News

POST TYPE

PERSPECTIVE

ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဒေသဖြစ်လာတဲ့ ပုဂံ
08-Jul-2019



ဇူလိုင်လ ၆ ရက်နေ့က အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကူမြို့မှာ ကျင်းပတဲ့ ယူနက်စကို ကမ္ဘာ့ရှေးဟောင်း အမွေ အနှစ်ကော်မတီ (၄၃) ကြိမ်မြောက် အစည်းအဝေးက မြန်မာနိုင်ငံ ပုဂံဒေသကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် စာရင်းဝင် ဒေသတစ်ခုအဖြစ် တရားဝင်ကြေညာ သတ်မှတ်လိုက်ပါတယ်။ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် ဒေသကော်မတီရဲ့ သဘာပတိ၊ အဇာဘိုင်ဂျန် ယဉ်ကျေးမှုဝန်ကြီး အဘူဖက်ဇ် ဂါရာယက်ဗ်က ယူဂန္ဓာ၊ တရုတ်၊ စပိန် အစရှိတဲ့နိုင်ငံများက ကိုယ်စားလှယ်များရဲ့ ထောက်ခံဆွေးနွေးမှုအပြီးမှာ စားပွဲကို သစ်သားတူနဲ့ထုလို့ တရားဝင် အတည်ပြုအပြီးမှာတော့ တက်ရောက်လာတဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာအလံကို ကိုင်ဆောင်လို့ ခန်းမအတွင်း မတ်တတ်ရပ် လက်ခုပ်တီးအောင်ပွဲခံတာကို ဝမ်းသာအားရ မြင်တွေ့ခဲ့ရပါတယ်။

ဒါဟာ နှစ်ပေါင်းများစွာ စောင့်ဆိုင်းလာခဲ့ရတဲ့ အဖြေတစ်ခု ရရှိလိုက်တာဖြစ်သလို မြန်မာနိုင်ငံအတွက် ဂုဏ်ယူစရာကောင်းတဲ့ အခိုက်အတံ့တစ်ခုပါ။ အေဒီ ၁၁ ရာစုကနေ ၁၃ ရာစုအထိ ယဉ်ကျေးမှုအမွေအနှစ်များနဲ့ ကြီးကျယ်ခမ်းနားခဲ့တဲ့ မြန်မာတို့ရဲ့ ရှေးဟောင်းမြို့တော် ပုဂံကို ယူနက်စကို အသိအမှတ်ပြု ရှေးဟောင်းအမွေအနှစ်ဒေသအဖြစ် စာရင်းသွင်းနိုင်ဖို့ ၁၉၉၅ ခုနှစ်ကတည်းက ကြိုးပမ်းခဲ့ကြပေမယ့် စစ်အစိုးရလက်ထက် ယဉ်ကျေးမှုထိန်းသိမ်းရေးလုပ်ငန်းတွေရဲ့ အားနည်းချက်ကြောင့် အောင်မြင်မှု မရဘဲ ၂၅ နှစ်ကျော်ကြာမှ ခုလို စာရင်းသွင်းခံခဲ့ရတာပါ။ 

ပုဂံဟာ မြန်မာနိုင်ငံအဖို့ ယူနက်စကိုက ဒုတိယမြောက် အသိအမှတ်ပြု ရှေးဟောင်းအမွေအနှစ်ဒေသ ဖြစ်လာခဲ့တာပါ။ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်တုန်းကတော့ ဟန်လင်း၊ သရေခေတ္တရာနဲ့ ဗိဿနိုးမြို့ဟောင်းတွေကို ယူနက်စကိုက ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်ဒေသအဖြစ် သတ်မှတ်ခဲ့လို့ ခုဆိုရင် မြန်မာနိုင်ငံမှာ ယူနက်စကို အသိအမှတ်ပြု ရှေးဟောင်းအမွေအနှစ်ဒေသနှစ်ခု ရှိလာခဲ့ပါပြီ။ တကယ်တော့ မြန်မာနိုင်ငံလို ပထဝီအနေအထားစုံလင် ကျယ်ပြန့်ပြီး သမိုင်းကြောင်းယဉ်ကျေးမှုအစဉ်အလာကြီးမားတဲ့ နိုင်ငံတစ်နိုင်ငံမှာ ယူနက်စကို အသိအမှတ်ပြု ရှေးဟောင်းအမွေအနှစ် အထင်ကရနေရာ နှစ်ခုထက်မက ရှိသင့်ပါတယ်။ 

ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့အစည်းကြီးဖြစ်တဲ့ ယူနက်စကိုအနေနဲ့ ထိန်းသိမ်းရှောက်သင့်တဲ့ ကမ္ဘာ့အမွေအနှစ်ဒေသတွေကို နှစ်စဉ်ရွေးချယ်သတ်မှတ်ပြီး ထိန်းသိမ်းမှုတွေ ပြုလုပ်ပေးနေပါတယ်။ ယူနက်စကိုက ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်ဒေသ  (World Heritage Sites) အဖြစ် သတ်မှတ်ပေးရာမှာ “ယဉ်ကျေးမှု အမွေအနှစ်ဒေသ”၊ “သဘာဝ အမွေအနှစ်ဒေသ”၊ “သဘာဝနဲ့ ယဉ်ကျေးမှုအရောအစပ်ဒေသ” ဆိုပြီး သုံးမျိုးခွဲခြားထားပါတယ်။ ခု မြန်မာနိုင်ငံက သတ်မှတ်ခံထားရတဲ့ ဒေသနှစ်ခုစလုံးဟာ “ယဉ်ကျေးမှု အမွေအနှစ်ဒေသ”တွေ ဖြစ်ပါတယ်။ ဒီနေ့အထိ ကမ္ဘာ့နိုင်ငံပေါင်း ၁၆၇ နိုင်ငံမှာ အမွေအနှစ်ဒေသအဖြစ် သတ်မှတ်ထားတဲ့ နေရာ ၁၀၉၂ နေရာ ရှိပါတယ်။ အဲဒီအနက် ၈၄၅ နေရာက “ယဉ်ကျေးမှု အမွေအနှစ်” ဖြစ်ပြီး ၂၀၉ နေရာက “သဘာဝအမွေအနှစ်” ဖြစ်ကာ ၃၈ နေရာကတော့ “အရော” ဖြစ်ပါတယ်။ ပုဂံက ခုကျမှ ယဉ်ကျေးမှုအမွေအနှစ် ဒေသဖြစ်လာလို့ မြန်မာမှာ ၂ နေရာသာ ရှိသေးပေမယ့် ကမ္ဘောဒီးယားမှာ သုံးနေရာ၊ အင်ဒိုနီးရှားမှာ ရှစ်နေရာ၊ ထိုင်းမှာ ငါးနေရာ၊ သီရိလင်္ကာမှာ ရှစ်နေရာ သတ်မှတ်ခံထားရပြီးဖြစ်တယ်။ 

ဘာကူမြို့မှာ ဇွန်လ ၃၀ ရက်ကနေ ဇူလိုင်လ ၁၀ ရက်နေ့အထိ ကျင်းပနေတဲ့ ၄၃ ကြိမ်မြောက် ယူနက်စကို ရှေးဟောင်းကမ္ဘာ့အမွေအနှစ် ဒေသကော်မတီအစည်းအဝေးမှာ ကမ္ဘာ့အမွေအနှစ်ဒေသအဖြစ် စာရင်းသွင်းခံရဖို့ အဆိုပြုထားတဲ့ဒေသ ၃၆ ခု ရှိပါတယ်။ ဇူလိုင် ၅ ရက်နေ့မှာ ဒေသ ၅ ခုကို ရွေးချယ်အတည်ပြုခဲ့ပြီး ဇူလိုင် ၆ ရက်နေ့မှာ ၇ ခု အတည် ပြုခဲ့ရာမှာ မြန်မာနိုင်ငံ ပုဂံဒေသပါဝင်လာခဲ့တာဖြစ်တယ်။ ဇူလိုင် ၇ ရက် နေ့က အတည်ပြုလိုက်တဲ့ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဒေသ စာရင်းမှာ ပုဂံဒေသနဲ့အတူ “ဘေဘီလုံ ရှေးဟောင်းမြို့တော်”လည်း ပါဝင်လာတာကို တွေ့ရတယ်။ အလားတူ အိမ်နီးချင်း လာအိုနိုင်ငံက ရေဖလားလွင်ပြင် (Plain of Jars) လည်း ယဉ်ကျေးမှုအမွေအနှစ်စာရင်းထဲ ပါဝင်လာတာတွေ့ရတယ်။ 

