News

POST TYPE

PERSPECTIVE

အီဘိုလာအကြောင်း နည်းနည်းပါးပါး
23-Jul-2019



ကျွန်တော် နေပြည်တော်မှာ တာဝန်ထမ်းဆောင်ခဲ့တုန်းက ၂၀၁၃ ခုနှစ် ဝန်းကျင်မှာထင်တယ်၊ အီဘိုလာဆိုတဲ့ စကားလုံးနဲ့ ရင်းနှီးခဲ့ရပါတယ်။ ၂၀၁၃ ဆီးဂိမ်းကိုလည်း အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမယ့်အချိန်၊ ကမ္ဘာမှာ အီဘိုလာကလည်း စိုးရိမ်ရေမှတ်ရောက်နေတဲ့ အချိန်ပေါ့။ ဒါကြောင့် ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး သင်တန်း (FETP= Field Epidemiology Training Programme) တွေ သင်ကြားလေ့ကျင့်ခဲ့ရပါတယ်။ လေယာဉ်ကွင်းတွေမှာ အဖျားတိုင်းစက် (Fever Scanner) နဲ့ ကျန်းမာရေးဝန်ထမ်းတွေ အလှည့်ကျ တာဝန်ထမ်းဆောင်နေရတာ အခုချိန်ထိပါပဲ။ ပြည်တွင်း ဝင်ရောက်လာမယ့်သူတွေထဲက အဖျားရှိနေတဲ့သူတွေကို အဝင်မခံတဲ့ သဘောပဲပေါ့။ အီဘိုလာဆိုတာ နိုင်ငံခြားရောဂါတစ်မျိုးကိုး။

၂၀၁၄ ခုနှစ် ဩဂုတ် ၁၃ ရက်နေ့အထိ သေဆုံးသူ ၁၀၆၉ ဦး ရှိလာပြီး နှစ်ရက်အတွင်း ၅၆ ဦး သေဆုံးခဲ့ရပါတယ်။ ရောဂါကူးစက်သူ ၂၀၀၀ နီးပါး ရှိလာပါတယ်။ အီဘိုလာကြောင့် လူပေါင်း ၃၇၇ ဦး သေဆုံးခဲ့ရတဲ့ အနောက်အာဖရိကနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဂီနီနိုင်ငံက ဗုဒ္ဓဟူးနေ့မှာ နိုင်ငံ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့ရပါတယ်။ အီဘိုလာ ရောဂါဟာ ဂီနီ၊ လိုက်ဘေးရီးယား၊ ဆီယာရာလီယွန်နိုင်ငံတွေမှာ အဓိက ကူးစက်ဖြစ်ပွားပြီး နိုင်ဂျီးရီးယားမြို့တော် လားဂို့စ်မှာလည်း လူသေဆုံးမှုတွေ ရှိခဲ့ပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေဟာ သက်စွန့်ဆံဖျားလုပ်ကိုင်နေရတယ်လို့ ပြောလို့ရပါတယ်။ ဘာလို့လဲဆိုတော့ ဆီယာရာလီယွန်မှာ အတော်ဆုံး ဆရာဝန်ကြီးနှစ်ဦး ကူးစက်ခံသေဆုံးသွားရပါတယ်။ 

၂၀၁၈ ခုနှစ် ဩဂုတ် ၁ နေ့ သတင်းအရ ကွန်ဂိုနိုင်ငံ  (Democratic Republic of the Congo= DR Congo) မှာ အီဘိုလာကပ်ရောဂါ ဖြစ်ခဲ့ရပြန်ပါတယ်။ သံသယလူနာပေါင်း ၁၁၅ ဦး၊ ပိုးတွေ့ (Confrimed cases) ၈၅ ဦး ရှိခဲ့ပါတယ်။ သေဆုံးသူ ၇၇ ဦးမှာ ပိုးတွေ့သူက ၄၇ ဦး ဖြစ်ပါတယ်။ ကျွန်တော် ဒီဆောင်းပါးကို ရေးဖြစ်တဲ့အကြောင်းရင်းကတော့ ဒီနေ့ ဖေ့စ်ဘွတ်ခ်ပေါ်မှာ သူငယ်ချင်းတစ်ယောက်ဝေငှတဲ့ ဘီဘီစီ သတင်းတစ်ပုဒ်ကြောင့်ပဲ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် ဇူလိုင် ၁၈ ရက်နေ့မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက ကွန်ဂိုနိုင်ငံမှာဖြစ်တဲ့ အီဘိုလာကပ်ရောဂါဟာ နိုင်ငံတကာနှင့်သက်ဆိုင်နေပြီလို့ ကြေညာလိုက်တဲ့သတင်းပါ။ အီဘိုလာနဲ့ လူပေါင်း ၁၆၀၀ ကျော် သေဆုံးခဲ့ပါပြီ။ အနောက်အာဖရိကမှာ ၂၀၁၄ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အတွင်း လူပေါင်း ၁၁,၀၀၀ ကျော် သေဆုံးခဲ့ရပါတယ်။ ဒါကြောင့် အီဘိုလာရောဂါဟာ သတိထားရမယ့် ကူးစက်ရောဂါ ဖြစ်နေပါပြီခင်ဗျား။

