News

POST TYPE

PERSPECTIVE

ညီညွှတ်ရေးဆိုသည်မှာ
19-Jul-2019



နိုင်ငံရေးသည် နိုင်ငံသားများ၏ ဘဝများကို အကောင်း၊ အဆိုး ဖန်တီးပေးတတ်ကြောင်း စာသိသာမက လက်တွေ့အားဖြင့်လည်း သိခဲ့ရပြီးဖြစ်သည်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း ပါလီမန်ဒီမိုကရေစီခေတ်၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်စသည့် မြန်မာ့သမိုင်းသည် ၁၉၄၈ ခုနှစ်မှ ၂၀၁၁ အထိ ကာလအားဖြင့် နှစ်ပေါင်း ၆၃ နှစ်၊ ထို့နောက် ၂၀၁၁ ခုနှစ်မှ ယနေ့အထိ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလ ၈ နှစ်ကျော် ... ယင်း အတွေ့အကြုံများနှင့် အတွေးအမြင်အသိများသည် ဆင်ခြင်သုံးသပ်ဖွယ်များအတိ။

လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း ပါလီမန်ဒီမိုကရေစီခေတ်သည် မြန်မာနိုင်ငံ၏ နိုင်ငံရေးအချိုးအကွေ့အပေါ် များစွာ သက်ရောက်လျက်ရှိနေခဲ့သည်။ ယင်းကာလအတွင်းမှာပင် ပြည်တွင်းစစ်မီး စတင်တောက်လောင်ခဲ့ပြီး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးမှာလည်း အစိတ်စိတ် အမြွှာမြွှာဖြစ်ခဲ့ရသည်။ ယင်း၏အကျိုးဆက်သည် တစ်ပါတီစနစ်သို့ ကူးပြောင်းရောက်ရှိသွားခဲ့သည်။ ထိုသို့ဆိုသဖြင့် ပါလီမန်ဒီမိုကရေစီ ခေတ်ကာလကို အပြစ်ပုံချလိုခြင်း၊ အပြစ်တင်လိုခြင်း မရည်ရွယ်။ သို့သော် ဖြစ်စဉ်၊ ဖြစ်ရပ်တို့ကြောင့် ဖြစ်ပေါ်လာသော အကြောင်းနှင့်အကျိုးကိုမူ ဆင်ခြင်ကြရမည်ဖြစ်သည်။ အားသာချက်များကို ထိမ်ချန်မထားသင့် သကဲ့သို့ အားနည်းချက်များကိုလည်း ကွယ်ဝှက်ထားရန် မပြုလုပ်သင့်။ မြန်မာနိုင်ငံလွတ်လပ်ရေးပြီးနောက်ပိုင်း ဖြစ်ပေါ်လာခဲ့သည့် လက်နက်ကိုင်တိုက်ခိုက်မှုများနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုပျက်ပြားရခြင်းများသည် ယနေ့ရင်ဆိုင်နေရဆဲ အခက်အခဲဖြစ်နေခြင်းကြောင့် ကျိုးကြောင်း စဉ်းစားလိုခြင်းဖြစ်သည်။

