News

POST TYPE

PERSPECTIVE

စိန်ခေါ်သံကြားက တရားဥပဒေ စိုးမိုးရေး
12-Jul-2019



စိန်ခေါ်သံကြားက တရားဥပဒေ စိုးမိုးရေး

နယ်ပယ်ကျယ်ဝန်းခြင်း

ဥပဒေစိုးမိုးရေးသည် ဒီမိုကရေစီ၏ အခြေခံဟုဆိုပါသည်။ ဒီမိုကရေစီ ခိုင်မာအောင် တည်ဆောက်နေချိန်တွင် တရားဥပဒေစိုးမိုးရေး အားနည်းနေခြင်းသည် အကန့်အသတ်တစ်ခု ဖြစ်နေသကဲ့သို့ပင်။

တရားဥပဒေစိုးမိုးရေး တည်ဆောက်ရာတွင် ယင်း၏ နယ်ပယ်ကျယ်ဝန်းခြင်း၊ နိုင်ငံ၏အခြေအနေ၊ အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံတို့၏ အခြေအနေအပါအဝင် ဆက်စပ်အကြောင်းအရာများအရ အချိန်လိုအပ်ချက်များ ရှိနေနိုင်ပါသည်။ တရားဥပဒေစိုးမိုးရေးသည် အုပ်ချုပ်ခံပြည်သူများနှင့်သာမက အုပ်ချုပ်သူတာဝန်ရှိသူများနှင့်ပါ သက်ဆိုင်နေပါသည်။ အထက်အောက်အားဖြင့်ဖြစ်စေ၊ ဘေးနံအလိုက်ဖြစ်စေ ကျယ်ဝန်းသည့် နယ်ပယ်တစ်ခုဖြစ်သည်။ တရားဥပဒေစိုးမိုးရေးဘောင်သည် တရားဥပဒေကို ကိုယ်တွယ်ကျင့်သုံးသူ၊ တရားဥပဒေကို လိုက်နာရသူများနှင့်သာ တိုက်ရိုက်သက်ဆိုင်သည်ဟု ဆိုနိုင်သော်လည်း ခိုင်မာသောတရားဥပဒေ စိုးမိုးရေးတည်ဆောက်ရန်အတွက်မူ ကျင့်သုံးသူ၊ လိုက်နာရသူများအပြင် တရားဥပဒေစိုးမိုးရေးအတွက် အခြားဆက်စပ်ကဏ္ဍများအလိုက်လည်း တာဝန်များ ရှိနေပါသည်။ 

ဥပမာအားဖြင့် တရားဥပဒေကို ကျင့်သုံးသူများဟုဆိုရာတွင် တရားသူကြီးများ၊ ရှေ့နေများ၊ ရဲတပ်ဖွဲ့ဝင်များကိုသာ သာမန်အားဖြင့် မြင်လေ့ရှိကြပြီး လိုက်နာကြသူများဆိုရာတွင်လည်း ပြည်သူများကိုသာ မြင်တတ်ကြပါသည်။ ထိုသို့ဆိုပါက တရားဥပဒေကို ကိုင်တွယ်ကျင့်သုံးကြရသည့် တရားသူကြီးများ၊ ရှေ့နေများ၊ ရဲတပ်ဖွဲ့ဝင်များသာ တရားဥပဒေ စိုးမိုးရေးနှင့်သက်ဆိုင်သည်ဟု သဘောသက်ရောက်နေမည်ဖြစ်သည်။ ထို့အတူ တရားဥပဒေကို လိုက်နာကျရသည့်သူများမှာလည် အလားတူပင်။ လက်တွေ့နယ်ပယ်တွင် တရားဥပဒေစိုးမိုးရေးသည် ထို့ထက်များစွာ ကျယ်ပြန့်လှပါသည်။

ဥပဒေစိုးမိုးရေးဆိုရာတွင်

WJP (World Justice Project) က တရားဥပဒေစိုးမိုးရေးအား တိုင်းတာသည့် အဓိကကဏ္ဍကြီးများကို ဖော်ပြလိုပါသည်။ ဖော်ပြပါ ကဏ္ဍကြီးများအောက်တွင် သက်ဆိုင်ရာ ကဏ္ဍငယ်များလည်း ပါဝင်နေပါသည်။

