News

POST TYPE

PERSPECTIVE

ဘယ်လောက်မှန်အောင်ပြောမလဲ
10-Jul-2019



မီတာခတက်တာမဟုတ်ဘူး၊ နှုန်းပြောင်းတာပါလို့ပြောလိုက်တဲ့စကားတစ်ခွန်းက ရင်ထဲကို ကန့်လန့်ဖြတ်ဝင်လာတယ်။ ပြောတဲ့သူက ကိုယ်အလွန်အင်မတန်လေးစားရတဲ့ ပညာရှင်တစ်ဦးဖြစ်နေတော့ ဒီစကားလုံးကို စသိရခါစမှာ တော်တော်လေးစိတ် မကောင်းဖြစ်သွားပါတယ်။ “ဘယ့်နှယ်၊ မူလဈေးနှုန်းကနေ နှစ်ဆလောက် ခုန်တက်သွားတာကို တက်တာမဟုတ်ဘူးဆိုတော့ ဘယ်လိုများ ပြောလိုက်တာပါလိမ့်”ပေါ့။ ဆရာကြီးမှာလည်း ဒီလိုပြောဖို့အတွက် ခိုင်မာတဲ့အချက်အလက်တွေရှိချင်ရှိနေမှာပါ။ ဘာပဲဖြစ်ဖြစ် ဒီစကားလေးတစ်ခွန်းကြောင့်တော့ ဆရာကြီးအပေါ် လေးစားမှုတွေက လျော့ကျမသွားခဲ့တာအမှန်ပါ။ ဒီနေရာမှာပြောချင်တာကတော့ မီတာခအကြောင်း မဟုတ်ပါဘူး။ အကြောင်းအရာတစ်ခုအပေါ်မှာ ဝေဖန်သုံးသပ်၊ မှတ်ချက် ပြုကြပုံတွေအကြောင်းကိုသာ ပြောချင်တာပါ။ 

ရပ်ထဲရွာထဲမှာ ဇွန်းသံ၊ ပန်းကန်သံ ဂလွမ်ခနဲ ကြားရရုံနဲ့ကို “ဒီလိုကြားရပုံထောက်တော့ ဟိုဘက်အိမ်မှာ ရန်ဖြစ်နေကြပြီထင်တယ်၊ ဪသာ်၊ ဟိုဘက်ကကလေးကလည်း မျောက်ရှုံးအောင်ဆော့တဲ့ကလေးပါလား၊ မဟုတ်မှလွဲရော ဟိုဘက်အိမ်ကတစ်ယောက်ကတော့ တစ်ခုခုကို ကြောက်ကြောက်လန့်လန့်ဖြစ်နေပြီထင်တယ်” စသည်စသည်အားဖြင့် ကိုယ်ထင်ရာမြင်ရာကို တစ်ခါတည်းတန်းပြီး ကောက်ချက်ဆွဲ ဖြစ်လိုက်တာက သူလိုကိုယ်လို ပုဂ္ဂိုလ်တွေပါ။ ဝေဖန်သံကိုအစောဆုံးကြားရတာက အများသူငါလိုပုဂ္ဂိုလ်တွေထဲကသာကြားရတာပါ။ ပညာရှင်တွေဆီကတော့ စောစောကြားရဖို့မမျှော်လင့်နိုင်ပါဘူး။ ပညာရှိပီပီ အချိန်အတိုင်းအတာတစ်ခုအထိ စောင့်ပြီးမှ ပြောလေ့ဆိုလေ့ရှိကြပါတယ်။ စောင့်ပြီးပြောတာတောင်မှ သူတို့ထင်မြင်ချက်ကို ယတိပြတ်ပြောခဲပါတယ်။ ယူသော်ရ၏ ဆိုတဲ့အခြေအနေမျိုးလောက်သာပြောလေ့ရှိကြတာ။

ပညာရှင်ကတော့ သိမှာပါပဲ။ ဘယ်အခြေအနေပဲဖြစ်ဖြစ်၊ ဘယ်အပြောင်းအလဲတွေကိုပဲဖြစ်ဖြစ် ဘာ့ကြောင့် ဒီလိုဖြစ်ရတယ်၊ ဒီအခြေအနေက ဘယ်သူတွေကို ဘယ်လောက်အထိရိုက်ခတ်သွားနိုင်တယ်၊ နောက်ထပ် ဘယ်လိုတွေဖြစ်လာနိုင်တယ် စသည်အားဖြင့် အခြေအနေအရပ်ရပ်ကို သာမန်လူတွေထက်တော့ သိနေကြမှာပါပဲ။ ဒါပေမဲ့ တစ်ခါတစ်ခါကျတော့ သူတို့အသိနဲ့ နှုတ်ထွက်နဲ့ ကိုက်မကိုက်ဆိုတာကို သံသယဝင်စရာကောင်းလာပါတယ်။ သံသယဝင်ရမယ့်အကြောင်းရင်း တွေရှိသလို သူတို့မှာလည်း ဒီလိုပြောဖို့ ခိုင်မာတဲ့အကြောင်းရင်းတွေက ရှိနေကြမှာပါပဲ။

