News

POST TYPE

PERSPECTIVE

နိုင်ငံရေးဝင်ရိုးပေါ်က ယုံကြည်မှုအစွန်းနှစ်ဖက်
02-Jul-2019



ယုံကြည်မှုဆိုတာ တည်ဆောက်ရတာ သိပ်ခက်ခဲပါတယ်။ တည်ဆောက်ရတာ ခက်ခဲတဲ့ ဒီယုံကြည်မှုဟာ ဆုံးရှုံးပျက်ပြားသွားပြီဆိုရင်လည်း ပြန်တည်ဆောက်တဲ့အခါ အင်မတန်မှ ခဲယဉ်းတယ်ဆိုတာ ကြုံဖူးသူတိုင်း လက်ခံကြမယ်ထင်ပါတယ်။ 

နေ့စဉ်လူမှုဘဝတွေမှာ တစ်ဦးနဲ့တစ်ဦး ယုံကြည်နေတဲ့အခါ ပူးပေါင်း ဆောင်ရွက်ရတာ လွယ်ကူပေမယ့် မယုံကြည်တော့ဘူးဆိုရင် ဘယ်လိုပဲ ကောင်းရာမွန်ရာလုပ်လုပ် မယုံကြည်တဲ့အကြည့်နဲ့ သံသယစကားတွေက ဝင်လာတတ်ပါတယ်။ ယုံကြည်နေတုန်းက ဘာလုပ်လုပ် အကောင်းမြင်နေပေမယ့် မယုံကြည်တော့တဲ့အခါ ဘာလုပ်လုပ် သံသယဖြစ်တတ်လာတယ်။ အိမ်ထောင်ရေးတစ်ခုမှာတောင် ယောကျာ်းဖြစ်သူနဲ့ မိန်းမဖြစ်သူ နှစ်ဦးဟာ ယုံကြည်မှုပျက်ပြားသွားရင် ကတောက်ကဆနဲ့ ရန်ပွဲတွေ အချေအတင်ဖြစ်ကြတယ်။ ဒါက ပုထုဇဉ်လူ့သဘာဝပဲ ဖြစ်ပါတယ်။ 

ဒီတော့ ယုံကြည်မှုဟာ နေရာတိုင်းမှာ လိုအပ်ပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေကြားမှာ တစ်စုံတစ်ဦးက မိမိကို ယုံကြည်မှုမရှိတော့ရင် ပြန်ယုံကြည်လာအောင် အချိန်ယူပြီး ပြန်လည်တည်ဆောက်လို့ ရကောင်းရနိုင်ပေမယ့် အများရဲ့ယုံကြည်မှုကို ပြန်ရချင်၍ တည်ဆောက်တာကတော့ ထင်သလောက် မလွယ်ကူ မချောမွေ့ပါဘူး။ အထူးသဖြင့် နိုင်ငံရေးမှာဆို ပိုခက်ခဲပါတယ်။

ယနေ့ မြန်မာ့နိုင်ငံရေးအခင်းအကျင်းကို လေ့လာကြည့်တဲ့အခါ ယုံကြည်မှုသဘောသဘာဝရော မယုံကြည်ခြင်း သဘောသဘာဝကိုပါ ပြိုင်တူတွေ့ရပါတယ်။ ဆိုလိုတာက ပါတီတစ်ခုကို ထောက်ခံတယ်ဆိုရင်လည်း အလွန်အကြူး ထောက်ခံကြသလို မကြိုက်မနှစ်သက်ဘူးဆိုရင်လည်း ပြင်းပြင်းထန်ထန် တုံ့ပြန်ကြတာ တွေ့ရပါတယ်။ လူပုဂ္ဂိုလ်တစ်ဦးကို ဝန်းရံတယ်ဆိုရင်လည်း သည်းသည်းလှုပ်ဖြစ်ကြသလို မလိုမုန်းထားသူဆိုရင်လည်း ပစ်ပစ်ခါခါပါပဲ။ ဘူးဆို ဖရုံမသီးသူနဲ့ ဖရုံဆိုလည်း ဘူးမသီးသူတွေ တစ်စထက်တစ်စများလာနေသလား အောက်မေ့ရတယ်။ 

