News

POST TYPE

PERSPECTIVE

လမ်းဟောင်းများမှ ဖေါက်ထွက်နိုင်ကြပါစေ
18-Jul-2019



“မင်းလုပ်နေတာတွေ မဟုတ်သေးပါဘူးကွာ။ လူငယ်ဆိုရင် လူငယ်လို နေစမ်းပါ”

ဒီစကားဟာ စာရေးသူ ဆယ်တန်းအောင်စ ဦးလေးဖြစ်သူက ပြောခဲ့တဲ့စကားလေးပါ။ ဘာလို့ပြောလဲဆိုရင် စာရေးသူက တခြားလူငယ်တွေလို ပျော်ပျော်ရွှင်ရွှင်မနေဘဲ ဘုန်းကြီးကျောင်းတွေကို ဥပုသ်စောင့်ဖို့သွားတယ်။ အားတဲ့အချိန်တွေမှာ တရားစာအုပ်တွေ ဖတ်နေတယ်။ ဒီအပြုအမူတွေကိုမြင်တော့ ဦးလေးဖြစ်သူက စာရေးသူကို ဒီစကားပြောခဲ့တာ ဖြစ်ပါတယ်။ အရွယ်နဲ့မလိုက်တဲ့ အလုပ်တွေ လုပ်နေတယ်လို့ မြင်တယ်ထင်ပါတယ်။ အဲဒီတုန်းက ဆရာတော်ဦးဇောတိကစာအုပ်တွေ အဖတ်များတာဆိုတော့ သူ့အနေနဲ့ ထင်မယ်ဆိုရင်လည်း ထင်စရာပါ။ လူငယ်နဲ့ ဘာသာရေးနဲ့ မဆိုင်ဘူးဆိုပြီး ဦးလေးက သမားရိုးကျတွေးထား ပုံရပါတယ်။

ဒါပေမဲ့ စာရေးသူ ဘုန်းကြီး မဝတ်ဖြစ်ခဲ့ပါဘူး။ အမှန်အတိုင်း ဝန်ခံရရင် ဗုဒ္ဓဘာသာ ဖြစ်တဲ့အတွက် မိမိကိုးကွယ်ဆည်းကပ်တဲ့ ဘာသာတရားအကြောင်းကို သိချင်စူးစမ်းချင်တဲ့စိတ်နဲ့ ဘုန်းကြီးကျောင်းကို သွားဖြစ်ခဲ့တာပါ။ ဘာသာရေးစာအုပ်တွေ ဖတ်ဖြစ်ခဲ့တာပါ။ မိရိုးဖလာ ဗုဒ္ဓဘာသာကနေ အစစ်အမှန်ဗုဒ္ဓဘာသာ ဖြစ်လိုတဲ့ဆန္ဒကြောင့် လေ့လာဖြစ်ခဲ့ပါတယ်။ စာရေးသူ အသက်ငယ်ငယ်နဲ့ ဘုန်းကြီးကျောင်းတွေ သွားတော့ စာရေးသူရဲ့ပတ်ဝန်းကျင်က ပြောကြတာကလည်း ဦးလေးပြောတာထက်ကို ဆိုးပါသေးတယ်။ တရားအလုပ်ဆိုတာ တတိယအရွယ်မှ လုပ်ရတာပါကွာ။ ခုတော့ ပျော်စရာရှိတာပျော်၊ လုပ်စရာရှိတာလုပ်။ အရွယ်နဲ့လိုက်တဲ့အလုပ်တွေပဲ လုပ်စမ်းပါကွာတဲ့။ လှောင်သူကလှောင်၊ ကဲ့ရဲ့သူက ကဲ့ရဲ့နဲ့ တော်တော်လေး စိတ်ကျဉ်းကျပ်ခဲ့ပါတယ်။

