News

POST TYPE

PERSPECTIVE

ပုဂံက ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသ မြောက်ဦးက အနက်ရောင်နယ်မြေ
23-Jul-2019



မြောက်ဦးမြို့သား ကိုအောင်ကျော်ဇံတစ်ယောက် ဇွန်လ ၆ ရက် နေ့က ရေဒီယိုနားထောင်နေရင်း ဝမ်းသာပီတိစိတ်နှင့်အတူ ရင်ထဲ အမည်မဖော်နိုင်သည့် သိမ်ငယ်သောခံစားမှုမျိုးကို ခံစားလိုက်ရသည်။ ရခိုင်ပြည်နယ်မြောက်ပိုင်း၌ အင်တာနက်ဖြတ်ထားသည့် မြို့ရှစ်မြို့ထဲ၌ မြောက်ဦးမြို့လည်း အပါအဝင်ဖြစ်နေ၍ မြောက်ဦးမြို့သား ကိုအောင်ကျော်ဇံ အွန်လိုင်းကြည့်ခွင့်မရရှိ၊ ဆိုရှယ်မီဒီယာသတင်းများကို မကြားရ၊ မမြင်ရချိန် ကမ္ဘာကြီးနှင့်အဆက်အသွယ်မပြတ်မိစေဖို့ ရေဒီယို အမြဲနားထောင်နေဖြစ်သည်။

အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကူမြို့၌ ၂၀၁၉ ခုနှစ် ဇွန်လ ၃၀ ရက်နေ့မှ ဇူလိုင်လ ၁၀ ရက်နေ့အထိ ကျင်းပခဲ့သည့် ကမ္ဘာ့ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ (UNESCO) ၏ ၄၃ ကြိမ်မြောက် ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်ကော်မတီ ညီလာခံအစည်းအဝေး၌ ယူနက်စကို ကမ္ဘာ့အမွေအနှစ် ဆုံးဖြတ်ရေး ၂၁ နိုင်ငံပါကော်မတီမှ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအား ဇူလိုင်လ ၆ ရက်နေ့က ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် ယူနက်စကိုဒေသအဖြစ် သတ်မှတ်လိုက်ကြောင်း ရေဒီယို နားထောင်နေရင်း ကိုအောင်ကျော်ဇံ ကြားလိုက်ရခြင်းဖြစ်သည်။ 

ထိုအစည်းအဝေး၏ သဘာပတိအဖြစ်ဆောင်ရွက်သူ အဇာဘိုင်ဂျန် နိုင်ငံ၊ ယဉ်ကျေးမှုဝန်ကြီးဌာနက ပုဂံဒေသအား ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် ဒေသအဖြစ် ကြေညာလိုက်ချိန်တွင် မြန်မာနိုင်ငံက အစည်းအဝေး တက်ရောက်လျက်ရှိနေကြသော ကိုယ်စားလှယ်အဖွဲ့ အလွန်ပျော်ရွှင်ကြကြောင်း BBC သတင်းဌာနမှ အသံလွှင့်သွားသည်ကို ကြားလိုက်ရပါသေးသည်။ ပျူမြို့ဟောင်း သုံးမြို့ဖြစ်သော “ဟန်လင်း၊ ဗိဿနိုးနှင့် သရေခေတ္တရာ” မြို့ဟောင်းများအား ၂၀၁၄ ခုနှစ်က မြန်မာနိုင်ငံ၏ ပထမဦးဆုံး ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်ဒေသအဖြစ် သတ်မှတ်ခဲ့ရာ ပုဂံရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်ဒေသသည် မြန်မာနိုင်ငံ၏ ဒုတိယမြောက် ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်ဒေသစာရင်းဝင် ဖြစ်လာခဲ့သည်။ 

