News

POST TYPE

PERSPECTIVE

ရန်သူတော် လျှပ်စစ်မီး
02-Jul-2019



တစ်နေ့က လူတစ်ယောက် ဓာတ်လိုက်ခံရတယ်ဆိုလို့ အပြေးအလွှား သွားကြည့်ပေးရပါတယ်။ ရောက်တော့ လူနာက အခြေအနေကောင်းပါတယ်။ သတိလည်းအကောင်း၊ ဓာတ်လိုက်တဲ့လက်က နည်းနည်းထုံကျဉ်တယ်၊ မီးလောင်သလို ဒဏ်ရာနည်းနည်းရတယ်။ လူနာက ပြောတာကတော့ မီးလာလို့ အင်ဗာတာနဲ့ အားသွင်းဖို့လုပ်ရင်း ဓာတ်လိုက်ခံရတယ်၊ အသက်ရှူရပ်မတတ်ဖြစ်သွားတယ်၊ ရှိသမျှအားနဲ့ အသံကုန်ခြစ်ပြီး သူ့အမေကို လှမ်းခေါ်ရသတဲ့။ သူ့အမေလာတော့ မိန်းခလုတ်ချဖို့ လက်ညှိုးထိုးပြပါတယ်။ သူ့အမေကလည်း အကင်းပါးသူမို့ သူ့သားအသက်ကို ကယ်လိုက်နိုင်သွားပါတယ်။ အချိန်က စက္ကန့်ပိုင်း အတွင်းမို့တဲ့၊ မိနစ်ပိုင်းသာဆို သူသေလောက်ပြီလို့ ပြောပြပါတယ်။ 

လျှပ်စစ်မီးက လာလိုက်၊ မလာလိုက်နဲ့မို့ ပိုအန္တရာယ်များတယ်လို့ ဆိုနိုင်ပါတယ်။ မီးမလာလို့ မီးလာတဲ့အချိန်ကလေး အပြေးအလွှား အလုပ်လုပ်ရတယ်။ အလျင်လိုတော့ အန္တရာယ်ကို မမြင်တော့ပါဘူး။ တစ်နေ့ကလည်း မြို့သွားပြီး ကျောက်ဖြတ်လုပ်ငန်းလုပ်ကြတဲ့ မိသားစုရဲ့ ၃ နှစ် သမီးလေးတစ်ယောက် မတော်တဆဖြစ်ပြီး သေဆုံးသွားပါတယ်။ ကျောက် စိမ်းလက်ကောက်တို့၊ ပုတီးတို့လုပ်တဲ့လုပ်ငန်းလေ။ မီးပြတ်သွားတော့ ကျောက်ဖြတ်စက်ခုံကို ခလုတ်မပိတ်ဘဲထားမိတယ်။ မီးက ရုတ်တရက် ပြန်လာတော့ စက်နားမှာ ဆော့ကစားနေတဲ့ကလေးကို ခိုက်မိသွားတာပေါ့။ ဒါကြောင့် လျှပ်စစ်မီးနဲ့ အလုပ်လုပ်ရတာဟာ ဝိုင်းထားတဲ့ ရန်သူတွေကြားက ဖောက်ထွက်ရသလိုပါပဲ။ ခုဆို လျှပ်စစ်မီတာခတွေက ၂ ဆတက် လာပြီဆိုတော့ ဘယ်လိုအမြန်နှုန်းနဲ့ လုပ်နေကြမလဲ။ 

