News

POST TYPE

PERSPECTIVE

သတိ ကလေးကို မရိုက်ရ
12-Aug-2019



ကလေးကို ဘာကြောင့် ရိုက်ရပါသလဲဟု သင်အမေးခံရသော် သင့်တွင် ခိုင်လုံသော ဖြေရှင်းချက် များများစားစား ရှိနေနိုင်ပါသည်။ မင်းတုန်းမင်းငယ်စဉ် ကျောင်းသားသူငယ် မောင်လွင်ဘဝက ဆရာဘုန်းကြီး ရိုက်နှက် ဆုံးမခြင်းကြောင့် အနည်းဆုံးတော့ သီလလုံသွားပုံ။ အကြောက်ရှိမှ တိုးတက်မည်ဟူသောခံယူချက်ဖြင့် ရိုက်နှက်ရန် မူလတန်း ဆရာကြီးအား ဝကွက်အပ်ခဲ့ပုံ။ လိမ္မာရေးခြားရှိစေရန်နှင့် နာခံတတ်သော ကလေးသူငယ် ဖြစ်စေရန် စသဖြင့် စသဖြင့်။ ယုတ်စွအဆုံး သင်အာဝဇ္ဇန်းကောင်းသူ တစ်ယောက်ဆိုပါက ကလေးငယ်၏ အကောင်းဆုံးအကျိုး စီးပွားအတွက် ရိုက်ရပါသည်ဟုပင် ဆင်ခြေဆင်လက်လှလှ ပေးကောင်းပေးနိုင်ပေလိမ့်မည်။ သို့သော် ကလေးငယ်တစ်ယောက်အား အရိုက်ခံလိုပါသလားဟု မေးလျှင်တော့ အရိုက်မခံလိုကြောင်း ကလေးငယ်တိုင်း တညီတညွတ်တည်းဆိုကြပေလိမ့်မည်။ အတိတ်က ကလေးငယ်၏ လိမ္မာရေးခြား၊ အကြောက် တရားနှင့် ရိုက်နှက်ခြင်းတို့မှာ ထပ်တူကျ ကောင်းကျခဲ့မည် ဖြစ်သော်လည်း ယခု ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာဥပဒေ အတည်ပြုပြီးသော ကာလတွင်ကား ကလေးသူငယ်များ တောင့်တနေသော ရိုက်နှက်ခြင်း ညောင်ပင်တစ္ဆေကြီးအား ကားလိပ်ချ ဇာတ်သိမ်းနိုင်ခဲ့လိုက်ပြီဖြစ်သည်။

