News

POST TYPE

PERSPECTIVE

ခြေဥမပြင်ခင် အရွေ့ဇယားများ
17-Jul-2019



လတ်တလော လူမှုကွန်ရက်ပေါ်မှာတက်လာတဲ့ သက်ငယ်မုဒိမ်းတွေကို မြင်ရတာ ရင်ထဲမချိအောင် ခံစားရပါတယ်။ ပြောချင်တဲ့အကြောင်းအရာတွေက ရင်နဲ့မဆံ့အောင်ပါပဲ။

ဒါပေမဲ့ ရေးစရာစကားလုံးကို ရှာမတွေ့ခဲ့ဘူး။ အမှုမှန်ပေါ်ဖို့ကိုပဲ ဆုတောင်းနေမိတယ်။ တစ်နိုင်ငံလုံးက လူတွေကလည်း ဒီအကြောင်းကို အားတက်သရောနဲ့ လှုပ်ရှားဆောင်ရွက်ကြတယ်။ သူတို့ကြောင့်ပဲ အမှုနဲ့ ဆက်စပ်တဲ့ ကွင်းဆက်တွေရလာကြတယ်။ ဘာပဲဖြစ်ဖြစ် အမှန်တရားတစ်ခုလုံးကို ရှာမတွေ့နိုင်ပေမယ့် အမှန်တရားနဲ့ အနီးစပ်ဆုံးအဖြေကိုတော့ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ တစ်နေ့မှာတော့ ရာနှုန်းပြည့်အမှန်တရားက ပေါ်ပေါက်လာမှာ ဖြစ်တယ်လို့လည်း မြင်မိပါတယ်။

သတင်းစာ စာမျက်နှာတွေပေါ်မှာ ဒီအကြောင်းတွေ အတွေ့ရများလာခြင်းဟာ ပြည်သူတွေရဲ့အသိတွေနဲ့ ယှဉ်ထိုးပြီး အမှန်တရားဆီကိုရောက်ဖို့ အတော်လေး အားတက်ဖွယ်တွေ ဖြစ်ပါတယ်။ ဖေ့စ်ဘွတ်ခ်ကို စဖွင့်လိုက်ချင်းမှာပဲ ဒီသတင်းတွေက ဆီးကြိုလို့နေပါတယ်။ မြန်မာဆိုတာ ကိုယ့်လူမျိုးကို အတော်လေး တွယ်တာတတ် ချစ်ခင်တတ်သူများလည်းဖြစ်ပြီး အနာဂတ်မှာ ဖြစ်တည်လာမယ့် ကိုယ်နဲ့ဆက်စပ်သူတွေရဲ့ ကလေးသူငယ်တွေကို ကာကွယ်ခြင်းလည်းဖြစ်တော့ ဒီအမှုအပေါ်မှာပဲ အာရုံအပြည့် စူးစိုက်ထားပါတယ်။ ကလေးကော လူကြီးရောပါမကျန် ဒီအမှုအတွက် စိတ်ဝင်တစားရှိတာဟာ ဖြစ်သင့်တဲ့အရာတစ်ခုဖြစ်ပါတယ်။ မျှတတဲ့ တရားစီရင်ရေးကိုရောက်ဖို့ အားတက်သရော လုပ်နေကြသူတွေလည်း ရှိလာပါတယ်။ မြန်မာပြည်သူပြည်သားတွေရဲ့ စည်းလုံးညီညွတ်မှုနဲ့ တက်ကြွမှုတွေဟာ အားကျစရာပါ။

ဒါပေမဲ့ ဗစ်တိုးရီးယားလေးလို မထင်ပေါ်ပဲ လူမသိသူမသိနဲ့ အနိုင်ကျင့်ခံနေရတဲ့ တခြားကလေးတွေလည်း အများကြီး ရှိနေကြပါသေးတယ်။ အခုကိစ္စကို မတရားဘူးဆိုပြီး တစ်နိုင်ငံလုံး အားတက်သရော တက်ညီလက်ညီနဲ့လုပ်နေတာကို ပီတိဖြစ်ရပေမယ့် အာရုံတွေ လွဲသွားမှာကိုတော့ စိုးရိမ်မိပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး သံဃာတော်များအပါအဝင် လူ ပုဂ္ဂိုလ် ၃၀၀ ခန့် တက်ရောက်တဲ့ ကျောက်ဆည်မြို့ ၈၈ ငြိမ်းပွင့် နယ်ကွန်ရက် စုံညီ တွေ့ဆုံပွဲမှာ ကိုစိုးသီဟက - 

