POST TYPE

PERSPECTIVE

ခြေဥပြင်ဆင်ရေး အစီရင်ခံစာထဲက NLD ရဲ့ နိုင်ငံရေးမျှော်မှန်းချက်
19-Jul-2019



လွှတ်တော်အတွင်းမှာရော၊ လွှတ်တော်အပြင်မှာပါ အကျယ်အကျယ် မငြိမ်းဖွယ် နိုင်ငံရေး အငြင်းအခုံတွေ ဖြစ်ပေါ်စေခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ကော်မတီရဲ့ အကြံပြုအစီရင်ခံစာဟာ အပြန်အလှန်ထောက်ခံ၊ ဆန့်ကျင်ဆန္ဒပြပွဲတွေ နိုင်ငံနဲ့တစ်ဝန်းမှာ ဖြစ်ပေါ်နေတဲ့ကြားမှာပဲ လွှတ်တော်ကို တင်သွင်းခဲ့ပြီဖြစ်ပါတယ်။ လွှတ်တော်တွင်း အင်အားအများစုဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ဦးဆောင်လှုပ်ရှားခဲ့တဲ့ လွှတ်တော်တွင်း အခြေခံဥပဒေပြင်ဆင်နိုင်ရေး ပူးပေါင်းကော်မတီဖွဲ့စည်းခဲ့ခြင်းကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလမှာ စတင်ခဲ့တာဖြစ်ပါတယ်။ NLD၊ ကြံ့ခိုင်ရေး၊ တပ်မတော် အပါအဝင် အခြားလွှတ်တော်တွင်း နေရာရပါတီများမှ အင်အား အချိုးအစားအလိုက် ကိုယ်စားလှယ်ထည့်ဝင်ပြီး စုစုပေါင်း ၄၅ ဦးနဲ့ ဖွဲ့စည်းကာ လက်ရှိ ၂၀၀၈ အခြေခံဥပဒေကို အပြန်အလှန် သုံးသပ်ပြီး ပြင်ဆင်သင့်တဲ့ အကြံပြုချက်တွေကို ၅ လနီးပါးကြာမြင့်စွာ ဆွေးနွေးစုစည်းခဲ့ကြပါတယ်။ အခြေခံဥပဒေ ပြင်ဆင်ချက်မူကြမ်း တစ်စောင်ရရှိနိုင်ဖို့ အခုလိုကော်မတီက စုစည်းထားခဲ့တဲ့ ပြင်ဆင်၊ ပယ်ဖျက်၊ ဖြည့်စွက်အသစ်ထည့်သွင်းသင့်တဲ့ အချက်ပေါင်း ၃၇၀၀ ကျော်ရရှိပါတယ်။ လွှတ်တော်အတွင်း ဥပဒေနဲ့အညီ ပြင်ဆင်နိုင်တဲ့ အဆင့်ကို ရောက်ရှိလာအောင် ဒီအချက်တွေအပေါ်မှာ ဆက်လက်ဆွေးနွေး သုံးသပ်တိုင်ပင်နိုင်ဖို့ ပါဝင်ဆွေးနွေးသုံးသပ်လိုတဲ့ ကိုယ်စားလှယ်များကို ဖိတ်ခေါ်ထားပြီး လာမယ့် လွှတ်တော်အစည်းအဝေးတွေမှာ စတင်ဆွေးနွေး နိုင်တော့မယ်လို့ မျှော်လင့်ရပါတယ်။

ဒီနေရာမှာ အများပြည်သူက တစ်ခဲနက်တောင်းဆိုနေကြတဲ့ အခြေခံဥပဒေပြင်ဆင်ရေးဟာ ၄၅ ဦးကော်မတီက တင်ပြလာတဲ့ အရေအတွက် လေးထောင်နီးပါးရှိသော ပြင်ဆင်ချက်တွေအဖြစ် အသေးစိတ် ပေါ်ထွက်လာတဲ့အတွက် အများပြည်သူ နိုင်ငံသူ၊ နိုင်ငံသားများလည်း နားလည်သိရှိထားဖို့ လိုအပ်လာပါတယ်။ ခြေ/ဥပြင်ဆင်ရေး ၄၅ ဦး ပူးပေါင်းကော်မတီထဲမှာ အာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ဘာတွေပြင်ဆင်ဖို့ဆန္ဒရှိသလဲ၊ ကြံ့ခိုင်ရေး အပါအဝင် အခြားသော လွှတ်တော်တွင်းအင်အားစုတွေဖြစ်တဲ့ တိုင်းရင်းသားပါတီတွေက ဘာတွေပြင်ဖို့ ဆန္ဒရှိသလဲ ဆိုတာကို ပြည်သူများအနေနဲ့ အဆိုပါ ၃၇၀၀ ကျော် အချက်အလက်တွေထဲကနေ ဝေဖန်ပိုင်းခြား နားလည်သိရှိထားဖို့ လိုအပ်လာပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ ၄၅ ဦး ကော်မတီကတင်သွင်းတဲ့ ခြေ/ဥပြင်ဆင်ချက် ၃၇၆၆ ချက်အပေါ် ကနဦး ဝေဖန်ဆန်းစစ်ချက်လေ့လာမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ပထမဆုံး ၅ လကြာ ဆွေးနွေးမှုတွေက ထွက်ပေါ်လာတဲ့ လက်တွေ့ နိုင်ငံရေး ဘဝအခြေအနေအပေါ်မူတည်ပြီး အာဏာရပါတီလည်းဖြစ် ခြေ/ဥပြင်ဆင်ရေးလှုပ်ရှားမှုရဲ့ ဦးဆောင်ဦးရွက်ပြုသူလည်းဖြစ်သည့် NLD ပါတီရဲ့ ခြေ/ဥ ပြင်ဆင်လိုမှု ဆန္ဒနဲ့ချိန်ဆ ချဉ်းကပ်မှု ဗျူဟာကနေ စတင်သုံးသပ်လိုပါတယ်။

အာဏာရပါတီ NLD ဟာ အခြေခံ ဥပဒေပြင်ဆင်ရေးကို ပါတီရဲ့ အဓိက နိုင်ငံရေးရည်မှန်းချက်ကြီးအဖြစ် ၂၀၀၈ အခြေခံဥပဒေ စတင် အသက်ဝင်စဉ်ကတည်းက ကြွေးကြော်ခဲ့ပြီး အခုလို လွှတ်တော်တွင်း ခြေ/ဥပြင်ဆင်ရေးကို ဦးဆောင်ဦးရွက်ပြုစတင်ခဲ့သော်လည်း အခုထွက် ပေါ်လာသော ပြင်ဆင်ချက် ၃၇၀၀ ကျော်မှာ NLD က ဆန္ဒပြုတဲ့ အချက် ၁၁၄ ချက်သာ ပါဝင်တာကိုတွေ့ရပါတယ်။ အများစုသော အချက်တွေကိုတော့ ရှမ်း၊ ရခိုင်၊ မွန်နဲ့ ကချင်ပါတီတွေက အများဆုံးတင်ပြကြတာတွေ့ရပါတယ် ။ NLD ပါတီက ဆန္ဒပြုတဲ့ ၁၁၄ ချက်သော အချက်တွေကို လေ့လာကြည့်တဲ့အခါ အပိုင်း ၄ ပိုင်း ထွက်ပေါ်လာပါတယ်။ ပထမနဲ့ အဓိက အကျဆုံးအချက်က တပ်မတော်ရဲ့ နိုင်ငံရေးဆုတ်လမ်းကို သတ်သတ်မှတ်မှတ်ထားရှိပြီး ကာကွယ်ရေးဦးစီးချုပ်ရဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးကိစ္စတွေမှာ စွက်ဖက်ပါဝင်လွှမ်းမိုးနိုင်ခွင့် ပေးထားတဲ့ အချက်တွေကို ပယ်ဖျက်၊ ပြင်ဆင်၊ ဖြည့်စွက်၊ ကန့်သတ်လိုက်တာဖြစ်ပါတယ်။ ဒုတိယအချက်ကတော့ သမ္မတနဲ့ ပြည်ထောင်စု လွှတ်တော်ရဲ့ အခန်းကဏ္ဍနဲ့ လုပ်ပိုင်ခွင့် အခွင့်အာဏာကို ပိုမိုတိုးချဲ့လိုက်ပြီး အထူးသဖြင့် လက်ရှိကာကွယ်ရေးဦးစီးချုပ်က အသာစီးရရှိနေသော ၁၁ ဦးပါ ကာ/လုံအဖွဲ့ကို နယ်စပ်ရေးရာဝန်ကြီးကိုဖြုတ် လွှတ်တော်ဒုဥက္ကဋ္ဌ ၂ ဦးနဲ့ ၁၂ ပါ ကာလုံအဖြစ် ထပ်တိုးပြင်ဆင်ဖွဲ့စည်းပြီး အရေးပေါ် ကာလဆိုင်ရာ စီမံခန့်ခွဲမှုတွေမှာ ကာ/လုံရဲ့ အရေးပါမှုနဲ့ နိုင်ငံတော်ရဲ့ အရေးပေါ်အခြေအနေမှာ ကာကွယ်ရေးဦးစီးချုပ်ထံ အာဏာယာယီ အပ်နှင်းစေရမယ့် ပြဋ္ဌာန်းချက်ကို ပယ်ဖျက်ကာ သမ္မတရဲ့အခွင့်အာဏာကို အကြွင်းမဲ့ တိုးမြှင့်လိုက်တာပဲဖြစ်ပါတယ်။ တတိယအချက်ကတော့ အဲဒီပြင်ဆင်ချက်တွေနဲ့ လိုက်လျောညီထွေမှုရှိအောင်၊ ဆီလျော်မှုရှိအောင်၊ ရှေ့နောက်မဆန့်ကျင်အောင် ကျန်တဲ့အပိုင်းတွေမှာ ညှိနှိုင်းပြင်ဆင်တာဖြစ်ပါတယ်။ စတုတ္ထအချက်ကတော့ အခြေခံဥပဒေ အသက်ဝင်မှု ၁၀ နှစ်နီးပါးရှိလာပြီဖြစ်လို့ ဖွဲ့စည်းပုံထဲမှာ ရှိနေဖို့ မလိုအပ်တော့တဲ့ အခန်းတွေ၊ အပိုဒ်တွေနဲ့ တည်ရှိခြင်းမရှိတော့သော အာဏာပိုင်အဖွဲ့အစည်းဟောင်းတွေနဲ့ သက်ဆိုင်တဲ့အပိုင်းတွေကို ပယ်ဖျက်တာပဲ ဖြစ်ပါတယ်။

တပ်မတော်ရဲ့ နိုင်ငံရေးမှာ ပါဝင်ပတ်သက်နိုင်ခွင့် အတိုင်းအတာကို NLD က ကန့်သတ်ချိန်ညှိဖို့ ရည်ရွယ်ကြိုးစားပြင်ဆင်ထားတဲ့ အချက်တွေကို လေ့လာကြည့်တအခါ နိုင်ငံတော်ရဲ့ အခြေခံမူများထဲမှာ လူသိများတဲ့ အချက်ဖြစ်တဲ့ အခြေခံမူ ၆ (စ) မှာ ဖော်ပြထားသော “နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးကို အစဉ်တစိုက် ဦးတည်သည်” ဆိုတဲ့အချက်ကို “ဦးဆောင်မှု” ဆိုတဲ့ စကားလုံးကိုဖြုတ်ပြီး “ပြည်သူဆန္ဒနဲ့ အညီ”ဆိုတဲ့ စကားရပ်ကို ထည့်သွင်းထားကာ “နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး အခန်းကဏ္ဍတွင် ပြည်သူ့ဆန္ဒနဲ့အညီ တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးကို အစဉ်တစိုက် ဦးတည်သည်” ဆိုပြီး ပြင်ထားတာတွေ့ရပါတယ်။ ဒီအချက်ဟာ ၂၀၀၈ အခြေခံဥပဒေကို ဦးဆောင်ရေးဆွဲခဲ့သော တပ်မတော် အစိုးရခေါင်းဆောင်တွေက ရည်ရွယ်ချက်ရှိရှိ ထည့်သွင်းရေးသားစေခဲ့တဲ့ အခြေခံဥပဒေရဲ့ အနှစ်သာရပိုင်းတစ်ခုကို ပြင်ဆင်ဖို့ ကြိုးစားထားတာဖြစ်ပြီး တိုင်းပြည်မှာနိုင်ငံရေးအခွင့်ထူးခံအဖွဲ့အစည်း မရှိစေဘဲ နိုင်ငံရဲ့ နိုင်ငံရေးဝန်းကျင်ကို ပုံမှန်နိုင်ငံရေးရေခံမြေခံဖြစ်လာဖို့ ဦးတည်စဉ်းစားထားပုံပါတယ်။ သို့သော်လည်း အခြေခံဥပဒေပြင်ဆင်ရေးကို အောင်မြင်ဖို့ အဓိကကူညီပေးနိုင်တဲ့ တစ်ခုတည်းသော အဖွဲ့အစည်းဖြစ်တဲ့ တပ်မတော်က ဒီအချက်ကို ခံယူနိုင်ပါ့မလားဆိုတာကတော့ စဉ်းစားစရာရှိပါတယ်။ လက်ရှိတပ်မတော်ရဲ့ အဆင့်ဆင့်သော