News

POST TYPE

PERSPECTIVE

Victoria အမှုကိစ္စနှင့်ပတ်သက်၍ ဆက်စပ်မိသမျှ
09-Jul-2019



“နေပြည်တော်  Wisdom Hill ကျောင်းကိစ္စ။ Victim ကလေးလေးအဖေနဲ့ ဖုန်းပြောရပါတယ်။ ကလေးလေးနာမည်လည်း မတပ်ချင်။ Victim (ဒုက္ခရောက်သူ) လို့လည်းမပြောချင်လို့၊ Victoria (အောင်နိုင်သူ/အခက်အခဲတွေကို ကျော်ဖြတ်နိုင်သူ) လို့ သုံးနှုန်းပါ့မယ်။”

“ဖုန်းပြောသမျှ အကုန်ပြောမပြပါဘူး။ အားလုံးသိသင့်တယ်ထင်တဲ့ ကိစ္စကို Victoria ရဲ့အဖေနဲ့အမေ အဆင်ပြေမယ့်အနေအထားလောက် ပြောပြပါ့မယ်။ သူတို့တရားဝင်ပို့ထားတဲ့ အစိုးရရုံးစာလည်းဖတ်ရပါတယ်။ သမီးလေး Victoria အသက် ၂ နှစ် ၁၁လ။ Sexual Abuse အမှန်တကယ်အလုပ်ခံခဲ့ရ။ ဖခင်အစိုးရဌာနတခြားမြို့မှာ တာဝန်ကျနေ။ အခု သမီးလေးအနားပြန်ရောက်။ အင်မတန်ထူးဆန်းသောကိစ္စကတော့ ပို့စ်စတင်သူ မပိုးဖြူဆိုသောအမျိုးသမီးကို သူတို့မိသားစုကလုံးဝမသိ။ တစ်ခါမှမတွေ့ဖူး။ ဘာမှမပြောဖူး။ ဘာကြောင့် လိုင်းပေါ်တင်မှန်းမသိပါတဲ့”

“သူရေးတဲ့ပို့စ်မှာ အင်မတန်ဆိုးရွားလွန်းတဲ့ အချက်တွေပိုနေတဲ့ အတွက် သမီးလေးအတွက် ဝမ်းနည်းစိတ်မကောင်းလည်းဖြစ်ရပါတယ်တဲ့။ သမီးလေးက အဲဒီ့မပိုးဖြူတင်တဲ့ အနေအထားအထိမဖြစ်ပါ။ သွေးထွက်တာမှန်ပါတယ်။ တစ်ခုခုဖြစ်ခဲ့တာမှန်ပါတယ်။ ကလေးနာ သွားတာမှန်ပါတယ်။ သွေးထွက်သွားတဲ့အတွက် ရောဂါကာကွယ်ဆေးတွေ ကလေးတန်မဲ့ သောက်နေရပါတယ်။ Victoria ရဲ့ အရှေ့အင်္ဂါ။ အနောက်အင်္ဂါမကွဲပါ။ သွေးအိုင်ထဲလဲ၍လည်းမနေခဲ့ပါ။ မပိုးဖြူအနေနဲ့ ကျောင်းဘက်ကတာဝန်ခံအောင် ပိုပိုသာသာရေးတယ်ဆိုပေမယ့်လည်း သူရေးမှကလေးရဲ့အခြေအနေက ရစရာတစ်စက်မှမရှိအောင်ဖြစ်ခဲ့ရတဲ့အတွက် အဲဒီ့ “အရှေ့အင်္ဂါ/အနောက်အင်္ဂါကွဲပြဲသွားတယ်” ဆိုတဲ့ကိစ္စကို မိခင်တစ်ယောက်အနေနဲ့ ကန့်ကွက်ပါတယ်”

“ကျွန်မ Wisodom Hill ဘက်ကမဟုတ်ပါ။ မိခင်တစ်ယောက်ပါ။ စိတ်ပူနေသူတွေအတွက်ပြောပြရရင် လက်ရှိ Victoria ရဲ့ အခြေအနေ ကောင်းပါတယ်။ ပထမရက်တွေမှာတော့ ကလေးအရမ်းနာနေပါတယ်တဲ့။ ဖြစ်တာက ၁၆ရက်နေ့ပါ။ ကလေးကကျောင်းဖယ်ရီနဲ့ပဲ အသွားအပြန် လုပ်လေ့ရှိပါတယ်တဲ့။ ကလေးကိုကျောင်းဖယ်ရီပေါ်ကို အမေ (သို့မဟုတ်) အဘွားကတင်ပေးနေကျပါ။ ပုံမှန်ဆိုရင် ကလေးအမေရုံးက ပြန်မရောက်ခင် ကလေးရဲ့ကျောင်းဖယ်ရီက စောရောက်လေ့ရှိပေမယ့် အခင်းဖြစ်တဲ့နေ့က ကလေးအမေပြန်ရောက်ပြီး၊ အတော်ကြာမှ ကျောင်းဖယ်ရီက ရောက်လာပါတယ်တဲ့။ ကလေးက ကားပေါ်က ဆင်းလာကတည်းက မဲ့မဲ့လေးဖြစ်နေပါတယ်တဲ့။ အိမ်ပေါ်ရောက်တော့ သူ့ပိပိလေးကိုဖုံးထားပြီး နာတယ်ပြောမှ အမေလှန်ကြည့်တော့ သွေးထွက်နေပါတယ်တဲ့။ အဲဒါနဲ့ ဖခင်ကိုဖုန်းဆက်ပြီး သက်ဆိုင်ရာကိုတိုင်တာ”

