News

POST TYPE

PERSPECTIVE

တစ်ကြောင်းတည်းသော စိတ်ကို နားလည်ကြည့်ခြင်း
05-Jul-2019



(၁)

တက္ကသိုလ်ဝင်တန်းအောင်စာရင်းတွေ ထွက်ပြီးခါစအချိန်တိုင်း ပတ်ဝန်းကျင်မှာကြားရတတ်တဲ့မေးခွန်းတစ်ခုပါ။ ဘာမေဂျာယူခိုင်းရင် ကောင်းမလဲ။ ဘာတွေဆက်တက်ရမလဲ။ ဘယ်လမ်းကြောင်းဆို အလုပ်အကိုင် အခွင့်အလမ်းများလဲ စသည်ဖြင့်ပေါ့။ တကယ်တော့ တက္ကသိုလ်ဝင်တန်းအောင်ခါစတွေ တင်မဟုတ်ပါဘူး။ ဘွဲ့တစ်ခုခုရ လုပ်ငန်းခွင်ထဲ ရောက်နေသူတချို့တွေဆီကလည်း ဒီလိုမေးခွန်းမျိုးကြားရတတ်စမြဲပါပဲ။ အဓိကကတော့ အောင်အောင်မြင်မြင်နဲ့ ဘဝမှာရပ်တည်ဖို့အတွက် ဘာတွေလေ့လာသင်ယူရမလဲပေါ့။

ဟုတ်ကဲ့၊ လေ့လာသင်ယူမှုတိုင်းဟာ ကောင်းပါတယ်။ သိထားလို့ အကျိုးနည်းတယ်ဆိုတဲ့ ပညာမရှိပါဘူး။ ဘယ်အလုပ်ပဲရွေးချယ်ပြီး လုပ်လုပ် ကျွန်တော်တို့ဟာ အပြည်ပြည်အရပ်ရပ်က လူသားမျိုးနွယ် တစ်ခုမဟုတ်တစ်ခုနဲ့ ဆက်သွယ်ဆောင်ရွက်ရမှာ အသေအချာပါ။ ဒီတော့ ဘာသာစကားသင်တယ်ဆိုတာလည်း အမှားမရှိပါဘူး။ စကားပဲ။ မဖြစ်မနေပြောမှရမယ်ဆို ထွက်လာလိမ့်မယ်လို့ မတွေးစေချင်ပါဘူး။ မဖြစ်မနေထွက်လာသူနဲ့ စနစ်တကျထွက်လာအောင်ပြောနိုင်သူ အခြေအနေတစ်ခုမှာ တန်းတစ်ခုကွာသွားပါလိမ့်မယ်။ ယနေ့ခေတ်အတွက်ဆို ဘယ်လုပ်ငန်းနယ်ပယ်မဆို နည်းပညာနဲ့ကလည်း ကင်းကွာလို့မရတာ အားလုံးအသိပါ။ ဆိုတော့ ဘာအလုပ်ပဲလုပ်လုပ် မဖြစ်မနေ အထောက်အပံ့ဖြစ်လာမယ့်အရာတွေကို ကြိုတင်ပြင်ဆင်ထားဖို့တော့ လိုပါလိမ့်မယ်။

(၂)

ဘာသာစကားသင်တန်း၊ ကွန်ပျူတာသင်တန်း၊ စာရင်းကိုင် သင်တန်းဆိုတာတွေ တက်ခွင့်ရဖို့အတွက် အုပ်ထိန်းသူများကို အထူးတလည် ဆွေးနွေးစရာမလိုပေမယ့် လူငယ်တွေရဲ့ ဝါသနာအရ တောင်းဆိုလာတတ်တဲ့ တချို့သင်တန်းတွေကိုတော့ လိုက်လျောဖို့ကို အုပ်ထိန်းသူ တချို့ဘက်ကလည်း အတွေးလွန်တတ်ကြပြန်ပါတယ်။ ကျွန်တော့် မိတ်ဆွေ အစ်ကိုတစ်ဦးကို သူ့သမီးငယ်လေးဂစ်တာတီးသင်တန်း တက်ချင်တယ်၊ ကားမောင်းသင်လိုကြောင်း တောင်းဆိုပါသတဲ့။ အဲသည်တောင်းဆိုမှုအတွက် မိတ်ဆွေအစ်ကိုကသူ့သမီးငယ်ကို လုပ်သင့်တာ မလုပ်ဘူးလို့မြင်ပြီး အိမ်မှာဆူရသေးတယ်လို့ တစ်ခါဆိုလာပါတယ်။ 