၁။ Constraints on Government Powers
၂။ Absence of Corruption
၃။ Open Government
၎။ Fundamental Rights 
၅။ Order and Security 
၆။ Regulatory Enforcement 
၇။ Civil Justice 
၈။ Criminal Justice 

အထက်ပါအချက်များကို ကြည့်ခြင်းအားဖြင့် တရားဥပဒေစိုးမိုးမှုရရှိရန်ဆိုသည်မှာ ဘက်ပေါင်းစုံမှ ဆောင်ရွက်ရသည့်သဘောကို တွေ့ရသည်။ ကျယ်ပြန့်သည့် တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်ရန်ဆိုပါက ဌာနတစ်ခုတည်း၊ နှစ်ခုတည်းဖြင့် အကောင်အထည်ဖော်၍ အောင်မြင်နိုင်၏၊ မအောင်မြင်နိုင်၏ ဆိုသည်မှာလည်း ယနေ့မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် အခြေအနေများက သက်သေပင်ဖြစ်သည်။ လက်တွေ့အားဖြင့် အကောင်အထည်ဖော်နေသည့် ဌာနများ၊ လူပုဂ္ဂိုလ်များတွင် လိုအပ်ချက်၊ အားနည်းချက်များရှိနေသည်မှာ မှန်သော်လည်း အချို့သော တရားဥပဒေ မစိုးမိုးနိုင်မှုများသည် ယင်းလိုအပ်ချက်၊ အားနည်းချက်များထက် ပိုမိုနေသည်ကို တွေ့ရပါသည်။ ဆိုလိုသည်မှာ အားလုံးပါဝင်သော ပူးပေါင်းဆောင်ရွက်မှု လိုအပ်ချက်ပင်ဖြစ်သည်။

သူ့ဘက်ကိုယ့်ဘက်

တရားဥပဒေစိုးမိုးရေးသည် အုပ်ချုပ်ရေး၏ အခြေခံသဘောတရား တစ်ခုဖြစ်သည်။ ယင်းတရားဥပဒေ စိုးမိုးရေးအောက်တွင် နိုင်ငံတော် အပါအဝင် ပြည်သူများအားလုံး၊ အဖွဲ့အစည်းများနှင့် ဆက်စပ်သူများ ရှိရမည်။ ယင်းတို့အားလုံးသည် ပွင့်လင်းမြင်သာစွာ ပြဋ္ဌာန်းထားသော၊ သာတူညီမျှစွာကျင့်သုံးသော၊ လွတ်လပ်စွာ ဆုံးဖြတ်သောဥပဒေကို တာဝန်ခံရမည်။ ယင်းဥပဒေများသည် နိုင်ငံတကာလူ့အခွင့်အရေးများ၊ စံနှုန်းများ၊ စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိရမည်။ ထို့အပြင် တရားဥပဒေ၏ လွှမ်းမိုးမှု၊ တရားဥပဒေရှေ့မှောက်တန်းတူညီမျှမှု၊ တရားဥပဒေအား တာဝန်ခံမှု၊ ဥပဒေကျင့်သုံးရာတွင်မျှတမှု၊ အာဏာခွဲဝေကျင့်သုံးမှု၊ ဆုံးဖြတ်ချက်ချမှတ်ရာတွင်ပါဝင်မှု၊ ဥပဒေအရ သေချာမှု၊ တစ်ဖက်သတ် ဆန်ခြင်းအား ရှောင်ရှားမှုနှင့် ဥပဒေကြောင်းနှင့် လုပ်ထုံးလုပ်နည်း ပွင့်လင်းမြင်သာမှုရှိရေး ဆောင်ရွက်ချက်များလည်း လိုအပ်သည်ဟု ကုလသမဂ္ဂက တရားဥပဒေစိုးမိုးရေးကို အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။