ပုဂ္ဂိုလ်များက အခါအားလျော်စွာ လူသိရှင်ကြားပြောကြားနေတဲ့ ပြောကြားချက်များအရ တပ်မတော်ဟာ တိုင်းပြည်အချုပ်အခြာ တည်မြဲရေးအတွက် စိုးရိမ်နေရကြောင်း၊ တပ်မတော်က ဒီအတွက် ကာကွယ်ဖို့ လိုအပ်မှာဖြစ်ကြောင်း ပြောကြားနေတာဖြစ်တဲ့အတွက် တပ်မတော်ကို အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍကနေ ဖယ်ရှားပြီး ပြည်သူ့ဆန္ဒနဲ့အညီ သာမန်အနေအထားနဲ့ ပါဝင်ရမယ်ဆိုတဲ့အချက်ကို ခံယူဖို့ခုချိန်မှာ လွယ်ကူပါ့မလားဆိုတာ စဉ်းစားစရာရှိပါတယ်။ တစ်ဆက်တည်းမှာပဲ စဉ်းစားစရာရှိတာက လွှတ်တော်သက်တမ်း ၅ နှစ်ကို ၁၀ ရာခိုင်နှုန်းနဲ့ တပ်မတော်က လွှတ်တော်ထဲကနေ ဆုတ်ခွာပေးပြီး ဥပဒေပြုရေးဘက်မှာ တပ်မတော်ရဲ့ထိန်းကျောင်းမှုလျှော့ချရေး NLD ရဲ့ အကြံပြု လမ်းကြောင်းမှုဟာ တပ်မတော်အတွက် ဘယ်လောက်လက်တွေ့ကျကျ စဉ်းစားလက်ခံနိုင်မလဲဆိုတာပဲဖြစ်ပါတယ်။ တကယ်တော့ လွှတ်တော်တွင်း တပ်မတော်ရဲ့ ၂၅ ရာခိုင်နှုန်း နေရာယူထားခြင်းရဲ့ အဓိက သော့ချက်ဟာ ၄၃၆ ပုဒ်မ အတွက်ဖြစ်ပြီး အခြေခံဥပဒေကို တပ်မတော် သဘောထားမပါဘဲ ပြင်ဆင်နိုင်ခွင့်မပြုရေးပဲဖြစ်ပါတယ်။ ဒါကြောင့် လွှတ်တော်တွင်း တပ်မတော်ရဲ့ ပါဝင်မှုနေမှုကို လျှော့ချ သို့မဟုတ် ဖယ်ရှားတဲ့အခါ အချိုးအစား အခြေခံစဉ်းစားမှုထက် အခြားသော အငြင်းပွားဖွယ်ပြင်ဆင်ချက်တွေကို ကျေလည်အောင် ညှိနှိုင်းခြင်းက ပိုပြီး ထိရောက်တဲ့ အဖြေဖြစ်မယ်လို့ ယူဆပါတယ်။ တပ်မတော်အနေနဲ့ လွှတ်တော်ထဲက ဖယ်ထုတ်ခံရတာထက် သူ့သဘောနဲ့သူ ထွက်သွားတယ်ဆိုတဲ့ နိုင်ငံရေး အပေါင်းလက္ခဏာဆောင်သော နိဂုံးမျိုးကို ပိုပြီး လိုလားနှစ်ခြိုက်လိမ့်မယ်လို့ယူဆပါတယ်။ ဒါကြောင့် ကျန်အနှစ်သာရပိုင်းတွေကိုသာ တပ်မတော်နဲ့ ညှိနှိုင်း ပြင်ဆင်အတည်ပြုနိုင်မယ်ဆိုရင် တပ်မတော်သား ကိုယ်စားလှယ် ပါဝင်မှု ၂၅ ရာခိုင်နှုန်း အားလုံးကိုတောင် ချက်ချင်းလျှော့ချပစ်နိုင်လိမ့်မယ်လို့ မြင်ပါတယ်။

NLD က ပြင်ဆင်ဖို့ အကြံပြုထားတဲ့ အချက်တွေအရ NLD က မျှော်မှန်းထားတဲ့ အုပ်ချုပ်ရေးပုံစံသစ်ကို အကြမ်းဖျင်းတင်ပြလိုပါတယ်။