သတိထားကြည့်ရင် စာရေးသူတို့ ယနေ့လူ့အဖွဲ့အစည်းထဲမှာ အဓိက အုပ်စု ၄ စုကို တွေ့ရပါတယ်။ ပထမအုပ်စုက ဒီမိုကရေစီကို လိုလိုလားလား ယုံကြည်သူများ ဖြစ်ပါတယ်။ သူတို့က လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အပေါ် ဗဟိုပြု၍ ဒီမိုကရေစီခရီးကို ချီတက်လာသူများလို့ ပြောလို့ရမယ် ထင်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်သူများဟု နာမည်တပ်ရမယ်ထင်ပါတယ်။ 

ပုဂ္ဂိုလ်ခင်တော့ လက်ရှိအစိုးရအပေါ်သည်းခံနိုင်ပြီး အစိုးရဆောင်ရွက်ချက်များကို အကောင်းမြင်၍ ဝန်းရံနေသူများ ဖြစ်ပါတယ်။ ဒီမိုကရေစီစနစ် ရှင်သန်ဖွံ့ဖြိုးဖို့ ဒေါ်အောင်ဆန်းစုကြည်မှအပ အခြားသောလူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများက မစွမ်းဆောင်နိုင်ဘူးလို့ ယုံကြည်နေကြတာ တွေ့ရပါတယ်။ ဒါဟာလည်း လာရာသမိုင်းကြောင်းကို နောက်ပြန်ကြည့်လိုက်ရင် မှန်နေတာ တွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဆိုတာ ဒီမိုကရေစီရဲ့ ပြယုဂ်လို့ ဝန်းရံသူများက ခံယူကြသလို မြန်မာ့ဒီမိုကရေစီနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ခွဲမရဘူးလို့တောင် ဆိုသူက ဆိုပါတယ်။

ဒုတိယအုပ်စုကတော့ ရှင်းပါတယ်။ ဘယ်သူပဲ အာဏာရရ တိုင်းပြည် တိုးတက်ရေးကို စွမ်းဆောင်နိုင်ရင် ဘယ်နိုင်ငံရေးသမားကိုမဆို ထောက်ခံဖို့ အသင့်အနေအထားဆိုတဲ့ တိုးတက်ရေးသမားတွေပဲ ဖြစ်ပါတယ်။ တိုင်းပြည် တိုးတက်လာမယ်ဆိုရင် ဒီမိုကရေစီ စံချိန်စံညွှန်းပြည့်တာ၊ မပြည့်တာ အသာထား။ နိုင်ငံသားအားလုံး ဆင်းရဲတွင်းကနေ လွတ်ကင်းဖို့က အဓိကကျတယ်လို့ သုံးသပ်ပြောဆိုကြပါတယ်။ 

တိုးတက်ရေးသမားတွေက ပြီးခဲ့တဲ့ အစိုးရသက်တမ်း သမ္မတဟောင်း ဦးသိန်းစိန်ကို သဘောကျ ထောက်ခံကြတယ်။ သူလာရာ နောက်ကြောင်း ဘယ်လိုပဲ ရှိနေခဲ့ပါစေ တိုင်းပြည်တိုးတက်ရေး (အပြောင်းအလဲတစ်ခု) ကို ဖော်ဆောင်နိုင်ခဲ့တဲ့အတွက် ပုဂ္ဂိုလ်ရေးအရ ထောက်ခံကြတာကို တွေ့ရပါတယ်။ သို့သော်လည်း သူဆင်းသက်လာရာပါတီကို ရာနှုန်းပြည့် ထောက်ခံဖို့ကျ အင်းလည်း မဟုတ် အဟင့်လည်း မလုပ်ဘဲ ပါတီနဲ့ လူကို တချို့က ခွဲမြင်ကြပြန်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ပုဂ္ဂိုလ်ရေးအရ ယုံကြည်ကြသလို သူထိန်းကျောင်းရာ ပါတီအပေါ်မှာလည်း သူ့ပုံရိပ်က ရိုက်ခတ်နေပါတယ်။

