News

POST TYPE

PERSPECTIVE

တဏှာဘီလူးများနဲ့ ထိုက်တန်သည့် သေဒဏ်
03-Jul-2019



နေ့စဉ်ထုတ်သတင်းစာများ၊ အပတ်စဉ်ထုတ်ဂျာနယ်များ၏ စာမျက်နှာများအထက်တွင် အစဉ်သဖြင့် မရိုးနိုင်အောင် တွေ့မြင်နေရသည့်သတင်းများအတွင်းတွင် အဓမ္မပြုကျင့်မှုသတင်းများက ထိပ်ဆုံးနေရာက ပါဝင်နေတတ်စမြဲဖြစ်သည်။ နေ့စဉ်နှင့်အမျှ နိုင်ငံနှင့်တစ်ဝန်းတွင် အမျိုးမျိုးဖြစ်ပေါ်နေသော အဓမ္မပြုကျင့်မှုဖြစ်စဉ်များ၊ နေရာဒေသအသီးသီးမှ စက်ဆုပ်ရွံရှာဖွယ် အဓမ္မပြုကျင့်မှုအကြောင်းအရာများကို ကြည့်ရုံဖြင့် အမျိုးသမီးများ၏ ဘဝနေထိုင်မှုများလုံခြုံမှုကင်းမဲ့လာရခြင်းနှင့် တဏှာဘီလူးပူးကပ်ခြင်းခံနေရသော (မုဒိမ်းကောင်များ) ပေါများလာကြောင်းမှာလည်း သိသာထင်ရှားလွန်းနေပြီလည်းဖြစ်ပါသည်။ စင်စစ်တဏှာ ဘီလူးပူးကပ်ခြင်းခံနေရသော မုဒိမ်းကောင်များသည် လူဖြစ်ပါသော်လည်း လူစိတ်ပျောက်နေသောသူများဟုသာ ဆိုရပေလိမ့်မည်။ ထိုသူများ၏အန္တရာယ်ကြောင့် နိုင်ငံနှင့်တစ်ဝန်းမှ အမျိုးသမီးထု၏ဘဝနေထိုင်မှုများမှာလည်း တစ်စတစ်စ လုံခြုံမှုကင်းမဲ့လာရတော့သည်။ ပတ်ဝန်းကျင်တိုင်းတွင် တဏှာဘီလူး ပူးကပ်ခြင်းခံထားရသူများသည် ဒုနဲ့ဒေးတည်ရှိနေပါ၏။ 

အခွင့်အရေးရသည်နှင့် ထိုသူများက အမျိုးသမီးများအား အဓမ္မ ပြုကျင့်မှုအားကျူးလွန်ကြတော့၏။ တဏှာဘီလူးပူးကပ်ခြင်းမှသည် မုဒိမ်းကောင်အဖြစ်သို့ ရောက်ရှိသွားသောသူများသည် လောကအတွက် စက်ဆုပ်ရွံရှာဖွယ်ကောင်းလွန်းသော လူ့အမှိုက်များသာ ဖြစ်ပါတော့သည်။ လူစိတ်ကင်းမဲ့သွားသူများပီပီ ဆင်ခြင်တုံတရားအကင်းမဲ့ဆုံးသောသတ္တဝါများဟုလည်း ဆိုရပေလိမ့်မည်။ ပတ်ဝန်းကျင်တိုင်းတွင်တည်ရှိနေသော အရက်သမား၊ ဖဲသမားများကမှ ထိုမုဒိမ်းကောင်များထက်စာလျှင် တော်သေးသည်ဟု ဆိုရပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် အရက်သမား၊ ဖဲသမားများက သူတို့ဘဝကိုသာ သူတို့ဖျက်ဆီးနစ်မွန်းနေကြခြင်းဖြစ်ပြီး၊ မုဒိမ်းကောင်များကတော့ တစ်ပါးသူများ (အားနွဲ့သူအမျိုးသမီးများ) ၏ဘဝများကို နင်းခြေဖျက်ဆီးခြင်းဖြင့် ယုတ်မာသောသူများဖြစ်နေခြင်းကြောင့်ပင်။ စင်စစ် လူယုတ်မာများပင်ဖြစ်ကြပေ၏။ ထိုလူယုတ်မာများက လူမိုက်များထက်ပင် ပို၍ကြောက်ဖို့ကောင်းနေပြန်ပါသည်။ လူမိုက်များအား လောကအတွက် အမှိုက်များဟုသတ်မှတ်လျှင်၊ လူယုတ်မာများကတော့ ထို လူ့အမှိုက်များထက်ပင် ပို၍နိမ့်ကျနေလိမ့်မည်လည်းဖြစ်ပေသည်။ တကယ့်လောကပတ်ဝန်းကျင်အတွက် ယုတ်မာမှုများဖြင့် အကျည်းတန်စွာ ရှင်သန်နေသောသူများမှာ မုဒိမ်းကောင်များသာဖြစ်ပါတော့သည်။

