News

POST TYPE

PERSPECTIVE

အမှန်တရားရှိရာသို့ ခရီးနှင်ခွင့် ရှိချင်ပါသည်
16-Jul-2019


လူ့ဘောင်၏ ခေတ်သစ်စနစ်သစ်ထဲတွင် ဆိုရှယ်မီဒီယာဆိုသည်မှာ ပွင့်လင်းမြင်သာမှုအားကောင်းသော အဝေးကြည့် မှန်ပြောင်းတစ်လက်ပမာ ဖြစ်လို့လာပေသည်။ မမြင်နိုင်သောအရာများကို မြင်ရဖို့လွယ်ကူလို့ လာပေသည်။ မကြားနိုင်သောအသံများကို ကြားနိုင်စွမ်းရှိလို့လာပေသည်။ တစ်ချိန်တစ်ခါက ပုံပြင်ပမာ ထင်မြင်ယူဆခဲ့ပါသော ပုံရိပ်တို့သည်ပင် ဆိုရှယ်မီဒီယာခေတ်တွင် လက်တွေ့ကျကျ သိမြင်လို့ ရလာပေသည်။

ပြန်လည်တွေ့ဆုံရန် စိတ်မကူးနိုင်ခဲ့မိပါသော မိတ်ဆွေ သူငယ်ချင်းများကိုလည်း ဆိုရှယ်မီဒီယာပေါ်တွင် ပြန်လည်ဆုံတွေ့ခွင့် ရခဲ့ပေသည်။ ဝေးကွာခဲ့ရသည့် မိတ်ဆွေသူငယ်ချင်းများကိုလည်း ပြန်လည်နွေးထွေးသောခင်မင်မှုမျိုးများဖြင့် ပြန်လည်ပျော်ရွှင်နိုင်ခွင့် ရခဲ့ကြပေသည်။ ကျွန်တော်တို့တစ်တွေ အဓိကသုံးစွဲနေကြပါသော ဆိုရှယ်မီဒီယာသည် မိတ်ဆုံစားပွဲပမာမျိုး လက်တစ်ကမ်းအကွာတွင် ဆုံမှတ်များကိုပေးတတ်ပေသည်။

ယနေ့ ကျွန်တော်တို့တစ်တွေ အများဆုံးသုံးစွဲကြပါသော ဆိုရှယ်မီဒီယာခေါ် ဖေ့စ်ဘွတ်ခ်သည်ကား ပြည်သူ့ဟစ်တိုင်တစ်ခုပမာလည်း အဓိကနေရာတွင် ရှိလို့နေပေသည်။ ဆိုရှယ်မီဒီယာပေါ် တွေ့ရှိဖတ်မိသမျှတိုင်းသည် အမှန်တရားပါဟု မပြောဆိုနိုင်သော်လည်း အမှန်တရားနှင့် အနီးဆုံး၌ ရှိနေသော အချို့အရာများကို တွေ့ရှိသိမြင်နိုင်ပေသည်။ အမှန် နှင့်အမှားများကို စုံလင်စွာ တွေ့ကြရသည့်တိုင်အောင် ချင့်ယုံ၍ ချင့်ဖတ်သင့်သောအရာများကိုလည်း များပြားစွာတွေ့ရှိနေရပေသည်။

“မကောင်းမှုဟူသည် ဆိတ်ကွယ်ရာမရှိ”ဟု ဆိုကြပေသည်။ မကောင်းမှုများကို မြင်သိနိုင်သော မျက်လုံးပေါင်း တစ်ထောင်ရှိသည်ဟုလည်း ဆိုကြပေသည်။ ယနေ့ ကျွန်တော်တို့တစ်တွေ တွေ့ကြုံနေရသော ဆိုရှယ် မီဒီယာခေတ်သည်ကား မျက်လုံးပေါင်းတစ်ထောင်ထက်ပို၍ ကင်မရာပေါင်း တစ်သောင်းကျော်လျက်ရှိပေသည်။ “မကောင်းမှု၏နောက်တွင် ကင်မရာများရှိသည်”ဟု မှတ်ချက်ပေး၍ ဆိုရမလိုဖြစ်နေပေသည်။

