News

POST TYPE

PERSPECTIVE

ငဲ့စောင်းကြည့်မိသော ဂီတရေစီးနှင့် ပြန်ဆိုတေး
01-Jul-2019



မြန်မာပြည်၏ ဂီတရေစီးကြောင်းသည် ပျံသန်းသွားသော အချိန်ကာလများအောက်တွင် အရှိန်အဟုန် ကောင်းကောင်းဖြင့် အစဉ်အမြဲစီးဆင်းနေ၏။ သီချင်းကြီး၊ သီချင်းခံ၊ မြန်မာသံစဉ်မှသည် စတီရီယိုသီချင်း၊ ရော့ခ်၊ ဟဲဗီးရော့ခ်၊ ပေါ့ပ်ဂီတအလယ် အော်တာနေးတစ်၊ ပန့်ခ်၊ ရက်ပ်၊ ဟစ်ဟော့၊ ဒီဂျေအဆုံး အချိုးအကွေ့များဖြင့် ရေစီးကြောင်း အလျဉ်သည် ပြောင်းလဲလာခဲ့၏။ ဂီတသည် လူငယ်ထု၏ ရင်ဘတ်ထဲက ဧည့်ခန်းတစ်ခုဟုဆိုနိုင်၏။ ထို့ကြောင့် ရောက်ရှိနေသော ဂီတရေစီးကြောင်း အချိုးအကွေ့သည် ခေတ်၏ ပြယုဂ်တစ်ခု၊ ခေတ်၏ ကြေးမုံပြင်တစ်စိတ်တစ်ပိုင်း ဖြစ်လာ၏။ 

ဂီတအဟောင်းကို ငြီးငွေ့ရိုးအီနေကြသော လူငယ်အချို့သည် ဂီတရေစီးကြောင်းအပြောင်းအလဲကို ကိုယ်ပိုင်တီထွင်ခြင်းဖြင့်လည်းကောင်း၊ မိမိနိုင်ငံအပြင်ဘက်ရှိ နိုင်ငံတကာမှဂီတကို တိုက်ရိုက်ကူးချခြင်း၊ အနည်းငယ်တုပခြင်း၊ မှီငြမ်းခြင်းဖြင့်လည်းကောင်း ဖန်တီးဆန်းသစ်ခဲ့ကြသည်။ ထိုအခါ အပြောင်းအလဲတို့၏ ထုံးစံအတိုင်း ရှိနှင့်ပြီးသားအဟောင်းနှင့်အသစ်တို့၏ ရင်ဆိုင်တိုးဝှေ့မှုများ၊ ပွတ်တိုက်မှုများသည် ကြီးမားစွာ ထွက်ပေါ်လာခဲ့သည်။ ကျယ်လောင်ပြင်းထန်ခဲ့ကြသည်။ ဂီတသစ်ကို မက်မောသူများသည် နိုင်ငံတကာရှိ ဂီတကို မှီငြမ်းဖန်တီး ဆန်းသစ်ရုံနှင့် အားမရနိုင်သေးဘဲ မိမိနိုင်ငံအတွင်းမှ ရှိနှင့်ပြီးသား ဂီတဟောင်းများကိုပါ ပြန်လည်ဆန်းသစ် ဖန်တီးခဲ့ကြသည်။ ထိုအခါတွင် ယခင်ထက် ပိုမိုကျယ်လောင်ပြင်းထန်သော ပွတ်တိုက်မှုများ တွေ့ကြုံကြ၏။