ကမ္ဘာ့အံ့ဖွယ် ၇ သွယ်ထဲက မိုးပျံဥယျာဉ် (Hanging Gardens) တည်ရှိတဲ့ မက်ဆိုပိုတေးမီးယား ဘေဘီလုံ ရှေးဟောင်းမြို့တော်ဟာဆိုရင် ၁၉၈၂ ခုနှစ်ကတည်းက ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်ဒေသအဖြစ် လျှောက်ထားခဲ့ပေမယ့် ခုကျမှ စာရင်းသွင်းခံခဲ့ရတာပါ။ လက်ရှိ အီရတ်နိုင်ငံထဲမှာ တည်ရှိနေတဲ့ ဘေဘီလုံ ရှေးဟောင်းမြို့ဟာ ဆက်ဒမ်ဟူစိန်လက်ထက်က မြို့ဟောင်းနေရာမှာ နန်းတော်သစ်ဆောက်လုပ်ခဲ့တာ။ အမေရိကန်တပ်တွေ အီရတ်ကို သိမ်းယူပြီးတဲ့နောက် ဘေဘီလုံရှေးဟောင်းမြို့မှာ စစ်စခန်းပြုလုပ်ခဲ့တာတွေကြောင့် ယူနက်စကိုရဲ့ အသိအမှတ်ပြုခြင်း မခံခဲ့ရဘဲ ဒီနှစ်ကျမှ နိုင်ငံတကာက ထိန်းသိမ်းစောက်ရှောက်မှုတွေ ပြုလုပ်နေလို့ စာရင်းဝင်လာခဲ့တာပါ။ ဘေဘီလုံဟာ လူသားတွေရဲ့ အစောဆုံးယဉ်ကျေးမှု စတင်ခဲ့ရာ နေရာတစ်ခုဖြစ်တယ်။ 

ခရစ်တော်မပေါ်မီ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀၀ ကျော်က လူသားတွေရဲ့ အစောဆုံးယဉ်ကျေးမှု စတင်ထွန်းကားရာနေရာဖြစ်တယ်။ ပုဂံလို အချိန် အကြာကြီးစောင့်ပြီးမှ ယူနက်စကိုရဲ့ အသိအမှတ်ပြုခံလိုက်ရတာပါ။

ယူနက်စကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်ကော်မတီဟာ အမွေအနှစ် ဒေသသစ်တွေကို နှစ်စဉ် ရွေးချယ်ရုံမကဘဲ “အန္တရာယ်ရှိ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်ဒေသ” တွေကိုလည်း စာရင်းသွင်းမှတ်တမ်းတင်ပါတယ်။ ဒီနှစ်မှာ အန္တရာယ်ရှိ ယဉ်ကျေးမှုအမွေအနှစ်ဒေသအဖြစ် သတ်မှတ်ထားခဲ့တဲ့ ခရစ်တော်ဖွားမြင်ရာ ပါလက်စတိုင်းက “ဘီသယ်လ်ဟမ်” ကိုလည်း အန္တရာယ်ရှိဒေသစာရင်းက ပယ်ဖျက်လိုက်တာ တွေ့ရတယ်။ 