ထိုအဓိပ္ပာယ်ဖွင့်ဆိုချက်နှင့်အညီ တရားမျှတသော တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ရာတွင် သူ့ဘက်၊ ကိုယ့်ဘက် ကြည့်မြင်တတ်ရန် လိုအပ်ပါသည်။ ဤနေရာတွင် ကားမရပ်ရဟုဆိုပါက ဤနေရာပတ်ဝန်းကျင်တွင် ကားရပ်ရန် နေရာထားရှိပေးရန်ကိုလည်း စဉ်းစားပေးရမည် ဖြစ်သည်။ အခြေခံသဘောအားဖြင့် ဥပဒေတစ်ရပ်ပြဋ္ဌာန်းကျင့်သုံးရာတွင် ဥပဒေပြဋ္ဌာန်းသူ၊ ဥပဒေကျင့်သုံးသူဘက်မှ တစ်ဖက်တည်း၊ ရှုထောင့်တစ်ခုတည်းအမြင်ဖြင့် မကြည့်ဘဲ လိုက်နာကြရမည့်သူများဘက်မှလည်း ထည့်သွင်းစဉ်းစားပေးရန်ဖြစ်သည်။ သို့မှသာ မျှတသော ဥပဒေတစ်ရပ် ဖြစ်လာနိုင်သကဲ့သို့ လိုက်နာနိုင်သောဥပဒေတစ်ရပ်လည်း ဖြစ်လာနိုင်ပါသည်။

လတ်တလောဖြစ်စဉ်များ

ယခုရက်ပိုင်းအတွင်း နေပြည်တော်တွင်ဖြစ်ပွားခဲ့သည့် ကလေးငယ် မုဒိမ်းမှုဖြစ်စဉ်သည် အများစိတ်ဝင်စားနေသည့် ဖြစ်စဉ်တစ်ခုဖြစ်သည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်သူလူထုအကြား တရားဥပဒေစိုးမိုးရေးအပေါ် ယုံကြည်မှုအတိုင်းအတာကို တွေ့မြင်ရသည်။ ယင်းဖြစ်စဉ်ကဲ့သို့ပင် အခြားသော လူမသိ၊ သူမသိဖြစ်စဉ်များလည်း ရှိနေပါသည်။ အမူကြီးသည် ငယ်သည်မဟူ၊ အမှုအား အထက်လူကြီး သိသည်၊ မသိသည်မဟူ အားလုံးသည် ဥပဒေရှေ့မှောက်တွင် တန်းတူညီမျှမှုရှိရမည်ဖြစ်သည်။ သို့မှသာ ခိုင်မာသောဥပဒေစိုးမိုးရေးဟုဆိုနိုင်သော ဥပဒေစိုးမိုးမှုရရှိမည် ဖြစ်သည်။ အလားတူပင် ပြစ်မှုပိုင်းဆိုင်ရာ တရားဥပဒေစိုးမိုးရေးသာမက အခြား အခြားသော နိုင်ငံတော်၏ကဏ္ဍအသီးသီးတွင်လည်း ဥပဒေစိုးမိုးမှုများ ရှိရန်လိုအပ်မည်ဖြစ်သည်။ အုပ်ချုပ်သူမှအစ အောက်ခြေ အုပ်ချုပ်ခံပြည်သူအဆုံး အားလုံးအကျုံးဝင်နေပါသည်။ ထိုသို့ဆိုပါလျှင် တရားဥပဒေစိုးမိုးမှုရရှိရန်ဆိုပါက ကဏ္ဍတစ်ရပ်၊ ဖြစ်စဉ်တစ်ခုတည်း အပေါ်သုံးသပ်ရန်ထက် အလုံးစုံခြုံငုံသုံးသပ်ရန် လိုအပ်မည်ဖြစ်သည်။ သို့မှသာ မျှတသောဥပဒေစိုးမိုးမှု ရရှိနိုင်မည်ဖြစ်သကဲ့သို့ ပြည်သူများ ရပိုင်ခွင့်၊ ဥပဒေ၏အကာအကွယ်၊ လုံခြုံသောဘဝ၊ စိုးရိမ်မှုကင်းသော လူမှုဝန်းကျင်များကို ရရှိနိုင်ပါလိမ့်မည်။

