News

POST TYPE

PERSPECTIVE

အကောင်းဆုံးထဲက အကောင်းဆုံး
13-Aug-2019



ယနေ့ လူငယ်များကို အနာဂတ်၏ ခေါင်းဆောင်များဟုလည်း ဆိုကြသည်။ ယနေ့လူငယ် နောင်ဝယ်လူကြီးဟုလည်း ဆိုကြသည်။ လူငယ်များကြိုးစားအားထုတ်ကြရန်လည်း မှာကြားပြောဆိုနေကြသည်။ ရည်ရွယ်ချက်သည် အနာဂတ်မျိုးဆက်သစ်များ မွေးထုတ်ပေးရေး၊ လက်ဆင့်ကမ်းနေရာပေးရေး၊ အနာဂတ်ကို လူငယ်များဖြင့် ဆက်လက်ဦးဆောင်စေရေးဟု နားလည်ထားပါသည်။

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကြေးအရင်းအနှီးများ၊ နည်းပညာများ၊ လူသားရင်းမြစ်များ လိုအပ်ပါသည်။ ထိုလိုအပ်ချက်များတွင် လူသားရင်းမြစ်မွေးထုတ်ရေးသည် ငွေကြေးအားဖြင့်လည်းကောင်း၊ အချိန်အားဖြင့်လည်းကောင်း များစွာပေးဆပ်ရသည်။ လူသားရင်းမြစ်ဆိုရာတွင်လည်း နယ်ပယ်စုံ၊ ကဏ္ဍစုံအတွက် လူသားရင်းမြစ်များ မွေးထုတ်ပေးရေး ဖြစ်ပါသည်။ ထိုနယ်စုံအတွက် လူသားရင်းမြစ်များအနက် နိုင်ငံရေးနယ်ပယ်အတွက် လူသားရင်းမြစ် မျိုးဆက်သစ်များမွေးထုတ်ပေးရေးသည်လည်း အထူးလိုအပ်နေပါသည်။

နိုင်ငံရေးမျိုးဆက်သစ်

ဒီမိုကရေစီစနစ်တွင် နိုင်ငံရေးခေါင်းဆောင်များကို ပြည်သူက ပြည်သူများထဲမှ ရွေးချယ်ကြခြင်းဖြစ်သည်။ ပဒေသရာဇ်စနစ်ကဲ့သို့၊ အာဏာရှင်စနစ်ကဲ့သို့ မျိုးရိုးစဉ်ဆက်ဆက်ခံခြင်း၊ မိမိဩဇာခံကို လက်ဆင့်ကမ်းဆက်ခံခြင်းမျိုးမဟုတ်။ နိုင်ငံအတွက် အသင့်တော်ဆုံး၊ အကောင်းဆုံးခေါင်းဆောင်များကို ရွေးချယ်ခန့်အပ်ကြရပါသည်။ ကမ္ဘာ့နိုင်ငံရေးအခြေအနေ၊ မိမိနိုင်ငံရေးအခြေအနေနှင့် လိုအပ်ချက်နှင့်ကိုက်ညီသော ခေါင်းဆောင်များကို ရွေးချယ်ခန့်အပ်ခြင်းဖြင့် နိုင်ငံအတွက်ဖြစ်စေ၊ ပြည်သူအတွက်ဖြစ်စေ အကောင်းဆုံးစွမ်းဆောင်နိုင်မှုကို ရရှိနိုင်မည်ဖြစ်သည်။

မြန်မာ့နိုင်ငံရေးတွင် နိုင်ငံရေးမျိုးဆက်သစ်များ လက်ဆင့်ကမ်း မွေးထုတ်ပေးနိုင်မှု အစဉ်အဆက် အားနည်းခဲ့သည်ဟု ယေဘုယျဆိုနိုင်ပါသည်။ ယင်းသည်လည်း နိုင်ငံ၏ နိုင်ငံရေးသမိုင်းကြောင်း၊ ပညာရေးစနစ်၊ နိုင်ငံရေးယဉ်ကျေးမှုအတိမ်အနက်၊ ယဉ်ကျေးမှုဓလေ့ စသည့် အခြားသော ကဏ္ဍများနှင့်ဆက်စပ်လျက်ရှိရာ နိုင်ငံရေးမျိုးဆက်သစ်များ မွေးထုတ်ပေးရေးအား လိုအပ်နေဆဲကွက်လပ်တစ်ခုအဖြစ် တွေ့ရှိရပါသည်။