တကယ်တော့ ခေတ်က ပြောင်းသွားခဲ့ပါပြီ။ လွတ်လပ်ရေးမရခင်တုန်း ပဒေသရာဇ်ခေတ်မှာ ပထမအရွယ် ပညာရှာ၊ ဒုတိယအရွယ် ဥစ္စာရှာ၊ တတိယအရွယ် တရားရှာဆိုတဲ့ ဒီဆိုရိုးစကားဟာ မှန်ကောင်းမှန်ခဲ့ပါလိမ့်မယ်။ သို့ပေမဲ့ ယနေ့ခေတ်မှာတော့ ပထမအရွယ်မှာကိုပဲ တစ်ပြိုင်တည်း ပညာလည်းရှာ၊ ဥစ္စာလည်းရှာ၊ တရားလည်းရှာလို့ ရနေပါပြီ။ တခြား ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ အသက် ၂၀ ကျော်နဲ့ ကုမ္ပဏီကို ဦးဆောင်နေသူတွေ အများကြီး ရှိနေပါပြီ။ အလုပ်တစ်ဖက်၊ ကျောင်းတစ်ဖက်နဲ့ ဦးဆောင်စီမံခန့်ခွဲ နေကြပြီ။

စာရေးသူတို့ လူ့အဖွဲ့အစည်းကတော့ အစဉ်အလာတွေးခေါ်မှု တွေကနေ ရုန်းမထွက်နိုင်ကြသေးတာ တွေ့ရပါတယ်။ ခေတ်ဟောင်း ပေတံတွေနဲ့ တိုင်းတာနေကြတုန်း။ လူတစ်ယောက် သူယုံကြည်ရာကို လျှောက်တော့မယ်ဆိုရင် အတားအဆီးတွေ၊ ဝေဖန်သံတွေ၊ ကဲ့ရဲ့သံတွေနဲ့ပဲ ဦးစွာပထမ ဆီးကြိုကြတာ တွေ့ရပါတယ်။

ဇွန်လအလယ်လောက်က တက်သစ်စ အမျိုးသမီးအဆိုတော်တစ်ဦးက “တစ်ကျော့နှစ်ကျော့ တေးကိုသီ” ဂန္ထဝင်သီချင်းတစ်ပုဒ်ကို ခေတ်အမြင်နဲ့ ဗားရှင်းတစ်မျိုးပြောင်းပြီး သီဆိုသွားတာကို ဝေဖန်ကြတာတွေ့ရပါတယ်။ သူ့ရဲ့ ဆိုနည်းဆိုဟန်နဲ့ တင်ပြမှုကို လူငယ်တချို့က လက်ခံကြပေမယ့် တချို့လူကြီးပိုင်းတွေလည်း ခါးခါးသီးသီးပါပဲ။ 

ဒီနေရာမှာ သတိထားမိတာတစ်ခုက တစ်စုံတစ်ဦးက ယုံကြည်ရာလမ်းကို လျှောက်နေတဲ့အချိန်မှာ သူ့လုပ်ဆောင်ချက်ရဲ့ ထွက်လာတဲ့ရလဒ်ကို အသိအမှတ်ပြုဖို့ မကြိုးစားဘဲ မိမိတို့ရဲ့ အသေစွဲကိုင်ထားတဲ့ စံတစ်ရပ်ရပ်နဲ့ ချိန်ထိုးပြီးတော့ ကြည့်ကြတာ တွေ့ရတယ်။ ဘာပဲဖြစ်ဖြစ် ခံစားသူကို ထူးခြားဆန်းသစ်တဲ့ ရသတစ်မျိုးပေးနိုင်တဲ့အတွက် စာရေးသူကတော့ လက်ခံပါတယ်။ ခေတ်ရဲ့ လိုအပ်ချက်၊ ခေတ်အမြင်၊ ခေတ်ရေစီးကြောင်းတွေဆိုတာလည်း ရှိတယ်ဆိုတော့ အဲဒီလို ပြောင်းလဲသီဆိုမှုကို လမ်းဟောင်းကနေ မြင်ရင် လက်မခံနိုင်စရာဆိုပေမယ့် လမ်းသစ်တစ်ခုကနေ ခေတ်ရှုထောင့်နဲ့ကြည့်ရင် ငြင်းပယ်စရာ မရှိပါဘူး။ ယုံကြည်ရာလမ်းကို လျှောက်တဲ့အခါ ဆူးငြောင့်ခလုတ်တွေရှိတာ သဘာဝကျပါတယ်။