မြန်မာ့ရာဇဝင်ကိုပြန်လှန်ကြည့်လိုက်ရင် ဟုတ်တိုင်းမှန်ရာကို မဆိုင်းမတွပြောဆိုလျှောက်တင်ခဲ့ကြလို့ မကြာခဏ မင်းပြစ်မင်းဒဏ်သင့်ခဲ့ကြသူတွေ တပုံကြီးရှိခဲ့တာကို တွေ့ရမှာပါ။ ကိုယ့်ရဲ့သဘောထားအမြင်က သက်ဦးဆံပိုင်ဧကရာဇ်မင်းမြတ်ရဲ့သဘောထားနဲ့ ကွဲလွဲနေတယ်၊ ဒီကွဲလွဲချက်ကို လက်ခံလိုက်လျောလိုက်ရင်လည်း မသင့်ရာမသင့်ကြောင်းတွေ ဖြစ်ကုန်တော့မှာကိုလည်း သိနေတယ်၊ ဒီလိုလျှောက်လိုက်ရင် ကိုယ့်အတွက် ထိခိုက်နစ်နာတော့မှာကိုလည်း သိနေတယ်။ ဒါတွေ သိပေမယ့် ကိုယ်နဲ့ အသက်ကိုမငဲ့ကွက်ဘဲ ဟုတ်တိုင်းမှန်ရာကို ဒိုးဒိုး ဒေါက်ဒေါက် လျှောက်တင်ခဲ့ကြတာပါပဲ။ အမှန်တကယ်လည်း အရေးယူခံခဲ့ကြရတာပါပဲ။ ပေးထားတဲ့ အဆောင်အယောင် ရာထူးမှန်သမျှ အကုန်ရုပ်သိမ်း၊ အကျဉ်းချတဲ့အခါချ၊ မြိုင်ရပ်ကိုနှင်တဲ့အခါနှင်နဲ့ မင်းပြစ်မင်းဒဏ်တွေ သင့်ခဲ့ကြတာပါပဲ။ ဒါပေမဲ့လည်း တချို့ပညာရှိ အမတ်ကြီးတွေကို ကြည်ညိုစရာကောင်းတာက ဘယ်လောက်ပဲ ဒဏ်တွေ သင့်သင့် ပြောစရာရှိတာကိုတော့ ရဲရဲဝံ့ဝံ့ပြောခဲ့ကြတာပါပဲ။

ရှေးတုန်းကပညာရှိကြီးတွေမှာ တုတ်ထိုးအိုးပေါက်ပြောခဲ့ကြသူတွေရှိသလို၊ ကောင်းကျိုးလိုလားစိတ်နဲ့ အမှန်ကိုအမှန်အတိုင်း ပွင့်ပွင့်လင်းလင်းဆိုခဲ့ကြသူတွေရှိသလို မေးမြန်းသူအလိုကျ စကားနှစ်ခွဆိုခဲ့ကြသူတွေလည်း အများကြီးရှိခဲ့ကြပါတယ်။ ဒီဘက်ခေတ်မှာလည်း အယူဝါဒတစ်ခုကို ကြားခဲ့ဖူးပါတယ်။ သမိုင်းဆိုတာ အသက်ရှင်သူတွေက ရေးထိုးတာတဲ့။ ဆိုလိုတာကတော့ လောလောဆယ်ရှင်သန်ရပ် တည်ဖို့လိုတယ်၊ ပြီးတော့မှ ကောင်းရာကောင်းကျိုးတွေကို ရနိုင်သလောက် တည်ဆောက်ယူ၊ ရှင်သန်ရပ်တည်မှုကို ထိခိုက်နိုင်မယ့် အလုပ်မျိုး၊ အပြောမျိုးကိုတော့ တတ်နိုင်သမျှ ရှောင်ထားရမယ်ဆိုတဲ့သဘောကို ဆိုလိုပုံရပါတယ်။

သေချာပြန်စဉ်းစားကြည့်လိုက်တော့လည်း သူ့အယူနဲ့ သူက ဟုတ်နေသလိုလိုရှိပါတယ်။ အသက်ရှင်တယ်လို့ဆိုရာမှာ ပကတိ လူရဲ့အသက်ကို ဆိုတာထက် ဝန်ထမ်းဘဝဆိုရင်လည်း ဝန်ထမ်းသက်၊ အကြံပေးဘဝဆိုရင်လည်း အကြံပေးသက်၊ ဒါရိုက်တာဘဝဆိုရင်လည်း ဒါရိုက်တာသက်ကိုဆိုလိုတဲ့သဘော ဖြစ်လိမ့်မယ်ထင်ပါတယ်။ လက်ရှိ အခြေအနေကနေ ယိမ်းယိုင်မသွားရေးဆိုတာကို ရှင်သန်ရပ်တည်ရေးလို့ ညွှန်းနိုင်မယ်ထင်ပါတယ်။