မုဒိမ်းကောင်များ၏အန္တရာယ်အား ရင်ဆိုင်ကြုံတွေ့နေရသူများမှာ အမျိုးသမီးထုတစ်ရပ်လုံးဖြစ်သည်ဟုသာ ဆိုရပေလိမ့်မည်။ အရွယ်မရောက်သေးသော အမျိုးသမီးကလေးငယ်လေးများပင်လျှင် မုဒိမ်းကောင်များ၏ အန္တရာယ်နှင့်မလွတ်ကင်း။ အပျို၊ အအိုမရွေး အမျိုးသမီးတိုင်းအတွက်လည်း မုဒိမ်းကောင်များ၏အန္တရာယ်က ကြီးစိုး၍နေတတ်ပြန်ပါသေးသည်။ ယနေ့ခေတ်တွင် ပတ်ဝန်းကျင်တိုင်း၌ စိတ်ဓာတ်အဆင့်အတန်း နိမ့်ကျခြင်းများကြီး စိုးလာခြင်းနှင့်အတူ တဏှာဘီလူးပူးကပ်ခြင်းခံနေရသောသူများလည်း ပတ်ဝန်းကျင်တိုင်းတွင် အလွန်များပြား၍လာပေသည်။ အရှင်းဆုံးပြောရလျှင် လိင်ဆက်ဆံခြင်းအကြောင်းကို အာပေါင် အာရင်းသန်သန် အရှက်ကမ်းကုန်စွာ ပြောတတ်သောသူများ၊ လိင်ကိစ္စကို အမြဲတွေးတောနေတတ်သောသူများအား ပတ်ဝန်းကျင်တိုင်းတွင် အားလုံးလည်း သတိထား၍ကြည့်လျှင် သိနိုင်ပါပေသည်။ ထိုသူများသည် တဏှာဘီလူးပူးကပ်ခြင်းခံနေရသူများသာ ဖြစ်ပါ၏။ တဏှာဘီလူး ပူးကပ်ခြင်းခံနေရသူများသည် အခွင့်အရေးရသည်နှင့် အသိတရားကင်းမဲ့နေသူများပီပီ ဆင်ခြင်တုံတရားများ ခန်းခြောက်သွားပြီး အမျိုးသမီးများဘဝကို ယုတ်မာကောက်ကျစ်စွာဖြင့် ဖျက်ဆီးနင်းချေပစ်ကြပါတော့သည်။ ထိုအခါတွင်တော့ ထိုသူများသည် မုဒိမ်းကောင်အဖြစ်သို့ရောက်ရှိသွားကြရတော့၏။ အထက်တွင်ဆိုခဲ့သလိုပင် မုဒိမ်းကောင်များတွင် လူဟူသောအသိတရားကင်းမဲ့နေ၏။ သူတို့၏တဒင်္ဂအလိုဆန္ဒအတွက် ယုတ်မာကောက်ကျစ်မှုအား ခံစားလိုက်ရသောအမျိုးသမီးများ၏ဘဝများကတော့ နစ်မွန်းပျက်စီးသွားရပါတော့သည်။ 