နောက်တစ်ခုက စာရေးသူ ငယ်ငယ်က ဝါသနာပါခဲ့တဲ့ စာရေးတာကို သတင်းစာတွေမှာ စရေးတော့ တစ်ခါ ပတ်ဝန်းကျင်က ဝိုင်းကန့်ကွက် ကြပြန်ရော။ သတိထားနော်၊ အစိုးရကို ဝေဖန်တဲ့စာတွေ သိပ်မရေးနဲ့၊ တရားစွဲခံနေရဦးမယ်။ ခု အသစ်ပြဋ္ဌာန်းထားတဲ့ ဆက်သွယ်ရေးဥပဒေတွေလည်း ရှိလာပြီ၊ သေချာသတိထားပြီးရေးစတဲ့ သတိပေးသလိုလို ခြိမ်းခြောက်သလိုလိုနဲ့ တားကြဆီးကြတာပါပဲ။

ဒါပေမဲ့ အားမလျှော့ခဲ့ပါဘူး။ မိမိ ဝါသနာပါတဲ့ စာရေးတဲ့အလုပ်ကို လုပ်ဖို့ စိတ်ဆုံးဖြတ်ခဲ့ပါတယ်။ သူတို့ပြောသလို လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတစ်ခုကို ထိခိုက်ပွန်းပဲ့စေမယ့်အကြောင်းအရာတွေကို ရှောင်ပြီး စေတနာကို အခြေခံ၍ သတိထားပြီးတော့ ရေးပါတယ်။ သတင်းစာတိုက်တွေကို မိမိရဲ့ ဆောင်းပါးစာမူလေးတွေပို့၊ တစ်ခါနဲ့ အရွေးမခံရရင် အထပ်ထပ် အခါခါ ပို့ခဲ့ရပါတယ်။ အကြောင်းအရာတစ်ခုကို သူများမတွေးတဲ့ ရှုထောင့်ကနေ တွေး၊ စာအုပ်စာပေတွေ ဖတ်ရူနဲ့ စု၊ တု၊ ပြု ဆိုတဲ့ အလေ့အကျင့်ကို လုပ်ပြီးတော့ ဇွဲမလျှော့ဘဲ စာမူတွေ ပို့ခဲ့ရပါတယ်။

ဒီအတွေ့အကြုံတွေကို ဖော်ပြရတာက မိမိကိုယ်ကို ကိုယ်ရည်သွေး လို၍တော့ မဟုတ်ရပါ။ စာရေးသူ ဖြတ်သန်းလာတဲ့လမ်းတစ်လျှောက် ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေကို ပွင့်ပွင့်လင်းလင်း ဝေမျှခြင်းသာ ဖြစ်ပါတယ်။ ယုံကြည်ရာလမ်းတစ်ခု၊ ဝါသနာပါရာလမ်းတစ်ခုကို လျှောက်လှမ်းတဲ့အခါ တွေ့ကြုံရတဲ့ ပတ်ဝန်းကျင်က ဝေဖန်သံတွေ၊ အပြစ်တင်သံတွေ၊ ကန့်ကွက်သံတွေကို ဖော်ပြလိုရင်းသာ ဖြစ်ပါတယ်။