Safety First ဆိုတဲ့ လုပ်ငန်းခွင်လုံခြုံရေး အားနည်းတဲ့နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံလည်း ပါမယ်ထင်ပါတယ်။ တီဗီသတင်းထဲမှာ ကြည့်လိုက်ရင် စက်ရုံအလုပ်ရုံတွေကို သက်ဆိုင်ရာအကြီးအကဲတွေက သွားကြည့်တာမျိုး တွေ့ဖူးတယ်မဟုတ်လား။ အလုပ်သမတွေဝတ်ထားတဲ့ ရင်ဖုံးအကာ၊ လက်အိတ်၊ ခေါင်းဆောင်းဦးထုပ်၊ နှာခေါင်းစည်း၊ မျက်မှန်၊ ဖိနပ်တွေက အသစ်စက်စက်တွေလို တောက်ပြောင်လွန်းနေတယ်နော်။ တချို့ဆို အဲဒီအကာအကွယ်ပစ္စည်းတွေနဲ့ အသားမကျလို့ စိတ်အိုက်နေတဲ့ပုံတွေ တွေ့ရပါတယ်။ စစ်အစိုးရလက်ထက်တုန်းက စစ်ဘက်ဆိုင်ရာအကြီးအကဲ တွေလာရင် သဲဖြူခင်း၊ ရာဇမတ်ကာ၊ ပန်းအိုးတွေနဲ့အလှဆင်ရသလိုပေါ့။ ဒါတောင် မြင်ရတဲ့ တစ်ကိုယ်ရေကာကွယ်ရေးပစ္စည်းတွေ (PPE= Personal Protected Equipment) အကြောင်းပဲ ပြောနိုင်တာပါ။ 

အဆောက်အအုံရဲ့ ခိုင်ခံ့မှု၊ စက်ပစ္စည်းတွေရဲ့ ကောင်းမွန်မှု၊ လျှပ်စစ်မီးသွယ်တန်းထားရှိမှု၊ ဗဟိုထိန်းချုပ်မှုအခြေအနေ (Central Control Center)၊ လုပ်ငန်းခွင်ကြီးကြပ်မှုအခြေအနေ၊ အလုပ်သမားတွေရဲ့ ကျန်းမာရေးအခြေအနေ၊ အလုပ်သမားတွေရဲ့ ရပိုင်ခွင့်တွေ (ဥပမာ-နားရက်၊ ရှောင်တခင်ခွင့်)၊ လုပ်ငန်းခွင်လုံခြုံရေး စတာတွေကလည်း သူ့အပိုင်းနဲ့သူ အရေးကြီးတာပါပဲ။ အလုပ်သမားဆယ်ယောက်၊ ဆယ်ငါးယောက်လောက်နဲ့ တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်နေတဲ့ အိမ်တွင်းမှုလုပ်ငန်းလေးတွေမှာဆိုရင် အင်ဂျင်နီယာစစ်ဆေးမှု၊ အသိအမှတ်ပြုမှုတွေရှိတယ်လို့ မကြားဖူးသေးပါဘူး။ 

No sorry for Electric. လျှပ်စစ်မှာ ဆောရီးပြောလို့ မရပါဘူး။ လူရမ်းကားတွေကို တောင်းပန်လို့ရကောင်းရပါလိမ့်မယ်။ လျှပ်စစ်ကတော့ နိုးပါသားရယ်လို့ ပြောပါလိမ့်မယ်။ လျှပ်စစ်စီးကြောင်းက ခန္ဓာကိုယ်ရဲ့ အမှတ်နှစ်မှတ် ဖြတ်စီးသွားတာကို ဓာတ်လိုက်တယ်လို့ ခေါ်ပါတယ်။ လျှပ်စစ်စီးကြောင်းဆိုတာက လျှပ်ကူးပစ္စည်းကိုဖြတ်ပြီး မြေကြီးထဲဝင်သွားတဲ့ ထုံးစံအရ လျှပ်ကာမရှိ၊ ပေါက်ပြဲနေတဲ့ လျှပ်စစ်ကြိုး၊ ဓာတ်လိုက်နေတဲ့ လျှပ်စစ်ပစ္စည်း၊ လျှပ်စီးရှိနေတဲ့ရေအိုင်၊ ဓာတ်လိုက်နေတဲ့သူကို သွားထိမိကိုင်မိရင် ဓာတ်လိုက်ခံရပါမယ်။ ဓာတ်လိုက်တဲ့အခါ 