ရှင်သန်ရပ်တည်ရေးဟာ အရေးပါသလား၊ မပါဘူးလား။ ဒီမေးခွန်းကိုအလွယ်ဖြေရရင်တော့ အရေးပါတယ်လို့ ဖြေရမှာဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ခါတစ်ခါကျတော့ ကိုယ့်ရဲ့ဘဝရှင်သန်ရပ်တည်ရေးထက် ပိုပြီးအရေးပါနေတဲ့ အကြောင်းအရာတွေနဲ့ ကြုံရတတ်ပါတယ်။ ကိုယ့်ရှင်သန်မှုအတွက်ပဲကိုယ်ကြည့်ပြီး မလုပ်သင့်၊ မပြောသင့်တာတွေကို လုပ်လိုက်၊ ပြောလိုက်၊ ကြံလိုက်ကြတော့မလားလို့ မေးစရာဖြစ်လာပြန်ပါတယ်။ 

ဟိုရှေးရှေးတုန်းကတော့ မင်းလိုလိုက်၊ မင်းကြိုက်စကားပြောရတယ်လို့ဆိုပါတယ်။ ဗောင်းတော်ညိတ်ရင် စိတ်တော်သိရတယ်လို့ ဆိုပါတယ်။ ဘာပြောသင့်တယ်ဆိုတာထက် ဘာပြောစေချင်နေတယ်ဆိုတာကို သိအောင် ကြိုးစားပြီး အဲ့ဒီအတိုင်းလိုက်ပြောရတဲ့သဘောပါ။ မေးတဲ့သူကလည်း ဖြေတဲ့သူရဲ့အကြံဉာဏ်ကိုရချင်လို့ မေးတာမဟုတ်ဘူး။ သူ့အလိုအတိုင်း ထောက်ခံစေချင်လို့မေးတာ။ သူ့အလိုနဲ့ ဘယ်ပညာရှိရဲ့သဘောနဲ့ ထပ်တူကျတယ်ဆိုတဲ့သဘောကိုရချင်တာ။ ဒါကိုသိတဲ့ပညာရှိကလည်း လျော်ကန်သင့်မြတ်ကြောင်းပါဘုရားနဲ့သာ အဆုံးသတ်လိုက်ရတာပါပဲ။ တကယ်လို့ သူ့အလိုအတိုင်းမပြောလိုက်ရင်လည်း ရာဇမာန်တော်ရှပြီး မင်းခယောကျာ်း ကမ်းနားသစ်ပင်ဆိုတဲ့အတိုင်း မှန်ကင်းဘဝက ထင်းဘဝကိုပြောင်းရတတ်ပါသတဲ့။

ဒီကနေ့ခေတ်မှာတော့ စကားတစ်လုံးမှားလို့ ကျောတစ်ရာ၊ ရင်တစ်ရာခတ်၊ မြိုင်ရပ်ကိုနှင်စေဆိုတဲ့ အမိန့်မျိုးချမှတ်မယ့်သူတော့ မရှိတော့ပါဘူး။ ဒီလောက်အထိပြစ်ဒဏ်မပြင်းပေမယ့် စကားမှားရင်၊ တင်ပြချက်မှားရင် အထောင်းခံရနိုင်တဲ့ဘေးတွေတော့ ရှိနေသေးပုံရပါတယ်။ ဒါကိုဒီအတိုင်းလုပ်ရင်ကောင်းတယ်မဟုတ်လားဆိုရင် ကောင်းပါတယ်၊ ကောင်းပါတယ်ပေါ့။ ဒါကိုဒီအတိုင်းလုပ်လို့ ဘယ်ဖြစ်ပါ့မလဲ၊ ဟုတ်တယ်မဟုတ်လားဆိုရင် မကောင်းပါဘူး၊ မကောင်းပါဘူးပေါ့။ ဒီကြားထဲမှာ တစ်ယောက်တလေကတော့ ခပ်ကြောင်ကြောင်နဲ့ ဖောက်ထွက် အရဲစွန့်ပြောတတ်ပါတယ်။ ပြောလိုက်ရင်လည်း ပွဲကဆူသွားရော။ အကြိတ်ခံရပါလေရော။ ဒီလိုဖြစ်ပြီဆိုရင် ဘေးကလူတွေကလည်း “မင်းကို အစက ငါမပြောဘူးလား၊ သူမကြိုက်မှန်းသိရဲ့သားနဲ့ ဒီစကားသွားမပြောပါနဲ့ ဆိုနေတာကို”ဆိုတာမျိုးနဲ့ ဝိုင်းဝန်းဆုံးမကြပါလေရော။ 

