝန်းကျင်ရှိ အများပြည်သူအားလုံးအတွက် နားအကြားအာရုံကိုသာမက အခြားသော ရုပ်ပိုင်း၊ စိတ်ပိုင်း ကျန်းမာရေးဆိုင်ရာ ပြဿနာပေါင်းများစွာကိုပါ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်လည်း ခုလို ဆူညံသံရဲ့ ဆိုးကျိုးသက်ရောက်မှုတွေကို ပြည်သူတစ်ဦးချင်းစီအနေနဲ့လည်း သေသေချာချာ သိနားလည်သွားကြမယ်ဆိုရင် ကိုယ်တိုင်အသိတရားရှိရှိနဲ့ ဆင်ခြင်ပြီး ဆူညံသံတွေကို လျှော့ချနိုင်ကြစေဖို့ အများအကျိုးအတွက် သဘောရိုးစွက်ပြီး ရေးသားလိုက်ရပါတယ်။

နန်းသီတာလွင်