“ဆေးရုံတွေ သွားတာတွေလုပ်ကြပါတယ်။ ဖခင် ညတွင်းချင်း နေပြည်တော်ကိုပြန်လာပါတယ်။ ရဲစခန်းရဲ့အကူအညီကို အားမရဘူးလို့ ပြောပါတယ်။ မဖြစ်နိုင်ဘူးချည်းပြောနေလို့ အမှုစစ်ရှေ့မှာ ကလေးမိဘတွေက “ကလေးကို ဘယ်နားနာလဲ၊ ဘယ်သူလုပ်တာလဲလို့” မေးရပါတယ်တဲ့။ ကလေးက သူဖြစ်ခဲ့တာကို သူပြောတတ်သလိုလေး ပြန်ပြောမှ လက်ခံပါတယ်တဲ့။ ကျောင်းရဲ့ CCTV Record ကိုလည်းယူလာပေမယ့် အခင်းဖြစ်တဲ့နေ့တစ်နေ့စာမှာတောင် ၄ ခါ ပျက်နေပါတယ်တဲ့။ ဖခင်ကိုယ်တိုင် ရဲစခန်းမှာ ညလုံးပေါက်ထိုင်ကြည့်ထားတာပါ။ CCTV ရှိတယ်ဆိုတာကလည်း ကလေးတွေအခန်းမှာမရှိပါတဲ့။ အဝင်ပေါက်ကိုပဲ မြင်ရတာပါတဲ့။ ၂၄ မိနစ်ဖုန်းပြောခဲ့ပေမယ့် လက်ရှိဒါပဲပြောပြချင်ပါတယ်”

“ငွေကြေးပေးပြီး ညှိနှိုင်းနေတာမဟုတ်ပါဘူးတဲ့။ ကျောင်းကိုယုံကြည်လို့ သေချာရွေးချယ်ပြီးထားတာပါတဲ့။ အခုလည်း ကျောင်းကိုနစ်နာစေလိုတဲ့စိတ်နဲ့လုပ်တာမဟုတ်ပါဘူးတဲ့။ ဒီအသက် ၃ နှစ်မပြည့်သေးတဲ့ကလေးလေးက ကျောင်းနဲ့အိမ်၊ အိမ်နဲ့ကျောင်းကို ကျောင်းဖယ်ရီနဲ့သွားတာမှာ မနက်ဖယ်ရီအပေါ်တင်ပေးလိုက်တဲ့အချိန်ကစပြီး ညနေ မိဘလက်ပြန်ရောက်တဲ့အထိ အန္တရာယ်ကင်းကင်းနဲ့ပြန်ရောက်စေချင်တာပါတဲ့။ (အဖေဖြစ်သူဆီမှ ရှိုက်သံကြားရပါတယ်)”

“ထပ်ဖြည့် ၁။ စကားကိုထိန်းပြောရတဲ့အတွက်ရယ် ဘယ်အထိ ရေးပြလို့ရမလဲလို့ချိန်ရတဲ့အတွက်ရယ်ကြောင့် အရေးကြီးတာတစ်ခု ကျန်ခဲ့ပါတယ်။ အခင်းဖြစ်တဲ့အချိန်ကနေ အခုအထိ ဘယ်အချိန်ပဲ ကလေးကိုမေးမေး “ဘယ်မှာဖြစ်တာလဲ” ဆိုရင် 
“ကျောင်းမှာ”၊ “ဘယ်သူလုပ်တာလဲ” ဆိုရင် “ကိုကို” လို့ပဲ သေသေချာချာဖြေပါတယ်တဲ့။ ထပ်ဖြည့် ၂။ CCTV မှာ နေ့လယ် ၃ နာရီ ၁၂ မိနစ်မှာ ကလေးတွေအခန်းထဲကို လူတစ်ယောက်ဝင်သွားတာတွေ့ရပါတယ်တဲ့။ နောက် ၁၈ မိနစ်အကြာမှဆိုလား၊ (ကျွန်မ သေချာမမှတ်မိ) အဲဒီလူပြန်ထွက်လာပါတယ်တဲ့။ သူဘယ်သူလဲမသိ။ ဘာသွားလုပ်လဲမသိ။ သေချာစစ်ဆေးမေးမြန်းနိုင်ရင်ကောင်းမယ်”

