News

POST TYPE

PERSPECTIVE

မြာဝအထဲက ကျေးရွာမှ အက်ကွဲနေသော ကျောင်းတက်ခေါင်းလောင်းသံ
10-Sep-2019


(တစ်)

“ဆရာကြီး... သမီးတို့ စာအုပ်ကို မိုးရေတွေ စိုနေပြီ...”

ပထမတန်းကျောင်းသူ ကလေးငယ်၏ ငိုသံစွက်နေသောအသံကြောင့် ကျောင်းဆရာလေး ကိုအောင်စိုးတစ်ယောက် ရင်ထဲသို့ မြားအချက်ပေါင်းများစွာ ခွင်းလိုက်သလို ခံစားရလေသည်။ အသံလာရာဘက်တွင်တော့ သူ့ကို အားကိုးတကြီး ကြည့်နေကြသော ပထမတန်းကျောင်းသူကျောင်းသားကလေးငယ် ၃ ဦး၏ မျက်လုံးသူငယ်လေးများကို တွေ့ရသည်။ သူတို့ရှေ့ စာသင်ခုံတန်းလျားပေါ်တွင်တော့ မိုးစက်မိုးပေါက်များ တစက်စက်ကျဆင်းနေသော ကျောင်းစာအုပ်များ။ သည်မြင်ကွင်းမျိုးက သူ့အတွက် ကြိမ်ဖန်များစွာ မြင်တွေ့ဖူးသော မြင်ကွင်းတစ်ခုပင် ဖြစ်သည်။ သို့သော် သည်မြင်ကွင်းမျိုးကို မြင်ရတိုင်းတွင် ကျောင်းဆရာလေး ကိုအောင်စိုးတစ်ယောက် သူ့ကိုယ်သူ အပြစ်သားတစ်ဦးကဲ့သို့ ခံစားရကာ မျက်နှာလွှဲခဲ့ရမြဲ။ ယခုလည်း ပထမတန်းကျောင်းသူ ကလေးငယ်များ၏အားကိုးတကြီး မျက်လုံးသူငယ်ကလေးများကို ရင်မဆိုင်ဝံ့စွာ ခေါင်းငုံ့ချ လိုက်မိပြန်လေသည်။ 

ဝါခေါင်မိုးသည် အတော်အတန် အားကောင်းလွန်းသောလေပြင်း များနှင့်ရောနှောကာ သဲကြီးမဲကြီး ရွာသွန်းလျက်ရှိနေသည်။ ဓနိမိုး၊ ထရံကာ မူလစာသင်ကျောင်းကလေးထဲတွင်တော့ ခေါင်မိုးမှ ယိုစီးနေသော မိုးရေစက်များက ကျောင်းသူကျောင်းသားအချို့အပေါ်သို့ ကျရောက်လျက်ရှိနေသည်။ တကယ်တော့ အလျား ပေ၂၃ ပေနှင့် အနံပေ ၁၅ ပေမျှသာ ရှိသော သည်မူလတန်းကျောင်းကလေးထဲတွင် KG တန်းမှ တတိယတန်းအထိ ကျောင်းသူကျောင်းသား စုစုပေါင်း ၁၀ ဦးမျှသာ ရှိသည်။ သို့သော် ထိုကျောင်းသူကျောင်းသား ၁၀ ဦးခန့်မျှကိုပင် လုံခြုံစွာပညာသင်ကြားခွင့်မပေးနိုင်သည်မှာ ဆရာ၊ ဆရာမများ၏အပြစ်လားဟု ကျောင်းဆရာလေး ကိုအောင်စိုးတစ်ယောက် တွေးသည်။ လိုအပ်ချက်များလွန်းသော မူလတန်းစာသင်ကျောင်းကလေးနှင့် ကလေးငယ်များ၏အနာဂတ်ပညာ ရေးအတွက် ရင်လေးစွာ သက်ပြင်းရှည်တစ်ချက် ချလိုက်မိပြန်လေသည်။ 

(နှစ်)