အချို့အမျိုးသမီးများဆိုလျှင် ဘဝပါမက အသက်များပါ မတန်မရာ ဆုံးရှုံးခဲ့ကြရ၏။ ရင်နာစရာကောင်းလွန်းသော မုဒိမ်းကောင်များ၏ ယုတ်မာမှုကိုခံစားလိုက်ရသော အမျိုးသမီးငယ်လေးများ၏ ဇာတ်လမ်းများသည် ယနေ့ခေတ်ပတ်ဝန်းကျင်တိုင်းတွင် မြင်၍ကြား၍ မကောင်းလောက်အောင်ပင် များပြားဆိုးရွားလာခဲ့ပါပေသည်။ မုဒိမ်းကောင်များသည် ပတ်ဝန်းကျင်တိုင်းတွင် အမှန်တကယ်ကိုတည်ရှိနေပါ၏။ မုဒိမ်းကောင်များသည် အပျိုအအိုဟူ၍မရွေး။ စင်စစ် ဆွေမျိုးသားချင်း၊ သားသမီးများဟူ၍ပင်မရွေးတော့။ အခြားသော အသိမိတ်ဆွေ၊ သူငယ်ချင်းဟူသော ပါးလျသောစည်းများဆိုလျှင်တော့ ဆိုဖွယ်ရာမရှိတော့။ ထို့အတူ ချစ်သူရည်းစားများအနေနှင့်လည်း အလိုမတူဘဲအဓမ္မပြုကျင့်ခြင်းပင်လျှင် မုဒိမ်းကောင်များ၏ အမူအကျင့်သာဖြစ်ပါ၏။ မုဒိမ်းကောင်များသည် အသက်အရွယ်အမျိုးမျိုးဖြင့် လူတန်းစားအမျိုးမျိုးအကြားတွင်ကို ပေါ်ပေါ်ထင်ထင်နှင့်တစ်မျိုး၊ ဟန်ဆောင်ဖုံးကွယ်ခြင်းတစ်သွယ်ဖြင့် တည်ရှိနေခြင်းလည်း ဖြစ်ပေသည်။ ဖခင်အရင်းများက သမီးအရင်းများကို အဓမ္မပြုကျင့်ခြင်းများကိုလည်း တွေ့ရဖန်များလာသည်။ 

ယောက်ျားလျာ အမျိုးသမီးလေးများကိုလည်း မုဒိမ်းကောင်များက အလွတ်မပေးကြ။ အရွယ်မရောက်သေးသောကလေးငယ်လေးများ ပင်လျှင် မုဒိမ်းကောင်များ၏သားကောင်များ ဖြစ်သွားခဲ့ရသောဖြစ်စဉ်များလည်း များပြားစွာထွက်ပေါ်လာခဲ့ပေပြီ။ မုဒိမ်းကောင်များပြုသမျှကိုသာ အမျိုးသမီးများ၏ဘဝများ လည်စင်းပေးနေရမည်ဆိုလျှင်တော့ လောက၏ ကြီးမားသောမတရားမှုတစ်ခုဟုသာ ဆိုချင်ပါတော့သည်။ ယနေ့ခေတ်တွင် အမျိုးသမီးများသည် အမျိုးသားများနှင့်ရင်ပေါင်တန်း နေနိုင်ပြီဟု မည်မျှပင်ဆိုစေကာမူ၊ စင်စစ်တွင် လောက၏နိယာမသဘောအရ အမျိုးသားများနှင့်ယှဉ်လျှင် အမျိုးသမီးများ၏ဘဝသည် အားနွဲ့သူများသာဖြစ်ကြပါ၏။ အမျိုးသမီးများ၏ ဘဝရပ်တည်ချက်သည် ထိလွယ် ရှလွယ်လွန်းလှ၏။ အမှားမခံပေ။ ကိုယ်တိုင်အမှားမကျူးလွန်ပါဘဲ တစ်ပါးသူ၏ယုတ်မာမှုကြောင့်ဖြင့်ပင် ဘဝပျက်စီးသွားတတ်ပါပေသည်။ လူရွှင်တော်တွေ ပြက်လုံးထုတ်သလို “ဘဲဥပေါ်ကျောက်ပျဉ်ကျလည်း ဘဲဥကွဲတယ်။ ကျောက်ပျဉ်ပေါ်ဘဲဥကျလည်း ဘဲဥကွဲတယ်”​ဟု ဆိုလျှင်တော့ ကောင်းပေလိမ့်မည်။ သို့သော် ထိုအရာသည် ရယ်စရာပြက်လုံးတစ်ခုသာဖြစ်ပြီး လက်တွေ့ရပ်တည်ချက်ဖြင့်တော့ အခြားနားကြီးခြားနား၍နေတတ်ပါပေသည်။ အမျိုးသမီးများအား၊ အထူးသဖြင့် ငယ်ရွယ်သူအမျိုးသမီးလေးများအား အထူးသတိပြု နေထိုင်ရှင်သန်နိုင်ကြစေလိုပါသည်။