“ကျွန်မပြောချင်တာကတော့ ကျောင်းမှာမဖြစ်ဘူးပဲဆိုဆို ကျောင်းနဲ့သက်ဆိုင်တဲ့နေရာနဲ့ အချိန်အတွင်းဖြစ်ခဲ့ရင် ကျောင်းက ဦးဆောင်ပြီး တရားမျှတမှုရယူပေးလိုက်စေချင်ပါတယ်။ ကျောင်းပိုင်ရှင်တွေအနေနဲ့ မတစ်ထောင်သားတွေကို ထိန်းရခက်တာကို နားလည်ပါတယ်။ ဖယ်ရီပေါ်မှာဖြစ်ရင်လည်း ကျောင်းတာဝန်ပါပဲ။ မိဘနဲ့ပူးပေါင်းပြီး တရားခံကို ရအောင်ဖမ်းပေးစေချင်ပါတယ်။ ကျောင်းပရိဝုဏ်အတွင်းဖြစ်ခဲ့ရင် လုံးဝတာဝန်ယူရပါမယ်။ ကျောင်းပရိဝုဏ်အတွင်း မဖြစ်ခဲ့ရင်တောင်မှ ကိုယ့်ကျောင်းသူကလေးလေးမှာဖြစ်ရတာကို ကျောင်းပိုင်ရှင်တွေကိုယ်တိုင်က တက်တက်ကြွကြွ ပါဝင်ပူးပေါင်းပေးရင် ပိုင်ရှင်တွေရဲ့တာဝန်ခံမှု၊ တာဝန်ယူမှုကို မိဘတွေမြင်ကြမယ်လို့ထင်ပါတယ်။ ပိုင်ရှင်တွေက လူတော်တွေလို့ ကြားပါတယ်။ လူကောင်းတွေလည်းဖြစ်မယ်လို့မျှော်လင့်ပါတယ်။ ကျွန်မကတော့ သာမန်မိခင်တစ်ယောက်သာဖြစ်ပါတယ်။ ရဲဘက်နဲ့ တရားရေးဘက်ကလည်း ဒီအမှုရဲ့တရားလိုတွေက ဝန်ထမ်းငယ်တွေဖြစ်တယ်ဆိုပြီး မပေါ့လျော့စေချင်ပါဘူး။ အမှန်အတိုင်းဖြစ်စေဖို့ လေးလေးနက်နက် လုပ်ဆောင်ပေးစေချင်ပါတယ်။ ကျွန်မတို့ မြန်မာကလေးမိခင်များ စောင့်ကြည့်ဝန်းရံပေးနေပါတယ်ရှင်”

ဤသည်မှာ လတ်တလော လူပြောသူပြောများနေသော Victoria အမှုကိစ္စအား လူထုစတင်၍သတိထားမိစေခဲ့သည့် လူမှုကွန်ရက်တွင်လူအများဝိုင်းဝန်းပြန်လည်မျှဝေပေးထားသော သတင်းဖြစ်စဉ်အကျဉ်း ပို့စ်လေးသာဖြစ်ပါသည်။ ၎င်းပို့စ်လေးအား ဇွန်လ ၂ ရက်နေ့တွင် လူမှုကွန်ရက်၌ တွေ့မြင်ခဲ့ရခြင်းဖြစ်ပါ၏။ အမှုစတင်ဖြစ်ပွားခဲ့သည့်နေ့မှာ မေလ ၁၆ ကဖြစ်ပြီး၊ မိဘဖြစ်သူများက မေလ ၁၇ ရက်နေ့တွင် ဇမ္ဗူသီရိမြို့နယ် မြို့မရဲစခန်း၌ အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။ ကလေးမလေးကိုယ်တိုင်လည်း “ကျောင်းမှာဖြစ်တာ”၊ “ကိုကိုလုပ်တာ”၊ “တီချယ်နှင်းနုရှိတယ်” ၊ “တီချယ်နှင်းနုတောင် ကိုကို့ကို ဆူလိုက်သေးတယ်” ဟု အမှုစစ်များရှေ့တွင် မိဘများက အခါခါမေးမြန်းတိုင်း ဖြေကြားပေးခဲ့သည်သာဖြစ်ပါသည်။ ဤသည်ကိုပင် ထိုအမှု၏တရားခံသည် မပေါ်နိုင်ဘဲ၊ အချိန်ကာလကြာမြင့်လာခဲ့ရခြင်းဖြစ်ပါသည်။