ယခုကဲ့သို့ နိုင်ငံပြုပြင်ပြောင်းလဲရေး ဆောင်ရွက်နေချိန်ကာလ၊ အခြားနိုင်ငံများနည်းတူ တိုးတက်စေရေး ဆောင်ရွက်ရမည့်ကာလ၊ နိုင်ငံသားများ၏ လူမှုစီးပွားဘဝများတိုးတက်ရန် ဆောင်ရွက်ရသည့်ကာလတွင် အရည်အသွေးပြည့်ဝသည့် နိုင်ငံရေးမျိုးဆက်သစ်များ စဉ်ဆက်မပြတ်ရှိရန် လိုအပ်လာပါသည်။ ပြည်သူများအနေနှင့်လည်း မိမိတို့ကိုယ်စား နိုင်ငံ့တာဝန်ထမ်းဆောင်ကြမည့်၊ ကြီးလေးသောတာဝန်ထမ်းဆောင်ကြမည့် နိုင်ငံရေးခေါင်းဆောင်များကို ရွေးချယ်ကြရာတွင် အဆိုးနှစ်ခုထဲက သင့်သည့်တစ်ခုရွေးရခြင်းထက် (The lesser of two evils) အကောင်းဆုံးများထဲက အကောင်းဆုံးကိုသာ ရွေးချယ်လိုကြပါသည်။ သို့မှလည်း စိတ်ဓာတ်အရည်အသွေးမြင့်မားသော၊ လုပ်ငန်းစွမ်းဆောင်ရည်ပြည့်ဝသော အနာဂတ်ခေါင်းဆောင်များ ပေါ်ထွန်းလာနိုင်မည်ဖြစ်သည်။

တစ်ဆင့်ထက်တစ်ဆင့်မြင့်မားသော နိုင်ငံရေးခေါင်းဆောင်များပေါ်ထွန်းလာမှသာ တစ်ဆင့်ထက်တစ်ဆင့် မြင့်မားသောနိုင်ငံ ဖြစ်လာနိုင်ပါလိမ့်မည်။

နိုင်ငံရေးသိပ္ပံဘာသာအထူးပြု

နိုင်ငံရေး ပွင့်လင်းမြင်သာလာမှုနှင့်အတူ ပညာရေးတွင်လည်း နိုင်ငံရေးသိပ္ပံဘာသာရပ်ကို သီးခြားဘာသာရပ်တစ်ခုအဖြစ် တက္ကသိုလ်များတွင် သင်ကြားနေပြီဖြစ်သည်။ နိုင်ငံရေးသိပ္ပံဘာသာရပ်ကို ၂၀၁၃ ပညာ သင်နှစ်မှစ၍ ထူးချွန်ကျောင်းသားများအဖြစ် ရန်ကုန်နှင့်မန္တလေး တက္ကသိုလ်တို့တွင် လက်ခံသင်ကြားပေးခဲ့ကြောင်း သိရသည်။ သတ်မှတ်ချက်အနေနှင့် အင်္ဂလိပ်စာရမှတ် ၇၀ နှင့် စုစုပေါင်းရမှတ် ၄၂၀ သတ်မှတ် ချက်ဖြင့် ဝင်ခွင့်ပြုခဲ့ပါသည်။ ပထမအသုတ်တွင် ကျောင်းသား ၄၅ ဦးရှိသော်လည်း နောက်နှစ်များတွင် ကျောင်းသားဝင်သူဦးရေ နည်းပါးလာသည်ဟု ဆိုသည်။ ၂၀၁၇ နောက်တွင် ထူးချွန်ကျောင်းသားအဖြစ် ခေါ်ယူမှုမပြုဘဲ သင်တန်းသားဦးရေ တိုးမြှင့်လက်ခံနိုင်ရန်အတွက် အင်္ဂလိပ်စာရမှတ် ၆၅ မှတ်၊ စုစုပေါင်းရမှတ် ၄၀၀ ဖြင့်သာ ခေါ်ယူခဲ့သည့်အတွက် ကျောင်းသားဦးရေ ၅၀ ဝန်းကျင်ခန့်ထိ ပြန်လည်တိုးမြင့်လာကြောင်း တွဲဖက်ပါမောက္ခတစ်ဦးက ဆိုပါသည်။ ပထမအသုတ်သည် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် မဟာတန်းသို့ တက်ရောက်လျက်ရှိသည်။ 