အထူးသဖြင့် အစည်းအဝေးတွေ၊ အခမ်းအနားတွေမှာ ဦးဆောင်သူရဲ့ သံယောင်အတိုင်းသာ လိုက်ပါပြောဆိုရလေ့ရှိကြပါတယ်။ နာမည် တပ်လိုက်ကတည်းကိုက ဘယ်ကိစ္စကိုထောက်ခံပွဲ၊ ဘယ်ကိစ္စကို ကန့်ကွက်ပွဲဆိုတာမျိုး ကြိုတပ်ထားလိုက်တာမျိုးတောင်ရှိတယ်။ ဒီမှာစဉ်းစားပြီး ပြောနေကြတော့မှာမဟုတ်ဘူး။ ထောက်ခံပွဲဆိုရင် အခုပွဲမှာပြောသမျှက ကောင်းကြောင်း၊ မှန်ကြောင်း၊ ထောက်ခံကြောင်းတွေချည်းဖြစ်နေရတော့မှာ။ ကန့်ကွက်ပွဲဆိုရင်လည်း ဆိုးကြောင်း၊ မှားကြောင်း၊ ကန့်ကွက် ကြောင်းတွေချည်းဖြစ်နေရတော့မှာ။ ဒီအတိုင်း သံယောင်မလိုက်လို့ကတော့ ဒီပွဲရဲ့ ရန်သူတော်စာရင်းမှာ ထင်းထင်းကြီးပေါ်သွားနိုင်ပါတယ်။ အစကတည်းက ဆုံးဖြတ်ချက်ကြိုတင်ချမှတ်မထားတဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးလိုဟာမျိုးတောင်မှ အပေါ်ကဘာဖြစ်စေချင်နေတာလဲ ဆိုတဲ့အချက်ကို မရရအောင်အကဲခတ်ပြီး ဒီအတိုင်းလိုက်ဝန်းရံထောက်ခံ ကြရတာမျိုးတွေရှိတတ်ပါတယ်။ ဒီလိုအခြေအနေတွေကြားထဲကမှ ဖြစ်သင့်တယ်ထင်တာတစ်ခုကို ဖောက်ထွက်တွေးတောပြီး ပြောဆိုတင်ပြ ဝံ့တဲ့သူဆိုတာက ရှိပေမယ့်ရှားပါတယ်။

အစွန်းနှစ်ဖက်ရှိပါတယ်။ တစ်ခုက ကိုယ်မှန်တယ်ထင်ရာကိုသာ တုတ်ထိုးအိုးပေါက်ပြောတတ်တဲ့အကျင့်။ နောက်ထပ်အစွန်းတစ်ဖက်ကတော့ အမှန်တရားကိုဘယ်လောက်ပဲသိသိ တစ်ဖက်လူရဲ့အလိုအရသာ ပြောင်းလဲ ပြောဆိုတတ်တဲ့အကျင့်ပါ။ ပထမအစွန်းမှာပဲရပ်နေသူအတွက်ကျတော့ သူ့အတွက်ထိခိုက်နစ်နာမှုတွေ ဖြစ်ချင်ဖြစ်သွားမယ်။ ဒါမှမဟုတ် သူရည်ရွယ်ထားတဲ့အတိုင်း အကျိုးရှိရာရှိကြောင်းတွေလည်း ဖြစ်ချင်ဖြစ်သွားလိမ့်မယ်။ ပြောသူအတွက်နစ်နာသွားတဲ့အဖြစ်ကတော့ ပိုများနေနိုင်ပါတယ်။ ဒုတိယအစွန်းမှာရပ်နေသူအတွက်ကတော့ ဘာမှ ထိခိုက်စရာမရှိပါဘူး။ ပြောသမျှစကားတွေက တစ်ဖက်ကဆိုစေချင်တဲ့ အတိုင်းသာပြောဖြစ်နေမှာမို့လို့ ဘာအန္တရာယ်မှ မရှိနိုင်ပါဘူး။ တစ်ဖက်ကလည်း ဘာအကျိုးမှတော့မရှိနိုင်ပါဘူး။ 

