News

POST TYPE

PERSPECTIVE

နိုင်ငံဝန်ထမ်းဆိုတာ နိုင်ငံနဲ့ ပြည်သူအတွက်ပါ
10-Jul-2019


မကြာသေးမီက တိုင်းဒေသကြီးအစိုးရအဖွဲ့တစ်ခုက ထုတ်ပြန်သော စာနှစ်စောင်ကို ဖတ်ရှုလိုက်ရသည်။ စာတစ်စောင်တွင် မိမိတိုင်းဒေသကြီး လက်အောက်ရှိ ဌာနအဖွဲ့အစည်းတစ်ခုမှ အရာရှိ/အကြီးအကဲများ၏ ဇနီးများသည် မိမိနှင့်သက်ဆိုင်ခြင်းမရှိသည့် ရုံးလုပ်ငန်းဆိုင်ရာကိစ္စများတွင် ဝင်ရောက်စွက်ဖက်လုပ်ကိုင်မှုများရှိနေသည်ကို ကြားသိရသဖြင့် ထိုကဲ့သို့ မိမိနှင့်သက်ဆိုင်ခြင်းမရှိသည့် ရုံးလုပ်ငန်းဆိုင်ရာကိစ္စများတွင် ဝင်ရောက်လုပ်ကိုင်စွက်ဖက်မှုများ လုံးဝလုပ်ကိုင်ဆောင်ရွက်ခြင်းမပြုကြရန် ညွှန်ကြားသောစာ ဖြစ်ပါသည်။

နောက်ထပ်စာတစ်စောင်မှာ အရာရှိအကြီးအကဲများ၏နေအိမ်တွင် ရုံးလုပ်ငန်းနှင့်သက်ဆိုင်ခြင်းမရှိသည့် အိမ်မှုလုပ်ငန်းများကို ဝန်ထမ်းများအားခေါ်ယူ၍ ကူညီလုပ်ကိုင်ဆောင်ရွက်ပေးနေရမှုများရှိနေသည်ကို ကြားသိနေရကြောင်း၊ ထိုသို့ပြုလုပ်ခြင်းသည် အစိုးရ၏ပုံရိပ်ကို ထိခိုက်သောကြောင့် သက်ဆိုင်ရာအရာရှိ အကြီးအကဲများအားလုံးသည် ဝန်ထမ်းများအား ထိုကဲ့သို့အိမ်မှုကိစ္စများအား ခေါ်ယူစေခိုင်းခြင်းမပြုရန် ညွှန်ကြားသည့်စာဖြစ်ပါသည်။

အဆိုပါစာနှစ်စောင်ကို ဖတ်ရှုသိရှိလိုက်ရသဖြင့် စာထုတ်ပြန်သည့် အစိုးရအဖွဲ့ကို ချီးကျူးဂုဏ်ပြုလိုက်ရပါသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်တို့နိုင်ငံတွင် ရုံးလုပ်ငန်းနှင့် အိမ်လုပ်ငန်းမကွဲပြားသော အစိုးရဌာနအဖွဲ့အစည်းများ ယခင်ခေတ်အဆက်ဆက်ကပင် ရှိခဲ့ပါသည်။ ထို့အတူ နိုင်ငံတော်က တရားဝင်ခန့်အပ်ထားသည့် တရားဝင်အရာရှိနှင့် ထိုအရာရှိ၏ ဇနီးမယားမကွဲပြားသည့် ဌာနများလည်း ရှိကြပါသည်။ ထိုသို့ဖြစ်ကြသည့်ဌာနများမှာ အများအားဖြင့် တစုတဝေးတည်း အဝန်းအဝိုင်းနှင့်နေသည့်ဌာနများက များပါသည်။ အရာရှိက တစ်နေရာတွင် နေထိုင်ပြီး ဝန်ထမ်းငယ်များက နေရာအနှံ့တွင်နေထိုင်ကာ ရုံးချိန်ရောက်မှ ရုံးသို့လာ၊ ရုံးချိန်ပြီးတော့ အဝေးတွင်ရှိသော မိမိနေအိမ်သို့ပြန်ရသည့် ဌာနအဖွဲ့အစည်းများတွင် ယင်းဖြစ်စဉ်မျိုး တွေ့ရခဲပါသည်။ ဆိုလိုသည်မှာ ရုံးအနီးဝန်းကျင်ရှိ ဝန်ထမ်းအိမ်ရာများတွင် နေထိုင်သောသူများအဖို့ ပိုမိုကြုံတွေ့ရပါသည်။