ထိုမွေးထုတ်ပေးလိုက်သည့် နိုင်ငံရေးသိပ္ပံဆိုင်ရာ လူ့စွမ်းအားအရင်း အမြစ်များကို မည်ကဲ့သို့ အသုံးချနေသည်ဆိုသည်မှာလည်း စိတ်ဝင်စား စရာကောင်းလှပါသည်။ တက္ကသိုလ်များတွင် ပြောင်းလဲလာသည့်စနစ်နှင့်အညီ နိုင်ငံအတွက်လိုအပ်နေသည့် လူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်ပေးနေသော်လည်း အခြားတစ်ဖက်တွင် ထွက်ရှိလာသည့် လူ့စွမ်းအားအရင်းအမြစ်များကို အသုံးမချသည်များ၊ အသုံးချရကောင်းမှန်း မသိသည်များလည်း ရှိနေကြောင်း သိရသည်။ 

နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွင် အရေးတကြီးလိုအပ်နေသည့် နိုင်ငံရေး၊ စီးပွားရေး၊ ဥပဒေပညာ စသည့် လူသားရင်းမြစ်များလိုအပ်နေမှုကြောင့် နိုင်ငံရေးသိပ္ပံဘာသာရပ် ဖွင့်လှစ်သင်ကြားပေးရန် ပထမအကြိမ် လွှတ်တော်ကာလကပင် တောင်းဆိုမှုကြောင့် ဖွင့်လှစ်ခဲ့ရခြင်းဖြစ်သည်။ သို့သော်လည်း ရည်ရွယ်ချက်နှင့် အကောင်အထည်ဖော်မှုတို့မှာ ခုတ်ရာ တခြားရှရာတခြားဟု ဆိုရမလိုပင်။

ဥပမာအားဖြင့် ဝန်ထမ်းတက္ကသိုလ်နည်းပြခေါ်ယူရာတွင် အမှန်တကယ်လိုအပ်နေသည့် နိုင်ငံရေးသိပ္ပံအထူးပြုဖြင့် ဘွဲ့ရသူများကို ထည့်သွင်း မခေါ်ယူသည်ကို တွေ့ရကြောင်း ဆိုပါသည်။ ထို့အတူ နိုင်ငံရေးနှင့်သက်ဆိုင်သော အခြားနယ်ပယ်များအတွက် အလုပ်ခေါ်ယူရာတွင် ယင်းဘာသာရပ်အား ထည့်သွင်းမခေါ်ယူသည်ကို တွေ့ရပါသည်။ နိုင်ငံအတွက် အမှန်တကယ်လိုအပ်၍ အထူးပြုပညာရပ်တစ်ခုကို ဖွင့်လှစ်သည်နှင့်အညီ ယင်းပညာရပ်ဆိုင်ရာ လူသားရင်းမြစ်များကိုလည်း အသုံးပြုရန်လိုအပ်မည် ဖြစ်ပါသည်။ နိုင်ငံအား ဘက်စုံပြုပြင်ပြောင်းလဲနေဆဲကာလတွင် အဓိကလိုအပ်ချက်ဖြစ်သည့် လူသားရင်းမြစ်များကို စွမ်းအားရှိရှိ အသုံးပြုတတ်ရန် လိုအပ်ပါလိမ့်မည်။ ယင်းသို့ အသုံးချရန် သို့မဟုတ် တာဝန်ပေးရန် ရည်မှန်းချက်မရှိပါက နိုင်ငံတော်၏ဘတ်ဂျက်များ၊ အချိန်များ၊ လုပ်အားများ အဆုံးရှုံးခံ မဖွင့်သင့်ကြောင်း ၎င်းက ဆိုပါသည်။ ယင်းအထူးပြု ဘာသာရပ်များဖြင့် ကျောင်းပြီးခဲ့သော ကျောင်းသားများအတွက်လည်း မျှော်လင့်ချက်များ ပျောက်ဆုံးခဲ့ကြရသကဲ့သို့ နောက်လာမည့် ကျောင်းသားများအတွက်လည်း အဟန့်အတားဖြစ်စေသည်ကို အလေးထားကြပါလိမ့်မည်။ နိုင်ငံရေးနယ်ပယ်အတွက် လိုအပ်သော အရင်းအမြစ်များလည်း အားလျော့သွားမည်ဖြစ်သည်။