ပထမအစွန်းမှာရပ်နေတိုင်း အများအကျိုးကိုဆောင်နိုင်တယ်၊ ဒုတိယအစွန်းကိုရပ်နေတိုင်း ကိုယ့်အကျိုးသာဆောင်ပြီး အများအကျိုးမဆောင်နိုင်ဘူးလို့လည်း မပြောနိုင်သေးပါဘူး။ ပထမအစွန်းမှာ ရပ်နေသူက သူ့တင်ပြချက်အတိုင်း တစ်ဖက်ကလက်မခံလို့ အများအကျိုးမဆောင်နိုင်တဲ့အပြင် ကိုယ့်အကျိုးပါထိခိုက်နစ်နာပြီး လုံးလုံးလျားလျား ကျရှုံးသွားတတ်ပါသေးတယ်။ ဒုတိယအစွန်းမှာရပ်နေပြီး အခြေအနေအချိန်အခါကောင်းကို စောင့်ဆိုင်းပြီးမှ တစ်ဘက်လူနားဝင်သွားအောင် ချက်ကျလက်ကျပြောတတ်ဆိုတတ်ရင်တော့ မိမိ သူတစ်ပါး နှစ်ဦးသားတို့ရဲ့ အကျိုးစီးပွားကို တိုးပွားအောင်ရွက်ဆောင်နိုင်မှာဖြစ်ပါတယ်။ ပထမ အစွန်းမှာရပ်နေသူကလည်း တစ်ချိန်ချိန်မှာ အလယ်ဗဟိုဘက်ကို တိုးတိုးလာနိုင်သလို၊ ဒုတိယအစွန်းမှာရပ်နေသူကလည်း အလယ်ဗဟိုဘက်ကို ရောက်ရောက်လာနိုင်ပါတယ်။ အလယ်အလတ်လမ်းကို ဖြောင့်ဖြောင့်တန်းတန်းလျှောက်လှမ်းနိုင်တဲ့အချိန်ဟာ ကိုယ့်အတွက်ရော အများအတွက်ပါ မျှမျှတတဆောင်ရွက်နိုင်ကြမယ့်အချိန်ဖြစ်မှာပါပဲ။ 

အခုဆွေးနွေးနေတဲ့အကြောင်းအရာက ကိစ္စရပ်တစ်ခုအပေါ်မှာ ဘယ်လောက်မှန်အောင်ပြောကြမလဲဆိုတဲ့ အကြောင်းအရာပါ။ မှန်တယ်ဆိုတိုင်း ဟောဟောဒိုင်းဒိုင်းပြောချလိုက်ဖို့တိုက်တွန်းနေတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ မှန်အောင်ပြောဖို့တော့လိုပါတယ်။ တစ်ခါတစ်ခါကျတော့ အမှန်တရားကိုမပြောပြရဲတဲ့အတွက် ဦးဆောင်တဲ့သူတွေဆီ သတင်းအချက်အလက်အမှန်တွေမရောက်တော့ဘူး။ ဒီလိုမရောက်တော့ ဦးဆောင်သူကလည်း သူရရှိလာတဲ့အချက်အလက်အပေါ်အခြေခံပြီး သုံးသပ်ချက်၊ ဆုံးဖြတ်ချက်တွေချရတာဖြစ်တဲ့အတွက် အခြေအနေတွေကလည်း အပြောင်းအလဲတွေဖြစ်ကုန်တတ်ပါတယ်။

သတင်းမှန်ရဖို့၊ အခြေအနေအရပ်ရပ်ကို အမှန်အတိုင်းသိရှိခွင့်ရဖို့အတွက်က ပြောကြားသူဘက်မှာ တာဝန်ရှိသလို တစ်ခါတစ်ခါကျတော့ နားဆင်သူဘက်မှာလည်း တာဝန်မကင်းပါဘူး။ လူကြီးတွေမှာ ဖြစ်လေ့ရှိတဲ့ အနေအထားတစ်ခုရှိပါတယ်။ သားသမီးတွေက စားစေချင်လို့ဝယ်ဝယ် ကျွေးတယ်။ ဒါဘယ်လောက်လဲလို့မေးတယ်။ ဈေးနှုန်းကိုအမှန်အတိုင်း ပြောလိုက်ရင်“နင်တို့ဟာက ဈေးကြီးလိုက်တာကွယ်၊ ဒီလောက်ဈေးကြီးတာကြီးတွေကို မစားပါရစေနဲ့”လို့ပြောတယ်။ ဈေးနှုန်းတွေကို သူငယ် ငယ်တုန်းကဈေးနှုန်းတွေနဲ့ နှိုင်းနှိုင်းကြည့်ပြီး မျက်ခုံးလှုပ်လှုပ်နေတယ်။ ဈေးများလို့မစားဘူးတဲ့။ နောက်တော့ သူဘာမေးမေး “ ဒီမုန့်က နှစ်ကျပ်ခွဲပဲပေးရတာ၊ ဒါလေးကတော့ သုံးမတ်ပဲကျတာပါ” ဆိုတာမျိုးတွေ လုပ်ရတော့တယ်။ ဒီတော့မှ “ဪသာ်၊ အေးအေး”ဆိုပြီး မြိန်ရေရှက်ရေ စားတော့တယ်။ ဒီလိုမှညာမပြောရင်လည်း စားတော့မှာမဟုတ်လို့ စားစေချင်တဲ့သူက ညာပြောပေးရတော့တယ်။ ဒီတော့ နားထောင်သူဘက်ကလည်း ညာအပြောမခံရအောင် အမှန်ကိုအမှန်အတိုင်းလက်ခံ ရဲတဲ့သတ္တိမွေးထားဖို့ လိုအပ်ပါလိမ့်မယ်။ 