ဤသို့ဆိုသဖြင့် အမျိုးသမီးငယ်လေးများကို အနေအထိုင်မတတ်ကြဘူးဟု ဆိုလိုခြင်းမဟုတ်ဘဲ မုဒိမ်းကောင်များ၏အန္တရာယ်မှ ရှောင်ရှားနိုင်ရန်အတွက် မိမိကိုယ်မိမိ စားသတိ၊ သွားသတိ၊ နေသတိ၊ ထိုင်သတိ အစရှိသဖြင့် အထူးသတိပြု ဆင်ခြင်ကြစေလိုခြင်းသာဖြစ်ပါသည်။ အမျိုးသားအပေါင်းအသင်းများကိုလည်း အကြွင်းမဲ့ မယုံကြည်မိပါစေနှင့်။ မုဒိမ်းကောင်များမှာ နဖူးတွင်ချိုထွက်၍မနေခြင်းကြောင့်လည်း အထူးသတိပေးနေရခြင်းလည်း ဖြစ်ပါသည်။ သမီးမိန်းကလေးမွေးထားသူ မိဘများအနေနှင့်လည်း မိမိ၏သမီးငယ်လေးများကို အထူးကြပ်မတ် ထိန်းကျောင်းပေးနိုင်ကြစေလိုပါသည်။ မဖြစ်ခင်က ကြိုတင်သတိထားနိုင်ပါမှ တန်ကာကျပေလိမ့်မည်။ ဖြစ်ပျက်သွားခဲ့ပြီဆိုလျှင်တော့ အရာရာသည် ဆုံးရှုံးမှုများသာ ကြီးစိုးသွားရပေလိမ့်မည် ဖြစ်ပါသည်။ အထူးသတိပြုနိုင်ကြစေလိုပါ၏။ သက်ဆိုင်ရာတာဝန်ရှိသူများက နှစ်စဉ်ထုတ်ပြန်ခဲ့သော အဓမ္မပြုကျင့်ခံရမှုဖြစ်စဉ်များမှာလည်း တစ်နှစ်ထက်တစ်နှစ် ထိတ်လန့်စရာကောင်းလောက်အောင်ပင် မြင့်တက်လာနေဆဲဖြစ်ပါသည်။ အရွယ်စုံ အမျိုးသမီးထုများသည် မုဒိမ်းကောင်များ၏ သားကောင်များဘဝသို့ ရင်နာစရာကျရောက်နေခဲ့ရပေသည်။ မြို့ပြမှသည် တောရွာများပါမကျန် နိုင်ငံနှင့်တစ်ဝန်း ဖြစ်ပွားနေရခြင်းလည်း ဖြစ်ပါတော့သည်။ ယနေ့ခေတ်တွင် မုဒိမ်းကောင်များ၏အန္တရာယ်က ဆိုးရွားစွာဖြင့်ကြီးထွား၍လည်းလာခဲ့ပါပေပြီ။