အီဘိုလာဆိုတာကတော့ ကွန်ဂိုနိုင်ငံရဲ့ ရွာလေးတစ်ရွာနံဘေးက အီဘိုလာမြစ်ရဲ့အမည်ကို ယူထားတာပါ။ နာမည်လေးက ခေါ်လို့ကောင်း၊ မှတ်လို့ကောင်းပေမယ့် သေဆုံးနှုန်းကတော့ ၉၀ ရာခိုင်နှုန်းကျော်တယ်လို့ သိရပါတယ်။ အီဘိုလာဗိုင်းရပ်စ်ရောဂါ (EVD) ဆိုတဲ့အတိုင်း ဗိုင်းရပ်စ် ပိုးကြောင့် ဖြစ်တဲ့ရောဂါ ဖြစ်ပါတယ်။ အီဘိုလာဗိုင်းရပ်စ်တွေက အမျိုးအစား ၅ မျိုးရှိတယ်လို့ သိရပါတယ်။ ဗဟုသုတအနေနဲ့ ဖော်ပြပါရစေ။ ကြညိငဘကါပသ  Bundibugyo ebolavirus (BDBV), Zaire ebolavirus (EBOV), Sudan ebolavirus (SUDV), Reston ebolavirus (RESTV), Taϊ Forest ebolavirus (TAFV) ဆိုပြီးတော့ ရှိပါတယ်။ RESTV က အာဖရိက တိရစ္ဆာန်တွေမှာပဲ တွေ့ရပါတယ်။ BDBV, EBOV နဲ့ SUDV တွေကတော့ အာဖရိကမှာဖြစ်တဲ့ ကပ်ရောဂါမှာ အဓိကဖြစ်စေတဲ့ပိုးတွေပေါ့။ လူတွေကို သေစေတဲ့ပိုးကတော့ EBOV ဖြစ်ပြီး ဝက်တွေ၊ မျောက်တွေမှာဖြစ်တဲ့ RESTV ကတော့ လူတွေမှာ ဘာရောဂါလက္ခဏာမှ မပြပါဘူး။

အီဘိုလာက ကူးစက်မှုဖြစ်ပွားနေတဲ့နိုင်ငံတွေကို သွားရောက်ခဲ့သူများ၊ နိုင်ငံတကာ ခရီးသွားသူများ၊ ကူးစက်မြန် အီဘိုလာရောဂါလူနာအား တိုက်ရိုက်ပြုစုကုသ ထိတွေ့ကိုင်တွယ်ခဲ့သူများ၊ ရောဂါရှိနေတဲ့ တောရိုင်းတိရစ္ဆာန်တွေကို ထိတွေ့ကိုင်တွယ်သူများမှာ ကူးစက်ခံရနိုင်ပါတယ်။ ရောဂါဖြစ်ပြီဆိုရင် ဖျားခြင်း၊ အားအင်ချည့်နဲ့ခြင်း၊ ကြွက်သားနဲ့ အဆစ်အမြစ်များ နာကျင်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ချောင်းနာခြင်း၊ အစားအသောက်ပျက်ခြင်း၊ အစာမျိုရခက်ခြင်း၊ အသက်ရှူရခက်ခြင်း၊ ကြို့ထိုး ခြင်း၊ အန်ခြင်း၊ အရည်ဝမ်းသွားခြင်း၊ ဗိုက်နာခြင်းတွေ ဖြစ်တတ်ပါတယ်။ အီဘိုလာဗိုင်းရပ်စ်ပိုးက အသည်းနဲ့ကျောက်ကပ်များ ပျက်စီးနိုင်ခြင်း၊ ခန္ဓာကိုယ် အတွင်းနဲ့အပြင် သွေးယိုထွက်ခြင်းနဲ့ အသက်အန္တရာယ် ဖြစ်နိုင်ပါတယ်။ 