၂၀၂၀ လွန်ကာလ

အသွင်ကူးပြောင်းရေးကာလသည် ၈ နှစ်ကျော် ၉ နှစ်အတွင်း ရောက်ရှိလာရာ ဖြေလျှော့မှုအဆင့်အတွက်သာမက  ဒီမိုကရေစီခိုင်မာအောင် တည်ဆောက်ရေး၊ နိုင်ငံတည်ဆောက်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း တည်ဆောက်ရမည်ဖြစ်ရာ အတွေ့အကြုံနှင့် ရင့်ကျက်သည့် ခေါင်းဆောင်များလိုအပ်သကဲ့သို့ တီထွင်မှု၊ ဖန်တီးမှု၊ ဆန်းသစ်မှုအတွေးအခေါ်နှင့် ရဲရင့်သော လူငယ်မျိုးဆက်သစ်များ၏ ဦးဆောင်မှုအရည်အချင်းများ လိုအပ်ပါလိမ့်မည်။

လူငယ်များသည် နိုင်ငံ၏အနာဂတ်များဖြစ်သဖြင့် လူငယ်များအနေဖြင့် နိုင်ငံရေးတွင် ပိုမိုပါဝင်သင့်ပါသည်။ လူငယ်ဆိုသည်မှာ အတွေးသစ်များဖြင့် ပြောင်းလဲမှုကို လိုလားတတ်ကြသည်။ လူငယ်များတွင် လိုအပ်သော ပညာ၊ ဗဟုသုတ၊ အတွေ့အကြုံ၊ ကျွမ်းကျင်မှုတို့ ဖြည့်ဆည်းပေးခြင်းဖြင့် ထက်မြက်သောမျိုးဆက်သစ်များကို မွေးထုတ်ပေးနိုင်ပါလိမ့်မည်။

၂၀၂၀ ရွေးကောက်ပွဲတွင် ပါတီများအားလုံး အထူးသဖြင့် အင်အားကြီးပါတီကြီးများမှ မျိုးဆက်သစ်လူငယ်များ မည်မျှအထိ ပေါ်ထွက်လာနိုင်မည်ကို မှန်းဆကြည့်မိပါသည်။ ပါတီများတွင် လက်ရှိအနေအထားအရ လူငယ်မျိုးဆက်သစ်များ နေရာရရှိမှု၊ တာဝန်ပေးမှု၊ ကြိုတင်ပြင်ဆင်မှုနှင့် နှိုင်းချိန်ပါက များစွာအားနည်းနေဆဲဟု မြင်မိပါသည်။ ထိုသို့ဆိုသဖြင့် မျိုးဆက်သစ်လူငယ်များချည်းကိုသာ တာဝန်ပေးနေရာချထားရန်ဟု မဆိုလိုပါ။ လူငယ်နှင့်လူကြီး မျှတစွာ တာဝန်ပေးခြင်းဖြင့် လူငယ်များကိုလက်တွဲခေါ်ယူမည်ဆိုပါက လက်ဆင့်ကမ်းတာဝန်ယူနိုင်သော၊ ယုံကြည်စွာတာဝန်လွှဲပြောင်းပေးအပ်နိုင်သော နိုင်ငံရေးအင်အားသစ်များ အနာဂတ်တွင် ပေါ်ထွန်းလာနိုင်ပါသည်။