သံတွဲမြို့ပေါ်မှ အဝေးပြေးလမ်းမကြီးအတိုင်း ၂၅ မိုင်ခန့် သွားလိုက်မည်ဆိုပါက သစ်ငုတ်တိုကျေးရွာသို့ ရောက်ရှိမည်ဖြစ်သည်။ သစ်ငုတ်တို ကျေးရွာသည် မြို့ပြအရိပ်အာဝါသနှင့်ကင်းလွတ်ကာ ကျေးလက်ဆန်သော နေရာဖြစ်သည့်အပြင် ပင်လယ်ကမ်းခြေနှင့် နီးကပ်သဖြင့် ပင်လယ်၏ အငွေ့အသက်ကို ကောင်းစွာရရှိနိုင်သော ရွာကလေးဖြစ်သည်။ ထိုသစ်ငုတ်တို ကျေးရွာမှတစ်ဆင့် သဲဆန်သောမြေသားတောလမ်းကလေးကို တစ်မိုင်ခွဲ ခန့်လျှောက်သွားလိုက်သောအခါ ပုဇွန်ဖြေချောင်းကလေးက ဆီးကြိုနေလိမ့်မည်ဖြစ်သည်။ ပုဇွန်ဖြေချောင်းကလေး၏ကမ်းစပ်တစ်နေရာတွင်တော့ ကူးတို့ဆိပ်ငယ်ကလေးတစ်ခုကို တွေ့မြင်နိုင်သည်။ ထိုကူးတို့ဆိပ်ကို ဒေသခံများက ဆိပ်ကြီးဟုခေါ်သည်။ ထိုကူးတို့ဆိပ်မှတစ်ဆင့် ပုဇွန်ဖြေချောင်းကိုဖြတ်ကာ လက်တောင် လေးလံခန့်ရှိသော စက်လှေကလေးဖြင့် ဆန်တက်သွားမည်ဆိုပါက ကျွန်းဆန်သော ရွာငယ်ကလေးတစ်ရွာသို့ ရောက်ရှိသွားမည်ဖြစ်သည်။ ထိုရွာကလေး၏အမည်မှာ မြာဝအထဲကွင်း ကျေးရွာပင် ဖြစ်သည်။ 

မြာဝအထဲကွင်းကျေးရွာသည် အိမ်ခြေ ၄၂ အိမ်ခန့်သာရှိသော ကျေးရွာကလေးဖြစ်သည်။ မြို့ပေါ်လမ်းမကြီးနှင့် ဝေးကွာသည့်အပြင် ချောင်းကျဉ်းငယ်များ ဝန်းရံပိတ်ဆို့ထားသောကျေးရွာဖြစ်သဖြင့် သီးသန့်ဆန်ကာ လမ်းပန်းဆက်သွယ်ရေး ခေါင်းပါးသည်။ ကျေးရွာသားအများစုမှာ မီးသွေးဖုတ်လုပ်ငန်းဖြင့် အသက်မွေးကြသည်။ ပင်လယ်နှင့် ရွာနီးစပ်ချုပ် ချောင်းရိုးတစ်လျှောက်တွင် ငါးရှာဖားရှာ လုပ်ကိုင်စားသောက်သူ အချို့လည်းရှိသည်။ မြာဝအထဲကွင်းကျေးရွာသည် ပင်လယ်နှင့်နီးကပ်ကာ ပင်လယ်ဒီရေတောများ ပေါက်ရောက်သောဒေသဖြစ်သဖြင့် ဒေသခံများအတွက် ပင်လယ်ဒီရေတောများကို ခုတ်ထစ်အသုံးပြုရသော မီးသွေးလုပ်ငန်းကို တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်စားသောက်ကြခြင်း ဖြစ်သည်။ ရခိုင်ပြည်နယ်ထဲတွင် တောတောင်များက ထုတ်လုပ်ရရှိသောမီးသွေးနှင့် ပင်လယ်ဒီရေတောက ထုတ်လုပ်ရရှိသောမီးသွေး (ဒေသအခေါ်ပြား မီးသွေး) ဟူ၍နှစ်မျိုးရှိရာ ပြားမီးသွေးမှာ စားသုံးသူအကြိုက် ဈေးကောင်းရရှိသော မီးသွေးအမျိုးအစားပင် ဖြစ်သည်။ 