“နိုင်ငံအတွက် အဓိက အရေးအကြီးဆုံး ဖြစ်နေတာက ၂၀၀၈ ခြေဥ ပြုပြင်ပေးဖို့က အဓိကကျကြောင်း လာမည့် ၁၇ ရက်နေ့ဆိုရင် ၂၀၀၈ ခြေဥ ပြုပြင်ပေးဖို့ လွှတ်တော်မှာ တင်ရတော့မှာဖြစ်ပြီး အဲဒီလို အရေးကြီးတဲ့အချိန်မှာ လတ်တလောဖြစ်နေတဲ့အရာတွေနဲ့ ခြေဥပြုပြင်ဖို့ တင်တဲ့ရက်က တိုက်နေပါတယ်။ ဒါကြောင့် လတ်တလောဖြစ်နေတဲ့အရာတွေကြောင့် ခြေဥပြုပြင်ရေးအပေါ် အားလျော့သွားမှာ စိုးရိမ်ကြောင်း” ပြောဆိုသွားပါတယ်။ ဒါ့ပြင် လက်ရှိအခြေအနေဟာ တကယ့်ကိုအရေးကြီးတဲ့ အခြေအနေမှာ ခြေဥကို ပိုပြီးအားထည့်စေချင်ကြောင်း ခြေဥပြင်ပြီးသွားရင် အခုတောင်းဆိုနေတဲ့အရာတွေ ငြိမ်းချမ်းရေးကိစ္စတွေက အားလုံးအဆင် ပြေမယ်လို့ ထင်တယ်လို့ ပြောကြားသွားပါတယ်။ ဒါ့ပြင် သမိုင်းတစ်လျှောက် ဘယ်လိုအချိန်အခါမျိုးတွေမှာ ဘယ်လိုအာရုံတွေ လွှဲခဲ့တယ်၊ ဘယ်လို ချီတက်ခဲ့ကြတယ်ဆိုတာတွေကိုပါ ပြန်စဉ်းစားဖို့ ကိုမင်းကိုနိုင်က ဆက်ပြီပြောပါတယ်။ 

မှန်ပါတယ်။ လက်ရှိမြန်မာနိုင်ငံရဲ့ အနေအထားဟာ လမ်းမှန်ပေါ်ကို မရောက်သေးပါဘူး။ လမ်းမှန်ပေါ်ရောက်လာဖို့အတွက် ခြေဥကို ပြင်ဖို့ အရေးကြီးပါတယ်။ ခြေဥကိုပြင်ဖို့က တစ်နိုင်ငံလုံး တက်ညီဖို့ အထူးလိုအပ်ပါတယ်။ လတ်တလောအနေအထားတွေအရ သက်ငယ်မုဒိမ်းမှုတွေဘက်မှာ အားသာနေပါတယ်။ ဒါကြောင့်လည်း ခြေဥပြင်တဲ့ဘက်ကို စိတ်ဝင်စားမှုနည်းနေတာ တွေ့ရပါတယ်။ မီဒီယာအတော်များများမှာလည်း ခြေဥပြင်တဲ့ဘက်ကို အာရုံစူးစိုက်မှု နည်းနေကြပါသေးတယ်။ လက်ရှိအစိုးရတက် လာခွင့်ရတာဟာ လူအများစုရဲ့ စည်းလုံးအားနဲ့ တက်လာခွင့်ရတာပါ။ အများအားနဲ့ တွန်းတယ်ဆိုရင် ရွေ့လျားနိုင်တယ်ဆိုတာ လက်တွေ့လည်း ခံစားခဲ့ရဖူးပါပြီ။ ဒါကြောင့် မကြာခင် လွှတ်တော်ကိုတင်သွင်းမယ့် ခြေဥပြုပြင်ရေးဆီကို အာရုံအပြည့် စူးစိုက်သင့်ပါတယ်။ ကိုမင်းကိုနိုင်ပြောသလို ခြေဥကို အောင်အောင်မြင်မြင်လုပ်နိုင်ရင် ကျန်တဲ့အရာတွေဟာ အလိုလို အဆင်ပြေသွားမှာပါ။ စိုးရိမ်နေရတဲ့အရာတွေဟာ ကင်းဝေးသွားစေမှာပါ။