တတိယအုပ်စုကတော့ အမျိုးသားရေးနဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို ဦးထိပ်ထားသူများပဲ ဖြစ်ပါတယ်။ သူတို့က အမျိုးသားရေးကို အပွန်းအပဲ့မခံနိုင်ကြဘဲ အချုပ်အခြာအာဏာကို အသက်ပေး ကာကွယ်မယ်လို့ ခံယူကြပါတယ်။

စတုတ္ထအုပ်စုကတော့ တန်းတူညီမျှရေးနဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးကို အခြေခံပြီး ဖက်ဒရယ်စနစ်ကို မျှော်မှန်းအိပ်မက်အဖြစ် မက်ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများပဲ ဖြစ်ပါတယ်။

ဒီအုပ်စုလေးခုဟာ တစ်အုပ်စုအပေါ် တစ်အုပ်စု ယုံကြည်ကြသလားလို့မေးရင် အဖြေခက်မယ် ထင်ပါတယ်။ လက်ရှိဖြစ်ပျက်နေတဲ့ အခင်းအကျင်းများကို လေ့လာရသလောက် ကောင်းမွန်တဲ့အဖြေတော့ မထွက်ပါဘူး။ တစ်အုပ်စုနဲ့တစ်အုပ်စုက မယုံကြည်မှုတွေ များနေတာ တွေ့ရပါတယ်။ ဒါကြောင့် နိုင်ငံရေးလေ့လာသူတွေက နိုင်ငံအတွင်းလိုအပ်နေတဲ့လုပ်ငန်းစဉ်ဟာ ယုံကြည်မှုတည်ဆောက်ရေးလို့ တညီတညွတ်ဆိုနေကြပါတယ်။ အမျိုးသားစည်းလုံးညီညွတ်ရေးလို့ခေါ်ခေါ် အမျိုးသား ပြန်လည်သင့်မြတ်ရေးလို့ဆိုဆို အနှစ်ချုပ်အားဖြင့် ဒီအုပ်စုတွေကြား အပြန်အလှန်နားလည်ယုံကြည်မှုပဲ ဖြစ်ပါတယ်။ ခုပစ္စက္ခအခြေအနေမှာတော့ တစ်အုပ်စုကို တစ်အုပ်စုက ဝေဖန်၊ အပြစ်တင်ကြရင်းနဲ့ အရွေ့တစ်ခုကို ထင်သလောက်မရောက်နိုင်ဘူး ဖြစ်နေပါတယ်။

ယုံကြည်မှုနဲ့ပတ်သက်လို့ ပြန်ကောက်ရရင် ပြီးခဲ့တဲ့အပတ်က မီတာခနှုန်းထားတွေ တိုးကောက်မယ်ဆိုတဲ့ သတင်းထွက်လာတော့ ဝေဖန်သူက ဝေဖန်၊ ထောက်ခံသူက ထောက်ခံနဲ့ လူမှုကွန်ရက်မှာ ရုတ်ရုတ်သဲသဲ လှုပ်ခတ်ခဲ့ပါတယ်။ အဲဒီလိုဝေဖန်သူတွေထဲမှာ ဖေ့စ်ဘွတ်ခ်သုံးစွဲသူတစ်ဦးရဲ့ ရေးသားချက်ကို သတိထားမိပါတယ်။ ဘာလဲဆိုတော့ NLD အစိုးရ လက်ထက် မီတာခတက်တာနဲ့ပဲ ပြည်ခိုင်ဖြိုးပါတီကို မဲပေးရမှာလားတဲ့။ သူဆိုလိုချင်တာက လက်ရှိအာဏာရပါတီ NLD က ဘာပဲလုပ်လုပ် ယုံယုံကြည်ကြည် ထောက်ခံမယ်လို့ ဆိုလိုပုံရပါတယ်။ သူယုံကြည်ရာ NLD မှ အပ အခြားမရှိဆိုတဲ့ ခံယူချက်နဲ့ ရပ်တည်နေပုံပါပဲ။ ယုံကြည်နေသူအတွက် ဘေးကလူက မကောင်းဘူးလို့ ဘယ်လောက်ပြောပြော သူ့ယုံကြည်မှုကို နည်းနည်းလေးမှ အပွန်းအပဲ့ မခံနိုင်ဘူးဆိုတဲ့ခံယူချက်ကို သွားတွေ့ရပါတယ်။

