News

POST TYPE

PERSPECTIVE

ရောင်းရခက်သော စိတ်ထားများ
09-Jul-2019



လောကမှာ ပြောလေ့ရှိတဲ့စကားတစ်ခွန်းရှိပါတယ်။ မရှိခိုးနိုး မလှစုနုးယိုးတဲ့။ ဒီစကားကြောင့် ရုပ်ဆိုး အကျည်းတန်သူတွေ မျက်နှာငယ်ကြရသလို လူချင်းတူပါလျက် ချောင်ကွယ်မှာသာ မျက်နှာငယ်ငယ်နဲ့ နေကြရတယ်။ မြန်မာပြည်ရဲ့ ရုပ်ရှင်တွေထဲမှာ လူကြမ်းတွေဆိုရင် ရုပ်ရည်ကြမ်းတမ်းသူတွေကိုသာ ထည့်သွင်းအသုံးပြုလာကြတယ်။ ဒါကြောင့်လည်း ရပ်ရွာထဲမှာ ရုပ်ဆိုးသူဆိုရင်တောင် လူဆိုးတွေလို့ သတ်မှတ်တတ်ကြသလို လူရာမသွင်းချင်ကြတော့ဘူး။ နေရာမပေးချင်ကြဘူး။ 

မြန်မာပြည်မှာလိုပဲ အမေရိကန်ပြည်ထောင်စုမှာလည်း အရင်ခေတ်က လူမည်းတွေဆိုရင် နေရာမရကြပါဘူး။ လူမည်းတွေကို ကျွန်စာရင်းသွင်းကာ ဖိနှိမ်ကာ ဆက်ဆံခံကြရတယ်။

တကယ်ဆိုရင် ကံကြမ္မာက ပေးလိုက်တဲ့ ဒီရုပ်ကို အပြစ်မတင်သင့်ပါဘူး။ နှိမ့်ချကာ မဆက်ဆံသင့်ပါဘူး။ အပေါ်ယံအသားမည်းခြင်း၊ ရုပ်ရည်မလှခြင်းစတာတွေဟာ တစ်ဦးနဲ့တစ်ဦး ဆက်ဆံရာမှာ အရေးမပါလှပါဘူး။ အသားဖြူလို့ မြင့်မြတ်တာမဟုတ်သလို အသားမည်းလို့ နိမ့်ကျသွားတာမျိုးလည်း မဟုတ်ပါဘူး။ ဒီလိုပါပဲ ရုပ်လှလို့ မြင့်မြတ်တာ မဟုတ်သလို ရုပ်ဆိုးလို့ နိမ့်ကျခြင်းတွေလည်း မဖြစ်စေပါဘူး။ လူတစ်ယောက်ဟာ လူပီသတဲ့လုပ်ရပ်တွေနဲ့ မြင့်မြတ်တဲ့အလုပ်တွေသာလုပ်နေရင် ဘယ်လောက်ပဲ အသားမည်းကာ ရုပ်ဆိုးနေပါစေ၊ ဘယ်ဘာသာဝင်ပဲ ဖြစ်နေပါစေ မြင့်မြတ်သူတစ်ယောက်ဖြစ်နေမှာပါပဲ။

ဒါပေမဲ့ ဒီနေ့ခေတ် ကုမ္ပဏီတွေမှာတောင် မလုပ်ခန့်တဲ့အခါ ရုပ်ရည်လှပပြေပြစ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေ ထည့်သွင်းလာကြတယ်။ လူအများနဲ့ဆက်ဆံရတဲ့အခါ ရုပ်ရည်လှပတင့်တယ်ဖို့လိုတယ်ဆိုပေမယ့် အရည်အချင်းရှိသူတွေကြောင့်သာ ခေါ်တာဖြစ်ပေမယ့် ဒီအတိုင်းဆိုရင် ရုပ်မလှသူတွေအတွက် နေရာမရနိုင်လို့ ဆိုဖွယ်ရာရှိပါတယ်။ ဒါပေမဲ့ ဒီနေ့ခေတ်ရဲ့ အထက်ပိုင်းရာထူးကြီးနေရာကို ရနေကြသူတွေဟာ အသားမည်းသူတွေနဲ့ ရုပ်မလှသူတွေများနေကြပါတယ်။