မြာဝအထဲကွင်းကျေးရွာသည် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီး၊ ဆေးရုံဆေးပေးခန်း၊ တယ်လီဖုန်းလိုင်း စသဖြင့် ဘက်ပေါင်းစုံမှ လိုအပ်ချက်များစွာရှိနေသော ကျေးရွာတစ်ရွာဟု ဆိုနိုင်သည်။ ရခိုင်ပြည်နယ်တောင်ပိုင်း၏ ခရိုင်မြို့နယ်တစ်ခုထဲတွင် ပါဝင်နေသော်လည်း ထိုကျေးရွာ၏ လူနေမှုအဆင့်အတန်းမှာ အလွန်နိမ့်ကျလွန်းသော အခြေအနေပင်ဖြစ်သည်။ အဆိုးဆုံးမှာ ကျေးရွာနေကလေးသူငယ်များ၏ ပညာရေးဟု ဆိုနိုင်သည်။ ခြံဝင်းအကျယ် (ဝ.၃၄ ဧက) ရှိသော နေရာတစ်ခုပေါ်တွင် ဓနိမိုး၊ ထရံကာ၊ ပျဉ်ခင်းကျောင်းကလေးကိုမြင်ရုံမျှနှင့် မြာဝအထဲကွင်းကျေးရွာ၏ပညာရေး အနာဂတ်နှင့်အတိတ်ကို တွေးကြည့်နိုင်မည်ပင်ဖြစ်လေသည်။ 

(သုံး)

“ဆိုင်းဘုတ်ကပ်ထားလို့သာ စာသင်ကျောင်းပါလားလို့ သိရတာပါ ... သာမန်ကြည့်မယ်ဆိုရင် လယ်တဲငယ်ကလေးတစ်လုံးလိုပါပဲ...ပြီးတော့... တာဝန်ကျတဲ့ ဆရာ၊ ဆရာမတွေကိုယ်တိုင်ကလည်း ဒီကျောင်းမှာပဲ အဖီတွဲပြီးတော့ နေကြရတယ်... တကယ့်ကို လိုအပ်ချက်များလွန်းတဲ့ စာသင်ကျောင်းပါ...”

ကျောင်းဆရာလေး ကိုအောင်စိုး ပြောပြသော စကားများပင် ဖြစ်သည်။ မြာဝအထဲကွင်းကျေးရွာ စာသင်ကျောင်းသည် မူလတန်းကျောင်း ငယ်ကလေးတစ်ခုမျှသာဖြစ်ပြီး ဓနိမိုး၊ ထရံကာထားသော လယ်တဲငယ်တစ်လုံးနှင့် တူလွန်းလှကြောင်း သူက ပြောပြသည်။ ဓနိအမိုးကို တစ်နှစ်လျှင် တစ်ကြိမ်ခန့်မိုးရပြီး ထိုထက်မကကြာသွားမည်ဆိုပါက မိုးရာသီတွင် မိုးယိုနိုင်ကြောင်းဆိုသည်။ လက်ရှိစာသင်ကျောင်းတွင် မိုးသက်လေပြင်းများ ကျရောက်ပါက ခေါင်မိုးမှ မိုးယိုသည့်အပြင် လေးဖက်လေးတန် အကာအရံများကလည်း မိုးစက်များ စိုစွတ်စေကြောင်း သူက ပြောပြသည်။ 

သူတာဝန်ထမ်းဆောင်နေသော မူလတန်းကျောင်းကလေးနှင့် ပတ်သက်၍ လိုအပ်ချက်များကိုတင်ပြနိုင်ရန်နှင့် တွေ့မြင်သိရှိစေနိုင်ရန်အတွက် မြို့နယ် သို့မဟုတ် ပြည်နယ်ပညာရေးမှူးကို လာရောက်ကွင်းဆင်း ကြည့်ရှုစေလိုကြောင်း သူကဆိုသည်။ မြာဝအထဲကွင်းကျေးရွာ မူလတန်းကျောင်းသို့ သက်ဆိုင်ရာပညာရေးမှူးများ လာရောက်ကြည့်ရှုစစ်ဆေးခဲ့ခြင်းမျိုး စာသင်ကျောင်းသမိုင်းတစ်လျှောက်တွင် မရှိခဲ့ဖူးကြောင်းလည်း သူကဆိုသည်။ 

(လေး)

“စာသင်ကျောင်းအနေအထားက ကျဉ်းတော့ အခက်အခဲတွေ ရှိပါတယ်... လာမယ့်ပညာသင်နှစ်တွေမှာဆိုရင် အခြေခံအဆင့်မှာတင် အတန်း ငါးတန်း ရှိလာမယ်... အတန်းတွေများလာမယ်...အခုတောင်မှ ကျွန်တော် တို့ကျောင်းမှာ အတန်းသုံးတန်းလောက်ရှိတာကိုပဲ တစ်ယောက်ကိုတစ်ယောက် မကြားရအောင် ဆူညံပွက်နေတယ်... အတန်းများလာရင် ပိုဆိုးလာမယ်... ဒီထက် ပိုပြီးကျယ်ဝန်းတဲ့ ကျောင်းဆောင်လိုပါတယ်...” 