(၁) လျှပ်စစ်အမျိုးအစား- AC လား DC လားပေါ်မှာ မူတည်ပါတယ်။ ရပ်ထဲရွာထဲမှာတော့ ဆွဲအားလား၊ တွန်းအားလားဆိုပြီး ပြောလေ့ရှိပါတယ်။ ဒါကတော့ ပြင်းအား (အမ်ပီယာ) ပေါ်ပဲ မူတည်မယ်ထင်ပါတယ်။ 

(၂) ဗို့အားပေါ်လည်း မူတည်ပါတယ်။ ၄၉ ဗို့အား (49V) ဆိုရင်တောင် အသက်ရှူရပ်သွားနိုင်ပါတယ်။ ဗို့အားနည်းတယ်ဆိုတာ ၁၀၀၀ ဗို့အောက်ကို ပြောတာပါ။ ဓာတ်လိုက်လူနာတွေရဲ့ ၈၀ ရာခိုင်နှုန်းလောက်က ဗို့အားနည်းတဲ့ ဓာတ်လိုက်တာကြောင့် ဖြစ်ကြရပြီး ၃ ရာခိုင်နှုန်းလောက် သေဆုံးပါသတဲ့။ ၁၀၀၀ ဗို့အထက်၊ ဗို့အားပြင်းတဲ့ ဓာတ်လိုက်တာကြောင့် ၃၀ ရာခိုင်နှုန်းလောက် သေဆုံးနိုင်ပါတယ်။ 

(၃) Frequency ဆိုတာ AC လျှပ်စစ်မီးတွေမှာရှိတဲ့ ဘက်ပြောင်းဘက်ပြန်ပြောင်းလဲတဲ့ ကြိမ်နှုန်းလို့ ပြောလို့ရမယ်ထင်ပါတယ်။ သင်္ကေတက (Hz) နဲ့ပြလေ့ရှိပါတယ်။ အိမ်သုံးဖြစ်တဲ့ ၅၀ Hz နဲ့ကို နှလုံးထိခိုက်နိုင်ပါတယ်။ 

(၄) ခံနိုင်ရည်ပေါ်လည်း မူတည်ပါတယ်။ လျှပ်စစ်နဲ့ထိလိုက်တဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းရဲ့ အရေပြားက ခြောက်သွေ့ပြီးထူနေမယ်ဆိုရင် (၁၀၀၀၀- ၂၀၀၀၀) အုမ်း (ohm) လောက်ခံနိုင်ရည်ရှိပါသတဲ့။ အရေပြားက ပါးပြီးစိုစွတ်နေမယ်ဆိုရင် ၁၁၀ အုမ်းပဲ ခံနိုင်တော့ပါတယ်။ 

(၅) လျှပ်စစ်ရဲ့ ပြင်းအား၊ ပမာဏပေါ်မှာလည်း မူတည်ပါတယ်။ ပြင်းအားကို အမ်ပီယာ (Ampere=A) နဲ့ ပြလေ့ရှိပါတယ်။ (ဝ.၅)mA (မီလီအမ်ပီယာ) အောက်ဆိုရင် ဘာလိုမှမခံစားရပါဘူး။ (၁၅-၂၅) mA အထက်ဆိုရင် ဓာတ်လိုက်ပါပြီ၊ ကြွက်သားတွေ မလှုပ်နိုင်တော့ပါဘူး။

(၆) လျှပ်စီးဖြတ်သန်းသွားတဲ့လမ်းကြောင်းပေါ်လည်း မူတည်ပါတယ်။ အရေးကြီးတဲ့အင်္ဂါတွေဖြစ်တဲ့ နှလုံး၊ ဦးနှောက်တွေကို ဖြတ်သွားရင်တော့ အသက်အန္တရာယ်ရှိပါတယ်။ နှလုံးက ၅၀mA နဲ့ အလုပ်လုပ် နေတာမို့ ပြင်ပက ၅၀ mA လောက် လျှပ်စစ်စီးကြောင်း ဝင်ရောက်နှောင့်ယှက်ရင် ချက်ချင်းနှလုံးရပ်သွားနိုင်ပါတယ်။ 