နိုင်ငံတော်အကြီးအကဲဖြစ်တဲ့ သမ္မတရဲ့ အနိမ့်ဆုံးရှိရမယ့် အသက်ကို မူလက ၄၅ နှစ်အဖြစ် ပြဋ္ဌာန်းထားရာက NLD က ၄၀ အထိလျှော့ဖို့ အကြံပြုထားတာကြောင့် လူငယ်တွေကို သမ္မတလောင်း အိပ်မက်မက်စေလိုတဲ့ စိတ်ကူးများရှိနေသလားဆိုတာကို စဉ်းစားမိပါတယ်။ အားလုံးမျှော်လင့်ထားတဲ့အတိုင်း သမ္မတရဲ့အရည်အချင်း ပြဋ္ဌာန်းချက်မှာ ၅၉ (စ) ကို လုံးဝဖြုတ်ပစ်ဖို့ အကြံပြုထားပေမယ့် အများမျှော်လင့်မထားတဲ့ နာမည်ကျော်ပြည်ထဲရေးဝန်ကြီး၊ ကာကွယ်ရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးတွေကို ကာကွယ်ရေးဦးစီးချုပ်က စိတ်ကူးရွေးချယ်ပြီး အမည်စာရင်း ပေးပို့တဲ့ တပ်မတော်သားတွေကိုသာ သမ္မတက ခန့်ထားရမယ့် အချက်ကို မပြင်ဘဲ ဆက်လက် ထားရှိစေတာကိုလည်းတွေ့ရပါတယ်။ သို့သော်လည်း ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းပေးပို့ခန့်ထားစေတဲ့ တပ်မတော်သားဟာ ဝန်ကြီးအဖြစ် တရားဝင်ခန့်အပ်ခြင်းခံရပြီးတာနဲ့ တပ်မတော်က အငြိမ်းစားယူပြီးဖြစ်တယ်လို့ ပြင်ဆင်ဖို့ NLD က အကြံပြုထားတာကိုတွေ့ရတဲ့အတွက် အဲဒီဝန်ကြီးဌာနကြီး ၃ ခုကို ဦးဆောင်စီမံမယ့်ပုဂ္ဂိုလ်ဟာ တပ်မတော်သားပဲဖြစ်သင့်သေးတယ်လို့ NLD က ယူဆလက်ခံထားတယ်ဆိုတဲ့ သဘောပဲဖြစ်ပါတယ်။ တစ်ခုရှိတာက NLD ရဲ့ ပြင်ဆင်ချက်အရ အဆိုပါတပ်မတော်သားဟာ ဝန်ကြီးဘဝက အနားယူပြီးနောက်ပိုင်း တပ်ကလည်း အငြိမ်းစားယူပြီးဖြစ်တာကြောင့် တပ်ကိုပြန်သွားစရာ မလိုတော့တဲ့အတွက် ဝန်ကြီးတာဝန်ထမ်းဆောင်နေစဉ်အတွင်း သမ္မတရဲ့ ညွှန်ကြားမှုအောက်မှာ သမ္မတရဲ့ ဝန်ကြီးစစ်စစ်အဖြစ် အနှောင်အဖွဲ့ကင်းကင်း တာဝန်ထမ်းဆောင်နိုင်မှာဖြစ်တယ်လို့ ယူဆနိုင်ပါတယ်။ ဒါကြောင့် အခုပြောနေကြတဲ့ ပြည်ထဲရေးက သမ္မတအောက်မှာ မရှိဘူးဆိုတဲ့ ပြဿနာကို အတိုင်းအတာ တစ်ခုအထိ ရှောင်လွှဲနိုင်ကောင်းမယ်လို့ ယူဆရပါတယ်။ အဲဒါနဲ့ ဆက်စပ်နေတဲ့ နောက်အချက်က NLD အနေနဲ့ တပ်မတော်နဲ့ သက်ဆိုင်တဲ့ ပြဋ္ဌာန်းချက်ထဲက ပုဒ်မ ၃၃၈ နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်း အားလုံးသည် တပ်မတော်၏ ကွပ်ကဲမှုအောက်တွင် ရှိရမည်ဆိုတဲ့အချက်နဲ့ ပုဒ်မ ၃၃၉ နိုင်ငံတော်အား ပြည်တွင်း၊ ပြည်ပအန္တရာယ်များမှ ကာကွယ်ရေးအတွက် တပ်မတော်က ဦးဆောင်ရမည်ဆိုသော အပုဒ်တို့ကိုဖျက်ဖို့ အကြံပြုထားတာပဲဖြစ်ပါတယ်။ ဒီအချက် ၂ ချက်ကတော့ နိုင်ငံရဲ့ လုံခြုံရေးနဲ့ ကာကွယ်ရေး ဆိုင်ရာစီမံခန့်ခွဲမှုတွေနဲ့ ပတ်သက်ပြီး အစိုးရကတပ်မတော်ကို လက်အောက်ခံ မဟုတ်တဲ့ သီးခြားအဖွဲ့အစည်းတစ်ခုသဖွယ် အလုံးစုံအားကိုး ဝကွက် ထိုးအပ်ထားရသလိုဖြစ်နေရတဲ့ အကျိုးဆက်ရဲ့ ဇစ်မြစ်ဖြစ်ပြီး တိုင်းပြည်မှာ အစိုးရ ၂ ရပ်ဖြစ်နေတယ်လို့ အများယူဆပြောဆိုစရာဖြစ်လာစေတဲ့ အချက်တွေလည်းဖြစ်ပါတယ်။ NLD အနေနဲ့ ဒီအချက်တွေကို သိုင်း ဝိုင်းပြင်ဆင်လိုက်ခြင်းအားဖြင့် ပြည်သူလူထုလုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးမှုဆောင်ရွက်ရေးကိစ္စ၊ ပြည်တွင်းအန္တရာယ်ကာကွယ်ရေးကိစ္စတွေမှာ ရဲတပ်ဖွဲ့ယန္တရားနဲ့ အင်အားကို အစိုးရက သူ့အမြင်၊ သူ့အယူအဆ၊ သူ့ သဘောထားတွေ အခြေခံပြီး ထိထိရောက်ရောက် ကိုင်တွယ်စီမံနိုင်လိမ့်မယ်၊ အဲဒီလို အစိုးရရဲ့ အာဏာ တိုက်ရိုက်သက်ရောက်မှုရှိပါမှ ရဲတပ်ဖွဲ့ ယန္တရားအပေါ် အစိုးရရဲ့ အာဏာသက်ရောက်မှု တိကျခိုင်မာလိမ့်မယ်၊ ရဲတပ်ဖွဲ့ကလည်း အစိုးရအပေါ် ပိုမိုလေးစားနာခံမှုရှိလိမ့်မယ်လို့ NLD အနေနဲ့ ယူဆထားတဲ့သဘောဖြစ်ပါတယ် ။

NLD ရဲ့ ခြေဥပြင်ဆင်ရေး မဟာဗျူဟာကို ခြုံကြည့်မယ်ဆိုရင် တပ်မတော်အနေနဲ့ အစိုးရိမ်ကြီးနေတဲ့ နိုင်ငံရဲ့ တိုင်းနဲ့ပြည်နယ် ဖွဲ့စည်း တည်ဆောက်ပုံကို မတို့မထိတဲ့အပြင် လက်ရှိပေးအပ်ထားတဲ့ ပြည်နယ်တွေရဲ့ အခွင့်အာဏာများကိုလည်း မူလပြဋ္ဌာန်းထားပြီးတဲ့အတိုင်း ထားရှိစေပြီး ဖွဲ့စည်းပုံပြင်ဆင်ရေး ကနဦးခြေလှမ်းကို တပ်မတော်ရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးမှာ ပါဝင်မှုနဲ့ လုပ်ပိုင်ခွင့်အာဏာ၊ နိုင်ငံရေးအပေါ် သက်ရောက်နိုင်တဲ့ အရှိန်အဝါတွေကို အတိုင်းအတာတစ်ခုအထိ လျှော့ချရေးကိုသာ ရည်မှန်းချက်ထားရှိတာတွေ့ရပါတယ်။ တိုင်းရင်းသားပါတီများက တစ်ဖက်မှာ သူတို့အနေနဲ့ ပြင်ဆင်လိုတဲ့အချက်တွေကို ထောင်နဲ့ချီပြီး ပြင်ဆင်တင်ပြလာတဲ့ အနေအထားမှာ NLD ဘက်က ပြင်ဆင်ချက် ရာဂဏန်းမျှနဲ့ အခုလို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ အခန်းကဏ္ဍ၊ တာဝန်နဲ့ အခွင့်အာဏာတွေကို ဈေးဆစ်လျှော့ချတဲ့ ပြင်ဆင်မှုလောက်နဲ့ ကမ်းလှမ်းအကြံပြုပြီး ပြင်ဆင်ရေးမှာ ခေါင်းညိတ်ပါဝင်လာအောင် ဈေးခေါ်ဖို့ ကြိုးစားထားတဲ့ သဘောလို့ သုံးသပ်မိပါတယ်။ 