ဒီအချက်ကိုကြည့်ပြီး ယုံကြည်မှုသဘောသဘာဝကို နားလည်အောင် ကြိုးစားကြည့်မိပါတယ်။ ဪ ယုံကြည်မှုဆိုတာ တကယ်ကြီးကျယ်ပါလားပေါ့။ တချို့ကလည်း မီတာခဈေးတက်တော့ ပြည်သူတွေ ချွေချွေတာတာနဲ့ စနစ်တကျ သုံးတတ်လာမှာပေါ့တဲ့။ အစိုးရကို အပြစ်မဆိုဘူး။ အကောင်းဘက်ကဖြည့်တွေးပြီး ထင်မြင်ချက်တောင် ပေးလိုက်သေးတယ်။ ဒါဟာ ယုံကြည်မှုရဲ့ တစ်ပိုင်းတစ်စလို့ စာရေးသူက ဒီလိုပဲ ကောက်ချက်ချချင်ပါတယ်။ ယုံကြည်နေရင် ဘာလုပ်လုပ် အကောင်းမြင်တတ်ပါလား။ မိမိယုံကြည်တဲ့သူဆိုရင် ဘာလုပ်လုပ် ဖြည့်တွေးတတ်ပါလား။ မီတာခတက်တဲ့ကိစ္စလိုဖြစ်ရပ်မျိုး လက်ရှိအစိုးရမဟုတ်ဘဲ တခြားအစိုးရတစ်ရပ်လုပ်ရင် ဘယ်လောက်များ ဝေဖန်လိုက်ကြမလဲ။

ခုလည်း မဝေဖန်ကြတာတော့ မဟုတ်ပါဘူး။ လက်မခံနိုင်သူတွေက တစ်နည်းတစ်ဖုံ ဝေဖန်ကြတာ တွေ့ရပါတယ်။ သို့သော် ဝေဖန်တဲ့ဘက်နဲ့ ဖြည့်တွေးတဲ့ဘက် ယှဉ်ကြည့်တဲ့အခါ ဝေဖန်သူနည်းတာကိုတော့ သတိထားမိပါတယ်။ တချို့ကလည်း ဖယောင်းတိုင်ကမ်ပိန်းတောင် လုပ်လိုက်သေးတယ်မဟုတ်လား။ ထားပါတော့။ ဒါက ယုံကြည်မှုရဲ့စွမ်းအားကို အနီးစပ်ဆုံးဥပမာတစ်ခု ပေးတာပါ။

တစ်ဖက်၌လည်း မယုံကြည်မှုသဘောသဘာဝကို တွေ့ရပါတယ်။ မယုံကြည်တော့ဘူးဆိုရင် ဘာပဲလုပ်လုပ် အပြစ်မြင်ကြတာပဲ။ မယုံကြည်ရသူတစ်ဦး အချိုးပြောင်းပြီး ကောင်းရာမွန်ရာ လုပ်နေရင်တောင် ဘာအကြံအစည်များ ရှိနေတယ်မသိဘူးလို့ ဝေဖန်ချင် ဝေဖန်တာ။ တစ်လောက ပါတီတစ်ခုရဲ့ သတင်းစာရှင်းလင်းပွဲမှာ တာဝန်ရှိသူတစ်ဦးက နွားလို ရုန်းပြမယ်လို့ ပြောဆိုတာကို ဝေဖန်လိုက်ကြတာလည်း နိုင်ငံအနှံ့။ အမှန်က သူ့စကားရဲ့ လိုရင်းက ပါတီတွေ အစိုးရတွေဟာ ပြည်သူတွေရဲ့ အခိုင်းအစေဆိုတာကို ပြောလိုဟန်တူပါတယ်။ သို့သော် သူတို့အပေါ် မယုံကြည်တဲ့လူတွေက ရှိတော့ တစ်ချက်ကလေး မမှားလိုက်နဲ့ ဝိုင်းဆော်မယ့်သူက အုံနဲ့ကျင်းနဲ့။ ဒီတော့ မယုံကြည်မှုဆိုတာလည်း တစ်ဖက်ကကြည့်ရင် မှန်ကန်တဲ့ သုံးသပ်ချက်ကို တိမ်းစောင်းသွားစေပါတယ်။