ဒီနိုင်ငံမှာက တိုင်းပြည်ရဲ့အရေးကိစ္စတွေကို အရေးကြီးဆုံး လုပ်ဆောင်ချိန်ရောက်ပြီဆိုရင် ရှုပ်ထွေးတဲ့ကိစ္စတွေ ပေါ်ပေါက်လာစမြဲဖြစ်ပါတယ်။ သမိုင်းတစ်လျှောက်မှာ အာရုံလွှဲမှုတွေက အမျိုးမျိုးရှိခဲ့ပါတယ်။ ၂၀၁၂ ရခိုင်ကိစ္စကလည်း မုဒိမ်းမှုနဲ့စတင်တယ်။၂၀၁၄ ခုနှစ် မန္တလေးက အဓိကရုဏ်းကလည်း မုဒိမ်းမှုတစ်ခုမှ စတင်ဖန်တီးဖို့ လုပ်ခဲ့ပေမယ့် မန္တလေး လူထုရဲ့ ညီညွတ်မှုကြောင့် ထင်သလောက် ခရီးမပေါက်ခဲ့ပါဘူး။ ၂၀၂၀ ရွေးကောက်ပွဲနီးလာတာနဲ့ လူမျိုးရေး အဓိကရုဏ်းမှုတွေ ပြည်သူတွေ အသွေးအသားဆူလောင်အောင် ဖန်တီးမှုတွေလုပ်ပြီး အာရုံလွှဲမှု တစ်ခုမဟုတ်တစ်ခုတော့ လုပ်တတ်ကြပါတယ်။ ရည်ရွယ်ချက်က လက်ရှိအစိုးရ လက်ထက်မှာ တရားဥပဒေစိုးမိုးမှု အားနည်းမှုတွေများပြီး စီမံခန့်ခွဲမှု အားနည်းခြင်းတွေကို ပေါ်လွင်စေဖို့ ရည်ရွယ်ချက်ဖြစ်ပါတယ်။ 

အခုလည်း ၂၀၂၀ ရွေးကောက်ပွဲကျင်းပဖို့ကလည်း နီးလာပါပြီ။ အဲဒီလိုအချိန်မှာ ပြည်သူတွေရဲ့ အာရုံလွှဲမှုတွေက ခေါင်းစဉ်အမျိုးမျိုးနဲ့ ပေါ်ထွက်လာခဲ့ပါပြီ။ သက်ငယ်မုဒိမ်းမှုဆိုတာ မြန်မာပြည်ရဲ့ နေရာအတော်များများမှာ ဖြစ်ခဲ့ကြပေမယ့် အခု ဗစ်တိုးရီးယားလေးရဲ့ အမှုကတော့ အထင်ရှားဆုံး အမှုဖြစ်နေတာကတော့ ထူးဆန်းနေပါတယ်။ ပိုပြီး ထူးဆန်းတာက မကြာသေးခင်ကမှ ခြေဥပြုပြင်ဖို့ တောင်းဆိုမှုတွေ လုပ်နေကြတွေကို အခု ဗစ်တိုးရီးယားလေး အမှုက လုံးဝ ဖုံးလွှမ်းသွားပါတယ်။ ပိုပြီး ထူးဆန်းတာက အမျိုးဘာသာ သာသနာဆိုပြီး ကြွေးကြော်နေသူတွေ တစ်ဦးမှ ပေါ်ပေါ်ထင်ထင် ထွက်ပေါ်မလာကြပါဘူး။ ဒီဖြစ်ရပ်တွေဟာ တရားမျှတမှုကို ငတ်မွတ်ဆာလောင်နေတဲ့ လူထုရဲ့စိတ်ခံစားမှုကို အသုံးချဖို့ အတွက် လူတစ်စုရဲ့ စိတ်ဓာတ်စစ်ဆင်ရေး လုပ်နေခြင်းတွေသာဖြစ်တယ်လို့ စာရေးဆရာမ မွန်မွန်မြတ် (ဧရာဝတီ) က ရေးသားထားပါတယ်။ အမှန်တကယ် စဉ်းစားသင့်တဲ့အချက်ပါ။