အခုလို NLD အနေနဲ့ ခြေ/ဥ ပြင်ဆင်ရေးပူးပေါင်းကော်မတီဖွဲ့ပြီး အခြားပါတီများက ဆန္ဒပြုပြင်ဆင်လိုတဲ့ အချက်တွေကို အကြံပြု တင်ပြချက်များအဖြစ် ဖော်ထုတ်လိုက်ခြင်းရဲ့ နောက်ထပ်ဖြစ်နိုင်ဖွယ် မျှော်မှန်းချက်ကတော့ လက်ရှိ အခြေခံဥပဒေရဲ့ အစိတ်အပိုင်းအများစုကို လက်မခံဘဲ ပြင်ဆင်ဖို့ အာသီသပြင်းပြနေတဲ့ လွှတ်တော်တွင်း တိုင်းရင်းသား အင်အားစုရှေ့ထုတ်ပြီး တပ်မတော်အနေနဲ့ အခြေခံဥပဒေပြင်ဆင်ရေး ကို လျှော့တွက်ထားလို့မရဘူး သို့မဟုတ် လျှော့တွက်မထားသင့်ဘူးဆိုတဲ့ စဉ်းစားချက်ကို မီးမောင်းထိုးပြလိုခြင်းဖြစ်နိုင်ပါတယ်။ သို့သော် တစ်ဖက်မှာ NLD ပါတီအနေနဲ့ အခြေခံဥပဒေရဲ့ အခန်း ၁ အခြေခံမူများ အမှတ်စဉ် ၈ မှာ ပြင်ဆင်ချက်အနေနဲ့ “နိုင်ငံတော်ကို ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်းတည်ထောင်သည်”လို့ ထည့်သွင်းအကြံပြု ထားပေမယ့် ပြည်နယ်တွေရဲ့ စီရင်ဆုံးဖြတ်ခွင့် အခွင့် အာဏာပိုင်းတွေကို အခု ၂၀၀၈ အခြေခံဥပဒေက ပေးအပ်ထာတဲ့ ပမာဏအတိုင်းအတာထက် တိုးချဲ့ရရှိဖို့ ပြည်နယ်တွေရဲ့ ပြဋ္ဌာန်းခွင့် ဥပဒေတွေနဲ့ ပြည်နယ်ဝန်ကြီးချုပ်ရွေးချယ်ပိုင်ခွင့်တွေကို ပြည်နယ်လွှတ်တော်ကို အပ်နှင်းမယ့်ပြင်ဆင်မှုမျိုး ထည့်သွင်းတင်ပြခြင်းမရှိတာကိုတွေ့ရပါတယ်။ ဒီအချက်ဟာ NLD အနေနဲ့ မိမိနိုင်ငံရေးမျှော်မှန်းချက်ကိုသာ အခြေခံပြီး အခြေခံဥပဒေ ပြင်ဆင်ရေးကို ချဉ်းကပ်ထားတယ်၊ တိုင်းရင်းသားများ လိုလားတောင့်တနေတဲ့ ဖက်ဒရယ်အခွင့်အရေးတွေကို တစ်ပါတည်း ထည့်သွင်းစဉ်းစား ပေးမထားဘူးဆိုတာကို ထင်ရှားစေပါတယ်။ တကယ်တော့ အခုလို လွှတ်တော်တွင်း အခြေခံဥပဒေ ပြင်ဆင်ရေးလှုပ်ရှားမှု ပေါ်ပေါက်လာချိန်မှာ ဒီ လှုပ်ရှားမှုကို အကြောင်းပြုပြီး NLD နဲ့ တိုင်းရင်းသားပါတီတွေအကြား အထူးသဖြင့် ပွတ်တိုက်မှုတွေ ရှိနေတဲ့ ရခိုင်အမျိုးသားပါတီနဲ့ အကြားမှာ ဆုံမှတ်တစ်ခုပေါ်လာစေတဲ့ ညီညွတ်ရေးလမ်းစအဖြစ် ရှုမြင်စရာ အကြောင်းရှိခဲ့ပါတယ်။ သို့သော်လည်း အခုလို NLD ရဲ့ ကန့်သတ်ထားရှိတဲ့ အခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ မျှော်မှန်းချဉ်းကပ်မှု သဘောထားကြောင့် တိုင်းရင်းသား အင်အားစုများနဲ့ ပေါင်းစည်းမှုအားရနိုင်မှာမဟုတ်သလို လွှတ်တော်တွင်း ဆွေးနွေးဆုံးဖြတ်မှုများမှာလည်း တိုင်းရင်းသားပါတီတွေရဲ့ ကူညီထောက်ခံဆွေးနွေးမှု ကို NLD အနေနဲ့ ရရှိနိုင်ဖို့ ခဲယဉ်းသွားစေတယ်လို့မြင်ပါတယ်။ တိုတိုရှင်းရှင်းပြောရရင် ခြေ/ဥ ပြင်ဆင်ရေးကနေ ညီညွတ်ရေး အင်အားတစ်ခုကို တည်ဆောက်နိုင်ဖို့ လမ်းစပေါ်ခဲ့သော်လည်း လမ်းဆုံးအထိ မလျှောက်ခဲ့နိုင်တဲ့ သဘော၊ ရလဒ်ဖြစ်ပါတယ်။ 