ကျွန်တော်သူ့ကို နားလည်လက်ခံအောင် အချိန်ယူဆွေးနွေးခဲ့ရပါတယ်။ ဂီတကိုစိတ်ဝင်စားတာ အနုပညာနဲ့မဝေးဘူးဆိုတဲ့သဘော။ စိတ်ထားနူးညံ့မယ်။ အားလပ်ချိန်တွေမှာ သီချင်းတွေနဲ့အပန်းဖြေမယ်။ စိတ်ပင်ပန်းမှုကို သံစဉ်တွေနဲ့ဆေးကြောမယ်။ သိပ်ကောင်းတာပေါ့။ ဂစ်တာတီးတိုင်း အဆိုတော်လုပ်မှာလား၊ ဂစ်တာသမား လုပ်မှာလားဆိုတာမျိုး ရယ်မဟုတ်ဘူး။ သူဂစ်တာတီးတတ်တဲ့အတွက် သူ့ကျောင်းက ကျောင်းပွဲတွေမှာ နေရာရလာမယ်။ လုပ်ငန်းခွင်ဝင်လို့ လုပ်ငန်းရဲ့ နှစ်ပတ်လည်ဝန်ထမ်း ပျော်ပွဲတွေကြုံလာရင်လည်း ထူးထူးခြားခြားသူပါဝင်နိုင်မယ်။ ကားမောင်း တတ်တော့ရော သူများကိုအားကိုးနေစရာမလိုဘဲ လိုအပ်လာတဲ့အခါအသုံးချနိုင်တာပဲလေ။ တတ်ထားတာတစ်ခုကို ကိုယ်ရောက်နေတဲ့ ပတ်ဝန်းကျင်မှာ လိုက်ဖက်ညီအောင်အသုံးချပြနိုင်ရင် လူဝင်ဆံ့မယ်။ မိမိတတ်မြောက်ထားရာထဲက ဘယ်ပညာရပ်နဲ့ အဓိကအသက်မွေးဝမ်း ကျောင်းပြုမယ် ဆိုတာရွေးချယ်ပြီး အခြားတတ်မြောက်ထားတဲ့ ပညာရပ်တွေက ကိုယ့်အသက်မွေးဝမ်းကျောင်းပညာကို ဘယ်နေရာမှာ ဘယ်လိုပံ့ပိုးနိုင်မယ်ဆိုတာ တွေးတတ်ဖို့လိုပါမယ်။ ထမင်းစားတဲ့အခါမှာ အဓိကဟင်းပွဲက အရေးကြီးသလို လိုက်ဘက်ညီအောင်တွဲဖက်နိုင်မယ့် အရံဟင်းလေးတွေပါမှ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ စားလို့ပိုမြိန်စေသလိုမျိုးပေါ့။

(၃)

ဘယ်နေရာမှာ ဘယ်လောက်အတိုင်းအတာ အောင်မြင်ချင်တာလဲ ဆိုတာကိုတော့ ကာယကံရှင် ကိုယ်တိုင်သေချာဖို့အရင်ကြိုးစားသင့်ပါတယ်။ အများစုမှာ ကာယကံရှင်က ဘာလုပ်ချင်လဲလို့ မေးရင်လည်း ဟိုဟာစိတ်ဝင်စားတယ်၊ ဒီဟာတော့ဝါသနာပါတယ် ဆိုသလို အဖြေမျိုးသာ ပြန်ကြားရတတ်တယ်။ စိတ်ဝင်စားတယ်ဆိုတာက တစ်စုံတစ်ခုကို သိချင်ရုံ၊ လေ့လာကြည့်မယ်။ ဆက်လုပ် မလုပ်မသေချာဘူး။ ဝါသနာပါတယ် ဆိုတာကတော့ ကိုယ်အားတဲ့အချိန်လေးတွေမှာ လုပ်ကြည့်မယ်။ မအားရင်မလုပ်ဘူး။ တခြားတစ်ခုခု အကြောင်းပေါ်လာရင် မလုပ်ဘူး ဆိုတာမျိုး။ မြင်သာအောင် ဥပမာဆိုပါစို့။ လူငယ်သုံးယောက် စားသောက်ဆိုင် တစ်ဆိုင်မှာ အတူဝင်စားကြတယ်ပေါ့။ သူတို့က ဟင်းအမည်တစ်မျိုးကို စမ်းမှာပြီးစားကြည့်တယ်။ သိပ်ကောင်းတယ်၊ သူတို့ အရသာကြိုက်တယ်။ ပထမတစ်ယောက်က ဒါကိုဘယ်လိုချက်ထားတာလဲ။ ဒီအထဲမှာဘာတွေပါလဲ။ သိချင်တယ်။ 