ထိုကဲ့သို့ အရာရှိနေအိမ်နှင့်အနီးအနားတွင် နေထိုင်ကြသောသူများအဖို့ လူမှုရေးအရ ကူညီဆောင်ရွက်ပေးရာမှအစပြု၍ အိမ်သို့ခေါ်၍ အဝတ်လျှော်ခိုင်းခြင်း၊ ကလေးထိန်းခိုင်းခြင်း စသည်တို့ပါဝင်လာပါသည်။ အချို့သောအရာရှိများ၏ ဇနီးများကမူ ထိုကဲ့သို့ခေါ်ခိုင်းသည့်အတွက် အဝတ်အစားမှစ၍ မုန့်ဖိုးပဲဖိုးပေးရာမှသည် လစာဝင်ငွေနည်းသော ဝန်ထမ်းငယ်များ၊ ၎င်းတို့၏ဇနီးများက မိမိတို့၏ဆန္ဒအလျောက် စိတ်ပါလက်ပါဆောင်ရွက်ပေးကြပါသည်။ သို့ရာတွင် အချို့သောအရာရှိကတော်ဆိုသူများကား ထိုသို့မဟုတ် မိမိလင်ယောကျာ်း၏ လက်အောက်ဝန်ထမ်းဖြစ်သည့်အတွက် မိမိခိုင်းလျှင် လုပ်ပေးရမည်ဆိုသောအသိက ဝင်နေပြီး အားသည်မအားသည် ဂရုမစိုက်၊ လုပ်ပေးနိုင်သည် မလုပ်ပေးနိုင်သည် နားမလည် အားမနာပါးမနာ ခိုင်းတတ်ကြပါသည်။ အရာရှိငယ်များ၊ ဝန်ထမ်းငယ်များ၊ အရာရှိငယ်များ၏ဇနီးများမှာ မိမိအထက်အရာရှိ၏ဇနီးဖြစ်သည့်အတွက် အားနာပါးနာလုပ်ပေးရာမှ နောင်တွင်အကျင့်ပါသွားပြီး ငြင်း၍မရ၊ ရှောင်၍မရအဖြစ်မျိုးနှင့် ကြုံကြရပါသည်။ အချို့အရာရှိကြီးကတော်များဆိုလျှင် မည်သူက မည်သည့်နေ့တွင် မည်သည့်တာဝန်ယူရမည်ဆိုသည့် တရားဝင်သဘောမျိုး ခိုင်းစေလာကြသည်ကိုပင် တွေ့ရ မြင်ရ ကြားသိခဲ့ရဖူးပါသည်။

အချို့အရာရှိငယ်များ၏ဇနီးများမှာ ခေတ်ပညာတတ်ကြပြီး ကိုယ်ပိုင်လုပ်ငန်းရှိသူများရှိကြသည်ဖြစ်ရာ ထိုသတင်းမျိုးကို ကြိုတင်ကြားသိရသည့်အခါ မိမိခင်ပွန်းတာဝန်ကျရာဒေသသို့ လိုက်ပါကြခြင်းမရှိကြတော့ပါ။ ထိုအခါ အထက်အရာရှိများ၏ငြိုငြင်ခြင်းကို ခံကြရပါသည်။ ယခင် ဦးသိန်းစိန်အစိုးရမတိုင်မီက ဌာနတစ်ခုတွင် ဇနီးဖြစ်သူများအား မခေါ်မနေရ ခေါ်လာရမည်ဟူ၍ ညွှန်ကြားခဲ့ဖူးသလို အိမ်ထောင်မရှိသော လူပျိုကြီး အရာရှိငယ်များအား ရာထူးတိုးမပေးသောမူတစ်ခု ချမှတ်ခဲ့သည်ကိုလည်း သတိရမိပါသည်။ ကျွန်တော်တို့ခေတ်ကလည်း မိမိလက်အောက်ရှိ ဝန်ထမ်းငယ်များအား မိမိကိုယ်ရေးကိုယ်တာကိစ္စများကို ခိုင်းစေခဲ့ဖူးပါသည်။ ထိုသို့ခိုင်းစေသည်မှာ နေအိမ်တွင် မိမိမနိုင်သောဝန်တာများဖြစ်သည့် သေတ္တာ၊ ခုတင်၊ ဗီရို စသည့် အလေးအပင်မရန်ရှိသောအခါ ရုံးအကူယောကျာ်း ကလေးများကိုခေါ်၍ မခိုင်း၊ ရွှေ့ခိုင်းခြင်း၊ မိမိနေအိမ်တွင် ဆွမ်းကျွေး၊ အလှူ စသည်တို့လုပ်သောအခါ ပြင်ပမှ ဒံပေါက်၊ ကြက်ဆီထမင်း စသည်တို့ကို မှာယူပြီး အမျိုးသမီးဝန်ထမ်းများအား ဧည့်ခံစေခြင်း စသည်တို့လောက်သာ ရှိပါသည်။ 