နေရာတိုင်း စနစ်တိုင်းတွင် အားသာချက်၊ အားနည်းချက်များရှိသလိုပင် ဆိုရှယ်မီဒီယာသည်လည်း အားသားချက်၊ အားနည်းချက် များစွာရှိလှပေသည်။ ဆိုရှယ်မီဒီယာကိုလည်း အလုံးစုံလုံးအကောင်းဟု မဆိုနိုင်ပါပေ။ အဆိုးနှင့်အကောင်းသည် ဒွန်တွဲနေမြဲသာဖြစ်ပေမည်။ ကျွန်တော်တို့တစ်တွေသည် အဆိုးအကောင်းများစွာထဲမှ အကောင်းများကိုသာ ရွေးချယ်ကြရပေမည်။ ချင့်၍ ယုံကြည်ကြရပေမည်။

ဆိုရှယ်မီဒီယာပေါ်တွင် လေ့လာသင်ယူလို့ရနိုင်ပါသော ပညာရပ်များစွာရှိပေသည်။ မိမိတို့သိချင်လှသော ပညာရပ်များစွာကိုလည်း ရှာဖွေလို့ရနိုင်ပါသည်။ ယူတတ်နိုင်လျှင် ပညာများစွာရှိလှပေသည်။ ရှာတတ်လျှင်ကား ဗဟုသုတများစွာ ရနိုင်ပါပေသည်။ ထို့နည်းတူစွာပင် ကျွန်တော်တို့တစ်တွေ ခုံမင်သုံးစွဲနေကြပါသော ဆိုရှယ်မီဒီယာပေါ်တွင် အဆိုးများစွာလည်း ရှိနေပြန်ပေသည်။ ဆိုရှယ်မီဒီယာပေါ်မှတစ်ဆင့် ယုံကြည်မှုလွန်ကဲကြ၍ ဘဝပျက်သွားကြသည်များလည်း များပြားစွာရှိကြပါသည်။ ဆိုရှယ် မီဒီယာကြောင့် အနာဂတ်မဲ့သွားသူများလည်း ရှိကြပေသည်။

ဆိုရှယ်မီဒီယာကို ယုံကြည်မှုလွန်ကဲကြ၍ ပေးဆပ်လိုက်ရသော ဘဝများစွာကိုလည်း ကြားသိနေရပါသည်။ ကျွန်တော်တို့တစ်တွေသည် ယုံကြည်မှုလွန်ကဲ၍ မရနိုင်ပါပေ။ စဉ်းစားချင့်ယုံခြင်းဖြင့် သုံးစွဲရမည်သာ ဖြစ်သည်။ ပွင့်လင်းမှုအားကောင်းလှပါသော ဆိုရှယ်မီဒီယာခေတ်၏ အဝန်းအဝိုင်းသည်ကား ကျယ်ပြောလှပေသည်။ တစ်နည်းအားဖြင့် ဆိုရှယ်မီဒီယာ ခေတ်သည် လက်တံရှည်လွန်းလှပေသည်။ ကောင်းသတင်းများကို ဖြန့်ဝေရာတွင် လျန်မြန်လှသကဲ့သို့ပင် မကောင်းသတင်းများ ပျံ့နှံ့ရာတွင်လည်း လျင်မြန်လွန်းလှပေသည်။ ကျွန်တော်တို့တစ်တွေသည် ဆိုရှယ် မီဒီယာကို သုံးစွဲကြသည့်အခါတွင် အဘက်ဘက်မှစဉ်းစားချင့်ချိန်၍ သုံးစွဲသင့်ပေသည်။

“အဆိုးသည် အကောင်းနှင့်အတူတူလာ၏။ အကောင်းသည်လည်း အဆိုးနှင့်အတူတူလာ၏”ဟု ဆိုရိုးရှိပေသည်။ ထို့အတူပင် ဆိုရှယ်မီဒီယာသည်လည်း အကောင်းနှင့်အဆိုး အတူတူလာခဲ့ပေသည်။ သို့သော် သုံးစွဲနေကြသော ကျွန်တော်တို့သည်သာ အဓိကကျသည် မဟုတ်ပါလား။

ဆိုရှယ်မီဒီယာကိုအားပြု၍ အကောင်းဘက်ကို ရောက်သွားကြသည်လည်း အများအပြားရှိပေသည်။ ဆိုရှယ်မီဒီယာပေါ်တွင် အကူအညီ များတင်ပြတောင်းခံပေးကြ၍ အဆင်ပြေသွားကြသည့်လူများလည်း ရှိကြပေသည်။ ဆိုရှယ်မီဒီယာပေါ်မှတစ်ဆင့် မိသားစုများတွေ့ရှိကြ၍ ပြန်လည်ဆုံစည်းကြသည်လည်း ရှိကြပေသည်။ လူပျောက်ကြော်ငြာများကိုပင် လျင်မြန်စွာ အချိန်နှင့်တစ်ပြေးညီ ကူညီတောင်းခံ၍ ကြော်ငြာလို့ရနိုင်ပေသည်။ သတင်းများကို အချိန်နှင့်တစ်ပြေးညီ လွယ်ကူစွာ ဖြန့်ဝေနိုင်သည်။ ဖတ်ရှုလို့ ရနိုင်ပေသည်။