ပုဂံယဉ်ကျေးမှုဒေသ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် ယူနက်စကို စာရင်းဝင်သွားခဲ့ပြီဖြစ်၍ မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအား ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင်ရန် ကြိုးစားကြတော့မည်ဖြစ်သည်။ ပုဂံထက် မြောက်ဦးဒေသ နောက်ကျပါသော်လည်း ရခိုင်ဘုရင် မင်းစောမွန်သည် မွန် - ဗမာ စစ်ပွဲ၏ စစ်တလင်းဖြစ်ခဲ့ရသော လေးမြို့ကို ဖျက်သိမ်းပြီး အေဒီ ၁၄၃၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ မြောက်ဦးမြို့ရှိ ထုက္ကန်သိမ်နှင့် သျှစ်သောင်းဘုရား စေတီပုထိုးများ အနုပညာလက်ရာ ပန်းဆယ်မျိုးဖြင့် သုခုမမြောက်နေ၍ နိုင်ငံခြားသားများ အံ့ဩချီးမွမ်းလို့မဆုံး။ တောတောင်ချောင်းမြောင်းများအား ခံတပ်မြို့ကြီးသဖွယ်ဖြစ်အောင် ဘုရင် မင်းစောမွန် တည်ဆောက်ထားခဲ့ခြင်းဖြစ်သလို မြောက်မြားစွာသော အကြံအစည်များကို ဦးဦးဖျားဖျား အောင်မြင်ခဲ့သဖြင့် “မြောက်ဦး” အမည်တွင်ခဲ့ရလေသည်။ မင်းဗာဘုရင်က မြောက်ဦးမြို့တော်ကို ပိုမိုခိုင်ခံ့အောင် တည်ဆောက်ထားခဲ့ပြန်သေးသည်။ ရခိုင်ဘုရင်တို့ နောက်ဆုံးစိုးစံခဲ့သော နန်းစိုက်မြို့တော်ဖြစ်ခဲ့ပြီး ၁၄၃၀ ပြည့်နှစ်မှ ၁၇၈၅ ခုနှစ်အထိ ရှည်ကြာခဲ့သည်။ ၁၇ ရာစုအလယ်ပိုင်းအထိ အပြည်ပြည်ဆိုင်ရာ ရောင်းဝယ်ဖောက်ကားသည့် ကုန်သွယ်ရေးမြို့ ကြီးဖြစ်ခဲ့ပြီး မြောက်ဦးမြို့က ဘောင်းဒွတ်ဒေသ အပြည်ပြည်ဆိုင်ရာ သင်္ဘောဆိပ်ကမ်းမြို့ ဖြစ်ခဲ့ဖူးသည်။

မြောက်ဦးမြို့သား ကိုအောင်ကျော်ဇံ ရေဒီယိုနားထောင်ပြီးနောက် ထုက္ကန်သိမ်နံဘေးမှ သျှစ်သောင်းပုထိုးတော်ကြီးနှင့် အာနန္ဒစန္ဒြားမင်း ကျောက်စာတိုင်အား ငေးမောကြည့်နေမိတော့သည်။ “သဇင်ပန်းခိုင် တမြိုင်မြိုင် ရခိုင်ဘုရားပေါင်း” ဆိုရိုးစကားနှင့်အညီ မြောက်ဦးရှေးဟောင်း ယဉ်ကျေးမှုဇုန်အတွင်း၌ ရှေးဟောင်းစေတီ၊ ဘုရား၊ ပုထိုးမြောက်မြားစွာ ရှိနေသည်။ ရှေးရခိုင်လူမျိုးများ၏ ပန်းဆယ်မျိုး အတတ်ပညာဖြင့် တည်ဆောက်ခဲ့သော သမိုင်းအမွေအနှစ်လက်ရာများကို တွေးတောရင်း ရခိုင်လူမျိုးဖြစ်နေရခြင်းကို သူ့ကိုယ်သူ ဂုဏ်ယူလိုက်မိပါသေးသည်။ မြောက်ဦးမြို့ တစ်ခုလုံးတွင် ကျုံးကြီး၊ ကျုံးငယ် ၃၅ ခု ရှိခဲ့ဖူးသည်။ ရှေးဟောင်းဘုရား ပုထိုးစေတီ ပေါများလှသော မြောက်ဦးမြို့သို့ရောက်ခိုက်၊ ကြုံခိုက် ဖူးသင့်သည့်ဘုရားများကို ဤသို့စာချိုး ချိုးထားသည်။ “ဘုရားများလှ၊ လေးဌာနနှင့်၊ သုံးဝမြတ်ပန်း၊ ကျော်ဝှန်းတခြား၊ မူကားလေးမူ၊ ဂူမှာနဝ၊ သတ္တရတနာ၊ မာရ်မှာငါးပါး၊ တည်ထားမြို့တည်၊ ငါးရပ်မည်တည်း” ဟု ဖြစ်သည်။ ဘုရားများလှ လေးဌာနတို့မှာ သျှစ်သောင်း၊ အံတော်သိမ်၊ ထုက္ကန်သိမ်နှင့် ကိုးသောင်းဘုရား စေတီပုထိုးများ ဖြစ်ကြသည်။ သကျမာရ်အောင်၊ ရတနာ့မာရ်အောင်၊ ဇိနမာန်အောင်၊ မင်္ဂလမာရ်အောင်၊ လောကမာရ်အောင် မာရ်ငါးပါးဘုရားများက ထင်ရှားသည်။ မြောက်ဦးဒေသက ရှေးဟောင်း စေတီပုထိုးများကို ကျောက်တုံး၊ ကျောက်သားများဖြင့် တည်ဆောက်ထားသည်က များနေသည်။ 