ထိုကဲ့သို့ ခေါ်ယူရာတွင်လည်း မည်သူမည်ဝါ နာမည်တပ်၍ မလာမနေရသဘောမျိုး တာဝန်ပေးစေခိုင်းခြင်းမျိုးမလုပ်ခဲ့သည့်အပြင် ကလေးငယ်ရှိသူများ၊ မအားလပ်သူများနှင့် အနေဝေးသူများကို ခေါ်ယူခိုင်းစေခြင်း မပြုခဲ့ပါ။ (မကြာမီက အရာရှိကြီးတစ်ဦး၏ မင်္ဂလာဧည့်ခံပွဲတစ်ခုတွင် မိမိလက်အောက်ခံမြို့နယ်များမှ အရာရှိငယ်များအား တရားဝင် စာထုတ်ပြန်၍ တာဝန်များပေးအပ်ခဲ့ကြောင်းလည်း ကြားမိလိုက်ပါသည်)။ ရုံးတွင် ခိုင်းစေရာတွင်လည်း ရုံးအကူဝန်ထမ်းများကို လက်ဖက်ရည်၊ ဆေးလိပ်ဝယ်ခိုင်းခြင်းမှအပ ကြီးမားသော မိမိ၏ကိုယ်ရေးကိုယ်တာကိစ္စများကို ခိုင်းစေခြင်းမရှိခဲ့ပါ။ ဝန်ထမ်းများအား မိမိ၏ကိုယ်ရေးကိုယ်တာ ကိစ္စများကို အစဉ်အမြဲခိုင်းစေခြင်းအားဖြင့် ဝန်ထမ်းအချင်းချင်း စိတ်ဝမ်းကွဲပြားမှု ရှိနိုင်သလို၊ ထိုကဲ့သို့ ခိုင်းစေ တာဝန်ပေးအပ်ခြင်းခံရသောဝန်ထမ်းသည် အခြားဝန်ထမ်းများအပေါ်တွင် မိမိ၏အရှိန်အဝါကိုအသုံးပြုကာ မောက်မာစွာ ဆက်ဆံလာခြင်း၊ အခြားဝန်ထမ်းများထက် အခွင့်အရေးများပိုမိုရယူ လာခြင်းများ ရှိနိုင်ပါသည်။ ဥပမာ ခွင့်ခံစားရာတွင် တရားဝင်ခွင့်မတင်ပဲ နားလည်မှုဖြင့်ခံစားခြင်း၊ ကိုယ်ရေးကိုယ်တာကိစ္စဖြင့် ခရီးသွားသည်ကိုပင် တာဝန်သတ်မှတ်ပေးခြင်းနှင့် ရုံးချိန်ပြင်ပဂျူတီချရာမှာပင် လူကြီးခိုင်း ထားလို့ဟူသော အကြောင်းပြချက်ဖြင့် တာဝန်လာရောက်မထမ်းဆောင် ခြင်းများလည်းရှိလာနိုင်ပါသည်။