ဒီတော့ ပြောလိုရင်းက ယုံကြည်မှုမှာလည်း အစွန်းနှစ်ဖက် ရှိပါတယ်။ ယုံကြည်လွန်ခြင်းနဲ့ အယုံအကြည်ကင်းမဲ့ခြင်းဆိုတဲ့ အစွန်းနှစ်ဖက်။ ယုံကြည်မှုလွန်သွားရင် ကိုးကွယ်ရာသို့ ရောက်သွားနိုင်သလို အယုံအကြည် ကင်းမဲ့ခြင်းဟာလည်း သံသယဖြစ်လွန်းရာ ရောက်ပါတယ်။ အဲဒီအစွန်း နှစ်ဖက်ကြားမှာ စာရေးသူတို့အနေနဲ့ ပညာ၊ သတိ၊ ဆင်ခြင်ဉာဏ်နဲ့ ယုံကြည်ဖို့လိုပါတယ်။ ဒါမှသာ တော်တည့်မှန်ကန်တဲ့ ယုံကြည်မှုလို့ဆိုရမှာ ဖြစ်ပါတယ်။ 

အစိုးရတစ်ရပ်ပဲဖြစ်စေ၊ ပါတီတစ်ခုပဲဖြစ်စေ၊ လူပုဂ္ဂိုလ်တစ်ဦးပဲဖြစ်စေ ယုံကြည်ထိုက်တဲ့ အကြောင်းအရင်းနောက်ခံ ခိုင်လုံမှန်ကန်ရင် ယုံကြည်ရမှာဖြစ်ပြီး ယုံကြည်စရာအကြောင်းတရားတွေ မရှိဘူးဆိုရင်တော့ ငြင်းပယ်ရမှာပဲ ဖြစ်ပါတယ်။ ယုံကြည်တယ်ဆိုရုံနဲ့ အားလုံးဟာ ခြောက်ပြစ်ကင်း သဲလဲစင်ဖြစ်မသွားသလို မယုံကြည်ဘူးဆိုရုံနဲ့လည်း တွေ့ကရာ အပြစ်မြင်ဖို့ မသင့်ဘူးလို့ ယူဆမိပါတယ်။

ဒီတော့ ယုံကြည်မှုဆိုတာ အလကားရသလားလို့ မေးစရာရှိပါတယ်။ မရဘူးလို့ပဲ ခပ်တိုတိုဖြေရမယ် ထင်ပါတယ်။ ယုံကြည်မှုအတွက် အချိန်ယူပေးဆပ်ပြီး တည်ဆောက်ရပါတယ်။ ယုံကြည်မှုအတွက် ထိုက်သင့်တဲ့ပေးဆပ်မှုမပါဘဲ လွယ်လွယ်ကူကူတော့ မရနိုင်ပါဘူး။ စာသင်နေတဲ့ ဆရာတစ်ဦးမှာတောင် တပည့်တွေရဲ့ ယုံကြည်မှုကိုရဖို့ သူ့ရဲ့ သင်ပြနည်းစနစ်တွေ၊ ပညာ ရည်ပြည့်ဝမှုတွေ၊ ဘာသာရပ်အပေါ် တတ်သိနှံ့စပ်မှုတွေ၊ ဆရာ့အင်္ဂါရပ် ပြည့်စုံမှုတွေလိုပါတယ်။ အပေါ်မှာ တင်ပြခဲ့သလို NLD ကို ပြည်သူက ယုံကြည်တယ်ဆိုတာလည်း သူတို့ရဲ့ ရှေ့သမိုင်းစဉ်တစ်လျှောက်မှာ ပြည်သူ တွေအတွက် အနစ်နာခံမှု၊ ပေးဆပ်မှုနဲ့ မယိမ်းမယိုင် ရပ်တည်ပေးမှုတွေကြောင့် ပြည်သူက ယုံကြည်တာလို့ဆိုရင် မှားမယ်မထင်။