အဲဒီအချိန်တုန်းကတော့ လူ့အဖွဲ့အစည်းထဲက အဆိုးမြင်တဲ့သူတွေကို နားမလည်နိုင်ခဲ့ဘူး။ လူငယ်ပီပီ အရွဲ့တိုက်ပြီး ခပ်မိုက်မိုက် လျှောက်ကြည့်ချင်တယ်။ ကိုယ်ယုံကြည်ရာလမ်းကို တစ်ဇွတ်ထိုး လျှောက်ကြည့်ချင်တယ်။ ပတ်ဝန်းကျင်က ဘာပြောပြော မျက်စိမှိတ်၊ နားပိတ်ပြီး လုပ်ကြည့်ချင်တယ်။ ဒီစိတ်ရှိတာကတော့ စာရေးသူရယ်လို့တော့ မဟုတ်ပါဘူး။ လူငယ်တိုင်းမှာ ဒီစိတ်အခံလေးတွေ ရှိတတ်ကြပါတယ်။ ကိုယ်ရူးသွပ်ရာလမ်းကို လျှောက်ကြည့်ချင်ကြတာပဲ။ အောင်မြင်တာ၊ မအောင်မြင်တာ ခဏထား။ ကိုယ်ဝါသနာပါရာကို တစ်ကြိမ်တစ်ခါလောက်တော့ အားနဲ့မာန်နဲ့ ကြိုးစားချင်ကြတာပဲလေ။ အောင်မြင်တာ ကိုယ့်အလုပ်မဟုတ်ဘူး၊ ကြိုးစားဖို့သာ ကိုယ့်အလုပ်လို့ တက်ကျမ်းတွေမှာ ဆိုသလို မိမိယုံကြည်ရာ လမ်းတစ်ခုကို တစိုက်မတ်မတ် လျှောက်လှမ်းနေဖို့သာ အဓိက ပင်ရင်းလို့ ခံယူထားဖို့ လိုပါတယ်။

ခက်တာက ယုံကြည်ရာလမ်းတစ်ခုကို လျှောက်တဲ့အခါ ပတ်ဝန်းကျင်ရဲ့ အားပေးသံတွေထက် အပြစ်တင်သံတွေ၊ အဆိုးမြင်မှတ်ချက်တွေ ပိုများနေသလား အောက်မေ့ရတယ်။ တချို့ကလည်း စေတနာနဲ့ အကြံပေးတာပါဆိုတော့ လက်မခံဘဲ နေလိုက်ဖို့က ခဲယဉ်းပါတယ်။ စေတနာဆိုတာလည်း အဖြူ၊ အမည်း မသဲကွဲတဲ့အခါ လက်ခံရမယ့်သူအတွက် တွေဝေစရာ ဖြစ်ပါတယ်။ ဒီတော့ ဘေးကလူတွေရဲ့ မှတ်ချက်တွေကြားမှာ လာရာလမ်းကို နောက်ပြန်ဆုတ်သွားတဲ့သူတွေလည်း ရှိမှာပါ။ ဒီအတွန်းအတိုက်တွေကြား အောင်မြင်လာသူတွေလည်း ဒုနဲ့ဒေးပါပဲ။ 

အဓိက,ကတော့ ကိုယ်ရွေးတဲ့လမ်းမှာ ပန်းတိုင်မပျောက်ဖို့သာ လိုပါတယ်။ ပတ်ဝန်းကျင်ဆိုတာ ကဲ့ရဲ့ ခုနစ်ရက်၊ ချီးမွမ်း ခုနစ်ရက်လို့ တစ်ခါတစ်ခါ ဖြေတွေးထားလိုက်တာ အကောင်းဆုံးပါပဲ။ အဲဒီလိုသာ မဟုတ်ဘဲ ဝေဖန်သံတွေ၊ တိုက်ခိုက်မှုတွေအပေါ် စိတ်ခံစားချက်တွေနဲ့ လက်ခံနေရင် မိမိသွားတဲ့လမ်းမှာ မလိုအပ်ဘဲ ကြန့်ကြာနေမှာတော့ အသေအချာပါပဲ။ သိပ်ပြီးတော့ အလေးထားလွန်းနေရင် ခြေလှမ်းတွေ ရှေ့တိုးဖို့ ခက်ခဲပါတယ်။ သိပ်ပြီးတော့ လျစ်လျူရှုထားပြန်ရင်လည်း အစွန်းတစ်ဖက်သို့ ရောက်သွားပြီး ခလုတ်တိုက်တတ်ပါတယ်။ နားထောင်သင့်တာကို နားထောင်၊ လျစ်လျူရှုသင့်တာကို ရှုပြီးတော့ မယုတ်မလွန် နှလုံးမူကာ မိမိယုံကြည်တဲ့လမ်းဆီ တစိုက်မတ်မတ်သွားနေဖို့သာ လိုပါတယ်။