မြောက်ဦးဒေသသည် AD ၁၄ ရာစုကတည်းက ယဉ်ကျေးမှုထွန်းကားခဲ့ပြီး “သျှစ်သောင်း၊ ထုက္ကန်သိမ်” စသည့် ဘုရားစေတီပုထိုးများ၌ အနုပညာ လက်ရာ မြောက်မြားစွာဖြင့် တည်ရှိနေခဲ့သော ဒေသဖြစ်သည်။ ပုဂံက ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင်သွားချိန် ရခိုင်တို့၏ နှလုံးသည်းပွတ် မြောက်ဦးသည်ကား ယနေ့အချိန်၌ စစ်လက်နက် ပေါက်ကွဲသံများရှိနေသော အနက်ရောင်နယ်မြေဖြစ်နေ၍ ရှေးဟောင်းမြို့ မြောက်ဦး ယူနက်စကိုဝင်နိုင်ဖို့အရေး ကိုအောင်ကျော်ဇံ တွေးပူနေမိသည်။

လက်ရှိအချိန်တွင် မြောက်ဦးဒေသအား ကမ္ဘာ့ရှေးဟောင်းအမွေ အနှစ်ဒေသအဖြစ် ဆောင်ရွက်နေသော လုပ်ငန်းစဉ်အခြေအနေ ၇၀ ရာခိုင်နှုန်းပြီးစီးနေသလို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်ရန်အတွက် ယူနက်စကိုမှ ထုတ်ပြန်ထားသော အချက် ၆ ချက်အနက် မြောက်ဦးသည် အချက်သုံးလေး ချက်နှင့်ကိုက်ညီနိုင်၍ ၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် ပြုလုပ်မည့် ယူနက်စကို ရွေးချယ်ရေးကော်မတီအစည်းအဝေး၌ မြောက်ဦးဒေသ ပဏာမစာရင်းထဲ၌ ပါဝင်လာနိုင်သည်။ မြောက်ဦး ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်ခဲ့ပါလျှင် ရခိုင်တစ်မျိုးသားလုံးနှင့် မြန်မာနိုင်ငံသားများ အားလုံးအတွက်ပါ ဂုဏ်ယူစရာ ဖြစ်လာပါမည်။