မကြာသေးသောကာလက ပြည်သူများအကြား ရင်နာစွာပျံ့နှံ့နေသည့် အဓမ္မပြုကျင့်ခံရမှုသတင်းလေးက အငှားယာဉ်စီးနင်းသူ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးလေးအား အငှားယာဉ်မောင်းဖြစ်သူက အဓမ္မပြုကျင့်ပြီး၊ ရက်စက်စွာသတ်ဖြတ်ခဲ့သော သတင်းလေးသာဖြစ်ပါတော့သည်။ နှမသားချင်းမစာနာသော လူမဆန်သည့်လုပ်ရပ်သာဖြစ်ပါပေ၏။ ထိုလူသတ်မုဒိမ်းကောင်၏အဆိုက ယာဉ်စီးခတစ်ထောင် ဈေးဆစ်ခြင်းကြောင့် စကားများရန်ဖြစ်ရာမှ လူသတ်မှုကျူးလွန်မိသည်ဟု ဗြောင်လိမ်ဗြောင်စားလုပ်၍ ဆိုနေပါ၏။ မုဒိမ်းကောင်၏သားကောင်ဖြစ်သွားရသော အမျိုးသမီးလေး၏အဖြစ်ကိုကြည့်ရင်း ပြည်သူလူထုမှာ ရင်နာဒေါသဖြစ်ကြရပါတော့သည်။ ထို့အတွက်ကြောင့်လည်း ထိုလူသတ် မုဒိမ်းကောင်အား သေဒဏ်ပေးရန်အတွက် ပြည်သူလူထုက ဝိုင်းဝန်းတောင်းဆိုနေကြခြင်းလည်းဖြစ်ပါ၏။ မှန်ကန်တိကျသောဥပဒေပညာရှင်များပင်လျှင် ဥပဒေလမ်းကြောင်းအရ သေဒဏ်ပေးသင့်သည်ဟု ဝိုင်းဝန်းထောက်ပြပေးခဲ့ကြ၏။ ယခင်ကာလများကလည်း သက်ငယ်မုဒိမ်းမှုများအား သေဒဏ်ပေးရန်အတွက် ပြည်သူလူထုက ဝိုင်းဝန်းတောင်းဆိုခဲ့ကြဖူးပါ၏။ ထိုအမှုနှင့်ပတ်သက်သောတရားခံကိုလည်း တရားရုံးကသေဒဏ်ပေးလိုက်သည်ဟူ၍လည်း ကြားလိုက်ရသည်။ သို့သော် သက်ငယ်မုဒိမ်းတရားခံများအား သေဒဏ်ပေးရန်အတွက် လွှတ်တော်တွင် အဆိုတင်သွင်းသည့်အခါတိုင်း ယနေ့အထိ ကန့်ကွက်မဲများဖြင့် အရေးနိမ့်နေဆဲသာဖြစ်ပါ၏။ (မရောင်ရာဆီလူးနေသော ဆင်ခြေများဖြင့် ဆရာကြီးအထာဖမ်း၍ ကန့်ကွက်နေကြခြင်းဖြစ်ပေ၏။ ကိုယ့်ကိုမထိသဖြင့် မနာတတ်ကြသေးဟုထင်ပါသည်။) ထို့အတူ အများစုသောမုဒိမ်းမှုများကိုလည်း သေဒဏ်အဖြစ်ချမှတ်ပေး နိုင်စွမ်းမရှိသေးပါပေ။ 

ထိုအရာသည် ဥပဒေ၏အားနည်းချက်သာဖြစ်ပါ၏။ စင်စစ်တရားခံကို ထိုက်တန်သောပြစ်ဒဏ်ပေးရန်အတွက် ဝန်လေးနေခြင်းသည် မတရားဥပဒေအသွင်ကို ဆောင်နေခြင်းသာဖြစ်ပါ၏။ နိုင်ငံတစ်နိုင်ငံတွင် တရားဥပဒေစိုးမိုးမှုကင်းမဲ့နေခြင်းသည် ပြည်သူလူထု၏ဘဝနေထိုင်မှုကို မလုံခြုံစေသည့်အတွက် မငြိမ်းချမ်းမှုတစ်ခုသာ ဖြစ်ပါတော့သည်။ လူသတ်ကောင်များက သတင်းထောက်များနှင့်ရှေ့နေများကို “မင်းတို့ ထမင်းဝအောင်စားထားကြ” ဟု လက်ထိတ်တန်းလန်းဖြင့် တရားရုံးအတွင်းတွင်ပင် ကြိမ်းဝါးရသည်အထိ အမိနိုင်ငံ၏ တရားဥပဒေစိုးမိုးမှုက အောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီလည်း ဖြစ်ပါသည်။ သက်ဆိုင်ရာတာဝန်ရှိသူများအနေနှင့် အထူးကြပ်မတ်ဆောင်ရွက်ရန်အတွက် အရေးတကြီး လိုအပ်လာခဲ့ပါပေပြီ။ ယခုလည်း လာပြန်ပေပြီ။ အသက်သုံးနှစ်ပင်မပြည့်သေးသည့် မူကြိုကျောင်းသူလေးတစ်ဦး အဓမ္မပြုကျင့်ခံရမှုဖြစ်၏။ နေပြည်တော် သပြေကုန်းရှိ Wisdom Hill မူကြို၌ မေလ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟုသိရ၏။ CID တွေ ဘာတွေလွှဲ၍ စစ်ဆေးနေသော်လည်း ယခုအချိန်အထိ တရားခံမှာမျက်စိအရှေ့တွင်ပင် ထူးဆန်းစွာပျောက်ရှနေဆဲလည်းဖြစ်ပါသည်။ 