ဥပမာ - ခိုးဆိုးလုနှိုက်နေသူတစ်ဦးသည် မည်သည့်အတွက် ခိုးဆိုးလုနှိုက်နေရသည်ဆိုသည့် အရင်းခံ အကြောင်းတရားကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်မည်ဖြစ်သည်။ လတ်တလောအခြေအနေအားဖြင့် ထိုခိုးဆိုးလုနှိုက်နေသူအား ဖမ်းဆီးအရေးယူရုံဖြင့် ဖြစ်စဉ်တစ်ရပ်ကို ဖြေရှင်းနိုင်မည်ဖြစ်သော်လည်း ထပ်ကာထပ်ကာ ဖြစ်လာသည့် အလားတူဖြစ်ရပ်များကို ဖြေရှင်းရန်ဆိုပါက ဖြစ်စဉ်ဖြစ်ပွားရသည့် အရင်းခံအကြောင်းတရားကိုပါ ရှာဖွေဖြေရှင်းရန် လိုအပ်မည်ဖြစ်သည်။ ထိုအရင်းခံအကြောင်း တရားအားမဖြေရှင်းနိုင်ဘဲ ဖြစ်စဉ်တစ်ခုချင်းစီ၏ ခိုးဆိုးလုနှိုက်နေသူများကို ဖမ်းဆီးအပြစ်ပေးနေရုံဖြင့် ထိုကဲ့သို့ဖြစ်စဉ်များ လျော့နည်းသွားမည်ဟု မယုံကြည်နိုင်။ ခိုးဆိုးလုနှိုက်မှုသည် တစ်ဦးတည်းနှင့် သက်ဆိုင်သော အခြေခံအကြောင်းတရားဖြစ်နိုင်သကဲ့သို့ အားလုံးနှင့် သက်ဆိုင်သည့် အခြေခံအကြောင်းတရားများလည်း ရှိနိုင်ခြေရှိပါသည်။ သို့ဖြစ်ရာ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ရာတွင် ရှုထောင့် တစ်ခုတည်းမှ ရပ်တည်သုံးသပ်ခြင်းထက် ရှုထောင့်စုံ၊ ဘက်စုံ ထည့်သွင်းစဉ်းစား သုံးသပ်ရန်လည်း လိုအပ်မည်ဖြစ်သည်။

ဆောင်ရွက်ဆဲ

ဥပဒေစိုးမိုးရေးကို စီမံကိန်းများ ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။ တရားစီရင်ရေး မဟာဗျူဟာစီမံကိန်း (၂၀၁၈-၂၀၂၂) ကိုလည်း အကောင်အထည်ဖော်နေဆဲဖြစ်သည်။ တရားဥပဒေစိုးမိုးရေးသည် နိုင်ငံတော်၏ မဏ္ဍိုင် ၃ ရပ်နှင့်လည်း ဆက်စပ်နေသည်။ လွှတ်တော်တွင်လည်း တရားစီရင်ရေး၊ ဥပဒေရေးရာ၊ နိုင်ငံသားများ၏ မူလအခွင့်အရေး ဆိုင်ရာစသည့် တရားဥပဒေစိုးမိုးရေးနှင့် ဆက်စပ်နေသည့်ကော်မတီများ ဖွဲ့စည်းထားပြီးဖြစ်သည်။ ယင်းလွှတ်တော်ကော်မတီများအနေနှင့်လည်း ထိရောက်သော ထိန်းကျောင်းမှုများဆောင်ရွက်ရန် လိုအပ်နေပါသည်။ လွှတ်တော်နှင့် လွှတ်တော်ကိုယ်စားလှယ်များတွင် ဥပဒေပြုရေး၊ ကိုယ်စားပြုရေးအပြင် အပြန်အလှန် ထိန်းကျောင်းရေး တာဝန်ရှိနေပါသည်။ လွှတ်တော်မှပြဋ္ဌာန်းသော ဥပဒေများအသက်ဝင်ရေး၊ ခေတ်နှင့်အညီဖြစ်ရေး၊ ပြည်သူ့အကျိုး၊ နိုင်ငံအကျိုးကာကွယ်ရေးတို့မှာ လွှတ်တော်များ၏ တာဝန်ဖြစ်ပါသည်။ ဥပဒေပြုရေးတွင်ဖြစ်စေ၊ အုပ်ချုပ်ရေးတွင်ဖြစ်စေ၊ တရားစီရင်ရေးတွင်ဖြစ်စေ တရားဥပဒေစိုးမိုးရေး အကောင်အထည်ဖော်မှုဆိုင်ရာများ ရှိနေသည့်တိုင် တရားဥပဒေစိုးမိုးရေး လျော့နည်း ကျဆင်းလာရသည့် အကြောင်းတရားများကို သုံးသပ်ရန်လို အပ်နေပါသည်။