ဤသို့ဖြင့် ထို Victoria အမှုသည် နယ်မြေခံရဲတပ်ဖွဲ့မှတစ်ဆင့် CID (မှုခင်းရဲတပ်ဖွဲ့) သို့ လွှဲပြောင်းကိုင်တွယ်စေခဲ့၏။ CID က ဇွန်လ ၃ ရက်နေ့မှစတင်၍ လွှဲပြောင်းကိုင်တွယ်စစ်ဆေးခဲ့ခြင်းဖြစ်၏။ ဤသို့ဖြင့် CID က အမှုကိစ္စနှင့်ပတ်သက်၍ စစ်ဆေးမှုများပြုလုပ်ခဲ့သည်ဟုသိရသည်။ သို့သော် လူထုတစ်ရပ်လုံးက ထင်ကြေးပေးနေသည့် သံသယဖြစ်စရာ အကောင်းဆုံးတရားခံများ (ကြီးကြပ်ရေးမှူးဆရာမ၏သားနှစ်ဦး) နှင့် ပတ်သက်၍တော့ CID ၏ စစ်ဆေးမှုများက သံသယဖြစ်စရာကောင်းလောက်အောင် လူထုအား ကြိတ်မနိုင်၊ ခဲမရဖြစ်နေစေခဲ့ပါသည်။ ထို Victoria အမှုနှင့်ပတ်သက်ပြီး အမှန်တရားအမြန်ဆုံးပေါ်ပေါက်စေရန်အတွက် လူထု၏တောင်းဆိုသံများသည် ပိုမို၍ကျယ်လောင်လာခဲ့ပေသည်။ အစိုးရအကြီးအကဲထံအထိပင် လူထု၏အသံကပေါက်ရောက်သွားခဲ့ပေသည်။ ထို့ကြောင့်လည်း အစိုးရအကြီးအကဲများက “ပြည်ထဲရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အား ထိုအမှုကို မပေါ်ယပေါ်အောင် ဖော်ရန်အတွက် ဖိအားပေးထားပြီးဖြစ်ကြောင်း၊ အမှုမှန်ပေါ်ပေါက်ရန်အတွက် အချိန်တစ်ခုပေး၍စောင့်ဆိုင်းနေခြင်းဖြစ်ကြောင်း”ဟူ၍ လူထုအားပြန်လည်၍ အသိပေးရှင်းလင်းတင်ပြပေးခဲ့ခြင်းလည်းဖြစ်ပါသည်။

ဤသို့ဖြင့် ထို Victoria အမှုကိစ္စနှင့်ပတ်သက်၍ မကြာသေးသောရက်ပိုင်းက CID တာဝန်ရှိသူများ အဖြေအချို့အားထုတ်ဖော်၍ ပြောကြားလာခဲ့ပေသည်။ လူထုတစ်ရပ်လုံးအား ကြိတ်မနိုင်ခဲမရဖြစ်စေခဲ့သည့် ထုတ်ဖော်ပြောကြားမှုအချို့သာဖြစ်ပါသည်။ နေပြည်တော်မှုခင်း ရဲတပ်ဖွဲ့ (CID) မှအမည်မဖော်လိုသူ အဆင့်မြင့်ရဲအရာရှိတစ်ဦး၏ မီဒီယာများ၏မေးမြန်းမှုအား ပြန်လည်ဖြေကြားခဲ့သည့်အဆိုမှာ“DNA အဖြေက မတူဘူးလေ။ အဖြေမတူတော့ ငါတို့က တရားခံကိုဖမ်းလို့မရဘူးလေ။ နှစ်ယောက်စလုံးကိုစစ်တာ” ဟူ၏။ ထိုအမှုသည် ခက်ခဲနက်နဲကြောင်းကိုလည်း ထိုအရာရှိက ဆိုခဲ့ပါသေးသည်။ လူထုတစ်ရပ်လုံး၏တောက်ခေါက်သံများ လူမှုကွန်ရက်တစ်ခွင်၌ ဆူညံသွားခဲ့ပါတော့၏။ ဆိုရလျှင် ထိုအမှုသည် ရှင်းရှင်းလေးနှင့် ရှုပ်နေသယောင်ရှိနေပါသည်။ သို့သော် ရဲလုပ်ထုံးလုပ်နည်းများအား နားမလည်သည့်ပြည်သူတစ်ယောက်အနေနှင့် မည်သည့်အတွက်ကြောင့်လဲဟူသည်ကိုတော့ ဤနေရာမှနေ၍ ထင်မြင်ချက် မပေးလိုပါပေ။ သို့သော် ထိုအမှုနှင့်ပတ်သက်၍ ဒုရဲမှူးဟောင်းမိုးရန်နိုင်၏ ထင်မြင်ယူဆသုံးသပ်ချက်များကိုတော့ အများသိအောင် ပြန်လည်မျှဝေပေးလိုပါပေသည်။

ထို Victoria အမှုကိစ္စနှင့်ပတ်သက်၍ ရဲလုပ်ထုံးလုပ်နည်းများအားသိသော၊ ရဲတပ်ဖွဲ့၏အကြောင်းအား ခရေစေ့တွင်းကျသိပြီးဖြစ်သော ဒုရဲမှူးဟောင်းမိုးရန်နိုင်ထံသို့ သတင်းတမန်သတင်းအဖွဲ့မှ (Kay Khine Kyaw) က ဆက်သွယ်မေးမြန်းထားခဲ့ခြင်းဖြစ်ပါသည်။ စင်စစ် ထိုမေးမြန်းမှုသည် CID မှ အဖြေတစ်ခုမှမပေးသေးသည့် ကာလအပိုင်းအခြားကလည်း ဖြစ်ပါသည်။ Victoria အမှုကိစ္စနှင့်ပတ်သက်ပြီး ဒုရဲမှူးဟောင်းမိုးရန်နိုင်၏ထင်မြင်ယူဆချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ “ Wisdom Hill မှာဖြစ်ပွားခဲ့တဲ့ ကလေးမလေးနဲ့ပတ်သက်ပြီးပြောရရင် ဧရာဝတီ (ဧရာဝတီသတင်းဌာန) က ကလေးအဖေဖြေဆိုထားတဲ့ အချက်အလက်တွေအရ သုံးသပ်ပြပါ့မယ်။ ကလေးအဖေရဲ့ ပြောဆိုချက်တွေမှာ ကလေးမလေးကိုကျောင်းပို့တဲ့အခါ ဖယ်ရီကားနဲ့ပို့တယ်။ ကားပေါ်မှာ ကြီးကြပ်တဲ့ဆရာမပါတယ်။