ပြီးခဲ့တဲ့နှစ်ပိုင်းကပဲ “မြန်မာနိုင်ငံ၏ နိုင်ငံ့ဝန်ထမ်းလစာပမာဏသည် ဝင်ငွေအလယ်အလတ် (အနိမ့်) အဆင့် နိုင်ငံများထက် ပို၍ အခြေအနေကောင်းမွန်လျက်ရှိကြောင်း”ရယ်လို့ ထုတ်ပြန်ခဲ့တာရှိပါတယ်။ ဒီလို ထုတ်ပြန်လိုက်တော့ မီဒီယာတစ်ခုကလည်း “နိုင်ငံ့ဝန်ထမ်းလစာ အလွန်မြင့်မားလာခြင်းကို ရှောင်ကြဉ်ရန် မြန်မာကို ကမ္ဘာ့ဘဏ် တိုက်တွန်း”ဆိုတဲ့ ခေါင်းစီးလေးနဲ့ ဖော်ပြခဲ့ပါတယ်။ သဘောကတော့ အခုဆို အတော့်ကိုမြင့်မားနေပြီလို့ ပြောရတော့မယ့်ကိန်းဆိုက်သွားတယ်။ တကယ်ဆို မဆိုးဘူးဆိုရင်လည်း ဘာ့ကြောင့်မဆိုးဘူးလို့ ပြောရတယ်ဆိုတာကို ကိန်းဂဏန်းနဲ့ နှိုင်းယှဉ်ပြရမှာဖြစ်ပါတယ်။ ဘယ်နိုင်ငံ ဝန်ထမ်းတွေကတော့ တစ်လတစ်လမှာ ဘယ်နှဒေါ်လာပဲရပြီး ကိုယ့်နိုင်ငံဝန်ထမ်းတွေက ဘယ်နှဒေါ်လာလောက်ရနေလို့ မဆိုးတဲ့အကြောင်း၊ ဘယ်နိုင်ငံက ဝန်ထမ်းတွေက ဘယ်လောက်အထိအခြေအနေဆိုးနေ ပြီးတော့ ကိုယ့်နိုင်ငံကဝန်ထမ်းတွေကတော့ ဇိမ်နဲ့ နေနိုင်နေကြလို့ လစာ အလွန်မြင့်မားလာတာကို ရှောင်ဖို့လိုအပ်တဲ့အကြောင်း စသည်အားဖြင့် ဖော်ပြရမှာပါ။ ဂရပ်မျဉ်းကလေးတစ်ခု၊ ကြီးစဉ်ငယ်လိုက် ဇယားလေးတစ်ခုလောက်ဆွဲပြလိုက်ရင်ကို ရှင်းပါတယ်။ အခုတော့ အချိန်တွေ အများကြီးယူ၊ ငွေကုန်ကြေးကျတွေအများကြီးခံပြီး ဆောင်ရွက်လိုက်တဲ့ သုတေသနစစ်တမ်းတစ်ခုက ဒီကောက်ချက်မျိုးချလိုက်တော့ လက်တွေ့လုပ်ကိုင်ဆောင်ရွက်နေတဲ့ ဝန်ထမ်းတွေဘက်က ပြုံးချင်စရာ ထုတ်ပြန်ချက်ကြီးတစ်ခုဖြစ်သွားခဲ့ပါတယ်။