လွတ်လပ်ရေးရရှိသည်ကို သိမီသူများဆိုပါက ယနေ့တွင် အသက်အရွယ်အားဖြင့် အနည်းဆုံး ၇၁ နှစ်ရှိနေပြီ။ အသက် ၇၁ ဝန်းကျင်ရှိနေသူများသည် ပါလီမန်ဒီမိုကရေစီစနစ်ကို ကောင်းမွန်စွာ သိမီသူများဖြစ်ပေလိမ့်မည်။ ၁၉၆၂ နောက်ပိုင်းမွေးဖွားသူများသည်ပင် ယနေ့ချိန်တွင် အသက်အရွယ်အားဖြင့် အနည်းဆုံး ၅၇ နှစ်ရှိပြီ ဖြစ်သည်။ မိမိ ကိုယ်တိုင်သည်ပင် တက္ကသိုလ်တတိယနှစ် ၁၉၈၈ ခုနှစ်တွင် နိုင်ငံရေး အချိုးအကွေ့တစ်ခုကို ဖြတ်သန်းခဲ့ရပြီး အတွေ့အကြုံနှင့် ဘဝသင်ခန်းစာ များရရှိပြီးဖြစ်သည်။ ယင်းအတွေ့အကြုံများသည် နိုင်ငံသားများ၏ဘဝကို များစွာပြောင်းလဲစေခဲ့ပြီး ဖြစ်သည်။ ယနေ့ပြည်သူများဆိုသည်မှာ ရွေးချယ်ခွင့်ရှိသော၊ ရွေးချယ်ခံပိုင်ခွင့်ရှိသော၊ ဆုံးဖြတ်ပိုင်ခွင့်နှင့် ဆုံးဖြတ်ရာတွင် ပါဝင်ခွင့်ရှိသောသူများ ဖြစ်သည်။ နိုင်ငံ၏အချုပ်အခြာအာဏာကို ပြည်သူပိုင်သောစနစ်တွင် နိုင်ငံအတွက်ကောင်းခြင်း၊ ဆိုးခြင်းများသည်လည်း ပြည်သူများ၏ဆုံးဖြတ်နိုင်စွမ်းနှင့် သက်ဆိုင်လာပါသည်။ ထိုအခြေအနေတွင် ခြေ/ဥပြင်ဆင်ရေးအပေါ် ပြည်သူတစ်ယောက်အနေနှင့် စဉ်းစားသုံးသပ်ရန်အချက်များ ရှိနေမည်ဟု ယူဆမိပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေးပူးပေါင်းကော်မတီကို ဖေဖော်ဝါရီလ ၁၉ ရက်တွင် ဖွဲ့စည်းခဲ့ပြီး ယခုလ ၁၂ ရက်နေ့တွင် ကော်မတီ၏ဆွေးနွေးမှုများ ပြီးဆုံး၍ ၁၅. ၇ .၂၀၁၉ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံစာတင်သွင်းခဲ့ပြီး ဖြစ်သည်။ သာမန်အားဖြင့် လွှတ်တော်သို့ အစီရင်ခံစာတစ်စောင်တင်သွင်းခြင်း၊ ဥပဒေကြမ်းတစ်ရပ် တင်သွင်းခြင်းသည် ထူးခြားလှသည့် လုပ်ငန်းတစ်ရပ်တော့မဟုတ်။ လွှတ်တော်၏ ပုံမှန်လုပ်ရိုးလုပ်စဉ် တာဝန်တစ်ရပ်သာဖြစ်သည်။ သို့သော် ခြေ/ဥပြင်ဆင်ရေးသည် သာမန်လုပ်ငန်းတစ်ရပ်ထက်ပိုသည်။ ခြေ/ဥပြင်ဆင်ရေးသည် နိုင်ငံအတွက် အကျိုးသက်ရောက်မှု ကြီးမားနိုင်သည်။ ထို့ထက်ပိုသည်မှာ ခြေ/ဥပြင်ဆင်ရေးသည် နိုင်ငံရေးသဘောတူညီမှု၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှု၊ ငြိမ်းချမ်းရေးတည်ဆောက်မှု၊ အမျိုးသားရင်ကြားစေ့ရေး၊ နိုင်ငံတော်တည်ဆောက်ရေးတို့အပေါ် အခြေခံနေသည်။ အခြေခံဥပဒေ ပြင်ဆင်ရေးသည် အနာဂတ်မြန်မာ့နိုင်ငံရေးအပေါ် မည်မျှအကျိုးသက်ရောက်မှု များမည်၊ မများမည်ဆိုသည်မှာ ကိုင်တွယ်သူများ၏ စိတ်စေတနာ၊ မြော်မြင်နိုင်စွမ်း၊ ကျွမ်းကျင်မှုတို့နှင့်လည်း သက်ဆိုင်နေမည်ဖြစ်သည်။

အစီရင်ခံစာအရ အခန်း ၁ နိုင်ငံတော်အခြေခံမှုများမှစ၍ အခန်း ၁၅ အထွေထွေပြဋ္ဌာန်းချက်များ အပါအဝင် နောက်ဆက်တွဲဇယား ၅ အထိ ပြင်ဆင်ချက်၊ ဖြည့်စွက်ချက်၊ ပယ်ဖျက်၊ အကြံပြုချက်များကို အစီရင်ခံစာတွင် ဖော်ပြထားသည်။ ယင်းအစီရင်ခံစာအား လွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ပြီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကို ပြင်ဆင်သည့် ဥပဒေမူကြမ်းတစ်ရပ် ပြုစုရေးဆွဲရေးအတွက် ပြည်ထောင်စု အစိုးရအဖွဲ့ကိုယ်စားလှယ်များ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တရားစီရင်ရေးဆိုင်ရာအခြားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌများ၊ တိုင်းရင်းသားရေးရာ ဝန်ကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကိုယ်စားလှယ်များ၊ တိုင်းရင်းသားလူမျိုးစု ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှကိုယ်စားလှယ်များနှင့် ဥပဒေပညာရှင်များထံမှ အကြံဉာဏ်များ ရယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