“အဲဒီတော့ ဖယ်ရီကားမှာပါတဲ့ဒရိုင်ဘာက အမှုအသွားအလာအရ လမ်းမှာဖြစ်ပွားမသွားဘူးလို့ သုံးသပ်ရမှာဖြစ်တယ်။ ဖယ်ရီကားရောက်တဲ့ အချိန်ကလည်း သတ်မှတ်ချိန်ထက် တစ်နာရီကျော်နောက်ကျတယ်။ ဒါဟာလည်း ဟုတ်မှဟုတ်ရဲ့လားဆိုတာ ရဲတပ်ဖွဲ့အနေနဲ့ ထည့်သွင်းစဉ်းစားဖို့လိုတယ်။ နောက်ပြီး ည ၇ နာရီလောက်မှာ သူ့သမီးဖြစ်ပွားတာကိုသိရှိရတဲ့အချိန်မှာ ဖယ်ရီကားပေါ်က ဆရာမကိုလှမ်းဆက်တယ်။ ကားပေါ်မှာ ဘာမှမဖြစ်ဘူးလို့ပြောတယ်။ ကျောင်းကိုဆက်တော့လည်း မရဘူး။ အဲဒီလိုနဲ့ မိဘဖြစ်သူက နေပြည်တော်ဆေးရုံကိုသွားပြတယ်။ ရဲမှုခင်းဖြစ်တယ်ဆိုကတည်းက Rape Case လို့ဆုံးဖြတ်သွားတဲ့ သဘောပါ။ အဲဒီတော့ ဆရာဝန်ရဲ့ထွက်ဆိုချက်က သက်သေခံမှန်ပါတယ်။ Rape Case သဘောမြောက်ပါတယ်။ အဲဒီ့ကနေမှ ရဲစခန်းကိုသွားတော့ ရဲတပ်ဖွဲ့ကဘာလုပ်လဲဆိုတော့ အမှုလာဖွင့်တဲ့အခါမှာ တရားခံမသိဘဲ ဖွင့်ရင် အမှုအားနည်းတယ်လို့ပြောပြီးတော့ ဖွင့်မပေးလိုက်ဘူး”

“အဲဒီလိုပြောပြီးတော့ ဖွင့်မပေးလိုက်ဘူး။ မိဘတွေကို ရဲကားနဲ့တောင် ပြန်လိုက်ပို့လိုက်တယ်။ ဒါဟာ အမှုကို ချက်ချင်းလက်ငင်းဖွင့်ဆောင်ရွက်ရမှာကို ရဲတပ်ဖွဲ့ကဆောင်ရွက်မှုမရှိဘူး။ ကူညီမှုမရှိဘူးလို့ သုံးသပ်ရမှာပါ။ ရဲတပ်ဖွဲ့ရဲ့ဆောင်ရွက်ချက်က ဥပဒေနဲ့မညီဘူးလို့တော့ သုံးသပ်ရမှာပါ။ နောက်တစ်ခုက ဒီကလေးမလေးရဲ့ကျောင်းမှာ CCTV တပ်ထားတယ်လို့ပြောတယ်။ CCTV နဲ့ပတ်သက်ပြီး သူ့ဖခင်ထွက်ဆိုထားတာဆိုရင် CCTV မှာ အပိုင်းလေးပိုင်းတောင် ပျက်နေတယ်ပြောတယ်။ ဒါလည်း စဉ်းစားစရာဖြစ်တယ်။ CCTV ကို သူ့အဖေစောင့်ကြည့်တဲ့အခါမှာ လူတစ်ယောက်ဝင်လာတယ်လို့ပြောတယ်။ ဝင်လာတဲ့လူဟာ တရားခံအဖြစ်ဆိုလိုတာတော့မဟုတ်ပါဘူး။ ဝင်လာတဲ့လူက ဘယ်သူဖြစ်မလဲ။ ဒရိုင်ဘာလား။ ဘယ်သူပဲဖြစ်ဖြစ် အဲဒီ့လူက တရားခံဖြစ်သွားနိုင်သလို၊ ဒါမှမဟုတ်ရင် တစ်စုံတစ်ယောက်ရဲ့ပယောဂကြောင့် ထောင်ချောက်ထဲဝင်လာတဲ့လူတစ်ယောက်လည်း ဖြစ်နိုင်တယ်”