ကလေးသူငယ်၏ အကောင်းဆုံး အကျိုးစီးပွား

ကြိမ်လုံးနှင့် လမ်းခွဲလိုက်ရသဖြင့် ကလေးငယ်များကို ရိုက်နှက်ဆုံးမ တတ်သူတစ်ယောက်အဖို့ ယခုအခြေအနေသည်ကား ဆုံးမပဲ့ပြင်မှု သံလိုက် အိမ်မြှောင် ပျောက်ဆုံးနေဘိသကဲ့သို့ ရှိနေပေလိမ့်မည်။ မရိုက်နဲ့ဆိုတော့လည်း မရိုက်ရုံပေါ့၊ ဆိုးဆိုးသွမ်းသွမ်း ဒီတိုင်းကြည့်နေလိုက်ရုံပဲဟု အငေါ့ တူးလိုစိတ်များ ဖြစ်ကောင်းဖြစ်နေပေလိမ့်မည်။ မရပါ။ ကလေးသူငယ်၏ အကောင်းဆုံး အကျိုးစီးပွားအတွက် ရိုက်နှက်ခြင်း အကူအညီမယူဘဲ ဆိုဆုံးမရဦးမည့်တာဝန်ကို ဆက်လက်ထမ်းဆောင်ရပါဦးမည်။ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေဆိုသည့်အတိုင်း (ရှင်၊ ဖွင့်၊ ကာ၊ ပါ) အခွင့် အရေးများကိုအခြေခံကာ ပြဋ္ဌာန်းထားပြီဖြစ်သည်။ ကုလသမဂ္ဂကွန်ဗင်းရှင်းပါ ကလေးသူငယ်၏ အခွင့်အရေးများကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ရည်ရွယ်ထားသော ဥပဒေဖြစ်သည်နှင့်အညီ ဥပဒေ၏ ရည်ရွယ်ချက်တစ်ခုဖြစ်သော ကလေးသူငယ်များအတွက် အကောင်းဆုံး အကျိုး စီးပွားကို ဆောင်ရွက်ပေးရန်နှင့် ကလေးသူငယ် အခွင့်အရေးများကို ဥပဒေနှင့်အညီ ရရှိခံစားနိုင်ရန်အတွက် ကာကွယ်စောင့်ရှောက်ရန် ဖြစ်သည်။ (ပုဒ်မ ၄ ခ)။ ဤသို့ဆိုလျှင် ကလေးသူငယ်၏ အကောင်းဆုံးအကျိုး စီးပွားဆိုသည်မှာ အဘယ်နည်း။ ကလေးသူငယ်၏ အသက်ရှင်သန်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ကာကွယ်စောင့်ရှောက်မှုရရှိရေးနှင့် လူမှုအဖွဲ့အစည်းတွင် ပါဝင်ဆောင်ရွက်ခွင့် ရရှိစေရေးတို့အတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဤဥပဒေပါ ကလေးသူငယ်၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အကျိုးဖြစ်ထွန်းမှု အများဆုံးဖြစ်စေသည့် ကလေးသူငယ်အခွင့်အရေးများ ရရှိခံစားခြင်းကိုဆိုသည်။ ယင်းစကား ရပ်တွင် ကလေးသူငယ်၏ အရေးကိစ္စများကို စီမံဆောင်ရွက်ရာတွင်လည်းကောင်း၊ ကလေးသူငယ်ဆိုင်ရာမှုခင်းများကို စီရင်ဆုံးဖြတ်ရာတွင်လည်းကောင်း ကလေးသူငယ်၏ အကျိုးစီးပွားကို အဓိက ဦးစားပေးဆောင် ရွက်ခြင်းလည်းပါဝင်သည်။ (ပုဒ်မ ၃ ဃ)။ ထို့ကြောင့် ကလေးသူငယ်၏ အကောင်းဆုံး အကျိုးစီးပွားဆိုသည်မှာ ဤဥပဒေ၏ ရည်ရွယ်ချက်ဖြစ်ရုံ မျှမက ကလေးသူငယ်၏ အခွင့်အရေးတစ်ရပ်လည်း ဖြစ်သည်။(ပုဒ်မ ၁၉ ခ)။

သို့ပါ၍ ကလေးသူငယ်၏ အကောင်းဆုံးအကျိုးစီးပွားကို ဆောင်ကြဉ်းပေးသူများကို ဖော်ပြပါဆိုလျှင် အနန္တဂိုဏ်းဝင်များဖြစ်ကြသော မိဘနှင့် ဆရာများဟု ဆိုရပေမည်။ ထိုသို့ ကလေးငယ်များအား မကောင်းမြစ်ထာ ကောင်းရာညွှန်လတ် ပြုစဉ်အတွင်းမှာပင် အမှတ်မထင် ဥပဒေချိုးဖောက်မိ သည့်အဖြစ်မျိုး၊ ပြစ်မှုကျူးလွန်ရသည့် အဖြစ်မျိုးကို မရည်ရွယ်ဘဲ မရောက်စေလိုပေ။ သို့ဆိုလျှင် ကလေးသူငယ်ဆိုသည်မှာ အဘယ်နည်း။ ယခင်က ကလေးနှင့်လူငယ်ကို ခွဲခြားထားသော်လည်း ယခု ဥပဒေသစ်အရ ကလေးသူငယ်နှင့်ပတ်သက်၍ ဤသို့ဆိုသည်။ ကလေးသူငယ်ဆိုသည်မှာ အသက် ၁၈ နှစ် မပြည့်သေးသောသူကို ဆိုလိုသည်ဟု (ပုဒ်မ ၃ ခ) တွင် ဖွင့်ဆိုထားပေသည်။ ယခု ၁၀ တန်း စနစ်အရဆိုလျှင် တက္ကသိုလ် ပထမနှစ်၊ ဒုတိယနှစ် တက်နေသူများသည်ပင် ကလေးသူငယ်များဖြစ်သည်ကို သတိချပ်သင့်ပေသည်။ ထိုသို့ ကလေးသူငယ်များ ဖြစ်သည့်အလျောက် ထိုသူများသည် ကလေးသူငယ် အခွင့်အရေးများ ရရှိနေကြသည်ကို မမေ့အပ်ပေ။