သူတို့ဟာ သူတို့ရဲ့ ဆိုးရွားတဲ့ ရုပ်ကြောင့် လက်ရှိအနေအထားမှာ လူရာသွင်းမခံကြရဘူး။ ဒါကြောင့်သူတို့မှာ လူတွေလက်ခံနိုင်ဖို့ ထူးချွန်တဲ့ အတတ်ပညာတစ်ခု တတ်ထားဖို့ လိုအပ်တယ်ဆိုတာ နားလည်ကြပါတယ်။ ဒီအတတ်ပညာကသာ သူတို့အတွက် လူအများဆီက မေတ္တာကိုရစေမှာပါ။ ဒါကြောင့် အတတ်ပညာတစ်ခုကို သူများတွေထက် ထူးထူးချွန်ချွန် တတ်မြောက်ဖို့ သူတို့မှာ ကြိုးစားကြရပါတယ်။ အရင်အချိန်က အခြောက်တွေဆိုရင် လူတိုင်းကအထင်သေးကြတယ်။ အနောက် အပြောင်ခံကြရတယ်။ လူကြားထဲ နေရာမရကြဘူး။ ဒါကြောင့် သူတို့ဟာ လောကထဲမှာ မားမားမတ်မတ်ဂုဏ်သိက္ခာရှိရှိရပ်တည်ဖို့ သူများတွေ ထက်ပိုပြီး ကြိုးစားကြရတယ်။ ဒါပေမဲ့ ဒီနေ့ဆိုရင် အလှဖန်တီးရှင်ဟာ လူတိုင်းအားကျရတဲ့ အခြေအနေ၊ အနေအထားမျိုးမှာ ရပ်တည်နေကြပါပြီ။ သူတို့ဆီမှာ တပည့်ခံသူတွေလည်း အများကြီး ဖြစ်နေကြပါပြီ။ လောက အကျိုး၊ လူသားအကျိုး အများကြီး လုပ်နေကြပါပြီ။

တကယ်ဆိုရင် လူတစ်ယောက်မှာ အဖိုးတန်လက်နက်တစ်ခုတော့ ရှိသင့်ပါတယ်။ အဲဒီလက်နက်ကလည်း ဘယ်လိုခိုးသားဓားပြမ တိုက်မယူနိုင်တဲ့ ပညာလက်နက်ပဲဖြစ်သင့်ပါတယ်။ အရည်အချင်းလက်နက် သာဖြစ်သင့်ပါတယ်။ လှပတဲ့သူနဲ့ ရုပ်ဆိုးတဲ့သူ၊ အသားမည်းတဲ့သူနဲ့ အသားဖြူတဲ့သူ တူညီစေမှာက အရည်အချင်းဆိုတဲ့ လက်နက်ပါ။ အကျင့်စာရိတ္တဆိုတဲ့လက်နက်ပါ။ အသားမည်းတာ ရုပ်ဆိုးတာတွေဟာ မျက်နှာငယ် ဂုဏ်ငယ်စရာမဟုတ်ပါဘူး။ အရည်အချင်းမရှိခြင်း လူမှုကျင့်ဝတ် ဖောက်ပြန်ခြင်းနဲ့ အကျင့်စာရိတ္တမကောင်းခြင်း စတာတွေကသာ ရှက်စရာ အားငယ်စရာသာ ဖြစ်ပါတယ်။ 