နိုင်ငံရေးမှာဆိုလည်း ဒီအတိုင်းပါပဲ။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီကို ယုံကြည်တဲ့သူတွေ လျှောက်လာခဲ့တဲ့လမ်းဟာ အစပထမမှာ ဘယ်လိုမှ မချောမွေ့ခဲ့ပါဘူး။ ဆူးငြောင့်ခလုတ်တွေ များခဲ့တယ်ဆိုတာ လူတိုင်း အသိပါ။ အဲဒီလျှောက်လာတဲ့လမ်းမှာ ဒီမိုကရေစီအတွက် အသက်ပေးသွားတဲ့သူတွေ၊ ဘဝပျက်ခံပြီး ရင်းခဲ့ရသူတွေလည်း များမှများ။ သားကွဲ၊ မယားကွဲနဲ့ ထောင်ထဲမှာနေ၊ ထောင်ထဲမှာ သေသွားတဲ့သူတွေလည်း မရေမတွက်နိုင်အောင်ပါပဲ။ သို့ပေမဲ့ ယုံကြည်တဲ့ခရီးကို လျှောက်လာခဲ့တာ နောက်တော့လည်း ဒီမိုကရေစီတံခါးကို အသေပိတ်ထားခဲ့တဲ့ စစ်အစိုးရတောင် သူ့လက်နဲ့ ဖွင့်ပေးခဲ့ရတာပဲမဟုတ်လား။ ယုံကြည်ရာလမ်းတစ်ခုကို လျှောက်တယ်ဆိုတာ လွယ်ကူတာတော့မဟုတ်ပါဘူး။ စိတ်ရှည်မှု၊ သည်းခံမှု၊ လုံ့လစိုက်ထုတ်မှု၊ မယိမ်းမယိုင် ဖြောင့်မတ်တည်ကြည်မှုတို့နဲ့ ခရီးဆက်ကြရတာပါ။

စာရေးသူတို့ လူ့အဖွဲ့အစည်းက တစ်ခါတစ်ခါ မဆီမဆိုင် စပ်စုလွန်းရာ ကျနေသလား တွေးမိတယ်။ ကိုယ်နဲ့ ဆိုင်သည်ဖြစ်စေ၊ မဆိုင်သည်ဖြစ်စေ စပ်စုလိုက်ရမှ၊ ထင်မြင်ချက်တွေ ပေးလိုက်ရမှ ကျေနပ်ကြတာတွေ့ရတယ်။ သူ့စည်း၊ ကိုယ့်စည်းဆိုတာလည်း သိပ်ရှိကြပုံမပေါ်ပါဘူး။ မိမိ ဝေဖန်လိုက်လို့ တစ်ဖက်လူအတွက် ဘယ်လောက်ထိ ရိုက်ခတ်သွားနိုင်သလဲဆိုတာလည်း ထည့်တွက်ပုံမရပါဘူး။ တစ်ဖက်လူ ဘာပဲဖြစ်နေဖြစ်နေ ပြောလိုက်ဆိုလိုက်ရမှ ကျေနပ်ကြသလိုပါပဲ။ လမ်းသစ်တစ်ခုကို စလျှောက် တဲ့လူငယ်တစ်ဦးအတွက် ဝေဖန်သံတွေဆိုတာလည်း စိတ်ဓာတ်မကြံ့ခိုင်တဲ့သူအတွက် နောက်ပြန်ဆုတ်သွားစေပါတယ်။