ဆရာမင်းကိုနိုင်ကလည်း “တိုင်းပြည်ရဲ့အခြေအနေကလည်း အားလုံးသိကြတဲ့အတိုင်း အာရုံထွေပြားနောက်အောင် လှည့်နေတာတွေ ရှိသလို ဗျူဟာကျကျခင်းလာတဲ့ အရေးကိစ္စတွေလည်း အတော်များတယ်။ အထူးသဖြင့် ပိုပြီးတော့ အရေးကြီးလာတဲ့အချိန်ရောက်ရင် ပိုပြီးတော့ ရှုပ်ထွေးမယ့်ကိစ္စတွေ ပေါ်လာတာ မြင်ရဦးမှာပါ။ အဲဒီတော့ ကျွန်တော် ပြောချင်ပါတယ်။ အကြောင်းအရာ (Issue) တွေနောက်ကို လိုက်ပြီးတော့ စိတ်ဝမ်းမကွဲမိဖို့ ကြိုတင်ပြီးတော့ တိုက်တွန်းချင်ပါတယ်”လို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း နယ်ကွန်ရက်များ စုံညီတွေ့ဆုံပွဲမှာ ပြောကြားခဲ့ပါတယ်။ မှန်ပါတယ်။ မြန်မာလူမျိုးအများစုက ယုံလွယ်ပြီး ခံစားမှု ပြင်းထန်တာကို လူတစ်စုကသိကြတော့ ဒါတွေဟာ သူတို့အတွက် အကွက်ကောင်းတွေ ဖြစ်စေပါတယ်။ တစ်ဖက်ကို အာရုံပြောင်းပေးပြီး အဓိကလုပ်ရမယ့်အရာတွေကို လမ်းလွှဲအောင် လုပ်နေခဲ့တာလည်း အတော်ကြာခဲ့ပါပြီ။ ပြည်သူတွေကလည်း မသိမဟုတ် သိကြပါတယ်။ ဒါပေမဲ့ အာရုံလွှဲတာတွေက နူးညံ့လွန်းတော့ သတိမမူမိကြတာ ဖြစ်ပါတယ်။ 

ဘာပဲဖြစ်ဖြစ် သတိနဲ့နေရင်း သိလို့ပဲဖြစ်ဖြစ်၊ သတိမမူမိဘဲ မသိလို့ပဲဖြစ်ဖြစ် အာရုံလွှဲမှုတွေကို အခုချိန်ကစပြီး သတိထားသင့်ပါပြီ။ လုပ်သင့် လုပ်ထိုက်တဲ့ အလုပ်တွေလုပ်ဖို့ အာရုံလွှဲတဲ့ နွံထဲကနေ ရုန်းထွက်သင့်ပါပြီ။ ခံစားတတ်တဲ့နှလုံးသားတွေ ကိုယ်စီရှိတတ်ကြတဲ့ မြန်မာတွေရဲ့ နှလုံးသားထဲ စူးနစ်အောင် ခံစားနေရတဲ့ ဗစ်တိုးရီးယားလေးရဲ့ မုဒိမ်းမှုအတွက်သာ စူစူးစိုက်စိုက်လုပ်နေကြတဲ့အတွက် မဖြစ်မနေလုပ်သင့်တဲ့ လုပ်ရမယ့် ခြေဥပြုပြင်ဖို့အတွက် လုပ်ရမယ့်အရာတွေအပေါ်မှာလည်း အားလျော့သွားကြရတယ်။ အရင်လအနည်းငယ်က ဗစ်တိုးရီးယားကိစ္စ မဖြစ်ခင်က ခြေဥပြင်ဖို့ အားတက်သရော လုပ်ဆောင်ခဲ့ကြပါသေးတယ်။ မီဒီယာတွေမှာလည်း ဖော်ပြခဲ့ကြပါသေးတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ ခြေဥပြင်ဆင်ဖို့ဆီကို အားနည်းသွားပါတယ်။ လက်ရှိအချိန်မှာ ခြေဥပြင်ဖို့က အတော်လေး အရေးကြီးနေပါပြီ။ ဘယ်လိုအရာကြီးပဲဖြစ်နေပါစေ အားလုံးဝိုင်းကာ တွန်းရွှေ့ရင် ရွေ့လျားသွားနိုင်တယ်ဆိုတာ ပြီးခဲ့တဲ့ရွေးကောက်ပွဲက လက်ရှိအစိုးရရဲ့ အောင်မြင်မှုတွေက သက်သေပြနေပါတယ်။