ရိုက်နှက်ခြင်းကို ကာကွယ်ပေးထားသော ပုဒ်မ ၆၉ နှင့် ၁၀၀

မိဘ၊ အုပ်ထိန်းသူနှင့် ဆရာ၊ ဆရာမများသည် ကလေးသူငယ်များက ( ပုဒ်မ ၆၈ ပါ ) ကျင့်ဝတ်စည်းကမ်းများကို လိုက်နာစောင့်ထိန်းသည့် အလေ့အထရှိစေရန် ရိုက်နှက်ပြစ်ဒဏ်ပေးမှု အပါအဝင် အပြစ်ပေးမှုပုံစံ တစ်မျိုးမျိုးတို့ကို အသုံးမပြုဘဲ ကျိုးကြောင်းပြ နည်းပေးလမ်းညွှန် ပြုရမည် (ပုဒ်မ ၆၉)။ ဆိုလိုသည်မှာ ကလေးသူငယ် သို့မဟုတ် ကျောင်းသား သူငယ်များအား မိဘ၊ အုပ်ထိန်းသူများက ဆုံးမသွန်သင်မှုကို မလိုက်နာသောကြောင့်ဟူသော အကြောင်းပြချက်ဖြင့်လည်းကောင်း၊ ကျောင်း စည်းကမ်း၊ ရပ်ရွာစည်းကမ်းနှင့် လူမှုရေးစည်းကမ်းများကို လေးစားလိုက်နာမှု မရှိသောကြောင့်ဟူသော အကြောင်းပြချက်ဖြင့်လည်းကောင်း၊ အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ လောင်းကစားခြင်း စသည့် အမှုတို့ကို ရှောင်ကြဉ်ခြင်း မရှိသောကြောင့်ဟူသော အကြောင်းပြချက်ဖြင့်လည်းကောင်း ရိုက်နှက်ပြစ်ဒဏ်ပေးခြင်း (သို့မဟုတ်) အပြစ်ပေးမှု ပုံစံတစ်မျိုးမျိုးကို အသုံးပြုခြင်းအား ဖော်ပြပါပုဒ်မဖြင့် တားမြစ်ထားပါသည်။ ထိုသို့ ပြစ်ဒဏ်ပေးခြင်းအစား ကျိုးကြောင်းပြ နည်းပေးလမ်းညွှန် ပြုရန်သာ ခွင့်ပြုထားသည်။

ထိုမျှမက ယခုဥပဒေသစ်တွင်ပါရှိသော ကလေးသူငယ်၏ ကင်းလွတ်ခွင့် အသက်ကန့်သတ်ချက်ကို အထူးဂရုပြုသင့်ပါသည်။ အခန်း ၂၁ တွင် ကလေးသူငယ်ကို ပြစ်မှုဖြင့် အရေးယူခြင်းနှင့် ကင်းလွတ်ခွင့်အား ပုဒ်မ ၇၈ (က) တွင် ဤသို့ဖွင့်ဆိုထားသည်။ အသက် ၁၀ နှစ်မပြည့်သေးသော ကလေးသူငယ်၏ ပြုလုပ်မှုသည် ပြစ်မှုမမြောက်စေရ။ (ယခင် ၇ နှစ်မှ ၁၀ နှစ်သို့ တိုးမြှင့်သတ်မှတ်ခြင်းဖြစ်သည်။) အဓိပ္ပာယ်မှာ ၁၀ နှစ် မပြည့် သေးသော ကလေးတစ်ယောက် ဘာလုပ်လုပ် အပြစ်မရှိဟု ဆိုလိုခြင်းဖြစ်သည်။ ထိုဆိုလိုရင်းကို သတိမမူဘဲ ကျောင်းစည်းကမ်းဖောက်ဖျက်သည်ဟူ၍လည်းကောင်း၊ ကျောင်းသားအချင်းချင်း ရန်ဖြစ်သောကြောင့်ဟူ၍လည်းကောင်း၊ အိမ်တွင် မိဘက ပြောစကား နားမထောင်သောကြောင့် ဟူ၍လည်းကောင်း ကရုဏာဒေါသောဖြင့် မရိုက်နှက်မိစေရန် အထူးသတိထားအပ်ပေသည်။ အဘယ့်ကြောင့်ဆိုသော် ဥပဒေအရပင် ပြစ်မှုမမြောက်သော (ကင်းလွတ်ခွင့်ရရှိထားသော) ကလေးသူငယ်အား ကျောင်းစည်းကမ်းဖြင့် ဥပဒေကိုလွှမ်းမိုးကာ အပြစ်ပေးသည့်သဘော သက်ရောက်နေသည်။ အရွယ်အားဖြင့်လည်း ၃ တန်း ၄ တန်းအရွယ် ဖြစ်နေသောကြောင့် မိဘများ၊ ဆရာများ အထူးသတိချပ်သင့်လှသည်။ ထို့အပြင် ပုဒ်မ ၇၈ (ခ) တွင် ပြုလုပ်စဉ်အခါက မိမိပြုသောပြုလုပ်မှု၏သဘောနှင့် အကျိုးအပြစ်ကို သိနားလည်လောက်အောင် အမြော်အမြင်၊ အဆင်အခြင်နှင့် မပြည့်စုံ သေး၍ အသက် ၁၀ နှစ်နှင့် အထက်၊ ၁၂ နှစ်အောက် အရွယ်ရှိသော ကလေးသူငယ်၏ပြုလုပ်မှုသည် ပြစ်မှုမမြောက်စေရ။ သို့ဆိုလျှင် အကြောင်းအခြင်းအရာကိုလိုက်၍ ပြစ်မှုမမြောက်ခြင်းသည် ၁၂ နှစ်အထိ အကျုံးဝင်ပေသည်။

ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း

ထို့ပြင် ပုဒ်မ ၃ (ဖ) တွင် ဤသို့ဖွင့်ဆိုသည်။ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းဆိုသည်မှာ အရွယ်ရောက်သူကဖြစ်စေ၊ အခြားသော ကလေးသူငယ် ကဖြစ်စေ ကလေးသူငယ်အား အောက်ပါ ပြုလုပ်မှုတစ်ခုခု ပြုလုပ်ခြင်းကို ဆိုသည်။ (၁) နှိပ်စက်ညှဉ်းပန်းမှု၊ ရက်စက်ကြမ်းကြုတ်မှု၊ လူမဆန်သော သို့မဟုတ် ဂုဏ်သိက္ခာကျဆင်းစေသော နှိမ့်ချပြုမှု ဆက်ဆံမှု၊ (၂) ရိုက် နှက်ပြစ်ဒဏ်ပေးမှု အပါအဝင် တစ်နည်းနည်းဖြင့် အပြစ်ပေးမှု၊ (၃) ရုပ်ပိုင်းဆိုင်ရာ နှိပ်ကွပ် အနိုင်ကျင့်မှု စသည်တို့ဖြစ်သည်။ ထို့နောက် ပုဒ်မ ၃ (ဗ) တွင် ဆက်လက်၍ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းဆိုသည်မှာ ကလေးသူငယ်ကို စိတ်ပိုင်းဆိုင်ရာ ထိခိုက်အောင် မကြာခဏ မတရားဆက်ဆံခြင်း၊ စော်ကားခြင်း၊ အလွဲသုံးခြင်း၊ စိတ်တွင် ကြိတ်မှိတ်ခံစားစေအောင် ပြုမူခြင်း သို့မဟုတ် လျစ်လျူရှုခြင်းကို ဆိုလိုသည်။ ယင်းစကားရပ်တွင် အောက်ပါပြုလုပ်မှုတို့လည်း ပါဝင်သည်။ (၁) ကလေးသူငယ်ကို အကြိမ်ကြိမ် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာစေသော ပြုလုပ်မှု၊ (၂) ကလေးသူငယ်ကို ကြောက်လန့်စေခြင်း၊ ထိတ်လန့်စေခြင်း၊ ခြိမ်းခြောက်ခြင်းနှင့် အထီးကျန်ဖြစ်အောင် ပြုလုပ်ခြင်း၊ ဂရုမစိုက်ခြင်းတို့နှင့်ဆိုင်သော ပြုလုပ်မှု၊ (၃) အိမ်တွင်းအကြမ်းဖက်မှု သို့မဟုတ် ဆိုးဝါးသော ဆက်ဆံမှုကို တွေ့မြင်ခံစားရစေခြင်း၊ (၄) ကလေးသူငယ်၏ လူ့ဂုဏ်သိက္ခာ ကျဆင်းစေနိုင်သည့်ပုံစံဖြင့် ထိန်းသိမ်းထားရှိခြင်း၊ (၅) စိတ်ပိုင်းဆိုင်ရာ ထိခိုက်အောင် အနိုင်ကျင့်စော်ကားခြင်းတို့ ဖြစ်သည်။