သို့သော် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၂) ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ခြင်းပုဒ်မ ၄၃၃ အပိုဒ်ခွဲ (က) တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ကိုပြင်ဆင်ရန် တင်သွင်းသောအဆိုကို ဥပဒေမူကြမ်းအဖြစ်ဖြင့် တင်သွင်းရမည်။ (ခ) ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရန် အဆိုတင်သွင်းသော ဥပဒေမူကြမ်းတွင် အခြားအဆိုများမပါရှိစေရဟု ပြဋ္ဌာန်းထားပါသည်။ ပုဒ်မ ၄၃၅ တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရန် ဥပဒေမူကြမ်း ကို ပြည်ထောင်စုလွှတ်တော်ရှိ လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းကတင်ပြလာလျှင် အဆိုပါပြင်ဆင်ချက် ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်က လက်ခံဆွေးနွေးရမည်ဟု ပြဋ္ဌာန်းထားပါသည်။

ယင်းအချက်များနှင့်ပတ်သက်၍ ခြေ/ဥပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာဆိုင်ရာ လုပ်ငန်းစဉ်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၂ ပါ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီခြင်းမရှိပါကြောင်း တပ်မတော်သား ကိုယ်စားလှယ်များအစုအဖွဲ့၏ သဘောထားမှတ်ချက် ၃ ချက်ကို အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။ ပူးပေါင်းကော်မတီ၏ အစီရင်ခံစာကို လွှတ်တော်တွင် ကိုယ်စားလှယ်များဆွေးနွေး၍ မဲခွဲဆုံးဖြတ်မည်ဖြစ်သည်။ လွှတ်တော်က အစီရင်ခံစာအားအတည်ပြုပါက ယင်းအစီရင်ခံစာပါအတိုင်း ဆက်လက်ဆောင်ရွက်မည်ဖြစ်သည်။ လက်ရှိအခြေအနေအရ ယခုတင်သွင်းသော အစီရင်ခံစာအပေါ်တွင်ပင် သဘောထားကွဲလွဲမှုများ ရှိနေသည်။ ထိုသို့ဆိုလျှင် လွှတ်တော်တွင်း ခြေဥပြင်ဆင်ရေး၏ ဖြစ်လာနိုင်သည့်ရလဒ်၊ ဘေးထွက်ကောင်းကျိုး၊ ဆိုးကျိုးများသည် နိုင်ငံ၏အခြေအနေအရပ်ရပ်နှင့် သက်ဆိုင်နေမည်ဖြစ်သည်။ 

လွှတ်တော်အတွင်း ခြေ/ဥပြင်ဆင်ရေးတွင် အာဏာရပါတီ၊ အတိုက်အခံပါတီများ၊ တိုင်းရင်းသားပါတီများနှင့် တပ်မတော်အကြား လိုအပ်နေသည့် ကြိုတင်ညှိနှိုင်းသဘောတူညီချက် မရှိသေးခြင်းမှာလည်း ထည့်သွင်းစဉ်းစားစရာပင်ဖြစ်သည်။ နိုင်ငံရေးယဉ်ကျေးမှုအသစ်ဟုဆို သောဆွေးနွေးညှိနှိုင်းခြင်းကို ပစ်ပယ်၍ ထိပ်တိုက်ရင်ဆိုင်ရေး လမ်းစဉ်ကို ရွေးချယ်ခဲ့ကြပြီလားဟု မေးရမလိုပင်။ ခြေ/ဥပြင်ဆင်ရေးအား လက်ရှိနိုင်ငံ ၏အခြေအနေအရ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားများ၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် တပ်မတော်အကြား နိုင်ငံရေးသဘောတူညီမှု မပါသော ခြေ/ဥပြင်ဆင်ရေးသည် ညီညွတ်ရေးသို့ ဦးတည်နိုင်မည်လား၊ ပြိုကွဲရေးသို့ ဦးတည်နိုင်မလားဆိုသည်မှာ သမိုင်းကြောင်းနှင့် ယှဉ်၍ စဉ်းစားသင့်ပါသည်။ ထိုသို့ဆိုခြင်းသည် အပျက်သဘောရှုမြင်လိုခြင်းထက် နိုင်ငံ၏ပစ္စက္ခအခြေအနေကို ထည့်သွင်းစဉ်းစားလိုခြင်းပင်ဖြစ်သည်။