ယနေ့ ဆိုရှယ်မီဒီယာခေတ်မှာဆို ပိုတောင်ဆိုးနေပါတယ်။ တစ်ဦးတစ်ယောက်က သူယုံကြည်ရာလမ်း လျှောက်နေတာကို သွားပုပ် လေလွင့်ပြောတဲ့သူနဲ့ အဆိုးမြင်တဲ့သူနဲ့ ခြေချင်းလိမ်နေကြတယ်။ ယုံကြည်တဲ့လမ်းလျှောက်နေတဲ့သူကို ဘာပဲဖြစ်ဖြစ် ဝေဖန်တာမစောဘဲ အားပေးအားမြှောက်ပြုဖို့ လိုတယ်ဆိုတာကို ထောက်ပြလိုခြင်းသာ ဖြစ်ပါတယ်။ ဒါမှလည်း လမ်းဟောင်းကနေ လမ်းသစ်ထွင်နိုင်မှာ၊ အတွေးအခေါ်အဟောင်းတွေကနေ အတွေးအခေါ်အသစ်အသစ်တွေ ပြောင်းလဲလာနိုင်မှာ။ ဆန်းသစ်တီထွင်မှုတွေ ပေါ်ထွန်းလာမှာ။ သမားရိုးကျ ရှေးရိုးစွဲ အတွေးအခေါ်၊ အပြုအမူတွေကို ပြုပြင်ဖာထေးနိုင်မှာလို့ ယုံကြည်မိပါတယ်။

အမြင်ဟောင်း၊ အတွေးဟောင်းတွေနဲ့ ခရီးဆက်နေရင် ယနေ့လို အတွေးအခေါ်တွေ မြင့်မားတဲ့၊ ယဉ်ကျေးမှုတွေ မြင့်မားတဲ့ လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်လာမှာလည်းမဟုတ်ပါဘူး။ ဒီလိုပဲ ရှေးလူတွေရဲ့ အတွေးအခေါ်၊ အယူအဆ၊ ယဉ်ကျေးမှုတွေကို ခေတ်နဲ့လျော်ညီစွာ ပြုပြင်လာခဲ့လို့၊ တော်လှန်လာခဲ့လို့ လူနေမှုအဆင့်အတန်းတွေ တစ်စထက်တစ်စ တိုးတက်လာခဲ့တာပဲမဟုတ်လား။ 

သို့ပေမဲ့ရှေးထုံးလည်း မပယ်ကောင်းဆိုတဲ့ အယူအဆကလည်း ရှိပြန်သေးတယ်။ ရှေးလူတွေ ဖြတ်သန်းခဲ့တဲ့ ကာလမှာ သူတို့ တွေ့ကြုံခဲ့ရတဲ့ဟာတွေကို နောက်လူတွေအတွက် ဆောင်ရန်၊ ရှောင်ရန် သတိပေးလမ်းညွှန်ခဲ့တာဆိုတော့ မလိုက်နာလို့ကလည်း မဖြစ်ပြန်ဘူး။ ဆိုလိုချင်တာက အစဉ်အလာတွေးခေါ်မှုတွေကနေ ဖောက်ထွက်ပြီး ဆန်းသစ်တဲ့တွေးခေါ်မှုတွေကို ပြောင်းလဲဖို့လိုတယ်ဆိုတာပါပဲ။ သို့ပေမဲ့ သတိထားရမှာက ယခင်လက်ဟောင်း တွေးခေါ်မှုတွေကိုလည်း လုံးလုံးမပယ်ဘဲ မယုတ်မလွန် ဆင်ခြင်တတ်ဖို့ လိုပါတယ်။ ဘယ်နေရာမှာမဆို ယခင်လမ်းဟောင်းတွေကို ဂရုမမူဘဲ စည်းလွတ်ဘောင်လွတ်လုပ်ပြန်ရင်လည်း ရူးမိုက်ရာရောက်ပါတယ်။