သို့ပါ၍ ပုဒ်မ ၁၀၀ (က) အရ မည်သူမဆို ကလေးသူငယ်အား ရိုက် နှက်ပြစ်ဒဏ်ပေးခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း ပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်း ဆုံးတစ်လမှ အများဆုံး ခြောက်လအထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်တစ်သိန်းမှ အများဆုံး ကျပ်သုံးသိန်းအထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဖြစ်သည်။ သို့ပါ၍ ရွှေဉာဏ်တော် စူးရောက်စွာဖြင့် ကလေးသူငယ်များအား မရိုက်ရလျှင် စိတ်ပညာနည်းလမ်းများကို သုံး၍ ကြောက်အောင်လုပ်မည်၊ ကလေးအချင်းချင်း အပြစ်ပေးခိုင်းမည် စသည့် အတွေးဆန်း အပြစ်ပေးနည်းများကိုပါ ခွင့်မပြုပါကြောင်း သိစေအပ်ပါသည်။

တိုင်တန်းရန် ဌာနများ

ဤ ဥပဒေပါပြစ်မှုများကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ် သတ်မှတ်သည် (ပုဒ်မ ၁၁၇)။ ထို့အပြင် ကလေးသူငယ်၏ အခွင့်အရေး တစ်ရပ်ရပ် ဆုံးရှုံးနစ်နာခြင်းနှင့် စပ်လျဉ်း၍ နစ်နာသူ ကလေးသူငယ် ကိုယ်တိုင်ကဖြစ်စေ၊ ကလေးသူငယ်၏ ကိုယ်စား မိဘ၊ အုပ်ထိန်းသူက ဖြစ်စေ၊ နီးစပ်ရာပုဂ္ဂိုလ်တစ်ဦးဦးကဖြစ်စေ သက်ဆိုင်ရာ ဒေသဆိုင်ရာကော်မတီသို့လည်းကောင်း၊ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်း သို့မဟုတ် တရားရုံးသို့လည်းကောင်း တင်ပြတိုင်တန်းခွင့်ရှိသည်။ (ပုဒ်မ ၂၀)။ အဓိပ္ပာယ်ကား ကလေးသူငယ်ကိုယ်တိုင်ဖြစ်စေ၊ မိဘ၊ အုပ်ထိန်းသူ ကဖြစ်စေ၊ နီးစပ်ရာပုဂ္ဂိုလ်တစ်ဦးဦးကဖြစ်စေ ကလေးသူငယ်တစ်ဦးဦး၏ အခွင့်အရေး နစ်နာဆုံးရှုံးမှုအား (၁) ရဲစခန်း၊ (၂) တိုင်းဒေသကြီး (သို့) ခရိုင် (သို့) မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကောက်မတီ (၃) တရားရုံးတို့အား တင်ပြတိုင်တန်းခွင့် ရှိသည်။

“သတိ”ကလေးကို မရိုက်ရ ထောင် ၆ လ

ဂုဏ်သိက္ခာ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်ခွင့်နှင့် လုံခြုံမှုကို အကြောင်းမဲ့ထိပါးခြင်း မခံရစေရန် ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက် ခံပိုင်ခွင့်ရှိသော ကလေးသူငယ်တိုင်းအား ကိုယ့်အရပ်နှင့် ကိုယ့်ဇာတ် ငါ့ကျောင်းသား ငါရိုက်တာ ဘာဖြစ်လဲ၊ ငါ့သားသမီး ငါရိုက်တာ ဘာဖြစ်လဲ ဆိုသူများအား ယခုအခါ တည်ဆဲဥပဒေက ခွင့်မပြုတော့ကြောင်းနှင့် ဥပဒေ နှင့် ငြိစွန်းမှုမရှိသော ဆုံးမရေးနည်းနာသစ်များ ရှာဖွေထားကြရန်သာ တိုက်တွန်းလိုက်ပါသည်။ “သတိ” ကလေးကို မရိုက်ရ။

ဦးခီ

ကိုးကား။ ။ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ (၂၀၁၉ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ် ၂၂)။ ၁၃၈၁ ခုနှစ်၊ ဝါဆို လပြည့်ကျော် ၇ ရက် (၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက် )။