သို့ပါသော်လည်း မြန်မာ့တပ်မတော်နှင့် AA တို့ ၂၀၁၈ ခုနှစ် ဒီဇင် ဘာလနှောင်းပိုင်းမှ စတင်ကာ လက်ရှိအချိန်အထိ မြောက်ဦးအပါအဝင် ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ချင်းပြည်နယ် ပလက်ဝဒေသတို့၌ တိုက်ပွဲများ နေ့စဉ်ရက်ဆက်ဆိုသလို ဖြစ်ပွားနေကြသည်။ မတ်လ ၁၅ ရက်နေ့က မြန်မာ့တပ်မတော်နှင့် AA တို့၏ ထိတွေ့တိုက်ပွဲများကြောင့် မြောက်ဦးယဉ်ကျေး မှုအမွေအနှစ်ဒေသရှိ ထုက္ကန်သိမ်အနီးမှ အမွေအနှစ် ထိန်းသိမ်းရေးဂိတ်နှင့် အနောက်မြေထဲဘုရားကို လက်နက်ကြီး ထိမှန်ပေါက်ကွဲခဲ့ရသည်။ မြောက်ဦးမြို့အား ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်ဒေသအဖြစ် တင်သွင်းရန် ကြိုးစားနေချိန် တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းသည် ယူနက်စကိုဝင်ရန် အဟန့်အတားဖြစ်လာနိုင်သည်။ 

မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုဇုန်အတွင်းမှ ဘုရားများသည် ထိန်းသိမ်းမှုအားနည်းသဖြင့် ဘေးဥပဒ်အမျိုးမျိုးအကြားတွင် ပျက်စီး ဆုံးရှုံးခဲ့ရသည်များရှိခဲ့သည်။ ၁၇-၁၀-၂၀၁၈ ရက်နေ့ညက မသမာသူ လူတစ်စု၏ ဖျက်ဆီးခဲ့မှုကြောင့် ဘုရင်မင်းစောမွန် မြောက်ဦးမြို့ကို တည်ထောင်ခဲ့စဉ်က တည်ထားကိုးကွယ်ခဲ့သော “လေးမျက်နှာဘုရား” ပျက်စီးခဲ့ရ၍ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်ဝင်ရန် ကြိုးစားနေသော မြောက်ဦးအတွက် အခက်အခဲဖြစ်စေသည်။ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့၌ မြောက်ဦးမြို့၏ ရှေးဟောင်းအမွေအနှစ်ဇုန်အတွင်းက သမိုင်းဝင်နှင့် မြောက်ဦး မြို့စတင်တည်ထောင်ခဲ့သော မြို့တည်စေတီတစ်ဆူဖြစ်သော မြတန်ဆောင်း စေတီတော်၏ အရံစေတီတစ်ဆူ မိုးကြီး၍ ပျက်စီးခဲ့ရလေသည်။ ဤသို့ ပြိုပျက်ခဲ့ခြင်းသည် ရှေးဟောင်းသုတေသနဌာန၏ ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းစဉ် အရည်အသွေး မပြည့်မီခဲ့ကြောင့်ဖြစ်သလို မိုးဆက်တိုက်ရွာသွန်းရာမှ ပျက်စီးခဲ့ရခြင်းဖြစ်သည်။ ပြန်လည်ပြုပြင်ထားသည့်စေတီများက ရှေးဟောင်းတတ်သိပညာရှင်များနှင့် ပြုလုပ်ထားခြင်းမဟုတ်၍ ပြိုကျပျက်စီးရခြင်းဖြစ်သည်။ ဇူလိုင်လ ၁၈ ရက်နေ့ကလည်း မြောက်ဦးမြို့ နန်းရာကုန်း၌ မြေမြုပ်မိုင်း တစ်လုံးတွေ့ရှိခဲ့ကြ၍ မြောက်ဦးမြို့ ရှေးဟောင်းယဉ်ကျေးမှုဇုန်အတွင်း၌ တိုက်ပွဲများ ဖြစ်လာနိုင်ပါမည်လားဆိုပြီး ကိုအောင်ကျော်ဇံ အပါအဝင် မြောက်ဦးမြို့သူမြို့သားများ စိုးရိမ်ပူပင်နေကြသည်။ 