သိပ်မကြာသေးခင်ကပဲ ပြည်တွင်းပြည်ပပညာရှင်တွေရဲ့ သုတေသနစစ်တမ်းအရ ၂၀၁၅ ခုနှစ်တုန်းက လူဦးရေ ၄၈.၂ ရာခိုင်နှုန်းဆင်းရဲကြပြီး ၂၀၁၉ မှာ ၂၄.၈ ရာခိုင်နှုန်းပဲ ဆင်းရဲကြတော့တဲ့အတွက် ဆင်းရဲသူဦးရေ ထက်ဝက်ကျော်ကျဆင်းလာကြောင်းဆိုပြီး ထုတ်ပြန်လိုက်တာရှိပါတယ်။ တကယ့်ပညာရှင်တွေက ထုတ်ပြန်လိုက်တာဖြစ်တဲ့အတွက် ဒီရလဒ်ကို မှန်တယ်၊ မှားတယ် ငြင်းဆိုနေဖို့ခက်မှာပါ။ ထက်ဝက်ကြီးတောင် လျော့သွားတယ်ဆိုတဲ့သဘောက ပြောင်းပြန်တွေးကြည့်ရင် တိုးတက်မှုမှာ နှစ်ဆကြီးတောင် တက်လာတယ်လို့ ယူဆနိုင်စရာဖြစ်သွားပါတယ်။ သုံးလေးနှစ်အတွင်းမှာ ဒီလောက်အထိ ဝုန်းခနဲတက်သွားအောင် ကမ္ဘာ့သမိုင်းမှာ ဘယ်နိုင်ငံကစွမ်းဆောင်နိုင်ခဲ့သလဲဆိုတာရှာကြည့်ပြီး ဂရင်းနစ်မှတ်တမ်းမှာ စံချိန်တင်သင့်ရင်တင်ရမှာဖြစ်ပါတယ်။ တိုးတက်မှုတွေကတော့ ရှိနေတာမှန်ပါတယ်။ ဘယ်သူမှငြင်းကြမှာမဟုတ်ပါဘူး။ နိုင်ငံအားလုံးဟာ ယေဘုယျအားဖြင့် တိုးတက်နေကြတာချည်းပါပဲ။ ဒါပေမဲ့အချိန်တိုလေးအတွင်းမှာ နှစ်ဆအထိ ဝုန်းခနဲတက်သွားတယ်ဆိုတာကျတော့ စိတ်ချလက်ချယုံနိုင်ဖို့ ခက်နေတဲ့ရလဒ်ကြီးတစ်ခုဖြစ်နေပါတယ်။ တကယ့်လက်တွေ့ အောက်ခြေလူတန်းစားတွေကို ဘယ်လိုလေ့လာပြီး ဘယ်လိုကောက်ချက်ဆွဲလိုက်သလဲဆိုတာကို ဒီပညာရှင်တွေကို သွားမေးရတော့ မလိုဖြစ်သွားပါတယ်။

ထားလိုက်ပါတော့။ ဒီရလဒ်တွေမှန်ခြင်း၊ မမှန်ခြင်းကို ငြင်းနေစရာမဟုတ်သလို ငြင်းနိုင်မှာလည်း မဟုတ်ပါဘူး။ ပညာရှင်တွေဘက်မှာ ပညာရှင်ပီပီ ပြန်လှန်သက်သေပြစရာစကားလုံးတွေ၊ ကိုးကားစရာ အချက်အလက်တွေ ရှိနေကြမှာပါ။ ဝန်ထမ်းတွေလစာကောင်းနေတယ် ဆိုတာလည်း ဟုတ်မှာပါပဲ။ အချိန်တိုအတွင်း နှစ်ဆအထိ တိုးတက် သွားတယ်ဆိုတာလည်း ဟုတ်မှာပါပဲ။ ဒီရက်ပိုင်းအတွင်းမှာ မီတာခတွေ တက်လာတာမဟုတ်ဘူး၊ နှုန်းပြောင်းသွားတယ်ဆိုတာလည်း ဟုတ်မှာ ပါပဲ။ သူ့ဟာနဲ့သူတော့ မှန်ကန်ကြောင်းသက်သေပြနိုင်လို့သာ ဒီလိုပြောကြတာဖြစ်မှာပါပဲ။ တစ်ဖက်မှာလည်း လက်တွေ့နယ်ပယ်မှာရုန်းကန် လှုပ်ရှားနေရသူတွေက ဒီအသံလေးတွေ ကြားရတော့ ပြုံးနေမိကြမှာပါပဲ။ လွတ်လပ်စွာထုတ်ဖော်ပြောကြားခွင့်ရှိကြသလို လွတ်လပ်စွာပြုံးခွင့်ကိုလည်း သွားပြီးပိတ်ပင်လို့မရပြန်ပါဘူး။ 

ကြားဖူးကြမှာပေါ့။ တောထဲကပြန်လာတဲ့လူတစ်ယောက်က “တောထဲမှာ မြွေကြီးတွေ့ခဲ့တာ လုံးပတ်က တစ်ပေလောက်ရှိပြီးတော့ အရှည်ကတော့ ပေနှစ်ဆယ်၊ သုံးဆယ်လောက်ရှိသဗျ”လို့ပြောတော့ “ဟကောင်လေး၊ ကြံကြီးစည်ရာဟာ၊ မြွေတစ်ကောင် ပေနှစ်ဆယ်၊ သုံးဆယ် ရှိရအောင် မင်းမြွေကနတ်သိကြားဖန်ဆင်းထားတဲ့မြွေ မို့လို့လားဟ”ဆိုတော့ “ဒါဆိုလည်း ယုံချင်ယုံ၊ မယုံချင်နေဗျာ၊ ဆယ်ပေ၊ ဆယ့်ငါးပေလောက်တော့ရှည်တယ်ဗျ”လို့ တစ်ဆင့်နှိမ့်ပြီးပြောပြန်ရော။ ဒါလည်း လက်မခံသေးဘူး။ “ကြံကြီးစည်ရာကွာ၊ မြွေတစ်ကောင် ဆယ့်ငါးပေ၊ ဘယ်သူကယုံမှာတုံးဟ”ဆိုတော့ “ရှစ်ပေ၊ ကိုးပေတော့ ရှိတာအမှန်ပဲဗျ”တဲ့။ ဒါလည်း တစ်ဖက်က လက်မခံသေးဘူး။ ဒီလိုနဲ့ လျှော့ရင်းလျှော့ရင်း လျှော့လာလိုက်ကြတာ ကြာလာတော့ တောထဲက ပြန်လာတဲ့သူက မခံချင်တော့တာနဲ့ “ကြည့်လည်းလုပ်ပါဦးဗျာ၊ ကျုပ်မြွေက အလုံးကြီးဖြစ်သွားပါဦးမယ်”လို့ ပြောယူရတော့သတဲ့။ 