သူက အစားကောင်းမက်တတ်တာကိုး။ ဒီတော့ဆိုင်က ချက်တဲ့ သူကို မေးချင်မေးမယ်။ ဟိုကပြန်ဖြေလို့ သူသိသွားပြီ။ သူဟာသူ ချက်ချင်လည်း ချက်စားမယ်။ ချက်ချင်မှလည်း ချက်မယ်။ သူသိချင်တာသိပြီးပြီ။ ဒုတိယတစ်ယောက်က နောက်တစ်ရက် ကျောင်းအားချိန်မှာ စားခဲ့တဲ့ ဟင်းပွဲကို စမ်းချက်ကြည့်မယ်လို့ စဉ်းစားတယ်။ အဲသည်နေ့ကျောင်း အားချိန်တကယ်ရောက်တော့ ဟိုတစ်နေ့ကစားခဲ့တဲ့ ဟင်းပွဲအကြောင်း ချက်နည်းပြုတ်နည်းစာအုပ်လည်း ရှာဖတ်တယ်။ ဟင်းပွဲအတွက်လိုတာ အကုန်မရှိပေမယ့် ရှိတာနဲ့ရအောင် စမ်းကြည့်တယ်။ နောက်ထပ် ဟင်းချက် နည်းအသစ်တွေလည်း စာအုပ်ထဲကထပ်တွေ့တယ်။ ဒါပေမဲ့ အဲသည်နေ့ အတွက်တော့ သူပင်ပန်းပြီ။ နောက်နေ့လည်းကျောင်းတက်ရဦးမှာ။ သူစောင့်ကြည့်နေကျ တီဗီက အစီအစဉ်လည်းကြည့်ချင်သေးတယ်။ နားတော့မယ်။ 

တတိယလူငယ်ကတော့ ဆိုင်ကနေ အိမ်အပြန်လမ်းမှာကိုက စားခဲ့တဲ့ဟင်းပွဲကို စိတ်နဲ့ချက်ကြည့်နေတယ်။ လိုမှာတွေဝင်ဝယ်တယ်။ အိမ်ရောက်တာနဲ့မီးဖိုထဲဝင်။ အိမ်ကလူကြီးတွေ ဆူမလား ဆူ၊ အပြစ်တင်မလားတင်။ ရတယ်။ စမ်းချက်ကြည့်မယ်။ မတူဘူးလား။ ဘာလိုနေလဲ။ ထပ်ပြင်တယ်။ နောက်သူသိသလောက်စိတ်ကူးနဲ့ ထပ်ဖြည့်တယ်။ ပုံစံသစ်ထွက်လာတယ်။ အိမ်သားတွေကို လိုက်မြည်းခိုင်းမယ်။ ဘယ်လိုလုပ်ထားတယ်ဆိုတာ မရရအောင်ပြောပြဆွေးနွေးတယ်။ မနက်ဖြန်ကျောင်းကပြန်ရင် ဘာတွေထပ်ဝယ်မယ်။ ဘယ်လိုထပ်စမ်းမယ်ဆိုတဲ့ စိတ်ကူးနဲ့ အိပ်ရာဝင်တယ်။

ကဲ ... ဘာသွားတွေ့လဲဆိုတော့ ပထမလူငယ်က အစားအသောက်တွေကိုသာ စိတ်ဝင်စားတာ။ သူ့ကို ချက်ပုံချက်နည်းအကြောင်း လာပြောရင် နားထောင်မယ်။ သိချင်တာရှိရင်မေးမယ်။ သူများကို သူသိသလောက် ပြန်ဆွေးနွေးမယ်။ သူကတော့ ချက်ချင်မှချက်မယ်။ အစားအသောက်ကို စိတ်ဝင်စားရုံ။ ဒုတိယတစ်ယောက်က အားလပ်ချိန်ရရင် စမ်းချက်မယ်။ ချက်နည်းပြုတ်နည်းအစီအစဉ်တွေ အားရင်ကြည့်မယ်။ ဖတ်မယ်ပေါ့။ တခြားအကြောင်းပေါ်လာရင်ဖြစ်စေ၊ သူပင်ပန်းနေရင်ဖြစ်စေ ချက်မှာ မဟုတ်ဘူး။ သူက ဝါသနာပါရုံ။ တတိယတစ်ယောက်ကတော့ ဘယ်လောက် တခြားအလုပ်များများ အချိန်အားရှာပြီးချက်ကြည့်မယ်။ ဘယ်လောက် ပင်ပန်းနေနေ သူချက်တဲ့ ဟင်းပွဲလေးတွေ ထွက်လာရင်ပျော်တယ်။ သူတို့သုံးယောက်ထဲမှာ ပရော်ဖက်ရှင်နယ်စားဖိုမှူးအလုပ်နဲ့ ဘယ်သူ အောင်မြင်နိုင်လဲ။ 