သို့ဖြစ်၍ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်ဒေသအဖြစ် စာရင်းဝင်ရန် ကြိုးစားနေသော မြောက်ဦးဒေသ၌ တိုက်ပွဲများမဖြစ်ပွားကြဖို့ ကိုအောင်ကျော်ဇံ စိတ်ထဲက အကြိမ်ကြိမ် ဆုတောင်းနေမိသည်။ စစ်ဖြစ်မည်ဆိုလျှင်လည်း မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုဇုန်အတွင်းမှာမဖြစ်ကြဘဲ မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်နှင့် ဝေးရာမှာ တိုက်ပွဲဖြစ်ကြဖို့ ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှကိုယ်တိုင် အနူးအညွှတ် တောင်းပန်ခဲ့ဖူးသည်။ တိုက်ပွဲဖြစ်ပွား၍ သေနတ်ကျည်ဆန်များကြောင့် မြောက်ဦးရှိ ရှေးဟောင်းယဉ်ကျေးမှုလက်ရာများ ပျက်စီးဆုံးရှုံးသွားပါလျှင် အစားထိုး၍မရသော ဆုံးရှုံးမှုဖြစ်လာပါလိ့်မ်မည်။ 

မြောက်ဦးမြို့သည် ပုဂံဒေသကဲ့သို့ အလွန်တန်ဖိုးကြီးမားသော ရှေးဟောင်းယဉ်ကျေးမှုနယ်မြေဖြစ်သလို ပြည်ထောင်စုယဉ်ကျေးမှု၊ လူ့ယဉ်ကျေးမှုနယ်မြေ ဖြစ်နေသည်။ မြောက်ဦးမြို့၌ တိုက်ပွဲဖြစ်ပွား၍ တိုက်ပွဲအတွင်း လူသေသွားလျှင် ပြန်မွေးလို့ရနိုင်ပါသေး၏။ သမိုင်းတန်ဖိုးကြီးမားသည့် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေများ၌ လက်နက်ကျည်ဆန်ထိမှန် သွားခဲ့ပါလျှင် ဖြေသိမ့်၍မရနိုင်၊ အစားထိုး၍ မရနိုင်ပါ။ ကချင်၊ ကရင်၊ ရှမ်း ဒေသတို့၌ တိုက်ပွဲများဖြစ်ပွားခဲ့၍ ရခိုင်ဒေသမြောက်ဦး၌ စစ်ပွဲဖြစ်နေသည်မှာ မဆန်းဟု ဆိုကြပါသော်လည်း မြောက်ဦးယဉ်ကျေးမှုအမွေအနှစ် နယ်မြေဇုန်အတွင်း တိုက်ပွဲဖြစ်ပွားနေလျှင် ယဉ်ကျေးမှုလက်ရာပျက်စီးပါ မည်။ နောက်မျိုးဆက်သစ်များကို လက်ဆင့်ကမ်းဖို့ ငါတို့က ဘယ်နေရာက ဆင်းသက်လာကြသည်ဆိုပြီး ရှေးဟောင်းယဉ်ကျေးမှုအဆောက်အအုံ၊ ယဉ်ကျေးမှုပစ္စည်းများထားနိုင်ခဲ့မှသာ တာဝန်ကျေကြပါမည်။ လူ့ယဉ်ကျေးမှုများ တိုးတက်လာသည့် ၂၁ ရာစု လူ့အဖွဲ့အစည်း၌ မြောက်ဦးတိုက်ပွဲများကြား၌ ရှေးဟောင်းလက်ရာ စေတီပုထိုးများ စိုးရိမ်ဖွယ်ရာ ဖြစ်နေခဲ့သည်။ ပဋိပက္ခတောက်လောင်နေသည့်တိုက်ပွဲများကြောင့် မြောက်ဦးရှေးဟောင်း ယဉ်ကျေးမှုဒေသ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖို့ ကံဆိုးနိုင်မည်ဟု ကိုအောင်ကျော်ဇံ ထင်မြင်နေမိသည်။