ဒီနေရာမှာ စာရေးသူ ဖတ်ခဲ့ဖူးတဲ့ နိုင်ငံရေးစာအုပ်တစ်အုပ်က စာတစ်ပိုဒ်ကို အလျဉ်းသင့်လို့ ဖော်ပြချင်ပါတယ်။ အစိုးရနဲ့ ပြည်သူ အပြန်အလှန် နားလည်ယုံကြည်မှုရှိတဲ့အချိန်ဟာ တိုင်းပြည်တိုးတက်ဖို့ အခွင့်အလမ်း အများဆုံးအချိန်လို့ ဆိုပါတယ်။ အစိုးရက ပြည်သူကို နားလည်တဲ့အခါ ပြည်သူတွေရဲ့ လိုလားချက်ကိုသိရှိနိုင်ပြီးတော့ ပြည်သူကလည်း အစိုးရကို နားလည်တဲ့အခါ ဆောင်ရွက်တဲ့လုပ်ငန်းတိုင်း၊ ဆုံးဖြတ်တဲ့ဆုံးဖြတ်ချက်တိုင်းကို ဝိုင်းကန့်ကွက်မနေဘဲ ယုံကြည်လက်ခံတဲ့အတွက် မူဝါဒများ၊ စီမံကိန်းများ အောင်မြင်ပြီးတော့ တိုင်းပြည်တိုးတက်တယ်လို့ဆိုပါတယ်။ 

ဟုတ်တယ်လေ။ အစိုးရကိုမယုံကြည်ဘူးဆိုရင် ဘာလုပ်လုပ် အကောင်းမမြင်နိုင်ဘဲ ဝိုင်းကန့်ကွက်နေကြရင် အစိုးရရဲ့ လုပ်ကိုင်ဆောင် ရွက်မှုတွေမှာ နှောင့်နှေးကြန့်ကြာစေပါတယ်။ တစ်ခုခုလုပ်မယ်ဆိုတိုင်း ပြည်သူကို နားလည်အောင် ရှင်းပြရ၊ ညှိနှိုင်းရ၊ ဖျောင်းဖျနေရရင် ဆောင်ရွက်လိုတဲ့လုပ်ငန်းဟာ ထင်သလောက် မြန်ဆန်မှာ မဟုတ်ပါဘူး။ ယုံကြည်နေတယ်ဆိုရင်တော့ ညှိရနှိုင်းရတာတွေ နည်းတာမို့ ပိုမြန်ဆန်ပါတယ်။

အားလုံးသိတဲ့အတိုင်း အနုပညာသည်တွေဆိုတာ ပရိသတ်မရှိရင် ကြာရှည်ရပ်တည်ဖို့ ခက်ခဲသလို နိုင်ငံရေးသမားတွေဆိုတာလည်း လူထုရဲ့ ယုံကြည်မှု တစ်နည်းအားဖြင့် ထောက်ခံမှုမရတော့ရင် နိုင်ငံရေးနယ်ပယ်ကနေ ထွက်ခွာပေးရစမြဲပါ။ (ခြွင်းချက်တော့ ရှိပါတယ်) ဒီတော့ နိုင်ငံရေးသမားတွေအနေနဲ့ လူထုယုံကြည်မှုကို တည်ဆောက်ဖို့လိုအပ်မှာဖြစ်ပြီး ယုံကြည်ချင်လောက်အောင် နိုင်ငံရေးခံယူချက်၊ နိုင်ငံရေးသမာဓိ၊ နိုင်ငံရေး သတ္တိတို့ ပြောင်လက်နေဖို့လည်း လိုပါတယ်။ အခြေခံအကျဆုံးကတော့ လူထုက ယုံကြည်လို့ အပ်နှင်းလိုက်တဲ့ နိုင်ငံရေးအာဏာကို အလွဲသုံးစားမလုပ်မိဖို့ သတိထားကြရမှာ ဖြစ်ပါတယ်။ အလွဲသုံးစားလုပ်ခဲ့ရင်တော့ နိုင်ငံရေးထဲ တစ်ကျော့ပြန်ဝင်လာဖို့ ခက်ခဲသွားမှာ အသေအချာပါပဲ။ ဒီမိုကရေစီစနစ်မှာ မိမိတို့ရဲ့ အာဏာစီးဆင်းလာရာ ပြည်သူ့သဘောထားကို မျက်ကွယ်ပြု၍ ကန့်လန့်မတိုက်ဖို့ လိုမယ်ထင်ပါတယ်။