ကူးစက်တဲ့နည်းလမ်းတွေကို ကြည့်လိုက်တော့ ရောဂါပိုးရှိနေတဲ့လူ ဒါမှမဟုတ် တိရစ္ဆာန်ရဲ့ တံတွေး၊ သွေး၊ ခန္ဓာကိုယ်မှ ထွက်တဲ့အရည်တွေနဲ့ တိုက်ရိုက်ထိတွေ့ကိုင်တွယ်ခြင်းမှတစ်ဆင့် ကူးစက်နိုင်ပါတယ်။ လူနာရဲ့ သွေးနဲ့ ခန္ဓာကိုယ်မှအရည်များ ထိတွေ့ထားတဲ့ အရာဝတ္ထုများနဲ့ ထိတွေ့ကိုင်တွယ်ခြင်းတို့မှလည်း ကူးစက်နိုင်ပါတယ်။ ရောဂါပိုးရှိတဲ့လူနာနဲ့ လိင် ဆက်ဆံခြင်းမှလည်း ကူးစက်နိုင်ပါတယ်။ ဒါကြောင့် အီဘိုလာကို ကြောက်ကြတုန်းက သမီးရည်းစားတွေ ချိန်းတွေ့ရင် တစ်တောင်အကွာကနေ တွေ့ကြပါလို့ ကာတွန်းတွေ ဆွဲတာတောင် တွေ့ခဲ့ဖူးပါတယ်။ အီဘိုလာက လေ၊ ရေ၊ အစားအစာတို့မှတစ်ဆင့် မကူးစက်ပါဘူး။ 

ဒီတော့ ရောဂါကူးစက်နိုင်ခြေရှိတဲ့သူတွေက ၄ မျိုးရှိလာပါတယ်။ 

(၁) ရောဂါပိုးရှိနေတဲ့ လင်းနို့၊ မျောက် စတဲ့တိရစ္ဆာန်တွေနဲ့ ထိတွေ့ကိုင်တွယ်မိတဲ့သူ၊ အသားစိမ်းစားတဲ့သူ၊ မကျက်တကျက် ချက်စားတဲ့သူတွေမှာ တောရိုင်းတိရစ္ဆာန်တွေကနေတစ်ဆင့် ကူးစက်နိုင်ပါတယ်။ 

(၂) ရောဂါရှိသူတွေနဲ့ နီးနီးကပ်ကပ်နေရင်း တိုက်ရိုက်ကူးစက်နိုင်သလို ရောဂါရှိသူတွေရဲ့ သွေးတွေ၊ ခန္ဓာကိုယ်ကထွက်တဲ့အရည်တွေနဲ့ ထိတွေ့ကိုင်တွယ်မိရင်လည်း လူလူချင်း ကူးစက်နိုင်ပါတယ်။

(၃) ကျန်းမာရေးဝန်ထမ်းတွေက သံသယလူနာပဲဖြစ်ဖြစ်၊ ပိုးတွေ့လူနာပဲဖြစ်ဖြစ် ပြုစုကုသနေရတဲ့အတွက် လူနာဆီကနေတစ်ဆင့် ကူးစက်နိုင်ပါတယ်။

(၄) ဓာတ်ခွဲခန်းက ဓာတ်ခွဲမှူးတွေကလည်း လူနာထံက သွေးနမူနာ၊ တံတွေးနမူနာတွေ ကိုင်တွယ်နေရတဲ့အတွက် လူနာထွက်ပစ္စည်းတွေကနေတစ်ဆင့် ကူးစက်နိုင်ပါတယ်။ 

ရောဂါပျိုးရက် (လူ့ကိုယ်ထဲ ရောဂါပိုးဝင်ရောက်ပြီး ရောဂါလက္ခဏာများ စပြတဲ့နေ့) က ၂ ရက်ကနေ ၂၁ ရက် ကြာပါတယ်။ 