ထုတ်ပြန်လိုက်တဲ့ရလဒ်တွေ၊ သုံးသပ်လိုက်တဲ့ သုံးသပ်ချက်တွေ ဟာ အရှိကိုအရှိအတိုင်း၊ မြင်တာကိုမြင်တဲ့အတိုင်း လွတ်လပ်စွာသုံးသပ် ထုတ်ပြန်တာမျိုးပဲဖြစ်သင့်ပါတယ်။ တစ်စုံတစ်ယောက်ရဲ့သဘောနဲ့ နွှယ်ပြီး တစ်ဖက်ဖက်က သဘောကျအောင်ဆွဲဆွဲယူရင်း ပြောလိုက်၊ ဆိုလိုက်၊ ထုတ်ပြန်လိုက်ရင် အခြေအနေမှန်နဲ့ ဝေးဝေးသွားတတ်ပါတယ်။ လျှော့ရင်းလျှော့ရင်း မြွေကအလုံးကြီးဖြစ်မသွားဖို့တော့ လိုပါတယ်။

ကိုယ့်အမြင်ကိုယ့်သုံးသပ်ချက်ကို လွတ်လပ်စွာ ထုတ်ဖော်တင်ပြ ခွင့်ရှိနေပြီဖြစ်ပါတယ်။ ဘယ်ရှုထောင့်က ချဉ်းကပ်သုံးသပ်မလဲ၊ ဘယ် အတိုင်းအတာအထိ ထဲထဲဝင်ဝင်လေ့လာမလဲ၊ တွေ့ရှိလာတဲ့ရလဒ်တွေကို ဘယ်လောက်အထိ ပွင့်ပွင့်လင်းလင်းတင်ပြမလဲဆိုတာကတော့ သက်ဆိုင်ရာ ကာယကံရှင်ရဲ့ ရွေးချယ်မှုအရ အပြောင်းအလဲတွေရှိနေမှာဖြစ်ပါတယ်။ ရှင်သန်ရပ်တည်ရေးအတွက်ချည်းကြည့်ကြည့်ပြီး လိုရာဆွဲယူထားတဲ့ စကားလုံးတွေမကြာမကြာပြောမယ်ဆိုရင်လည်း ပြောခွင့်ကတော့ရှိနေ ပါတယ်။ ဒါပေမဲ့ လိုရာဆွဲယူထားတာတွေချည်း အမြဲပြောမနေဖို့တော့လိုအပ်မှာပါပဲ။

အမှန်ကိုအမှန်အတိုင်းပြောမလား၊ ကောက်ချက်လေးနည်းနည်း ပါးပါးပြင်ဆွဲထားတဲ့စကားလုံးလေးတွေနဲ့ လဲလှယ်ပြီး စကားလုံးလှ အောင်တည်ဆောက်ပြီးမှပြောမလား။ ဒါကတော့ ပြောကြားသူအလိုကျ ပြောနိုင်ဆိုနိုင်ပါတယ်။ နားထောင်သူကလည်း သူ့အသိဉာဏ်နဲ့သူဝေဖန်သုံးသပ်သွားမှာဖြစ်ပါတယ်။ ကြာလာတဲ့အခါမှာတော့ ဘယ်သူတွေ ဘယ်တုန်းက ဘယ်လိုပြောခဲ့တယ်ဆိုတဲ့သမိုင်းတစ်ခုကတော့ တွင်ကျန်ရစ်ခဲ့မှာဖြစ်ပါတယ်။

လွတ်လပ်စွာပြောရေးဆိုခွင့်တွေရှိနေပြီဖြစ်ပါတယ်။ ဒါပေမဲ့ လွတ်လပ်စွာပြောတဲ့အထဲမှာ ဘယ်လောက်မှန်အောင်ပြောမလဲဆိုတာ ကတော့ ကာယကံရှင်အသီးသီးရဲ့ ရွေးချယ်မှုအလျောက် အပြောင်းအလဲရှိနေမှာပဲ ဖြစ်ပါတယ်။ ခဏခဏအပြုံးခံနေရရင်တော့ သိပ်မကောင်းဘူးလို့ ဆိုရမှာပေါ့လေ။

သိုက်စိုးထွန်း (နတ်ရွာ)