ယင်းနှင့်အတူ ထွက်ပေါ်လာသည့် အခြေအနေမှာ ခြေ/ဥပြင်ဆင်ရေး ပူးပေါင်းကော်မတီအစီရင်ခံစာအပေါ် လူထုထောက်ခံပွဲများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်ပြုလုပ်ရန်လှုံ့ဆော်မှုများကို ကြားသိနေရခြင်းပင်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် တန်ပြန်ဆန္ဒပြပွဲများပြုလုပ်မည့် အစီအစဉ်များကိုလည်း ကြားသိနေရပါသည်။ လူထုကို လမ်းမပေါ်သို့ ဆွဲတင်နေခြင်းအဖြစ် မြင်မိသည်။ နိုင်ငံ၏အခြေအနေသည် ၂၀၀၈ ခြေ/ဥရေးဆွဲစဉ် အခြေအနေနှင့် ယနေ့အခြေအနေမတူညီတော့။ နိုင်ငံရေးဝန်းကျင် ပြောင်းလဲနေပြီ၊ ပလေယာများ ပြောင်းလဲသွားပြီဖြစ်သည်။ စေ့စပ် ဆွေးနွေးညှိနှိုင်းအဖြေရှာသည့် နိုင်ငံရေးယဉ်ကျေးမှုကိုလည်း လက်ခံကျင့်သုံးနေကြပြီဖြစ်သည်။ အခြားတစ်ဖက်တွင် ပြည်သူများ၊ မီဒီယာများ၊ အရပ်ဘက်အဖွဲ့အစည်းများ၏ အခြေအနေသည်လည်း ၂၀၁၁ မတိုင်မီအခြေအနေနှင့် ယနေ့အခြေအနေ မတူညီတော့။ နိုင်ငံရေးကဏ္ဍတွင်လည်း အာဏာရပါတီ၊ အတိုက်အခံပါတီ၊ တိုင်းရင်းသားပါတီစသည့် နိုင်ငံရေးပါတီများ တည်ရှိနေပြီးဖြစ်သကဲ့သို့ ပြည်သူများ၏ နိုင်ငံရေးအသိရေချိန်သည်လည်း ၂၀၁၁ ကာလမတိုင်မီကထက် များစွာကွာခြားနေပြီဆိုသည်မှာ လက်တွေ့မြင်နိုင်သည့် အခြေအနေပင်။ ယင်းသည် ၂၀၁၁ ကာလ နိုင်ငံ၏ နိုင်ငံရေးအခြေအနေနှင့် ၂၀၁၉ နိုင်ငံ၏ နိုင်ငံရေးအခြေအနေဖြစ်သည်။ ယခုအချိန်တွင် ခံစားချက် ဦးစားပေးမလား၊ ဖြစ်သင့်ဖြစ်ထိုက်သည်ကို ဦးစားပေးမလား၊ အားလုံးသောအားလုံးက ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်သင့်သည့် အချိန်ကာလဟု ယူဆမိပါသည်။ ပြည်သူများသည်လည်း ပြောင်းလဲနေသော ခေတ်စနစ်နှင့်အညီ အချုပ်အခြာအာဏာကို အမှန်တကယ်ပိုင်ဆိုင်သူများဖြစ်သည်နှင့်အညီ နိုင်ငံကိုထိန်းကျောင်းနိုင်သူများ အဖြစ်သို့ ပြောင်းလဲကြရမည်ဖြစ်သည်။ သို့မှလည်း နိုင်ငံသားတစ်ယောက်၏ တာဝန်ကျေပွန်မည်ဖြစ်သည်။ 