မျိုးဆက်သစ် လူငယ်ခေါင်းဆောင်များ မွေးထုတ်ပေးရေးကို ပါတီကြီးအချို့က ပြောဆိုဆောင်ရွက်နေသည်များကိုလည်း ကြားရပါသည်။ ထို့အတူ လူငယ်စီမံကိန်းများ ဆောင်ရွက်နေသည်များလည်း ရှိပါသည်။ သို့သော်လည်း ဒွိဟဖြစ်ဖွယ်ရာမှာ ယင်းလူငယ်များအား လက်တွဲခေါ်ယူရေးနှင့် ယုံကြည်စွာ တာဝန်ပေးအပ်မှု ဖြစ်ပါသည်။ သို့ဖြစ်ရာ ပါတီများက ကျင့်သုံးနေသည့် ခေါင်းဆောင်ဆက်ခံမှု မူဝါဒပေါ်လစီများကိုလည်း ပြန်လည်သုံးသပ်ရန် လိုအပ်မည်ဖြစ်ပါသည်။ သို့မဟုတ်ပါက ၂၀၂၀ လွန် နိုင်ငံရေးနယ်ပယ်တွင် မျိုးဆက်သစ်လူငယ်များကိုမြင်တွေ့ရန် မလွယ်ကူ နိုင်သေးချေ။

အကောင်းဆုံးထဲက အကောင်းဆုံး

အရပ်ဘက်အဖွဲ့အစည်းများတွင် ထူးချွန်ထက်မြက်သော လူငယ် ပြုစုပျိုးထောင်ရေးများ၊ အသိပညာဖြန့်ဝေမှုများ ဆောက်ရွက်လျက်ရှိပြီး အရည်အသွေးမြင့် မျိုးဆက်သစ်လူငယ်များကိုလည်း မြင်တွေ့နေရပါသည်။ ထိုလူငယ်များအား နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍ၊ နိုင်ငံတည်ဆောက်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခွင့်ရရှိရန် လမ်းဖွင့်ပေးသင့်ပါသည်။ လူငယ်မျိုးဆက်မွေးထုတ်ရေးတွင် အဓိက အခက်အခဲပြဿနာတစ်ရပ်မှာ နိုင်ငံချစ်စိတ်၊ သမာသမတ်စိတ်၊ ရိုးသားစိတ်ရှိပြီး ထူးချွန်ထက်မြက်သောလူငယ်များ ရွေးချယ်ရေးဖြစ်သည်။ မိမိပါတီ၊ မိမိအဖွဲ့အစည်း၊ မိမိအယူအဆကိုသာ လက်ညှိုးထောင်ခေါင်းညိတ်သူများကို ရွေးချယ်ခြင်းထက် ပြည်သူနှင့်နိုင်ငံကို အမှန်တကယ်အကျိုးပြုမည့်သူ လူငယ်မျိုးဆက်များဖြစ်ရန် လိုအပ်ပါသည်။

အထက်မှာဆိုခဲ့သလိုပင် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သော နိုင်ငံတစ်ခုတည်ဆောက်ရန်ဆိုပါမူ ထူးချွန်သောမျိုးဆက်များဖြင့် အားဖြည့် ကြရပါလိမ့်မည်။ ပြည်သူများအနေနှင့်လည်း ယနေ့ရင်ဆိုင်နေရသော အခက်အခဲ အကျပ်အတည်းများကျော်လွှားနိုင်ရေး၊ ပြန်လည်တည်ဆောက်ရေးများအတွက် မိမိတို့အား ကိုယ်စားပြုနိုင်သူများအဖြစ် အကောင်းဆုံးထဲမှ အကောင်းဆုံးကိုသာ ရွေးချယ်လိုကြမည်ဖြစ်သည်။ ယင်းလိုလားချက်သည်လည်း သူနိုင် ကိုယ်နိုင် အဖြေတစ်ခုဟု ယူဆမိပါသည်။

သိန်းထွန်း (IR)