(၇) ဓာတ်လိုက်တဲ့ကြာချိန်က ကြာလေလေ၊ ထိခိုက်မှုက များလေလေပါပဲ။ 

ဓာတ်လိုက်ခံရပြီဆိုရင် ကြွက်သားတွေ ကျုံ့ရုန့်သွားနိုင်ပါတယ်၊ တောင့်တင်းသွားတာပေါ့။ ဒါကြောင့်မို့ လူနာဟာ ဓာတ်လိုက်တဲ့ပစ္စည်းနဲ့ ကပ်နေတတ်ပါတယ်။ သတိလစ်မေ့မြောသွားတတ်ပါတယ်။ နှလုံးခုန်နှုန်းမြန်တာ၊ ကောင်းကောင်းမခုန်နိုင်တာမျိုး ဖြစ်တတ်ပါတယ်။ နှလုံးမခုန်တော့တာမျိုးလည်း ကြုံရနိုင်ပါတယ်။ အသက်ရှူရပ်သွားနိုင်ပါတယ်။ ဖြစ်တဲ့အင်္ဂါအစိတ်အပိုင်းမှာ မီးပူလောင်ဒဏ်ရာ ရနိုင်ပါတယ်။ 

ကယ်ဆယ်မယ့်သူက အရင်ဆုံးဘေးကင်းဖို့ လိုပါတယ်။ နို့မို့ဆို အတွဲလိုက်ကြီး ဓာတ်လိုက်ခံရနိုင်ပါတယ်။ ဗို့အားအလိုက် ကယ်မယ့်သူက လူနာနဲ့ ဝေးနေခြားနေရပါမယ်။ ဗို့အားသုံးသောင်းအထက်ဆိုရင် ၅ ပေအကွာ၊ ဗို့အား တစ်သိန်းတစ်သောင်းအထက်ဆိုရင် ၆ ပေခွဲအကွာ၊ ဗို့အား နှစ်သိန်း နှစ်သောင်းအထက်ဆိုရင် ၉ ပေအကွာ၊ ဗို့အား သုံးသိန်းရှစ်သောင်း အထက်ဆိုရင် ၁၃ ပေအကွာက နေရပါမယ်။ နောက်တစ်ခုက လျှပ်စစ်ဓာတ်အားကို ပိတ်ပစ်လိုက်ပါမယ်။ လျှပ်စီးပတ်လမ်း ဖြတ်တောက်ထားတာ သေချာပြီဆိုမှ လူနာကို ဘေးကင်းရာ အမြန်ဆုံးရွှေ့ပေးရပါမယ်။ အရေးကြီးတဲ့ကုသမှုတွေ ဆောင်ရွက်ပေးရပါမယ်။ ဒါတွေကတော့ အသက်ရှူလမ်းကြောင်း မပိတ်ဆို့အောင်၊ အသက်ရှူနိုင်အောင်၊ နှလုံးနဲ့သွေးကြောတွေ အလုပ်လုပ်အောင် စစ်ဆေးပေးရပါမယ်။ 