ယနေ့ စာရေးသူတို့ လူ့အဖွဲ့အစည်းမှာ ဆန်းသစ်တီထွင်မှုတွေ အခြားနိုင်ငံတွေလို မရှိတာဟာလည်း ဒီအချက်တွေနဲ့ တစ်နည်းတစ်ဖုံ ဆက်စပ်နေပါတယ်။ နာမည်ကြီးသီချင်းဆိုလည်း ကော်ပီတွေများခဲ့တယ်။ ဝတ္ထုတွေတောင် ကော်ပီဇာတ်အိမ်တွေ ဖြစ်လာတယ်။ ပြီးခဲ့တဲ့ ရုပ်ရှင် အကယ်ဒမီပေးပွဲတုန်းက အကယ်ဒမီဆုများစွာ ဆွတ်ခူးခဲ့တဲ့ ရုပ်ရှင်ကားရဲ့ ဝတ္ထုတောင်မှ ကော်ပီလား၊ ဘာလား၊ ညာလားနဲ့ သံသယဖြစ်စရာ ဖြစ်ခဲ့ပါသေးတယ်။ ကိုယ်တိုင် တီထွင်ကြံဆမှု သိပ်မလုပ်ကြတော့ဘူး။ အောင်မြင်ပြီးသားဟာတွေကိုပဲ မြန်မာလို ပြန်ဆိုကြ၊ ပြန်ရေးကြနဲ့ ကိုယ့်နိုင်ငံထွက် တီထွင်ဖန်တီးမှုတွေ ရှိသင့်သလောက် မရှိနိုင်ဖြစ်နေပါတယ်။ 

ဘယ်နယ်ပယ်မှာမဆို တစ်စုံတစ်ရာကို သူများနဲ့မတူ လမ်းသစ်ထွင်ပြီး လျှောက်ရင် အားပေးမယ့်သူက နည်းသလောက် ဝေဖန်မယ့်သူက များနေပါတယ်။ လမ်းဟောင်းမှာချည်းပဲ တွယ်ကပ်နေကြတယ်။ လမ်းဟောင်းမှာပဲ သာယာတတ်ကြတယ်။ လမ်းသစ်ဖောက်ပြီး လျှောက်တဲ့သူဆို ဟုတ်မှ ဟုတ်ပါ့မလားဆိုပြီး ယုံကြည်ဖို့ ခက်ကြတယ်။ ယုံကြည်ရာကို လျှောက်ကြတဲ့လူငယ်တွေကို မြေတောင်မြှောက်ပေးမယ့် ခိုင်မာတဲ့ ယန္တရားတစ်ရပ်လည်း နိုင်ငံတွင်း ပျောက်ဆုံးနေတယ်လို့ မြင်ပါတယ်။ 

ဒါပေမဲ့ လူငယ်တွေ ယုံကြည်ရာလမ်းကို ခိုင်ခိုင်မာမာ လျှောက်လှမ်းစေချင်ပါတယ်။ လူကြီးတွေကလည်း အပြစ်တင်ဝေဖန်တာတွေအစား အားပေးအားမြှောက် ပြုကြစေချင်ပါတယ်။ ဒါမှလည်း ဆန်းသစ်တဲ့အတွေးအခေါ်တွေနဲ့ သစ်လွင်တောက်ပတဲ့ အနာဂတ်လူ့အဖွဲ့အစည်း တစ်ရပ်ကို ဖန်တီးတည်ဆောက်နိုင်မယ်လို့ယုံကြည်မိပါတယ်။ အစဉ်အလာတွေးခေါ်မှု လမ်းဟောင်းတွေကနေ ဖောက်ထွက်ပြီး လမ်းသစ်ထွင်ကြပါလို့ တိုက်တွန်းရေးသားလိုက်ရပါတယ် ခင်ဗျာ။

သားညိုထွေး