ဘတစ်ပြန်၊ ကျားတစ်ပြန်ဖြင့် အပြန်အလှန်ဆန္ဒပွဲများပြုလုပ်ရန် စီစဉ်နေကြသည်ကို မြင်တွေ့ရသည့်အခါ အိမ်နီးချင်းထိုင်းနိုင်ငံတွင် ၂၀၁၄ ခုနှစ် အတွင်းက ရှပ်နီ၊ ရှပ်ဝါ ဆန္ဒပြပွဲများ ပြုလုပ်ကြပုံနှင့် အကျိုးဆက်များကို သတိရမိသည်။ ထိုင်းနိုင်ငံနှင့် မိမိတို့နိုင်ငံ၏ အခြေအနေများ မတူညီသေးပါ။ မိမိတို့နိုင်ငံသည် လမ်းလျှောက်တတ်ခါစ ကလေးငယ်သာသာ အခြေအနေဖြစ်ပါသည်။ နိုင်ငံ၏ဟန်ချက်မပျက်ရန် အရေးကြီးလှပါသည်။ ဒီမိုကရေစီတည်ဆောက်ဆဲနိုင်ငံတွင် ဒီမိုကရေစီနည်းလမ်းများနှင့်အညီ ဆွေးနွေးညှိနှိုင်းနိုင်မှသာ ဖက်ဒရယ်နိုင်ငံတည်ဆောက်ရေးကို ဆက်လက်အကောင်အထည်ဖော်နိုင်ပေလိမ့်မည်။ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးသည် အနာဂတ်နိုင်ငံတည်ဆောက်ရေးအတွက် အခြေခံအဖြစ်ရှိနေပါသည်။ နိုင်ငံညီညွတ်ရေးနှင့် ဘုံအကျိုးစီးပွားကို ဦးတည်ကြမည်ဆိုပါက အစွန်းရောက်ကိုယ်ကျိုးစီးပွားများကိုလည်း လျှော့ချကြရန်လိုအပ်မည်ဖြစ်သည်။

အမျိုးသားညီညွတ်ရေးနှင့်ပတ်သက်၍ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းတစ်ခုကို ဖော်ပြလိုပါသည်။ ၂၃.၁.၁၉၄၆ ရက်နေ့ ကျင်းပသော ဖ.ဆ.ပ.လ ပြည်လုံးကျွတ်ညီလာခံသဘင်ကြီးသို့ ဗိုလ်ချုပ်အောင်ဆန်း တင်သွင်းသော ညီညွတ်ရေးအဆိုတွင်“ညီညွတ်ရေးဆိုတာဘာလဲ နားလည်ဘို့ လိုတယ်။ ဒီတော့ကာ ဒီအပိုဒ် ဒီဝါကျမှာ ညီညွတ်ရေး ဆိုတဲ့အကြောင်းကို သရုပ်ဖော်ပြထားတယ်။ တူညီသောအကျိုး၊ တူညီသောအလုပ်၊ တူညီသော ရည်ရွယ်ချက် ရှိရမယ်။ ကျွန်တော်တို့ညီညွတ်ရေးဆိုတာ ဘာအတွက် ညီညွတ်ရမှာလဲ။ ဘယ်လိုရည်ရွယ်ချက်နဲ့ ညီညွတ်ရမှာလဲ။ ရည်ရွယ်ချက် ဆိုတာရှိရမယ်။ ညီညွတ်ရေးဆိုတာက ဘာအတွက်ညီညွတ်ရမှာလဲ။ ရာထူးယူဘို့ ညီညွတ်ရမလား။ ဒါမှမဟုတ် ဒီတိုင်းပြည်ရဲ့တိုင်းသူပြည်သားတွေကို နှိပ်စက်ဘို့ ညီညွတ်ရမှာလား။ ဘာအတွက်ညီညွတ်ရမလဲ။ အဲဒီတော့ကာ ကျွန်တော်လိုချင်တဲ့ ညီညွတ်ရေးက တတိုင်းတပြည်လုံး လူတမျိုးလုံးရဲ့ လွတ်လပ်ရေး၊ လူတမျိုးလုံးရဲ့ အကျိုး။ အဲဒီလိုတူညီတဲ့ ရည်ရွယ်ချက်၊ တူညီတဲ့အကျိုး၊ တူညီတဲ့အလုပ်။ ဒါတွေကို ရအောင် အဲဒီလိုတူညီတဲ့အကျိုး။ တိုင်းသူပြည်သားတွေရအောင် တူညီတဲ့ အလုပ်လုပ်တဲ့ ညီညွတ်ရေးမျိုးဖြစ်ရမယ်။ ပါးစပ်ကပြောရုံနဲ့ မပြီးဘူး။ ပါးစပ်က ညီညွတ်ချင်ပါတယ် ပြောလို့မဖြစ်ဘူး။ အလုပ်မှာလဲ တူရမယ်။ အကျိုးမှာလဲ တူရမယ်။ ရည်ရွယ်ချက်မှာလဲ တူရမယ်။ အဲဒါမျိုးကိုမှ ညီညွတ်ရေးလို့ ခေါ်ထိုက်တယ်။”

နှိုင်းချိန်စဉ်းစားရန်နှင့် မိမိကိုယ်မိမိ ဝေဖန်သုံးသပ်ရန် ကောင်းလှပါသည်။

သိန်းထွန်း (IR) (၁၇.၇.၂၀၁၉)