ဆရာမွေး၊ တပည့်မွေးစနစ် အစပျိုးခြင်း

လုပ်ပိုင်ခွင့်ရှိသောအရာရှိအချို့သည် ဝန်ထမ်းတစ်ဦးတစ်ယောက်တည်းအား သီးသန့်ရွေးချယ်၍ တာဝန်ပေးအပ်ခြင်းကြောင့် လာဘ်ပေးလာဘ်ယူမှုနှင့် အဂတိလိုက်စားမှုများကိုလည်း အားပေးအားမြှောက်ပြု ရာကျပါသည်။ အချို့အရာရှိများသည် မိမိအားကိုးယုံကြည်စိတ်ချရသော ဝန်ထမ်းတစ်ဦးကို လက်သပ်မွေးမြူကာ မိမိ၏ ကိုယ်ရေးကိုယ်တာကိစ္စများကို ဆောင်ရွက်ပေးစေရာမှသည် လာဘ်ပေးလာဘ်ယူကိစ္စများကို မိမိကိုယ်တိုင်မဆောင်ရွက်တော့ဘဲ တပည့်မှတစ်ဆင့် ဆောင်ရွက်ခြင်းမျိုး ရှိလာတတ်ပါသည်။ မိမိကလည်း ရရှိသောငွေကြေးလာဘ်လာဘများ အနက်တပည့်ကို မုန့်ဖိုးပဲဖိုးပေးကာ တပည့်မွေးသည်။ တပည့်ကလည်း ဆရာကို ရှာဖွေပေးခြင်းဖြင့် ဆရာမွေးသည်။ ဤသို့ဖြင့် ဆရာနှင့်တပည့် အပြန်အလှနှ်ကျေးဇူးပြုကာ အညမညဖြစ်ကြလေသည်။

ပြည်သူများကြားတွင် ပြောလေ့ပြောထရှိသည့်စကားတစ်ခွန်းမှာ “ဘယ်ကိစ္စနဲ့ပတ်သက်ရင် ဘယ်ဌာနက ဘယ်သူ့ဆီကိုသွား၊ ဒါပေမဲ့ သူ့ဆီကို တိုက်ရိုက်သွားလို့မရဘူး၊ ဘယ်မှာနေတဲ့ သူ့တပည့်ဆီကိုသွား၊ သူ့ဆီကမှတစ်ဆင့် ဝင်ရတယ်” စသည့် စကားမျိုးပင်ဖြစ်ပါသည်။ ဤနည်းဖြင့် လာဘ်ပေးလာဘ်ယူပြုကြပြီး တိုင်သူရှိ၍ အရေးယူခံရသောအခါ ဆရာနှင့်တပည့် တွဲလျက်ပါလာသောသတင်းမျိုးကို သတင်းစာများတွင် ဖတ်ရှုရလေ့ရှိပါသည်။ ထို့ကြောင့် လူမသိ၊ သူမသိအောင် တပည့်မှတစ်ဆင့် လာဘ်ပေးလာဘ်ယူပြုကြရာတွင်လည်း တကယ်ဖြစ်လာသောအခါ မည်သည့်တပည့်ကမှ ကိုယ့်အပေါ်သစ္စာရှိပြီး သူတစ်ဦးတည်း အပြစ်ဒဏ်ကို ကျခံသွားသည်ဟူ၍ မကြားဖူးပါ။ သူနှင့်အတူ သူ့ဆရာရင်းကိုပါ အတူတကွ ဆွဲခေါ်သွားသည်သာဖြစ်ပါသည်။

အလားတူ ဆရာကို အရေးယူခံရသောအခါတွင်လည်း မည်သည့်ဆရာကမှ မိမိတစ်ဦးတည်းတာဝန်ခံ၍ ပြစ်ဒဏ်ကို ခံယူသွားခြင်းမရှိဘဲ ချစ်တပည့်ကိုလည်း ထောင်ထဲတွင် ဆေးပေးမီးယူရစေရန်အလို့ငှာ ခေါ်ဆောင်သွားကြပါသည်။