အသက်ရှူလမ်းကြောင်းပိတ်ဆို့နိုင်တဲ့ ကွမ်းယာ၊ သွားတုလို ပြင်ပပစ္စည်းတွေကို ဖယ်ရှားပါ။ လျှာတွေ၊ အာသီးတွေက ပိတ်နိုင်တဲ့အတွက် မေးကိုရှေ့ (အပေါ်) မတင်ပါ။ ခေါင်းနောက်လှန်ထားပါ။ အသက်မရှူဘူး၊ ဒါမှမဟုတ် နှလုံးမခုန်ဘူးဆိုရင် အသက်ရှူအားကူနည်း (Cardiopulmonary resuscitation= CPR) လုပ်ပေးရပါမယ်။ ရင်ဘတ်အလယ်တည့်တည့်၊ ရင်ညွှန့်ရိုးအပေါ် လက်ဖမိုးနှစ်ခုထပ်တင်ပြီး ၂ လက်မလောက် နိမ့်သွားအောင် ဖိချပါ။ တစ်မိနစ်ကို အကြိမ် ၁၀၀ နှုန်းနဲ့ အကြိမ် ၃၀ ဖိပေးရမှာပါ။ တစ်ကြိမ်နဲ့တစ်ကြိမ်ကြား ရင်ဘတ်မို့မောက်လာတဲ့အချိန်ကို ခဏစောင့်ပေးရပါမယ်။ လူနာက အသက်မရှူဘူး၊ ရင်ဘတ်မို့မောက်မလာဘူးဆိုရင် ပါးစပ်ချင်းတေ့ပြီး လေသွင်းပေးရမှာပါ။ တစ်ကြိမ်လေသွင်းပြီးတိုင်း ကိုယ်က အသက်ဝ၀ရှူပါ။ နှစ်ကြိမ်ထိထိရောက်ရောက် လေမှုတ်သွင်းပေးပါ။ ရင်ဘတ်က နိမ့်ချည်မြင့်ချည် မဖြစ်သေးဘူးဆိုရင် နောက်ထပ်အကြိမ် ၃၀ ရင်ဘတ်ဖိပေးရမယ်။ လေနှစ်ကြိမ် မှုတ်သွင်းပေးပါမယ်။ ဒီလိုမျိုး ၅ ချီ၊ ၆ ချီထိ မရသေးဘူးဆိုရင် Defibrillation ကိရိယာသုံးဖို့ လိုအပ်ပြီလို့မှတ်ရပါ့မယ်။ 

ဓာတ်လိုက်လို့ ရလာတဲ့ အပူလောင်နာတွေကို သန့်ရှင်းရေးလုပ်ပြီး ပတ်တီးအုပ်ထားရပါမယ်။ တချို့ကျတော့ အမြင့်ပေါ်က လိမ့်ကျပြီး ခြေထောက်ကျိုး၊ လက်ကျိုးစတဲ့ ကျိုးပဲ့မှုတွေ ဖြစ်တတ်ပါတယ်။ ကျောရိုးမကြီး ထိခိုက်သွားရင်တော့ ပက်လက်အနေအထားအတိုင်း သယ်မပေးဖို့လိုပါတယ်။ အကြမ်းဖျင်းပြောရရင် ခေါင်းပိုင်းက တစ်ယောက်၊ ပခုံးပိုင်းက တစ်ယောက်၊ ခါးပိုင်းကတစ်ယောက်၊ ခြေထောက်ပိုင်းက တစ်ယောက်၊ လူလေးယောက်နဲ့ ဝိုင်းမရွှေ့ရပါတယ်။ လူနာတင်စင်ပေါ်ကို တင်တင်၊ လူနာတင်စင်ပေါ်က ချချ၊ အဲသလို ဂရုတစိုက်နဲ့ ချပေးရမှာပါ။ ခြေလက်ကျိုးပဲ့ရင်တော့ (သစ်သား/ဝါး) အမာခံ၊ ကြပ်စည်းပေးရမှာပါ။ 

ကျိုးတဲ့အရိုးက အပြင်ဖောက်ထွက်သွားရင် (Opening Fracture) ဆိုရင် အတွင်းထဲအတင်းထည့်ဖို့ မကြိုးစားသင့်ပါဘူး။ အရိုးကို၊ အနာကို ပတ်တီးခေါက်သန့်သန့်နဲ့ အုပ်ပြီး ကြပ်စည်းပေးသင့်ပါတယ်။ သွေးထွက်တဲ့ဒဏ်ရာမျိုးဆိုရင် ပတ်တီးစခပ်ထူထူနဲ့ ခပ်တင်းတင်း စည်းနှောင်ပေးရပါမယ်။ ဖြစ်နိုင်ရင် သွေးကြောလိုင်း (Intravenous Access) ထည့်ထားသင့်ပါတယ်။ ဆေးရုံရောက်လို့ အရေးပေါ် သွေးသွင်းရမယ်၊ အကြောဆေးသွင်းရမယ်ဆိုရင် လွယ်အောင်လို့ပါ။ 