“ဒါဟာ ကျွန်တော့်အတွေ့အကြုံအရ ပြောပြတာပါ။ နောက်တစ်ခုက CCTV နဲ့ပတ်သက်ပြီး ကျွန်တော့်အတွေ့အကြုံကိုပြန်ပြီးတော့ပြောပြရရင် ကျွန်တော်တို့ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဝလုံးတို့ ကျော်စိုးဦးတို့အမှုမှာ ကျွန်တော်တရားရုံးမှာ မေ့ပြီးမထွက်ဆိုလိုက်ရဘူး။ ကျော်စိုးဦးတို့ကို ဖမ်းဆီးလိုက်တဲ့ စားသောက်ဆိုင်မှာ CCTV တပ်ထားတယ်။ ဒါပေမဲ့ ကျော်စိုးဦးတို့ကိုဖမ်းပြီးတဲ့ နောက်ရက်မှာ စားသောက်ဆိုင်က CCTV ကို ရဲမှူးချုပ် တင်ကိုကိုက သွားသိမ်းခိုင်းတယ်။ အဲဒီအချက်ကို ကျွန်တော် တရားရုံးမှာ မထွက်ဆိုလိုက်နိုင်ဘူး။ မေ့သွားတယ်။ အဲဒီ့အချက် အခုမှ သွားသတိရလို့။ အဲဒီတော့ CCTV နဲ့ပတ်သက်လို့ရှိရင် တာဝန်ရှိသူတွေရဲ့ စစ်ဆေးမှုဟာ ကျွမ်းကျင်သူတွေစစ်ဆေးတာဆိုတော့ အဲဒီ့အချက် သံသယဖြစ်စရာကောင်းတဲ့အချက်အဖြစ် ကျွန်တော်တွေးမိတာပေါ့။ နောက်တစ်ခု ကလေးလေးကိုခေါ်စစ်တဲ့အချိန်မှာ ဆရာမနှင်းနုကိုလည်း ခေါ်စစ်တယ်”

“အဲဒီမှာ ကိုကိုကလုပ်တာလို့ပြောတယ်။ ဆရာမက ဟန့်တားတယ်။ ဆရာမက ကလေးပြောဆိုတာကို ဟန့်တားခွင့်မရှိဘူး။ ရဲက ဆရာမကို တားရမှာပါ။ ဒါမျိုးဆိုလည်း ရဲတပ်ဖွဲ့ရဲ့ကျင့်ဝတ်နဲ့ မညီဘူးပေါ့ဗျာ။ ရဲတပ်ဖွဲ့ဆိုတာကလည်း သစ္စာ၊ သမာဓိ၊ သတ္တိနဲ့ ပြည့်စုံနေရမှာ။ သတ္တိရှိချင်မှရှိပါ။ ဒါပေမဲ့ သစ္စာတော့ရှိရမယ်။ ဒါမျိုးအချက်အလက်တွေပေါ့။ ဒါ ဘက်လိုက်မှုရှိတယ်လို့ ကျွန်တော်တော့သုံးသပ်ရတယ်။ ကလေးက မေးတိုင်း ဒီစကားပဲပြောတယ်။ “ကိုကိုလုပ်တာ”၊ “ဆရာမနှင်းနုသိတယ်”။ အဲဒီတော့ ကလေးမလေးပြောတဲ့စကားက တော်တော်ရင်းနှီးတဲ့သဘော။ ရင်းနှီးတဲ့တစ်ယောက်လို့သုံးသပ်ရတယ်။ နောက်တစ်ခုက ကျောင်းထဲကို ဝင်ထွက်တာ ဆရာမတွေပဲရှိတယ်လို့ပြောတယ်။ ဆရာမဆိုတာ ၈ ယောက်ပဲရှိတယ်။ ကျန်တဲ့လူ ဝင်လူထွက်နဲ့ပတ်သက်လို့ရှိရင် ဒီမိသားစုတွေရဲ့ မိသားစုဝင်တွေလည်းဖြစ်နိုင်တယ်။ ဒါတွေကို ရဲက အကုန်စစ်ပြီးပြီလား။ အဲဒီ့တော့ ကလေးမလေးက ကိုကိုဆိုတဲ့လူကို ကောင်းကောင်းသိနေတယ်ဆိုရင် ရဲတပ်ဖွဲ့ရဲ့စစ်ဆေးရတဲ့အပိုင်းမှာ ရဲတပ်ဖွဲ့က လူတန်းစီပြီး တရားခံရှာဖွေတဲ့နည်းကို ပြည့်စုံစွာမလုပ်ဘူးလို့မြင်တယ်။ ရဲတပ်ဖွဲ့က အများကြီးအားနည်းတယ်။ အားမရဘူး”