ကျွန်တော်ဆိုရင် ငယ်ရွယ်စဉ်အခါက သူများတကာထက် အသားကမည်းပြီး ဆင်းရဲတဲ့ဘဝမှာသာဖြစ်ပါတယ်။ ဒါကြောင့် ကျောင်းတက်ချိန်မှာ အတန်းဖော်တွေက အပေါင်းအသင်း သိပ်မလုပ်ချင်ကြပါဘူး။ ဒါပေမဲ့ ကျွန်တော်ဟာ စိတ်ဓာတ်မကျခဲ့ပါဘူး ။ လူတွေရဲ့ ချစ်ခင်မှု နေရာပေးမှုကိုယူဖို့ ကျောင်းစာကို သူများထက်ပိုပြီးကြိုးစားခဲ့ပါတယ်။ လူအများရဲ့ အထင်ကြီးအားကျတဲ့ မျက်လုံးတွေကို ပိုင်ဆိုင်ခွင့်ရဖို့အတွက် စာကိုကြိုးစားပြီး သင်ခဲ့တယ်။ အားလပ်ချိန်မှာ သူများတွေ ဆော့ကစားနေချိန်မှာတောင် ကျွန်တော်ဟာ စာကျက်နေခဲ့ပါတယ်။ ကိုယ်ပိုင်အခွင့်အရေးတွေကို ဆုံးရှုံးခံကာ စာကိုကြိုးစားသင်ယူခဲ့ပါတယ်။ ဒီလိုနဲ့ စာတော်သူဆိုတဲ့ ကျောင်းသားအနေနဲ့ ဆရာမတွေရဲ့ ချစ်ခင်မှုကို ရခဲ့ပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေရဲ့ လေးစားမှုကိုလည်းရခဲ့တယ်။

ဒါကြောင့် သမားရိုးကျနည်းနဲ့ ကိုယ့်အတွက်အရည်အချင်းတွေတက်အောင်၊ လူအများ ချစ်ခင်မှုတွေရအောင် လုပ်တတ်ဖို့ အထူးအရေးကြီးပါတယ်။ ဒီနည်းက သူများတွေကိုမထိခိုက်စေသလို ကိုယ်တိုင်လည်း အကျိုးဖြစ်စေပါတယ်။ မြန်မာဆိုင်းပညာရှင်ကြီး စိန်ဗေဒါဟာ ဒီနေ့ စိန်ဗေဒါထက် မနက်ဖြန် စိန်ဗေဒါ ပိုပြီးတော်ရမယ်ဆိုပြီး ကြိုးစားခဲ့လို့ ဒီနေ့အထိ သူ့နာမည်ဟာ တည်မြဲနေခဲ့တာပါ။ တကယ်ဆိုရင် သူများတွေကို ပြိုင်ဆိုင်တဲ့အခါ လိုက်မီတဲ့အခါ ကိစ္စမရှိပေမယ့် တစ်ဖက်က ကိုယ့်ထက် ပိုတော်နေ အရည်အချင်းပိုများနေရင် မနာလိုစိတ် ဖြစ်နိုင်ပါသေးတယ်။ ဒီအခါ တစ်ဖက်လူကို မတရားတဲ့နည်းလမ်းနဲ့ ယှဉ်ပြိုင်မိတတ်ပါတယ်။ ဒါမှမဟုတ် သူ့အပေါ် မကောင်းစိတ်တွေတောင် ဖြစ်မိတတ်ပါသေးတယ်။ 