တပည့်မှသည် မိန်းမဆီသို့

အချို့အချို့သောအရာရှိများသည် မိမိတို့၏ဇနီးများအား အလုပ်ကိစ္စများတွင် ပါဝင်ပတ်သက်စေလေ့ရှိသည်။ ပါဝင်ပတ်သက်လာရသည်မှာလည်း ပထမတော့ မိမိဇနီးဖြစ်သူနှင့် ဆွေမကင်း အမျိုးမကင်းသူ၊ ခင်မင် ရင်းနှီးသူတို့ကို မိမိ၏ဌာနတွင် အလုပ်ခန့်ထားပေးခြင်း၊ ၎င်းတို့ကို နေရာ ကောင်းသို့ပြောင်းရွှေ့ပေးခြင်း၊ ရာထူးတိုးမြှင့်ရာတွင်လည်း ဦးစားပေး၍ ရာထူးတိုးမြှင့်ပေးခြင်းမှသည် အခြားအခြားသော နီးစပ်ရာဝန်ထမ်းများကလည်း “အန်တီ့ကို ပြောရင်ရတယ်ဟေ့၊ အစ်မကိုပြောရင်ရတယ်ဟေ့” စသည်ဖြင့် ဖြစ်လာပြီး နောက်ပိုင်းတွင် အခြားသူများကပါ ပါဝင်လာကာ လက်ဆောင်ပဏ္ဏာပေးရာမှသည် လာဘ်ပေးလာဘ်ယူအထိ ဖြစ်လာကြသည်။

ထိုကဲ့သို့ ဝန်ထမ်းရေးရာကိစ္စများတွင် ဝင်ပါလာရာမှသည် “အစရှိ အနောင်နောင်” ဆိုသလို အခြားသောကိစ္စများတွင်လည်း တစ်စတစ်စနှင့်ပါဝင်လာပါတော့သည်။ လင်ယောကျာ်းဖြစ်သူက ဇနီးကို ရုံးသို့ခေါ်ဆောင်လာပြီး “သမီးရေ၊ သားရေ၊ အန်တီ့ကို/မမကို ဒီကိစ္စလေးလုပ်ပေးပါလား၊ အန်တီရဲ့မိတ်ဆွေ/မမရဲ့မိတ်ဆွေမို့ပါကွယ်” ဟု အစပြုရာမှသည် နောက်ပိုင်း တစ်စတစ်စ ရုံးလုပ်ငန်းများတွင် ဝင်ရောက်ခြယ်လှယ်ပါဝင် လာပါတော့သည်။ ထိုကဲ့သို့သော အပြုအမူဆောင်ရွက်မှုများကြောင့် ကျော်ကြားသတင်းဖြစ်လာပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ သတင်းပေါက်ကြားရာမှသည် ယခုလို တိုင်းဒေသကြီးအစိုးရအဖွဲ့က သတိပေးညွှန်ကြားစာထုတ်ရသည်အထိ ဖြစ်လာခြင်းဖြစ်ပါသည်။

နမူနာယူစရာ နန်းမတော်မယ်နုနဲ့ စုဖုရားလတ်

ကျွန်တော်သည် မကြာမီက မန္တလေး၊ အင်းဝ၊ စစ်ကိုင်းဘက်သို့ ခရီးထွက်ရာမှသည် ငယ်စဉ်ကဖတ်ခဲ့ရသော နန်းမတော်မယ်နုနှင့် သူမ၏မြေး စုဖုရားလတ်တို့အကြောင်းစာအုပ်များကို ဝယ်ယူလာပြီး ပြန်လည်ဖတ်ရှုမိပါသည်။ နန်းမတော်မယ်နုသည် အင်းဝနန်းတွင်းအရေးအရာများတွင် ပါဝင်ပတ်သက်ခဲ့သဖြင့် နန်းတွင်းရေးများရှုပ်ထွေးကာ အင်းဝဘုရင် ဘကြီးတော်ကို ညီတော်သာယာဝတီမင်းက အာဏာသိမ်းပိုက်ပြီး မယ်နုကိုသတ်ခဲ့သလို၊ မန္တလေးနန်းတွင်းအရေးများတွင်လည်း စုဖုရားလတ်က အမျိုးမျိုးအမိန့်ဩဇာများပေးကာ ပါဝင်ပတ်သက်ခဲ့ခြင်းဖြင့် မြန်မာတို့ သူ့ကျွန်ဘဝရောက်ရသည့် သမိုင်းတရားခံတစ်ဦးဖြစ်ခဲ့ရသည်။ ဆရာကြီး ပါရဂူဘာသာပြန်သော “သီပေါ၏မဟေသီ” စာအုပ်တွင် စုဖုရားလတ်ကိုယ်တိုင်က အောက်ပါအတိုင်းဝန်ခံခဲ့သည်ကို ဖတ်ရှုလိုက်ရပါသည် -