ကုသပေးတဲ့နေရာမှာတော့ ဗိုင်းရပ်စ်ရောဂါဖြစ်တဲ့အတွက် ပဋိဇီဝဆေးတွေနဲ့ မဆိုင်တော့ပါဘူး။ အရမ်းပြင်းထန်တဲ့လူနာတွေကို လိုအပ်တဲ့ ကုသမှုတွေနဲ့ပဲ သက်သာအောင် ကုသပေးရပါတယ်။ လူနာတွေက ရေဓာတ် ခန်းခြောက်မှုများတဲ့အတွက် ဓာတ်ဆားရည်တိုက်တာ၊ အကြောဆေးရည် သွင်းပေးတာတွေ လုပ်ပေးရပါတယ်။ လူအတွက်ပဲဖြစ်ဖြစ် တိရစ္ဆာန်အတွက်ပဲဖြစ်ဖြစ် တိကျတဲ့ကုသချက်တွေတော့ မဆောင်ရွက်နိုင်သေးပါဘူး။ ကုသဖို့ ဆေးဝါးတွေဟာ စမ်းသပ်ဆဲပဲ ရှိပါသေးတယ်။

ခက်တာက အီဘိုလာက ကာကွယ်ဆေး မထုတ်နိုင်သေးတာပဲ ဖြစ်ပါတယ်။ တိကျတဲ့ ကုသချက်၊ ကောင်းမွန်တဲ့ကာကွယ်ဆေး မရှိသေး တဲ့အတွက် တစ်ကိုယ်ရေကာကွယ်ရေးတွေနဲ့ပဲ ကူးစက်နှုန်း၊ သေဆုံးနှုန်းတွေကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ သင့်တော်ကောင်းမွန်တဲ့ ကာကွယ်ရေးတွေ လုပ်ကိုင်ထားရင် ကျန်းမာရေးဝန်ထမ်းတွေမှာလည်း ကူးစက်မှုမဖြစ်နိုင်ပါဘူး။ အီဘိုလာရောဂါက အစပိုင်းမှာ ရောဂါလက္ခဏာတွေ မပြသေးတော့ ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ ဘယ်အချိန်မဆို ဘယ်လူနာကိုမဆို သတိထားကိုင်တွယ်သင့်ပါတယ်။ ဒါတွေကတော့ လက်ဆေးခြင်း၊ နှာခေါင်းစည်းတပ်ခြင်း၊ တစ်ကိုယ်ရေသုံး ကာကွယ်ပစ္စည်းများသုံးခြင်း၊ ဆေးထိုးဖို့ လိုတဲ့အခါ စိတ်ချရတဲ့ ထိုးနှံမှုဖြစ်စေခြင်းတွေပဲ ဖြစ်ပါတယ်။ Safe Injection Practices ဆိုတာ ကျန်းမာရေးဝန်ထမ်းတိုင်း သိထားကြပါ တယ်။ ဒါကြောင့် အကျယ်မရေးတော့ပါဘူး။

ဒါဆို ပြည်သူလူထုအနေနဲ့ကော ဘယ်လိုကာကွယ်ထားမလဲ ဆိုရင်။ တစ်ကိုယ်ရေသန့်ရှင်းရေးကို အထူးဂရုပြုပါ။ တစ်နေ့ အနည်းဆုံး တစ်ခါလောက် ရေချိုးသန့်စင်ထားတော့ ခန္ဓာကိုယ်ပေါ်မှာ ရောဂါပိုးတွေ တွယ်ကပ်မနေတော့ပါဘူး။ အပူအအေးမျှတပြီး ကျန်းမာရေးကောင်းလာ၊ ကိုယ်ခံစွမ်းအားတွေ ကောင်းမွန်လာပါမယ်။ လက်ကို ရေနဲ့ဆပ်ပြာသုံးပြီး မကြာခဏ ဆေးကြောပေးရပါမယ်။ အရင်ကတော့ လက်ခဏခဏဆေးရင် စိတ်ရောဂါတစ်မျိုးလားလို့ ထင်မြင်ခဲ့ပါတယ်။ စိုးရိမ်စိတ်လွန်ကဲ ရောဂါတဲ့။ ခုတော့ ၂၀၁၄ နောက်ပိုင်း လက်ကို သတိရတိုင်း ထဆေးလို့တောင် ပြောကြပါတယ်။ အပြင်က ပြန်လာတိုင်း အိမ်မှာ ဘာအရာဝတ္ထုမှ မကိုင်တွယ်ခင် လက်ဆေးပါတဲ့။ အိမ်ရောက်တာနဲ့ ကလေးကောက်ချီမိရင် ဒုက္ခပဲနော်။ လက်ဆေးတဲ့အခါ လက်ကြိုလက်ကြားမကျန်၊ လက်မ မကျန်၊ လက်ကောက်ဝတ်ထိ ဆပ်ပြာမြှုပ်ရောက်အောင် ဆေးပေးရပါတယ်။ 