ဒီလိုတွေမဖြစ်အောင် ကိုယ့်အတွက်အကုသိုလ်ကင်းပြီး တိုးတက်စေမယ့် အကောင်းမွန်ဆုံး၊ အမှန်ကန်ဆုံးနဲ့ အကုသိုလ်အနည်းဆုံးဖြစ်တဲ့ ကိုယ့်ကိုယ်ကိုယ်သာယှဉ်ပြိုင်ကြိုးစားသင့်ပါတယ်။ သူကဒီနေရာမှာ ကိုယ့် ထက်ပိုတော်နေရင် ကိုယ်က တခြားတစ်နေရာမှာ သူ့ထက်ပိုပြီး ထူးချွန်အောင်ကြိုးမယ်ဆိုတဲ့စိတ်မျိုး ထားသင့်ပါတယ်။ အခုချိန်က နေရာတိုင်းမှာ ယှဉ်ပြိုင်မှုတွေ များနေကြတဲ့အချိန်ဖြစ်ပါတယ်။ ယှဉ်ပြိုင်တဲ့အခါ ကိုယ့်အနေအထားနဲ့ အံဝင်တဲ့ ယှဉ်ပြိုင်မှုမျိုး၊ အကျိုးရှိစေတဲ့ ယှဉ်ပြိုင်မှုမျိုးလည်း ဖြစ်ဖို့လိုသလို အစားထိုးပြီး အောင်မြင်မှုရအောင် ကြိုးစားနေဖို့လည်း အထူးအရေးကြီးပါသေးတယ်။ 

ကျွန်တော်ကိုးကွယ်တဲ့ ဘုန်းကြီးတစ်ပါးဟာဆိုရင် သာသနတက္ကသိုလ်မှာ စာသင်နေရင်း B.Aဘွဲ့ကိုရပြီး M.A ကို ဆက်တက်ဖို့ ပြင်ဆင်ချိန်မှာ သူ့ရဲ့ ဆရာသမားက ခေါ်ပြီး သူ့ရွာက ကလေးတွေကို စာသင်ပေးဖို့ တာဝန်ပေးလာပါတယ်။ ဒါကြောင့် သူငယ်ချင်းတွေလို M.A ဘွဲ့ကို ဆက်ပြီး မတက်နိုင်တော့ပါဘူး။ သူ့သူငယ်ချင်းတွေက M.A ကိုဆက်တက်သွားချိန်မှာ သူကတော့ ကလေးတွေကို စာသင်ပေးနေရပါတယ်။ ဒါပေမဲ့ သူဟာ M.A ဘွဲ့ကို ဆက်မတက်နိုင်တော့လို့ ဝမ်းနည်းစိတ်ပျက်မနေဘဲ ခက်ခဲတဲ့ အစိုးရဓမ္မာစရိယစာမေးပွဲကို ကိုရင်တွေကိုစာပြရင်း လေ့လာပြီးဖြေဆိုခဲ့ရာ လိုချင်တဲ့ သာသနဓဇဓမ္မာစရိယ ဘွဲ့ကို ရခဲ့ပါတယ်။ သူ့သူငယ်ချင်းတွေက M.A ဘွဲ့ရလို့ ဘွဲ့နှစ်ခုဖြစ်ချိန်မှာ သူကလည်း ဘွဲ့နှစ်ခုဆုရှင်ဖြစ်နေပါပြီ။ 

ဒါကြောင့် ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ကိုယ့်မှာစွမ်းအားရှိသလောက် ကြိုးစားဖို့ အရေးကြီးပါတယ်။ လူတိုင်းဆီမှာ မမြင်နိုင်တဲ့ စွမ်းအားတွေ ကိုယ်စီရှိနေတတ်ကြပါတယ်။ မမြင်ဘဲ ထုတ်မသုံးကြလို့သာ အောင်မြင်မှုသရဖူကို မပိုင်ဆိုင်ကြတာပါ။ ပခုံးနှစ်ဖက်ကြား ခေါင်းပေါက် သူချင်းတူပါလျက် သူကတော့ အောင်မြင်သူဖြစ်နေပြီး ကိုယ်ကတော့ သာမန်လူထဲမှာ လူတစ်ယောက်အဖြစ် ရပ်တည်ရုန်းကန်နေရတာဟာ အရည်အချင်းတွေ အကုန်လုံး ထုတ်မသုံးကြလို့ပါ။ ဒီနေရာမှာ မင်းသားကြီး ဦးကျော်ဟိန်းရဲ့ စကားကို အထူးသဘောကျမိပါတယ်။ “အချိန်ရှိသရွေ့ စဉ်းစားပါ။ ဒါပေမဲ့ စဉ်စားရင်းတော့ အချိန်မကုန်ပါစေနှင့်” တဲ့။ 