“အဲဒီ့အချက်တွေက ကျွန်တော်တို့က ရဲလုပ်နည်းလုပ်ဟန်ဆိုတော့ သိနေတယ်။ ပြည်သူလူထုက သိချင်မှသိလိမ့်မယ်။ ရဲတပ်ဖွဲ့က ဖော်ထုတ်ရမယ့်နေရာမှာ ဖုံးဖိနေသလားဆိုပြီး သံသယဖြစ်မိတယ်။ ဒါကတော့ ကျွန်တော့်ရဲ့အမြင်ကိုပြောပြတာပါ။ CID ကို လွှဲပြောင်းတာနဲ့ပတ်သက်ပြီး ကျွန်တော်တို့တုန်းကဆိုရင် လူသတ်မှုတို့၊ မုဒိမ်းမှုတို့မှ နယ်ရဲက စုံစမ်းဖော်ထုတ်လို့မရဘူး။ တရားခံမပေါ်ဘူးဆိုရင် CID ကို လွှဲပေးရတယ်။ ခုခေတ်ကျတော့ ပြည်သူလူထုစိတ်ဝင်စားတဲ့သတင်းမျိုးဆိုရင် CID ကို လွှဲပေးပါဆိုပြီး ရဲတပ်ဖွဲ့အကြီးအကဲကိုယ်တိုင်က လွှဲပေးခိုင်းထားလို့ CID ကိုလွှဲပေးရတာရှိတယ်။ စစ်ခိုင်းတာတွေရှိပါတယ်။ CID နဲ့ ဘာကွာသလဲဆိုရင် CID က Group ဖွဲ့ပြီး Police Case ဆိုရင် Police Case ပဲကိုင်တာ။ ကျွန်တော်တို့တုန်းက CID ကို မလွှဲဘူး။ CID ကိုလွှဲရင် ကိုယ်အသုံးမကျဘူးလို့တွေးတယ်။ တရားခံဖမ်းတာကတော့ နယ်ရဲလည်းလုပ်နိုင်ပါတယ်။ အဲဒီ့ကျောင်းရဲ့ ကြီးကြပ်ရေးမှူးဆရာမရဲ့အမျိုးသားက ရဲအုပ်ပါ။ ကျွန်တော် နေပြည်တော်မှာ တာဝန်ထမ်းဆောင်စဉ်တုန်းက နေပြည်တော်ရဲတပ်ဖွဲ့မှူးရုံးမှာ တစ်ခန်းတည်းအတူတူ တာဝန်ထမ်းဆောင်ရပါတယ်” 

“သူလည်း သူ့အလုပ်နဲ့သူ။ ကျွန်တော်လည်း ကျွန်တော့်အလုပ်နဲ့ကျွန်တော်ပါ။ ဌာနစိတ်ကတော့မတူပါဘူး။ နောက် သူက အရက်တော့ အလွန်ကြိုက်တယ်။ အရက်ကို အစာအိမ်သွေးကြောပေါက်တဲ့အထိ သောက်တယ်။ အခုတော့ မသိဘူးပေါ့နော်။ ကျွန်တော်နဲ့ ဆုံတုန်းက ၂၀၁၅။ နောက်ပိုင်း သူ့ရဲ့အစ်ကိုက လက်ရှိတပ်မတော်ထဲမှာ ဒုဗိုလ်မှူးအဆင့်ရှိတယ်လို့သိရတယ်။ သူရုံးလာတဲ့အခါမှာလည်း ကလေးတွေကို ခေါ်လာတတ်တယ်။ သူ့မိန်းမကိုတော့ တစ်ခါနှစ်ခါမြင်ဖူးပေမယ့် ရင်းနှီးမှုတော့ မရှိပါဘူး။ လူတွေထင်တာတစ်ခုက မုဒိမ်းမှုဖြစ်လာရင် သုက်ပိုးတွေ့ရှိမှ မုဒိမ်းမှုဖြစ်သလိုလို ပြည်သူတွေကထင်ကြတယ်။ တကယ်က သုက်ပိုးတွေ့ရှိမှု၊ မရှိမှုနဲ့လည်းမဆိုင်ဘူး။ မုဒိမ်းမှုဆိုတဲ့ သဘောတရားမှာ သုက်ပိုးတွေ့မှ မုဒိမ်းမှုမြောက်တယ်လို့ ပြဋ္ဌာန်းမထားပါဘူး။ မုဒိမ်းမှုပုဒ်မ ၃၇၅ အရ လိင်အင်္ဂါထဲကိုသွင်းဝင်ရင်ပဲ မုဒိမ်းမှုမြောက်တယ်လို့ သတ်မှတ်ထားပါတယ်။ သုက်လွှတ်ခြင်း/မလွှတ်ခြင်း၊ တွေ့ခြင်း/မတွေ့ခြင်းနဲ့ မဆိုင်ပါဘူး။ ကျွန်တော်တို့တုန်းကဆိုရင် အခြား အားကောင်းတဲ့ မျက်မြင်သက်သေတွေကိုရှာရတာပေါ့။ ဒါမျိုးတွေကို ပိုပြီးသတိထားရတယ်။ ခုနကပြောတဲ့ DNA တို့ ဘာတို့စစ်တယ်ဆိုတာက သက်သေခံပစ္စည်းကို ကျူးလွန်သူက ဖျက်ဆီးပစ်ခဲ့လို့ရှိရင်၊ ဒါမှမဟုတ် တစ်စုံတစ်ယောက် ပယောဂကြောင့် သက်သေခံပစ္စည်းပျက်စီးသွားလို့ရှိရင် DNA ကို အားကိုးရတဲ့သဘောပါ။” ဤသည်မှာ Victoria အမှုကိစ္စအပေါ် ဝေဖန်သုံးသပ်ပေးထားသည့် ဒုရဲမှူးဟောင်းမိုးရန်နိုင်၏ ထင်မြင်ယူဆချက်သာဖြစ်ပါသည်။