မြာဝအထဲကွင်းကျေးရွာ မူလတန်းကျောင်း၏ ကျောင်းအုပ်ဆရာ ကြီး ဦးအောင်သက်ဦး ပြောပြသော စကားများပင်ဖြစ်သည်။ သူ၏ ပြောပြချက်အရ ယခုမူလတန်းကျောင်းကလေးကို ၁၉၆၈ ခုနှစ်ကတည်းက ကျေးရွာမှ ရွာသားများက ထူထောင်တည်ဆောက်လာခဲ့ကြကြောင်းသိရသည်။ စတင်တည်ထောင်ဖွင့်လှစ်စဉ်အချိန်မှ ယခုလက်ရှိအချိန်အထိ ပုံစံမပြောင်းလဲခဲ့ကြောင်း ဆိုသည်။ 

လက်ရှိအချိန်တွင် မြာဝအထဲကွင်းကျေးရွာမူလတန်းကျောင်း၌ KG - (မ-၂ ဦး)- ပထမတန်း-(ကျား-၁-ဦး၊ မ-၂ ဦး)၊ ဒုတိယတန်း- ကျား-၁ ဦး၊ မ-၂-ဦး) နှင့် တတိယတန်းတွင် (ကျား-၂-ဦး) စုစုပေါင်း ကျောင်းသူကျောင်းသား ၁၀ ဦးမျှသာရှိကြောင်း ဆိုသည်။ သို့သော် ဆရာ၊ ဆရာမအရေအတွက်မှာ ၅ ဦးရှိကြောင်း သူကဆိုသည်။ ကျောင်းသူကျောင်းသားအရေအတွက် နည်းပါးရခြင်းမှာ ကျေးရွာတွင် ကျောင်းတက်ရမည့် ကလေးသူငယ်အရေအတွက် နည်းပါးခြင်းကြောင့်ပင်ဖြစ်ကြောင်း သူက ထောက်ပြ၏။ လက်ရှိ ကျောင်းသားဦးရေနှင့် လက်ရှိစာသင်ကျောင်းမှာလည်း သူ့အိုးနှင့် သူ့ဆန် မျှခြေရှိကြောင်း ကျောင်းအုပ်ဆရာကြီး ဦးအောင်သက်ဦးက ချင့်ချိန်စကားဆိုသည်။ မြာဝအထဲကွင်းကျေးရွာတွင် မူလန်းကျောင်းသာရှိသဖြင့် မူလတန်းအောင်မြင်ပြီးသွားသော ကျောင်းသူကျောင်းသားများသည် အလယ်တန်းနှင့် အထက်တန်းကို အခြားကျေးရွာများ၌နေထိုင်ကာ ပညာဆက်လက်သင်ယူကြရသည်။ ရှေးယခင်အချိန်များက မူလတန်းအောင်ပြီး သူအများစုမှာ အခြားကျေးရွာများတွင် နေထိုင်ပညာသင်ယူရန်မတတ် နိုင်ကြသဖြင့် ကျောင်းထွက်ခဲ့ကြရကြောင်း ကျောင်းဆရာလေး ကိုအောင်စိုးက ပြောပြသည်။ လက်ရှိ မူလတန်းကျောင်းကလေးသည် အခန်းဖွဲ့စည်းပုံ မရှိသော ဟောခန်းအသွင်ဖြစ်ပြီး ကျောင်းဆောင်အတွင်းပိုင်းတွင် KG မှ ဒုတိယတန်းအထိကို သင်ကြားစေပြီး တတိယတန်းကို စာသင်ကျောင်းဆောင်၏ဝရန်တာ (သို့မဟုတ်) အဖီတွဲတွင် သင်ကြားရကြောင်း ဆိုသည်။ 