အဖြေက ရှင်းပါတယ်။ အောင်မြင်တဲ့သူ အောင်မြင်နေတော့မှ ငါလည်းအချက်အပြုတ်ကို စိတ်ဝင်စားတာပဲ။ ငါလည်းဝါသနာပါတာပဲ ပြောလို့မရဘူး။ မတူတာဘာလဲ။ Passion ပေါ့။ စိတ်ကိုမိမိစိတ်ဝင်စားရာ နေရာမှာ တစ်သားတည်းနှစ်ပြီး တကယ်လုပ်တာ။ ဒါကိုလုပ်လို့ တခြား ဘာတွေဆုံးရှုံးသွားမလဲ။ ဘယ်လိုနာကျင်နိုင်လဲ။ ရတယ်။ ဆုံးရှုံး နာကျင်နေလည်း လုပ်နေရတာကို ကျေနပ်နေတာမျိုးပေါ့။ ဒါကိုလုပ်လို့ကြုံလာတဲ့ အဆင်မပြေမှု၊ အတိုက်အခိုက်ခံရမှု၊ နာကျင်မှုဆိုတဲ့ ဝေဒနာတွေကိုပဲ ခုံခုံမင်မင်နဲ့ နှစ်သက်ကျေနပ်နေတာ။ ရှေ့မှာဆွေးနွေးခဲ့တဲ့ မိမိဘဝမှာ အောင်အောင်မြင်မြင်ရပ်တည်ဖို့ ဘယ်လိုအဓိကအသက်မွေးဝမ်းကျောင်း ပညာတွေလေ့လာမလဲဆိုတာ မိမိကိုယ်တိုင်ပြန်လည်သုံးသပ်နိုင်ဖို့ပါ။

(၄)

သီချင်းခွေအသစ်ထွက်ရင်နားထောင်၊ ရှိုးပွဲရှိရင်သွားရုံလောက်အတွက် ဂီတကိုစိတ်ဝင်စားတယ်လို့ ပြောတတ်တာ မမှားပေမယ့် သူကိုယ်တိုင် ဂီတလမ်းကြောင်းပေါ်ရောက်ဖို့တော့ မလွယ်နိုင်ပါဘူး။ တစ်ခါတလေ ပျင်းပျင်းရှိလို့ စာရွက်လွတ်လေးပေါ်ခဲတံနဲ့ တောင်ခြစ်မြောက်ခြစ်လုပ်ရုံနဲ့ ပန်းချီကိုဝါသနာပါတယ်လို့ မသတ်မှတ်စေချင်ပါဘူး။ သူငယ်ချင်းတွေ လူစုံတဲ့အခါ ဘောလုံးချိန်းကန်တတ်တာနဲ့ လက်ရွေးစင်ဘောလုံးသမား တစ်ယောက်ဖြစ်လာမယ်လို့ အတွေးမရောက်စေချင်ပါဘူး။ ဒီတော့ စိတ်ဝင်စားတယ်။ ဘယ်လိုစိတ်ဝင်စားတာလဲ။ ဝါသနာပါတယ်။ ဘယ်လောက် အချိန်ပေးနေလဲ ဆိုတာတွေ ကိုယ်တိုင်ပြန်ဆန်းစစ်ဖို့ လိုပါလိမ့်မယ်။ 

လုပ်ချင်တာကို စိတ်နှစ်ပြီးလုပ်တတ်တဲ့သူတွေဟာ သူတို့ရောက်ချင်တဲ့နေရာကို ရောက်နေပြီးသလို ခံစားတတ်ကြပြီး၊ သူများရောက်နေတဲ့ နေရာကိုကြည့်ပြီး စိတ်ကူးယဉ်တတ်သူတွေကတော့ သူတို့လုပ်နေရတဲ့ လက်ရှိအလုပ်တွေနဲ့ အံဝင်ခွင်ကျမရှိဘဲ ညည်းတွားနေတတ်ကြတာကို သတိပြုစေချင်ပါတယ်။

 Z မောင် 

(ဆောင်းပါးရှင် Z မောင်သည် စီမံခန့်ခွဲရေးနှင့် ခေါင်းဆောင်မှု ပညာပိုင်းဆိုင်ရာ ဘာသာရပ်များကို သင်ကြားပို့ချနေသူတစ်ဦးဖြစ်သည်။)