အထက်တွင် တင်ပြထားခဲ့သည်များမှာ လတ်တလောဖြစ်ပေါ်နေသော လူထု၏ စိတ်ဝင်စားမှုအမြင့်ဆုံးအခြေအနေသို့ရောက်ရှိသည့် နေပြည်တော်၊ သပြေကုန်းရှိ Wisdom Hill မူကြိုကျောင်းတွင် ဖြစ်ပွားခဲ့သော ကြားရသူတိုင်းအား စိတ်တိုဒေါသထွက်စေသည့် Victoria အမှုကိစ္စနှင့်ပတ်သက်၍ ဆက်စပ်နေမှုများအား စုစည်းတင်ပြလိုက်ရခြင်း ဖြစ်ပါသည်။ ထိုအမှု၏ အမှန်တရားပေါ်ပေါက်ရေး၊ တရားခံအစစ်ဖော်ထုတ်ပေးနိုင်ရေးကတော့ ၎င်းအမှုကို လက်ရှိကိုင်တွယ်စစ်ဆေးနေသည့် သက်ဆိုင်ရာအမှုစစ်အဖွဲ့များ၏ အထူးတာဝန်သာဖြစ်ပါသည်။ ထိုအမှုတွင် အမှန်တရားပေါ်ပေါက်ရန်အတွက် ထိမ်ချန်နေသူများရှိသလို၊ မဖော်လို၍ မပေါ်သည့်အမှုတစ်ခုသာဖြစ်နေသည်ဟူ၍လည်း လူထုတစ်ရပ်လုံးက ကြီးမားသည့်သံသယများပွား၍လည်း နေပါပေ၏။ ထို့အတူ လူထုတစ်ရပ်လုံး၏ ထပ်တူကျသော ရိုးရှင်းလွန်းသည့် ဆန္ဒသဘောထားကတော့ ထိုအမှုနှင့်ပတ်သက်ပြီး အမှန်တရားပေါ်ပေါက်ပြီး၊ တရားခံအစစ်အား ဖော်ထုတ်ဖမ်းဆီးအရေးယူပေးနိုင်ရေးသာဖြစ်ပါကြောင်း။ ဆက်စပ်သတင်းများအရ ဇူလိုင်လ ၄ ရက်နေ့တွင်တော့ ထိုအမှုနှင့်ပတ်သက်၍ ယာဉ်မောင်းဖြစ်သူအား အမှုစစ်များက တရားစွဲဆိုတင်သွင်းလိုက်သည်ဟု ထူးဆန်းစွာသိရှိရပါပေသည်။ (လက်ဖြင့် အဓမ္မမှုကျူးလွန်ခဲ့သည်ဟူ၍လည်းကောင်း၊ နှင်းနုက သက်ရှိသက်သေဆိုတော့ သူပြောချင်မှ ပြောမှာပေါ့။ မပြောချင်လည်း မပြောဘူးဟူ၍လည်းကောင်း တာဝန်ရှိသူများက ဆိုကြပြန်သည်။ လူထုထင်ကြေးပေးနေသည့် သံသယတရားခံနှစ်ဦး ကျောင်းသို့ ဝင်ထွက်မှု ရှိခြင်း/မရှိခြင်းနှင့်ပတ်သက်၍လည်း ဆရာမနှစ်ဦး၏အဆိုက တစ်ယောက်တစ်ပေါက်ဖြစ်နေပြန်၏။ တရားစွဲဆိုခံထားရသူ တရားခံ၏မိသားစုများကလည်း အမှန်တရားကို ဖော်ထုတ်ပေးရန်အတွက် မီဒီယာများအား ရင်ဖွင့်ပြောကြားခဲ့ပေ၏)။ ထို့အခြင်းအရာများကြောင့်ပင် လူထု၏အသံများ ပိုမို၍ ကျယ်လောင်လာခဲ့ရပေပြီ။ ရန်ကုန်၊ ပြည်၊ တောင်ကြီးတို့၌ ထို Victoria အမှုနှင့် ပတ်သက်၍ တရားမျှတမှုရရှိရေး၊ အမှန်တရားပေါ်ပေါက်ရေးအတွက် လူထုဆန္ဒထုတ်ဖော်မှုများကိုလည်း မြင်တွေ့ခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ရှင်းရှင်းလေးဖြင့် ရှုပ်နေသယောင်ရှိသော၊ မရိုးသားမှုများသာကြီးစိုး၍နေသည့် ထိုအမှုနှင့်ပတ်သက်၍ အစိုးရတာဝန်ရှိသူအကြီးအကဲများအနေနှင့်လည်း ယခုထက်ပိုမိုသော အရေးယူဆောင်ရွက်ချက်များအား မနှေးအမြန် အလေးအနက်ထား၍ ပြုမူဆောင်ရွက်သင့်ပြီဖြစ်ပါကြောင်း . . . ။ ။

ခက်ဆစ်လင်း (ပြည်)