စာသင်ကျောင်း လိုအပ်ချက်နှင့် ပတ်သက်၍ ကျောင်း၏ဥပဓိရုပ် မကောင်းမွန်မှုကိုအခြေခံကာ သက်ဆိုင်ရာသို့ တင်ပြထားပြီးဖြစ်သော်လည်း လက်ရှိအချိန်အထိ ဦးစားပေးအဆင့်တွင် သူ၏မူလတန်းကျောင်း ကလေးပါဝင်ခဲ့ဟန်မတူကြောင်း ကျောင်းအုပ်ဆရာကြီး ဦးအောင်သက်ဦးက ပြောပြသည်။ မြန်မာနိုင်ငံ၏ ပညာရေးပြုပြင်ပြောင်းလဲမှုများအရ ယခုနှစ် (၂၀၁၉-၂၀၂၀) ပညာသင်နှစ်တွင် ရခိုင်ပြည်နယ်ထဲ၌ အဆင့်တိုးကျောင်းအရေအတွက် စုစုပေါင်း ၅၂၅ ကျောင်းအထိ ရှိခဲ့သည်။ အထက-၂၀ ကျောင်း၊ အလက-၁၂၁ ကျောင်း၊ အမက-၃၅ ကျောင်း၊ ထ(ခွဲ) ၁၁၄ ကျောင်း၊ လ(ခွဲ)-၁၃၃ ကျောင်း၊ မူလွန်-၆၇ ကျောင်းနှင့် မ(ခွဲ)-၃၄ ရှိကြောင်း သိရှိရသည်။ သို့သော် ထိုအရေအတွက်ထဲတွင် ၁၉၆၈ ခုနှစ်ကတည်းက ဖွင့်လှစ်လာခဲ့သော မြာဝအထဲကွင်းကျေးရွာ၏ မူလတန်းကျောင်းကလေးမှာ ယာတဲငယ်အဆင့်မှ တိုးတက်မလာခဲ့သည်မှာ အံ့ဩသင့်စရာပင် ဖြစ်သည်။ 

(ငါး)

ကျောင်းဆရာကလေး ကိုအောင်စိုးသည် သည်းနိုင်လွန်းသော မိုးကို ကျိန်ဆဲနေမိ၏။ ကျောင်းဆောင်၏ ဝရန်တာကလေးထဲမှ အပြင်ကို ငေးရင်း ကလေးများ၏ပညာရေးနှင့် ကျောင်းကလေး၏ အနာဂတ်ကို သူတွေးပူနေမိသည်။ မိုးသံများနှင့်အတူ ဆူညံစွာကြားနေရသော ပင်လယ်လှိုင်းပုတ်သံများကိုပင် သူ့နားထဲ မကြားနိုင်သကဲ့သို့ရှိ၏။ စစ်စစ် ကျောင်း ဆရာလေးကိုအောင်စိုးသည် ယခုနှစ်တွင်မှသာ သည်ကျောင်းကလေးသို့ ပူပူနွေးနွေးရောက်ရှိလာသော ကျောင်းဆရာတစ်ဦး ဖြစ်သည်။ သူ၏ ဇာတိမြေဖြစ်သော သံတွဲမြို့၊ ကျောက်ဆိတ်ကျေးရွာမှ သည်နေရာအထိ ကားဖြင့် ၂၅ မိုင်၊ ခြေလျင် ၁ မိုင်ခွဲနှင့် ရေလမ်းနာရီဝက်ခန့်ကို ခရီးနှင်လာရခြင်းဖြစ်သည်။ စာသင်ကျောင်း၌ပင် အဖီတွဲ၍နေထိုင်ရ၏။ သူကဲ့သို့ပင်သည် မူလတန်းကျောင်းကလေးတွင် တာဝန်ထမ်းဆောင်ရသူ ဆရာ၊ ဆရာမ အားလုံး ထိုကဲ့သို့ နေထိုင်နေကြရခြင်းပင်ဖြစ်သည်။ သို့သော် ကျောင်းဆရာလေး ကိုအောင်စိုးအတွက် သူ၏ နေထိုင်စားသောက်ရေးက အဓိကမဟုတ်ချေ။ သူချစ်သော၊ သူ့ကိုအားကိုးကြသော ကျောင်းသူကျောင်းသား ကလေးငယ်များ၏ ပညာရေးနှင့် သူတာဝန်ထမ်းဆောင်နေသော မူလတန်းကျောင်း ကလေးသည်သာ သူ၏ အဓိကအကြောင်းရင်းဖြစ်သည်။ မိုးရွာတိုင်း မိုးစိုနေကြရသော ကလေးများ၊ မူလတန်းအောင်သွားပြီးပါက ပညာရေးအတွက် အာမခံချက်မရှိသော ကလေးများအတွက် မြာဝအထဲကွင်းကျေးရွာ မူလတန်းကျောင်းမှ ကျောင်းတက်ခေါင်းလောင်းသံသည် အက်ကွဲနေသည်ဟုပင် ကျောင်းဆရာလေးက တွေးမိနေလေသည်။ 

ရက္ခ