ရခိုင်တို့၏ နှလုံးသည်းပွတ်ဖြစ်ခဲ့သော မင်းနေပြည်တော် မြို့မြောက်ဦး နှင့်ပတ်သက်၍ နေ့တိုင်းကြားနေရသည့်သတင်းများက နားဝမသက်သာလှ။ ပြဿနာတစ်ခုမဟုတ်တစ်ခု စိတ်မချမ်းသာစရာ သတင်းဆိုးများကိုသာ နေ့တိုင်းကြားနေရပြီး မြောက်ဦးသည် ပြဿနာရှုပ်ထွေးသောအရပ် ဖြစ်လာနေသည်။ ရခိုင်ပြည်နယ်၌ မြောက်ဦးဒေသ ဆန်ရေစပါးအထွက် ဆုံးဖြစ်နေခဲ့ပါသော်လည်း တိုက်ပွဲများကြောင့် မြောက်ဦးဒေသရှိ လယ်သမားများ အပြင်ထွက်ရမည်ကြောက်၍ အခုချိန်အထိ ထွန်မချနိုင်ကြသေး။ ကိုအောင်ကျော်ဇံ ချစ်မြတ်နိုးသော မြောက်ဦးဒေသ ကမ္ဘာ့အမွေ အနှစ်အဖြစ်စာရင်းဝင်ဖို့ ကြိုးစားနေကြချိန် နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေ၍ စစ်မီးလျှံကြောင့် ယခုအချိန်မှာ မြောက်ဦးမြို့ အနက်ရောင်နယ်မြေ ဖြစ်နေပြီး ညမထွက်ရအမိန့် သတ်မှတ်ခံထားရသော ဒေသတစ်ခု ဖြစ်နေသည်။ 

ဇူလိုင်လ ၁၁ ရက်နေ့က ရခိုင်ပြည်နယ်၌ မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် လေးမြို့မြစ် စိုးရိမ်ရေမှတ်ကြောင့် လေးမြို့မြစ်ကမ်းနဖူးတွင် ယာယီတည်ဆောက်ထားသော မြောက်ဦးမြို့ “ဇဘောကိုင်း ဒုက္ခသည်စခန်း” ၌ ရေပြည့်ရေလျှံနေခဲ့ပြီး စခန်းတစ်ခုလုံးရေမြုပ်ခဲ့သည်။ မြောက်ဦးဒုက္ခသည်စခန်းများ အများအပြားရေမြုပ်ခဲ့၍ စစ်ပြေးရှောင်ပြည်သူများ သဘာဝဘေး၊ စစ်ဘေးများကို ခံစားနေကြရ၍ စားနပ်ရိက္ခာရှားပါးနေပြီး လူပေါင်း ရာချီ နေမကောင်းဖြစ်နေကြသည်ကို ကြားသိနေရ၏။ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က တုံ့ပြန်မှုအားနည်းနေ၍ မြောက်ဦးမြို့ စစ်ဘေးရှောင်စခန်းများက ပြည်သူများ ကူသူမဲ့၊ ကယ်သူမဲ့ဘဝ ရောက်နေကြရသည်။ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၏ မေတ္တာစေတနာကို စစ်ဘေးရှောင်ပြည်သူများက လိုအပ်နေသော်လည်း ဝန်ကြီးများ သိမှသိပါလေစ။