ဒါကြောင့် ဗစ်တိုးရီးယားလေး အမှုအတွက် စိတ်နှလုံးတွေ စုပြုံကာ လုပ်နေကြသလို အရေးကြီးတဲ့ခြေဥအတွက်လည်း အာရုံစုးစိုက်မှုဖြစ်စေဖို့ လုပ်ဆောင်သင့်ပါပြီ။ ဆရာစိုးသီဟပြောသလို ခြေဥကို ပြင်နိုင်မယ်ဆိုရင် အခုတောင်းဆိုနေတဲ့အရာတွေ၊ ငြိမ်းချမ်းရေးကိစ္စတွေ အားလုံး အဆင်ပြေသွားမှာပါ။ ဒါကြောင့် ဗစ်တိုးရီးယားလေးရဲ့ အမှုကို အမှန်တကယ် ပြည်သူပြည်သားတွေရဲ့ဆန္ဒနဲ့ တစ်ထပ်တည်းကျစေချင်တယ်ဆိုရင် လုပ်သင့်တာကို အရင်ဆုံးလုပ်ကြပါ။ လုပ်သင့်တာကိုလုပ်မှသာ ဖြစ်သင့်တာတွေ ဖြစ်လာမှာပါ။ လတ်တလောဖြစ်နေတဲ့အရာတွေဟာ လက်ရှိလုပ်နေတဲ့လုပ်ရပ်တွေပေါ်မှာ မူတည်နေပါတယ်။ လက်ရှိအချိန်ကို အကောင်းဆုံးလုပ်ရင် အနာဂတ်အတွက် အကောင်းဆုံးလုပ်ဆောင်ခြင်းတွေ ဖြစ်ပါတယ်။ ပြည်သူ့ဆန္ဒနဲ့ တစ်သားတည်းကျတဲ့ ရွေးချယ်မှုကို ရောက်စေဖို့ အမှန်ကန်ဆုံးလုပ်ဆောင်မှုလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိအနေအထားကိုရောက်အောင် ရဟန်းရှင်လူပြည်သာအားလုံးတို့ရဲ့ ချွေးသွေးတွေ အများကြီး ပေးဆပ်ခဲ့ရပါတယ်။ ဒီလိုပေးဆပ်ခဲ့တဲ့အရာတွေကို အကောင်းမွန်ဆုံးအနေအထားနဲ့ အကျိုးရှိအောင် တက်ညီလက်ညီနဲ့ စုပေါင်းလုပ်ဆောင်ကြဖို့ အရေးကြီးတဲ့အချိန်ကို ရောက်နေပါပြီ။

ပြည်သူအားလုံး သွေးစည်းဖို့အချိန်ကျနေပါပြီ။ ဆန့်ကျင်ဘက် အုပ်စုဘက်က သွေးစည်းညီညွတ်သလောက် လူထုက အာရုံတွေဝေ၀ါးကာ အရွေ့ဇယားများနောက်ကို လိုက်နေမယ်ဆိုရင် ဖြစ်ချင်တဲ့ ဖြစ်သင့်တဲ့ အနေအထားတစ်ခုဆီကိုရောက်ဖို့ အချိန်တွေ ကြာနေဦးမှာပါ။ နှစ်ပေါင်း အများကြီးကြာမှ တစ်ယောက်သာပေါ်ထွက်လာတဲ့ လူထုခေါင်းဆောင်ကောင်းတစ်ယောက် သက်ရှိထင်ရှားရှိနေစဉ်မှာ ပြည်သူတွေအနေနဲ့ ညီညီညွတ်ညွတ်နဲ့ လူထုအစိုးရရဲ့လုပ်ဆောင်ချက်တွေကို အဆင်ပြေစေဖို့ ထောက်ခံအားပေး ကူညီသင့်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ အမျိုးမျိုးသော အရွေ့ဇယားတွေနောက်ကို လိုက်နေမယ်ဆိုရင် ကမ္ဘာ့အလယ်မှာ ဆက်ပြီး မျက်နှာငယ်နေကြရဦးမှာပါ။ ဒါကြောင့် ခြေဥမပြင်ခင်မှာ ဖြစ်ပေါ်လာတဲ့ အရွေ့ဇယားတွေကို သတိထားဆင်ခြင်ကာ လုပ်သင့်တာလေးတွေကို လုပ်နိုင်ကြစေဖို့ အသိပေးရေးသားလိုက်ရပါတယ်။ 

မောင်မြင့်ဝင်း