မှန်ပါတယ်။ စဉ်းစားခြင်းဟာ လူတစ်ယောက်အတွက် အထူးအရေးကြီးပါတယ်။ ကိုယ့်ရဲ့ လက်ရှိအနေအထားကို အမှန်အတိုင်း မြင်တတ်ဖို့ စဉ်းစားရပါတယ်။ ဒါမှ ကိုယ်ဟာ ညံ့နေလား၊ ဘာတွေလိုအပ်နေလဲလို့ အမှန်အတိုင်း မြင်နိုင်မှာပါ။ မြင်မှလည်း လက်ရှိလိုအပ်နေတဲ့အနေအထားကနေ လွတ်မြောက်အောင် ရုန်းထွက်နိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ စဉ်းစားရုံမျှပဲ ဖြစ်နေမယ်ဆိုရင်လည်း လိုရာကို မရနိုင်ပါဘူး။ စဉ်းစားပြီးလုပ်ဖို့လည်း အထူးအရေးကြီးပါသေးတယ်။

နောက်တစ်ခုက လက်ခံတတ်ဖို့ပါ။ ကိုယ့်ရဲ့ ပကတိအနေအထားအမှန်ကို လက်ခံတတ်ရပါမယ်။ ကိုယ်ဟာရုပ်ဆိုးနေလား၊ အသားမည်းသူဖြစ်နေလား စဉ်းစားပြီး လက်ရှိဘဝ အမှန်ကို အမှန်အတိုင်းလက်ခံပြီး ရုပ်ဆိုးနေတယ်၊ အသားမည်းနေတယ်ဆိုရင် ပကတိအရှိအခြေအနေကို လက်ခံပြီး ပြောင်းလဲမရတဲ့ ရုပ်ဆိုးခြင်းနဲ့အသားမည်းခြင်းတွေ ပြောင်းလဲဖို့ မကြိုးစားဘဲ ပြုပြင်လို့ရတဲ့ အရည်အချင်းတွေတက်အောင်၊ လူတိုင်းငေးမောရတဲ့ အနေအထားတစ်ခုကို ပိုင်ဆိုင်နိုင်အောင် ကြိုးစားပေးရပါမယ်။ ကိုယ့်ကိုယ်ကိုယ် အရည်အချင်းရှိအောင်ကြိုးစားခြင်းဟာ ကိုယ့်ရဲ့ ဆိုးနေတဲ့ရုပ်ကို အလှပဆုံး ပြုပြင်တာဖြစ်သလို မည်းနေတဲ့ အသားတွေကို ဖြူအောင်လုပ်တာထက်လည်း ပိုပြီးတန်ဖိုးရှိပါတယ်။ နောက်ဆုံးမှာ တန်ဖိုးရှိတဲ့ လူသားတစ်ယောက်အဖြစ် လောကအကျိုးကို အပြည့်ဝဆုံး ကူညီဖြည့်ဆည်းပေးနိုင်မှာဖြစ်ပါတယ်။ 

ဒါကြောင့် ရောင်းရခက်စေတဲ့ နိမ့်ကျစေသော စိတ်ထားတွေကို မထားဘဲ ရုပ်လှခြင်းထက် အတွင်းစိတ်သဘောနဲ့ အရည်အချင်းတွေ မြင့်မားပြီး လှပအောင်တန်ဖိုးထားနေထိုင်ကြစေဖို့လို့ တိုက်တွန်းရေးသားလိုက်ရပါတယ်။

မောင်မြင့်ဝင်း