ဒီကိစ္စဟာ ဒီမှာတင် မပြီးဘူးလို့ပြောနိုင်ပါတယ်။ အကြောင်းကတော့ ရှေ့ဆက်မယ် ခြေ/ဥပြင်ဆင်ရေး လှုပ်ရှားမှု ရှေ့လုပ်ငန်းစဉ်တွေမှာ ပေါင်းစည်းညီညွတ်မှုအားအင်ကို ထုတ်နှုတ်ကျင့်သုံးနိုင်ခြင်းမရှိဘဲ ပြင်ဆင်ရေးဟာ တစ်ယောက်တစ်ပေါက်ဆိုတဲ့ အနေအထားနဲ့ တစ်ဘက်က မပြင်ဆင်လိုတဲ့ အင်အားကိုရင်ဆိုင်ကြရမှာဖြစ်ပါတယ်။ ဒါကြောင့် အခြေခံဥပဒေပြင်ဆင်ရေးဟာ ကြွေးကြော်သံအဖြစ်သာ ပေါ်ထွက်လာပြီး နောက်ဆုံးမှာ အခဲမကျေမှုနဲ့သာ နောက်တစ်လှည့်ပြန် စောင့်ကြရမယ့် ရလဒ်နဲ့ နိဂုံးချုပ်ရဖို့ သေချာသွားမှာဖြစ်ပါတယ်။ NLD အနေနဲ့ အာဏာရပါတီဖြစ်လာပြီး နိုင်ငံတော်အာဏာကို ကိုင်တွယ်သုံးစွဲရတဲ့အခါ သတိကြီးကြီးထားပြီး ကိုင်တွယ်ဖြေရှင်းရတဲ့ ကိစ္စတွေ၊ တာဝန်ယူ တာဝန်ခံရမယ့်ကိစ္စတွေ တနင့်တပိုးဖြစ်လာတဲ့အခါ တစ်ဘက်က တပ်မတော်ကိုလည်း ထိန်းသိမ်းဆက်ဆံရင်း တိုင်းရင်းသားနိုင်ငံရေး အင်အားစုများနဲ့ ရင်ပတ်ချင်းဝေးလာတဲ့ အနေအထားဟာ အခြေခံ ဥပဒေပြင်ဆင်ရေး အခြေခံရပ်တည်ချက်မှာ ထင်ရှားလာပါတယ်။ 

သို့သော် တပ်မတော်နဲ့လည်း မျှော်မှန်းသလောက် နီးစပ်မလာတဲ့ အပြင် အမျိုးသားရေးလှုပ်ရှားမှုတွေနဲ့ အခြေခံဥပဒေပြင်ဆင်ရေး နည်းလမ်းပိုင်းဆိုင်ရာ အငြင်းပွားမှုတွေကြောင့် နှစ်ဖက်အကြား ပိုပြီးဝေးကွာသလိုတောင်ဖြစ်လာနေပါတယ်။ ဒါကြောင့် အခြေခံဥပဒေ ပြင်ဆင်ရေးအထမြောက်အောင်မြင်ဖို့ဆိုရင် NLD အနေနဲ့ တပ်မတော်ကိုရော တိုင်းရင်းသားအင်အားစုတွေကိုပါ ဟန်ချက်ညီညီ ဆွဲခေါ်နိုင်ရပါလိမ့်မယ်။

အခု NLD က တင်ပြထားတဲ့ ပြင်ဆင်ရေးအကြံပြုချက်တွေဟာ ဒီဟန်ချက်ကို ဖန်တီးပေးနိုင်မလားဆိုတာကတော့ တစ်ဘက် တုန့်ပြန်မှုများကို စောင့်ကြည့်ရပါလိမ့်မယ်။ အားလုံးမေ့ထားလို့ မရတဲ့ အချက်က အခြေခံဥပဒေပြင်ဆင်ရေးဟာ မပြင်ဆင်လိုသူတွေရဲ့ ယုံကြည်ချက်ကို ယိုင်နဲ့ပြိုလဲပြီး ပြင်ဆင်ရေးကို စိတ်ယိုင်လာအောင် လုပ်နိုင်ခြင်းသာ အောင်မြင်မှုကိုဆောင်ကျဉ်းနိုင်တဲ့ တစ်ခုတည်းသော အဖြေဖြစ်တယ်၊ အခြားနည်းလမ်းမရှိဘူးဆိုတာကိုတော့ သတိချပ်ကြစေလိုပါတယ်။

သီဟသွေး