ယနေ့မျက်မှောက်ခေတ်၏ ရာဇဝတ်မှုများသည်ပင် ဖေ့စ်ဘွတ်ခ်ပေါ်မှတစ်ဆင့် အတိုင်းတိုင်းသို့ သတင်းပေးတိုင်ကြားလို့ ရနိုင်သလိုဖြစ် နေပေသည်။ ရာဇဝတ်ကောင်များကို ချက်ချင်းမမိနိုင်သေးသော်လည်း ဆိုရှယ်မီဒီယာပေါ်တွင် တင်ပြအကူအညီတောင်းခံခြင်းမျိုးများဖြင့် လက်ဆင့်ကမ်းလို့ တားထားနိုင်ပေသည်။ ရာဇဝတ်ကောင်များ၏ ဓာတ်ပုံများကို ဖြန့်ဝေခြင်းများဖြင့် သတိထားလို့ ရနိုင်နေပေသည်။

အထူးပြောလိုသည်မှာ ခေတ်မီနေသောခေတ်တွင် ပြည်သူများအနေနှင့် မအတော့ဘူးဆိုသည်မှာ ထင်ရှားလို့လာပေသည်။ ဆိုရှယ်မီဒီယာသည် သုံးတတ်လျှင်ဆေးဖြစ်၍ မသုံးတတ်လျှင်လည်း ဘေးဖြစ်မည်မှာ အမှန်ပင်ဖြစ်ပါသည်။ အရာရာတိုင်းကို အမှန်တရားပါဟု လှေနံဓားထစ်ချ မှတ်မထားကြသလိုပဲ စဉ်းစားရင်း ချင့်ချိန်၍ ယုံကြရမည်မှာ အမှန်ပင်ဖြစ်သည်။

နိုင်ငံရေးနှင့်ပတ်သက်ဆက်နွှယ်သော အရေးအသားများကိုလည်း သတိထားရပေမည်။ ဘာသာရေးနှင့်ပတ်သက်ဆက်နွှယ်သော အရေးအသားများကိုလည်း သတိထားရပေမည်။ အချို့သော အရေးအသားများသည် နိုင်ငံရေးနှင့်ပတ်သက်လျှင် ကိုယ့်လူသည် အကောင်းဖြစ်၍ အတိုက်အခံသည် အဆိုးဖြစ်အောင် ရေးသားကြပေသည်။ ဘာသာရေးနှင့် ပတ်သက်လျှင်လည်း ထို့နည်းတူစွာပင်ဖြစ်ပါသည်။ တစ်နည်းအားဖြင့်ဆိုရလျှင် ရန်တိုက်ပေးတတ်ကြသော အရေးအသားများကို အထူးသတိပြုကြရမည်ဖြစ်သည်။

အထူးအားဖြင့် သတိချပ်စေလိုသည်မှာ ဆိုရှယ်မီဒီယာပေါ်တွင် ကျွန်တော်တို့တစ်တွေ၏ မှားယွင်းသည့် ရေးသားတင်ပြမှုများကြောင့် မည်သူ့ကိုမျှ ထိခိုက်နစ်နာမှုများမဖြစ်နိုင်အောင် ဆင်ခြင်သင့်ခြင်းပင် ဖြစ်ပေသည်။ အချို့သောအမှန်တရားတို့သည် ကျွန်တော်တို့အမြင်မှာ မှန်နေနိုင်သော်လည်း တခြားသူများအတွက် မှားယွင်းမှုများလည်း ဖြစ်နေတတ်သည်ကို သတိထားရပေမည်။ ကျွန်တော်တို့တစ်တွေ ကျော်၍မကြည့်နိုင် မမြင်နိုင်သော လစ်ကွက်ဟာကွက်များ ရှိနိုင်ပေသည်။