လွန်ခဲ့သော အနှစ် ၄၀ ကျော်ခန့်က အဆိုတော် မင်းမင်းလတ်၏ အနောက်တိုင်းကော်ပီရော့ခ်သီချင်းများ ပရိသတ်ရှေ့သို့ ထွက်လာသောအခါ အဟောင်းခွံထဲ၌ နေသားကျလာခဲ့သောလူအချို့သည် ထိုသီချင်းသစ်များကို ခါးခါးသီးသီး လက်မခံငြင်းဆန်ခဲ့ကြလေ၏။ သို့သော် ရိုးရိုး စတီရီယိုသီချင်းများကို ငြီးငွေ့ရိုးအီနေကြသော လူငယ်အချို့ကမူ မင်းမင်းလတ်၏ လမ်းသစ်ထွင်သောဂီတကို လက်ခံနားထောင်ခဲ့ကြ၏။ နှစ်ခြိုက်ကျေနပ်ခဲ့ကြ၏။ ရော့ခ်ဂီတခေတ်ဦးကို အစပြုခဲ့သော မင်းမင်းလတ်နောက်ပိုင်းတွင် ဇော်ဝင်းထွဋ်၊ ထူးအိမ်သင်၊ ဟယ်ရီလင်း၊ လေးဖြူ၊ အငဲ၊ ထွဏ်းထွဏ်း၊ ရင်ဂို၊ ဘိုဘို၊ မာရဇ္ဇ၊ ကော်နီ၊ အေးချမ်းမေ အစရှိသူများသည် ရော့ခ်ဂီတကို ပိုမိုဆန်းသစ်အားကောင်းအောင် တီထွင်ဖန်တီးရင်း မင်းမင်း လတ်လျှောက်သောလမ်းကို ဆက်လက်လျှောက်လှမ်းခဲ့ကြသည်။ ထိုစဉ်က လူငယ်လူရွယ်တို့၏ ရင်ထဲတွင် ရော့ခ်သည် ခိုင်မာငြိတွယ် စွဲလမ်းခဲ့ရ၏။ ထိုအတောအတွင်း ဇော်ဝင်းထွဋ်သည် မင်းမင်းလတ်၏ သီချင်းဟောင်းများကို ပြန်လည်သီဆိုခဲ့၏။ ထိုအခါ မင်းမင်းလတ် ပရိသတ်များသည် ဇော်ဝင်းထွဋ်အား မင်းမင်းလတ်ကို မမီဟု ဝေဖန်ပြစ်တင်ကြ၏။ သို့သော် ထိုပြန်ဆိုတေးများ အောင်မြင်ခဲ့၏။ ထိုကဲ့သို့ ရော့ခ်သီချင်းများ ဖုံးလွှမ်းသွားသည့်အတွက် ယခင်ကရှိနှင့်ပြီးသား မြန်မာပြည်သိန်းတန်၊ သုမောင်၊ မင်းအောင်၊ မာမာအေး၊ ခင်ညွန့်ရည်၊ တင်တင်မြ၊ နီနီဝင်းရွှေ၊ ခိုင်ထူး၊ စိုးလွင်လွင်၊ လွှမ်းမိုး၊ ကိုင်ဇာ၊ စိုင်းထီးဆိုင်၊ ခင်မောင်တိုး၊ ဂျေမောင်မောင်တို့၏ သီချင်းများသည်လည်း ပျောက်ကွယ်မသွားဘဲ သူ့ ပရိသတ်နဲ့သူ ရှိနေကြဆဲပင်ဖြစ်၏။ ထိုသို့ ရော့ခ်သီချင်းများ အားကောင်းနေဆဲအချိန်တွင် မျိုးကျော့မြိုင်၏ ရက်ပ်သီချင်းများသည်လည်း ဂီတ ရေစီးကြောင်းထဲသို့ ထိုးဖောက်ဝင်ရောက်ခဲ့သေးသည်။မျိုးကျော့မြိုင်သည်လည်း အတိုင်းအတာတစ်ခုအထိ အောင်မြင်ခဲ့ပြန်သည်။