လူနာကို နွေးနွေးထွေးထွေးထားဖို့လည်း အရေးကြီးပါတယ်။ လူနာက သတိလစ်သွားတဲ့အခါ ကျပ်နေတဲ့အင်္ကျီတွေ၊ အတွင်းခံတွေ၊ အနွေးထည်တွေကို ချွတ်ပစ်ပေးကြပါတယ်။ အသက်ပြန်ရှူလာတော့ ဆေးရုံပို့ ချင်ဇောနဲ့ အင်္ကျီတွေကို ပြန်ဝတ်ပေးဖို့ မေ့သွားတတ်ပါတယ်။ ဆေးရုံသွားရတဲ့ခရီးက ဝေးရင်၊ ရာသီဥတုက အေးရင်၊ မိုးထဲလေထဲမှာဆိုရင် လူနာခမျာ အအေးမိသွားနိုင်ပါတယ်။ ကိုယ်တွင်းအပူချိန် တအားကျသွားရင် ဒုက္ခရောက်နိုင်ပါတယ်။

ဓာတ်လိုက်ခြင်းဆိုတာ မိုးတွင်းမှာအဖြစ်များတယ်ဆိုပေမယ့် ရာသီမရွေးဖြစ်နိုင်ပါတယ်။ ဒါကြောင့် နေအိမ်၊ ရုံးခန်း၊ စက်ရုံ၊ အလုပ်ရုံတွေမှာ လျှပ်စစ်မီးသွယ်တန်းမယ်ဆိုရင် နားလည်တတ်ကျွမ်းတဲ့သူတွေနဲ့ပဲ ဆောင်ရွက်သင့်ပါတယ်။ ဒါမှ မိန်းခလုတ်၊ ဘရိတ်ကာ၊ ဖျူ့စ်၊ အက်ကြိုး စတဲ့ ကာကွယ်ရေးပစ္စည်းတွေကို သူ့နေရာနဲ့သူ တပ်ဆင်ပေးမှာ ဖြစ်ပါတယ်။ သင့်တော်တဲ့ဝါယာကြိုးတွေကိုလည်း အသုံးပြုပေးမှာဖြစ်ပါတယ်။ လျှပ်စစ် သုံးစွဲသူများအနေနဲ့ ဝါယာကြိုးအပေါက်အပြဲတွေကို မသုံးဖို့၊ လျှပ်စစ်ပစ္စည်းတွေကို တစ်နေရာတည်းကနေ စုပြုံမသုံးဖို့၊ ရှော့ဖြစ်နေတဲ့ လျှပ်စစ်ပစ္စည်းတွေကို အသုံးမပြုဖို့၊ ရေစိုနေတဲ့ လက်တွေနဲ့ လျှပ်စစ်ပစ္စည်းတွေကို မကိုင်တွယ်ဖို့လိုပါတယ်။ ကလေးငယ်တွေရှိရင် ပိုပြီးဂရုစိုက်ရပါမယ်။ ပလပ်ပေါက်တို့၊ လျှပ်စစ်ပစ္စည်းတို့နဲ့ လက်လှမ်းမမီအောင်ထားရပါမယ်။ ကလေးငယ်တွေကို မီးခလုတ်ဖွင့်ခိုင်းတာမျိုးတွေလည်း သင်မပေးသင့်ပါဘူး။ ကောင်းကင်ဓာတ်အားလိုင်းတွေ ပျက်ကျပြုတ်ကျတာတွေ့ရင် သွားရောက်ကိုင်တွယ်ခြင်းမပြုမိဖို့ လိုပါတယ်။ ကလေးတွေကိုလည်း သင်ပေးထားရပါမယ်။ ဓာတ်တိုင်ပေါ်တက်တာမျိုးလည်း မလုပ်သင့်ပါဘူး။

လျှပ်စစ်အန္တရာယ်ကင်းဝေးဖို့ အသိနဲ့ သတိအမြဲရှိနေကြဖို့ တိုက်တွန်းချင်ပါတယ်ခင်ဗျား။

ဇော်သစ်ကြည်

ကျမ်းကိုး။ ။ Memorix Emergency Medicine၊ အင်တာနက်စာမျက်နှာ။