ရောဂါပိုးရှိသူလူနာရဲ့ သွေးနဲ့ ခန္ဓာကိုယ်မှထွက်တဲ့အရည်တွေကို အကာအကွယ် (ဥပမာ-လက်အိတ်၊ နှာခေါင်းစည်း၊ အပေါ်ဖုံးအဝတ်၊ လည်ရှည်ဖိနပ်) မပါဘဲ ထိတွေ့ကိုင်တွယ်ခြင်း မပြုပါနဲ့။ အဲသလိုပဲ ရောဂါပိုးရှိတဲ့လူ၊ တိရစ္ဆာန်တို့ရဲ့ သွေး၊ ခန္ဓာကိုယ်မှထွက်တဲ့အရည်တွေ ပေစွန်းနိုင်တဲ့ အရာဝတ္ထုပစ္စည်းများ (ဥပမာ- ခုံ၊ စားပွဲ၊ အိပ်ရာ၊ လှေကားလက်ရန်း၊ နံရံ) စသည်တို့နဲ့ ထိတွေ့ကိုင်တွယ်ခြင်း မပြုရပါ။ အထူးသဖြင့်တော့ လွန်ခဲ့သော ၁ လအတွင်း အီဘိုလာဖြစ်ပွားကူးစက်ခဲ့တဲ့နိုင်ငံများကို သွားရောက်ခဲ့သူများဟာ မိမိမှာ သံသယလက္ခဏာများ ဖြစ်ပေါ်လာပါက ကျန်းမာရေးဌာနသို့ ချက်ချင်းသတင်းပို့ ကုသမှုခံယူရပါမယ်။ တစ်ပါးသူတစ်ယောက်ယောက်က ဒီလိုသံသယလက္ခဏာတွေ ဖြစ်နေရင်လည်း ကျန်းမာရေးဌာနကို သတင်းပို့ပေးရပါမယ်။ ဒါက ကူးစက်မြန်ရောဂါဖြစ်ပါတယ်၊ ထိမ်ချန်လို့မရပါဘူး။ ရောဂါဖြစ်ပွားတဲ့နိုင်ငံတွေကို သွားရောက်ခြင်း မပြုသင့်ပါဘူး။ တကယ်လို့ ရောဂါဖြစ်ပွားတဲ့နိုင်ငံတွေကို သွားရောက်ခဲ့မိရင်လည်း မိမိနိုင်ငံ ပြန်ရောက်သူများအနေနဲ့ ကျန်းမာရေးဌာနများသို့ သွားရောက်ဆက်သွယ်ပြီး ရောဂါကာကွယ်ရေးနဲ့ ပတ်သက်တဲ့ အကြံဉာဏ်တွေ ယူထားရမှာ၊ လိုက်နာရမှာ ဖြစ်ပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ အီဘိုလာ ဗိုင်းရပ်စ်လူနာတွေကို ကာကွယ်ကုသပေးတဲ့အခါ ကိုယ်ခန္ဓာကာကွယ်ရေး ဝတ်စုံနဲ့ပစ္စည်းများ ပြည့်စုံစွာ စနစ်တကျဝတ်ဆင်ပြီး လုပ်ငန်းဆောင်ရွက်ရပါမယ်။ ပြည့်စုံတဲ့ ကိုယ်ခန္ဓာကာကွယ်ရေးဝတ်စုံနဲ့ ပစ္စည်းများ မဝတ်ဆင်ဘဲ လူနာကို ထိတွေ့ကိုင်တွယ်ခြင်း မပြုရပါဘူး။

ဒါဆိုရင် ထိရဲ ထိကြည့်ဆိုတဲ့ အီဘိုလာကို ကာကွယ်ထားနိုင်မှာ ဖြစ်ပါတယ်ခင်ဗျား။

ဇော်သစ်ကြည်