တရားဥပဒေစိုးမိုးရေးများ ဆောင်ရွက်နေစဉ်မှာပင် ယင်းတရားဥပဒေ စိုးမိုးမှုကျဆင်းလာသည့် အကြောင်းအရင်းနှင့်ပတ်သက်၍ မူဝါဒပိုင်း၊ အကောင်အထည်ဖော်မှုပိုင်း စသည့် စသည့် သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်သုံးသပ်ရန် လိုအပ်မည်ဟု ယူဆမိပါသည်။ တရားဥပဒေ စိုးမိုးရေးသည် ကြီးမားကျယ်ပြန့်သည့် နယ်ပယ်ဖြစ်သဖြင့် စုပေါင်း လုပ်ဆောင်ရမည့် တာဝန်ဖြစ်ပါသည်။ စုပေါင်းလုပ်ဆောင်ရသည့် နယ်ပယ်ဖြစ်သည့်အတွက် ပြည်သူလူထုသည် ဥပဒေကို လေးစားလိုက်နာရမည့် တာဝန်အပြည့်ရှိပါသည်။ ထို့အတူ ဥပဒေပြဋ္ဌာန်းသူများ၊ ဥပဒေကို ကိုင်တွယ်ကျင့်သုံးသူများ ကိုယ်တိုင်လည်း ဥပဒေကိုလေးစား လိုက်နာရန် လိုအပ်မည်ဖြစ်ပါသည်။ သို့မှသာ ဟန်ချက်ညီသော အကောင်အထည် ဖော်မှုတစ်ရပ် ဖြစ်လာနိုင်ပါသည်။

အကျိုးဆက်များ

WJP ၏ အစီရင်ခံစာအရ တရားဥပဒေစိုးမိုးရေး တစ်ခုလုံးအနေနှင့် ဆိုပါက ၂၀၁၈ ခုနှစ်တွင် နှစ်ဆင့်လျော့ကျခဲ့သည်။ လက်တွေ့ဘဝများတွင်လည်း ပြည်သူများ၏ မူလရပိုင်ခွင့်များ၊ အကာအကွယ်ရရှိမှု၊ လုံခြုံမှု၊ စိုးရိမ်စိတ် စသည့် တရားဥပဒေစိုးမိုးရေးအားနည်းချက်၏ အကျိုးဆက်များကို ခံစားနေရသည်ကို ပြန်လည်သုံးသပ်ကြရမည် ဖြစ်ပါသည်။

တရားဥပဒေစိုးမိုးရေးအားနည်းလာခြင်း၏ နောက်ဆက်တွဲ အကျိုးဆက်သည် ယင်းအားနည်းချက်များအပေါ် နိုင်ငံရေးအားဖြင့်ဖြစ်စေ၊ စီးပွားရေးအားဖြင့်ဖြစ်စေ၊ လူမှုရေးအားဖြင့်ဖြစ်စေ၊ ဘာသာရေးအားဖြင့်ဖြစ်စေ အသုံးချမှုများဖြစ်ပေါ်လာတတ်ပြီး တည်ငြိမ်မှုနှင့် ဒီမိုကရေစီစံနှုန်းများ လျော့နည်းလာတတ်သည်ကို သတိပြုကြရပါမည်။ တရားဥပဒေစိုးမိုးမှုမရှိခြင်းကြောင့် နိုင်ငံ၏မဏ္ဍိုင်များခိုင်မာအောင် တည်ဆောက်ရေး၊ ဒီမိုကရေစီခိုင်မာအောင် တည်ဆောက်ရေးအတွက် အကန့်အသတ်များဖြစ်ပွားလာနိုင်ပါသည်။ အပေါ်ယံကိုဖြေရှင်းခြင်းသည် အပေါ်ယံအတွက်သာ ပြေလည်သွားမည်ဖြစ်ပြီး အရင်းခံအကြောင်း တရားကိုဖြေရှင်းနိုင်မှသာ အမှန်တကယ်ထိရောက်သည့် ဥပဒေစိုးမိုးရေးကို ရရှိနိုင်မည်ဖြစ်ပါကြောင်း အကြံပြုရေးသားအပ်ပါသည်။

သိန်းထွန်း (IR)
၁၀.၇.၂၀၁၉