မြန်မာနိုင်ငံအနေနဲ့ ၁၉၉၆ ကနေ ၂၀၁၈ အထိ ကမ္ဘာ့အမွေအနှစ်ဒေသအဖြစ် သတ်မှတ်ပေးဖို့ ယူနက်စကိုကို လျှောက်ထားတဲ့နေရာ ၁၅ နေရာ ရှိတယ်လို့သိရတယ်။ ဒီအထဲမှာ ခါကာဘိုရာဇီလို၊ နတ်မတောင်လို၊ မြိတ်ကျွန်းစုလို၊ ပြဒါးလင်းဂူလို သဘာဝအမွေအနှစ်ဒေသတွေသာမက မြောက်ဦး ရှေးဟောင်းမြို့တော်၊ အင်းဝ၊ အမရပူရ၊ စစ်ကိုင်းအပါအဝင် ရှေးဟောင်းမြို့တွေ၊ ကုန်းဘောင်ခေတ် သစ်သားအနုပညာလက်ရာတွေနဲ့တည်ဆောက်ထားတဲ့ ဘုန်းကြီးကျောင်းတွေလည်း ပါဝင်တာတွေ့ရတယ်။

ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဒေသတစ်ခုအဖြစ် စာရင်းသွင်းခံရဖို့ ယူနက်စကိုက သတ်မှတ်ထားတဲ့အချက်အလက်တွေ ပြည့်စုံဖို့လိုပါတယ်။ သတ်မှတ်ထားတဲ့အချက်တွေထဲ ပုဂံက အကျုံးဝင်လာရခြင်းဟာ ရှေးဟောင်း အမွေအနှစ် ဥပဒေသစ် ပြဋ္ဌာန်းလိုက်တာရယ်၊ ပုဂံယဉ်ကျေးမှုနယ်မြေ ထိန်းသိမ်းစောင့်ရှောက်ရေးကို ဆက်လက်ဆောင်ရွက်မယ်ဆိုတဲ့အချက် တွေပါတယ်။ ပုဂံဒေသကို ဗုဒ္ဓယဉ်ကျေးမှုနဲ့ ဗိသုကာ၊ အနုပညာလက်ရာတွေ၊ ရိုးရာယဉ်ကျေးမှုတွေ အစပြုထွန်းကားရာ ယဉ်ကျေးမှု အမွေအနှစ်ဒေသအဖြစ် ယူနက်စကို ကမ္ဘာ့အမွေအနှစ်ကော်မတီက သတ်မှတ်ခဲ့တာ ဖြစ်တယ်။

ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်ဒေသတစ်ခုအဖြစ် ယူနက်စကိုရဲ့ တရားဝင် အသိအမှတ်ပြုမှုနဲ့အတူ ပုဂံဟာ ကမ္ဘာ့အလယ်မှာ မြန်မာ့ဂုဏ်ကို ဆောင်ခွင့်ရရှိခဲ့ပါပြီ။ ဒီလို ရရှိလာအောင် ပြီးခဲ့တဲ့နှစ်တွေကတည်းက တစိုက်မတ်မတ်ကြိုးပမ်းလာခဲ့ကြတဲ့ ပုဂံချစ်သူအဖွဲ့တွေကိုလည်း ကျေးဇူးတင်ပါတယ်။ ပုဂံကို ထိန်းသိမ်းစောက်ရှောက်ဖို့ နိုင်ငံသားအားလုံးမှာ တာဝန်ရှိပါတယ်။ ကမ္ဘာ့အမွေအနှစ်ဖြစ်လာပြီဖြစ်တဲ့ ကိုယ့်နိုင်ငံရဲ့ ယဉ်ကျေးမှုဒေသကို မဖျက်ဆီးမိဖို့၊ ဖျက်ဆီးနေတာတွေ ရပ်တန့်ဖို့ကိုလည်း တိုက်တွန်းလိုက်ရပါတယ်။

ချစ်ဝင်းမောင်