“အင်္ဂလိပ်တွေ လမ်းမတွေကိုဖြတ်ပြီး ရွှေနန်းတော်ဆီကို ချီတက်လာကြပြီဆိုတဲ့အကြောင်းကို ကြားရတာနဲ့ မိဖုရားကြီးဟာ တစ်ခါဖြင့်အားလုံးဆုံးပြီဆိုတဲ့အကြောင်း သိရှိရိပ်မိသွားတယ်။ မိဖုရားကြီးဟာ သူ့ကိုယ်သူ ကျောက်ပြားပေါ် မှောက်လျက်လှဲချလိုက်တယ်။ သူ့ဆံပင်တွေဟာ သူ့မျက်နှာတစ်ဝိုက်မှာ ပြန့်ကြဲနေကြတယ်။ ရှိုက်ကြီးတငင်နဲ့လည်း ငိုကြွေးနေတယ်။ သူမဟာ ဒူးထောက်ပြီးထလိုက်တယ်။ ပြီးတော့ သူ့ရင်ဘတ်ကို သူလက်သီးနဲ့ထုတယ်။ ဘုရင်မင်းတရားကြီးနဲ့ တိုင်းပြည်နိုင်ငံအပေါ် ကံဆိုးမိုးမှောင်ကျအောင် လုပ်မိလေခြင်းဆိုပြီး ဟစ်အော်ငိုကြွေးရှာတယ်။ “ငါ့မောင်တော်ဖြစ်တဲ့ ဘုရင်မင်းတရားကြီးနဲ့ ငါ့တိုင်းသူပြည်သားတွေ ကံဆိုးမိုးမှောင်ကျအောင်လုပ်တာ တခြားလူမဟုတ်ဘူး၊ ငါ...ငါ လို့ဆိုပြီး ငိုကြွေးရှာတယ်” ဟူ၍ ဖြစ်ပါသည်။

နိုင်ငံ့ဝန်ထမ်းသည် နိုင်ငံနှင့်ပြည်သူအတွက်

မြန်မာ့သမိုင်းအဆက်ဆက်တွင် အုပ်ချုပ်ရေးလောက၌ ဇနီးမယားတို့ ဝင်ရောက်ပါဝင်ပတ်သက်ခဲ့၍ ဒုက္ခရောက်ရသည့်အဖြစ်များ အထင်အရှားရှိခဲ့သလို မကြာသေးသောနှစ်ကာလ လေး၊ ငါးဆယ်တွင်လည်း ကျွန်တော်တို့ ကြားသိခဲ့ကြရပြီးဖြစ်ပါသည်။ အမှန်တကယ်တော့ ဇနီးဖြစ်သူက လင်ယောကျာ်း၏အလုပ်တွင် ဝင်ရောက်ပါဝင်ပတ်သက်သည်ဆိုခြင်းမှာ လင်ယောကျာ်းဖြစ်သူ၏ ပျော့ညံ့မှုပင်ဖြစ်ပါသည်။ ထို့ကြောင့် မိမိ၏ဇနီးမယားများအား မိမိ၏လုပ်ငန်းခွင်၊ လုပ်ပိုင်ခွင့်များတွင် ပါဝင်ပတ်သက်ခြင်းမရှိအောင် ရှေးဦးမဆွကပင် ကြိုတင်မှာကြားထားသင့်ပါသည်။

ယခုတိုင်းဒေသကြီးတစ်ခုတွင်ဖြစ်သော ဖြစ်စဉ်မျိုးသည် အခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းများတွင်လည်း ရှိနေနိုင်ပါသည်။ ထို့ကြောင့် ပြည်ထောင်စုအစိုးရအနေနှင့် နိုင်ငံ့ဝန်ထမ်းဆိုသည်မှာ နိုင်ငံနှင့်ပြည်သူအတွက်သာဖြစ်ကြောင်းနှင့် မိမိတို့၏ကိုယ်ရေးကိုယ်တာကိစ္စရပ်များကို ခိုင်းစေရန်မဟုတ်ကြောင်း သဘောပါသည့် ညွှန်ကြားချက်မျိုးကို ပြည်ထောင်စုဝန်ကြီးဌာနများ၊ ဦးစီးဌာနများနှင့် တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်များအားလုံးသို့ ထုတ် ပြန်ညွှန်ကြားသင့်ပါကြောင်း ရေးသားလိုက်ရပါသည်။

သိန်းထက်အောင်