ပြည်သူတွေဘက်ကလည်း မိမိယုံကြည်နေသူတွေ လုပ်သမျှကို ဘာမှမဆင်မခြင်ဘဲ ထောက်ခံနေမယ်ဆိုရင် အဲဒါကို အယုံကြည်လွန်ခြင်း အစွန်းတစ်ဖက်ဆီရောက်နေပြီလို့ မှတ်ချက်ပြုရမှာ ဖြစ်ပါတယ်။ ဆိုလိုတာက ယုံကြည်နေတယ်ဆိုတိုင်း မျက်ကန်းယုံကြည်မှု ဖြစ်မသွားဖို့ အရေးကြီးပါတယ်။ သတိတရား လက်ကိုင်ထားပြီး ယုံကြည်ထိုက်သေးလား ဆိုတာ အမြဲဆန်းစစ်နေဖို့ လိုပါတယ်။

အခြားတစ်ဖက်မှာလည်း မယုံကြည်ဘူးဆိုတိုင်း သူတို့လုပ်သမျှ အရာခပ်သိမ်း အမှားအယွင်း အလွဲအချော်တွေပါလို့ တစ်သဝေမတိမ်း ကောက်ချက်ချ ကန့်ကွက်မနေသင့်ပါဘူးလို့ ထင်မြင်မိပါတယ်။ မယုံကြည်စေကာမှု ကောင်းတာလုပ်ရင် ကောင်းတယ်လို့ သတ်မှတ်ရမှာပဲ မဟုတ်လား။

အဓိက ယုံကြည်မှုအစွန်းနှစ်ဖက်ကို ရောက်မသွားဖို့ ဆိုလိုရင်း ဖြစ်ပါတယ်။ အစိုးရတစ်ရပ်ကို ယုံကြည်တယ်ဆိုတိုင်း မျက်စိစုံမှိတ် ခေါင်းညိတ်နေရင် အမှန်တရားနဲ့ ကင်းဝေးသွားပါလိမ့်မယ်။ ထိုနည်းတူစွာ ပါတီတစ်ခုကို အယုံအကြည်မရှိဆိုတိုင်း ခေါင်းခါနေရင် ပကတိအခြေအနေနဲ့ ကင်းဝေးသွားပါလိမ့်မယ်။

ယုံကြည်မှုဆိုတာ တည်ဆောက်ရတာ သိပ်ခက်ပါတယ်။ ပျက်ပြားသွားပြီဆိုရင်လည်း ပြန်တည်ဆောက်ရတာ ခဲယဉ်းပါတယ်။ စာရေးသူတို့ ပြည်သူများအနေနဲ့ အစိုးရ၊ ပါတီ၊ အဖွဲ့အစည်းများကို မြင်တဲ့အခါ ယုံကြည်မှုအစွန်းနှစ်ဖက်ကြားကနေလွတ်အောင် မြင်နိုင် သုံးသပ်နိုင်မှ ပကတိအမှန်တရားနဲ့ ပိုနီးစပ်မယ်လို့ ယုံကြည်နေမိပါတယ်။

သားညိုထွေး