သတင်းအမှောင်ပိတ်ထားခံရသည့်အချိန်များတွင် အ,အဖြစ်ခဲ့သမျှ ပွင့်လင်းမှုအားကောင်းလှပါသော ယနေ့ခေတ်တွင် ပြည်သူများသည် အ,အ များမဟုတ်တော့ပါချေ။ လေ့လာမှုအားကောင်းလာသလို သတင်းပျံ့နှံ့မှု အားကောင်းသော ယနေ့ခေတ်မျိုးတွင် ပြည်သူများအနေနှင့် အလိမ်မခံလိုကြတော့ပါပေ။ တစ်နည်းအားဖြင့် ပြည်သူများသည် ချင့်ယုံတတ်လာကြပေသည်။ ချင့်တွေး၍ ချင့်ယုံတတ်လာကြပါသည်။ 

အကောင်းဆုံးကိုလိုချင်ကြသည့် ကျွန်တော်တို့တစ်တွေသည် အကောင်းဆုံးသောအရာများကို ဦးစွာရှာဖွေကြရမည်။ ကျွန်တော်တို့ တစ်တွေသည် ပုံပြင်များကိုနားထောင်ကြရမည့် အရွယ်များမဟုတ်တော့ပါပေ။ ပုံပြင်များကို ခုံမင်ရမည့်အချိန်လည်း မဟုတ်ကြတော့ပါပေ။ ကျွန်တော်တို့၏နှလုံးသားများသည် အတိတ်ဒဏ်များစွာကို ထမ်းထားရပေသည်။ ကျွန်တော်တို့၏အရိပ်များသည် တစ်ခါတစ်ရံတွင် ကျွန်တော့်တို့အတွက် အဆိပ်များပမာ ဖြစ်တတ်ပါသည်။

ကျွန်တော်တို့တစ်တွေ၏ အကောင်းဆုံးကိုလိုချင်မိသည့် အိပ်မက်များဆိုသည်မှာ အိုချင်အိုနေလိမ့်မည်။ သို့သော် ရပ်တန့်၍ကား မနေပေ။ ခရီးဆက်မြဲသာ ခရီးဆက်၍နေမည်သာဖြစ်သည်။ အမှန်တရားကိုမြတ်နိုးသော ကျွန်တော်တို့တစ်တွေ၏ အိပ်မက်များကို မည်သည့်အချိန်မျှ အသေသတ်လို့တော့ ရနိုင်မည်မဟုတ်ပါပေ။ ဆိုရှယ်မီဒီယာဟုဆိုအပ်သော ပွင့်လင်းမှုအားကောင်းလှပါသည့် ယနေ့လိုခေတ်မျိုးတွင် ကျွန်တော်တို့တစ်တွေသည် အလိမ်ခံလိုခြင်း မရှိတော့ပါပေ။ သတင်းမှန်သမျှကိုလည်း ယုံကြည်၍ မရနိုင်ပါပေ။ ဆိုရှယ်မီဒီယာပေါ်မှာ ဖတ်ရှုရသည့် အရာရာတိုင်းကို ချင့်ယုံခြင်းဖြင့်သာ သတိနှင့်သုံးစွဲသင့်လှပါသည်။ 

ကျွန်တော်တို့တစ်တွေသည် သတင်းအမှောင်ထဲတွင် နှစ်များစွာ မျက်စိပိတ်၊ နားပိတ်ဖြင့် နေခဲ့ရပေသည်။ ပွင့်လင်းမှုအားကောင်းလာသော ယနေ့လိုခေတ်မျိုးတွင် သတင်းအမှန်များကို ပို၍သိချင်မိကြပါသည်။ သတင်းမှန်များကိုသိဖို့ရန် ပို၍မျှော်လင့်မိပါသည်။ သိသင့်သိထိုက် သည့်သတင်းများနှင့်ပတ်သက်၍ ကျွန်တော်တို့တစ်တွေ မက်ချင်မိပါသော၊ လိုချင်မိပါသော အိပ်မက်များကို အိုမင်းဟောင်းနွမ်းမှုများ မဖြစ်စေလို့တော့ပါ။ ကျွန်တော်တို့တစ်တွေ၏ အိပ်မက်များကို လတ်ဆတ်စွာ ခုံမင်မြတ်နိုးရှင်သန်စေချင်မိပါသည်။ ထို့ကြောင့် အမှန်တရားရှိရာအရပ်သို့ သာလျှင် ခေတ်နှင့်အညီ ခေတ်မီဂျီပီအက်စ်များဖွင့်၍ သွားလိုလှပါကြောင်း ရေးသားတင်ပြလိုက်ပါသည်။

ခိုင်မြင့်ဝေ