ရခိုင်ဒေသသည် ဘင်္ဂါလီမွတ်စလင်အရေးကြောင့် နိုင်ငံတကာ စာမျက်နှာတွင် အလွန်သိက္ခာကျနေပြီး WAR Khine ဆိုပြီး နာမည်ဆိုးနှင့် ကျော်ကြားနေသည်။ တိုင်းရင်းသားများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ဖို့ ကြိုးစားနေကြချိန် ကိုအောင်ကျော်ဇံအမြင်၌ ရခိုင်လူငယ်များလက်နက်ကိုင်ပြီး ဖြေရှင်းနေကြသည်ကို မလိုလား၊ လူငယ်များ၏စိတ်ထဲ၌ စစ်တိုက်သောယဉ်ကျေးမှု မထွန်းကားစေချင်။ ရခိုင်လူငယ်များစိတ်ထဲ၌ လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်ထဲ၌ ပါးစပ်နှင့်လေနှင့် ပြောနေ၍ အရာမရောက်နိုင်။ လွှတ်တော်ကိုယ်စားလှယ်များ လမ်းတောင်း၊ တံတားတောင်း အဆင့်သာရှိပြီး မစို့မပို့ မျှော်နေ၍ ရခိုင်လူမျိုးများ မည်သည့်ခံစားခွင့်မှ ရရှိလာမည်မဟုတ်။ ရခိုင်လူမျိုးများ ပစ္စုပ္ပန်၌လည်း စားဝတ်နေရေး အဆင်မပြေ၊ အနာဂတ်ကို မျှော်ကြည့်ပြန်ရင်လည်း ကမ်းမမြင်လမ်းမမြင် ဖြစ်နေကြ၍ အတိတ်ကို ပြန်လွမ်းသည့် ရခိုင်လူငယ်များက လက်နက်ကိုင်လမ်းစဉ်ဖြင့် မိမိတို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကံကြမ္မာကို မိမိတို့ ဖန်တီးလာနိုင်မည်ဟု မှတ်ယူလာကြသည်။ ယုံကြည်နေကြသည့်အုပ်စုက လက်နက်ကိုင်လမ်းစဉ်ကို ကြိုက်လာကြခြင်းကြောင့် တိုက်ယူမှရမည့် Radical အုပ်စုက ရခိုင်၌ အားကောင်းလာနေခြင်းဖြစ်သည်။ သို့ဖြစ်၍ ရခိုင်ပြည်နယ်၌ တိုက်ပွဲများထပ်မံ မဖြစ်ပွားရအောင် နှစ်ဖက်အပစ်ခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးလမ်းစဉ် NCA ထဲကပဲ သွားကြစေချင်သည်။ ငြိမ်းချမ်းရေးစားပွဲဝိုင်းမှာ အဖြေရှာကြစေလိုသည်။ ဒီမိုကရေစီ နည်းလမ်းကျကျ ဖြေရှင်းကြစေချင်သည်။ ဒီမိုကရေစီ ဘောင်ကျဉ်းလာလျှင် လက်နက်ကိုင်လမ်းစဉ်ဘောင် သည်ထက်မက ရခိုင်ပြည်နယ်၌ ကျယ်လာနိုင်သည်။ မြေစာပင် ပြည်သူတွေ စစ်ဘေးဒုက္ခသည်အဖြစ် ပိုများလာပါမည်။

အချုပ်အားဖြင့် ကိုအောင်ကျော်ဇံစိတ်ထဲ၌ ညီအစ်ကိုချင်း စစ်တိုက်နေကြသည်ကို မလိုလား။ စစ်ပွဲဟူသမျှကို ဆန့်ကျင်သည်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ အမြန်ဆုံးကျင်းပစေလိုသည်မှာ တိုက်ပွဲကြောင့်ကြားထဲက မြေစာပင်ဖြစ်သည့် ပြည်သူများ ဒုက္ခမရောက်စေလို၍ ဖြစ်သည်။ တိုက်ပွဲကြောင့် မြောက်ဦးရှိ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များများစွာ ပျက်စီးဆုံးရှုံးသွားနိုင်သည်။ သို့ဖြစ်၍ ရခိုင်ပြည်နယ်မြောက်ပိုင်း၌ တိုက်ပွဲများဖြစ်နေသည်မှာ မဆန်းဟု မထင်မှတ်ကြဘဲ နှစ်ဖက်အဖွဲ့အစည်း ဆွေးနွေးကြပါ၊ ညှိနှိုင်းကြပါ၊ ပြည်သူကိုထောက်ထား၍ မာနမထားကြပါနှင့်ဟုသာ ကိုအောင်ကျော်ဇံ စိတ်ထဲ အကြိမ်ကြိမ်ဆုတောင်းနေမိပါတော့သည်။ 

အောင်ကြည်မိုး (စစ်တွေ)