ဤသည်မှာ တရားနှင့်ဥပဒေအကြား လက်တစ်လုံးခြားနေကြသည့် ဥပဒေဝန်ထမ်းများ၏ အကျင့်ပျက်ခြစားမှုသာ ဖြစ်ပါသည်။ အမှန်တော့ အထက်ပါမုဒိမ်းမှုအပါအဝင် မုဒိမ်းမှုတိုင်း၏ မုဒိမ်းကောင်မှန်သမျှအား (အသက်အရွယ် ကြီးကြီး ငယ်ငယ်) သေဒဏ်ပေးသင့်သည်ချည်းသာ ဖြစ်ပါ၏။ သက်ဆိုင်ရာတာဝန်ရှိသူများက ကိုယ့်ကိုမထိသဖြင့် မနာဘဲ လျစ်လျူရှုနေကြခြင်းများလားဟူ၍လည်း သံသယဝင်မိလာပါတော့သည်။ စင်စစ် မုဒိမ်းကောင်များမှန်သမျှသည် လူစိတ်ကင်းမဲ့နေသော အသိတရားမရှိသောသူများသာ ဖြစ်ကြပါပေ၏။ ထို့အတွက်ကြောင့် ထိုသူများအား အကြောက်တရားရှိအောင် လုပ်ပေးရန် လိုအပ်ပါပေပြီ။ မုဒိမ်းကောင်များအား အကြောက်တရားဖြင့် ထိန်းချုပ်ရပေတော့မည်။ ထို့ကြောင့် မုဒိမ်းကောင်မှန်သမျှအား ထိုက်တန်သော သေဒဏ်ကိုပေးရန် ပြည်သူလူထုက တောင်းဆိုနေခြင်းလည်းဖြစ်ပါသည်။ 

ထိုကဲ့သို့ မုဒိမ်းကောင်များအား စံပြအဖြစ် လူသိရှင်ကြား သေဒဏ်များ ချမှတ်အပြစ်ပေးခြင်းဖြင့် အခြားသောတဏှာဘီလူးပူးကပ်ခြင်းခံနေရသော လူ့တိရစ္ဆာန်များကိုလည်း အမှားမကျူးလွန်မိစေရန် တားဆီးနိုင်ပေလိမ့်မည်လည်းဖြစ်ပါသည်။ တိကျပြင်းထန်သောတရားရေးစီရင်ချက်များဖြင့် အမျိုးသမီးထုအား မုဒိမ်းကောင်များ၏အန္တရာယ်မှ အကာအကွယ်ပေးရန် သင့်နေပြီဖြစ်ကြောင်းကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူများအား အထူးသတိပြုမိကြစေလိုပါပြီ။ အသိတရားမရှိသောသူများအား အမှားများမကျူးလွန်မိစေရန်အတွက် အကြောက်တရားဖြင့် ထိန်းချုပ်တားမြစ်ရုံမှတစ်ပါး အခြားလည်းမရှိနိုင်ပြီ။ 

ဤသို့မှမဟုတ်လျှင်တော့ အကျည်းတန်လှသောမုဒိမ်းမှု၊ လူသတ်မှုများမှာ နိုင်ငံနှင့်တစ်ဝန်း နှစ်စဉ်မြင့်တက်နေဦးမည်သာဖြစ်ပြီး၊ အမျိုးသမီးထု၏ဘဝနေထိုင်မှုများသည်လည်း လုံခြုံမှုများ တစ်စထက်တစ်စ လျော့ကျလာပေလိမ့်မည်သာ ဖြစ်ပါတော့သည်။ သက်ဆိုင်ရာတာဝန်ရှိသူများအား ပြည်သူလူထုကိုယ်စား အထူးထပ်မံ၍ပြောကြားလိုသည်မှာ အမျိုးသမီးများအား အကြမ်းဖက်ခြင်းဖြင့် အဓမ္မမှုများကျူးလွန်ခဲ့ကြသော မုဒိမ်းကောင်မှန်သမျှအား (ပြစ်မှုထင်ရှားနေလျှင်၊ အသက်အရွယ် ကြီးကြီး ငယ်ငယ်) တိကျ ထိုက်တန်သောသေဒဏ်စီရင်ချက်များ ချမှတ်ဆောင်ရွက်ရန် အချိန်ပင်ကျော်လွန်နေခဲ့ပြီဖြစ်ပါကြောင်း။ ။

ခက်ဆစ်လင်း (ပြည်)