ဂီတရေစီးကြောင်းထဲမှ ရော့ခ်သီချင်းများသည် နောက်ထပ်ထွက် ပေါ်လာသော မျိုးကြီး၊ အဲလက်စ်၊ ဝိုင်ဝိုင်း၊ စည်သူလွင်၊ ဆောင်းဦးလှိုင်၊ ဟန်ထွန်း၊ ဇော်ပိုင်၊ တင်ဇာမော်၊ ချောစုခင်၊ မဒီ၊ ဆုန်သင်းပါရ် အစရှိသူများဖြင့် အနှစ် ၃၀ ကျော်ခန့် ဆက်လက်စီးဆင်းလာခဲ့ရာ နောက်ထပ်အချိုး အကွေ့တစ်ခုသို့ ရောက်ရှိလာခဲ့၏။ ထိုအချိုးအကွေ့မရောက်ခင်လေးတွင် ရော့ခ်သီချင်းများကို ကနဦးသီဆိုခဲ့ကြသော အဲလက်စ်နှင့် ဆောင်းဦးလှိုင်သည် ပေါ့ပ်သီချင်းများပုံစံဘက်သို့ သိသိသာသာ ယိမ်းသွားခဲ့သေး၏။ ပန့်ခ်သီချင်းများကိုသာ သီဆိုသော ဟန်ထူးလွင်လည်း ဂီတရေစီးကြောင်း ထဲသို့ ထိုးဖောက်ဝင်ရောက်လာ၏။ ထွက်ပေါ်လာသည့် ဂီတအချိုး အကွေ့မှာ ပြန်ဆိုတေးများပင်။ လက်ရှိအောင်မြင်နေသော အဆိုတော် အချို့က ယခင် စတီရီယိုသီချင်းများကို ကိုယ်ပိုင်ဟန်အသစ် ဗားရှင်းအသစ်နှင့် ပြန်ဆိုကြ၏။ ထိုအခါ ယခင်သီချင်းဟောင်းကို နှစ်ခြိုက်ခဲ့ကြသော လူအများ၏ ဝေဖန်ခြင်းသည် ဂီတလောက၌ ပွက်ပွက်ညံခဲ့ကြပြန်သည်။ သို့သော်လည်း ပြန်ဆိုတေးများသည် အတိုင်းအတာတစ်ခုအထိအောင် မြင်ခဲ့ပြန်၏။ ထိုမှတစ်ဆင့် ဂီတရေစီးကြောင်းသည် ထပ်မံပြောင်းလဲခဲ့ပြန်သည်။ ထိုအရာကား ဟစ်ဟော့ရေစီးပင်ဖြစ်၏။ ထိုအခါ ရော့ခ်သီချင်းများနှင့် အသားကျနေခဲ့ကြပြီး ဂီတသစ်ကိုလက်မခံလိုသော၊ အဟောင်းကိုဖက် တွယ်ထားလိုသော၊ ငါ့ဂီတမှ အကောင်းဆုံးဆိုသောလူအချို့နှင့် ဟစ်ဟော့သည် ဝိရောဓိဖြစ်ရလေတော့သည်။

သီအိုရီ၊ အက်ဆစ်၊ Teen အစရှိသောလူငယ်တေးသံရှင်အဖွဲ့များ အနက်အက်ဆစ်အဖွဲ့၏ သီချင်းအယ်လ်ဘမ်သည် ယခင်ကာလများစွာက အရောင်းရဆုံးစံချိန်ချိုးခဲ့သော ဗဒင်၊ ထွန်းအိန္ဒြာဗိုတို့ထက် ကျော်လွန်ပြီး စံချိန်ချိုးခဲ့လေသည်။ ဟစ်ဟော့ဂီတကို လမ်းသစ်ဖောက်ခဲ့ကြသော လူငယ်အဖွဲ့များအနေနှင့် လွယ်လွယ်ကူကူ လျှောက်ခဲ့ရခြင်းမဟုတ်။ ယခင်က ရော့ခ်ဂီတလမ်းသစ်ကို စတင်ဖောက်ထွက်လျှောက်လှမ်းခဲ့ရသလိုမျိုး ဝေဖန်မှုများ၊ အတားအဆီးများ၊ အတိုက်အခိုက်များနှင့် ခက်ခဲပင်ပန်းစွာ ရင်ဆိုင်ကြုံတွေ့ခဲ့ရ၏။ ထို့နောက် Examplez၊ No စသော ဟစ်ဟော့အဖွဲ့များနှင့်အတူ ဟစ်ဟော့ဂီတသည် ယနေ့အချိန် စိုင်းစိုင်းခမ်းလှိုင်အထိ လူငယ်ထုရင်ထဲတွင် ရှင်သန်နေဆဲဖြစ်၏။ သို့သော် ယခင်ရှိနှင့်ပြီး သား ရော့ခ်သီချင်းများသည် အောင်ထက်၊ ဝန၊ ဖိုးပြည့်၊ ချမ်းချမ်း၊ ဝိုင်းစုခိုင်သိန်း၊ နီနီခင်ဇော်၊ ဘီလီလမင်းအေး စသောသူများနှင့်အတူ ယနေ့အချိန်အထိ ဂီတရေစီးကြောင်းထဲတွင် ဆက်လက်ရှင်သန်နေဆဲ၊အားကောင်းနေဆဲပင်။

ထိုသို့ ဟစ်ဟော့ရေစီးသန်နေဆဲအချိန်တွင် ဂီတရေစီးကြောင်းကို လှုပ်ရှားအောင်ပြုလုပ်လိုက်သော အဆိုတော်တစ်ဦးထွက်ပေါ်လာပြန်၏။ ထိုသူကား ပြန်ဆိုတေးများဖြင့် အောင်မြင်မှုကြီးမားခဲ့သော R ဇာနည်ပင်။ သူသည်လည်း ကိုယ်ပိုင်ဟန် ကိုယ်ပိုင်အသံဖြင့် သီချင်းဟောင်းများကို ပြန်လည်သီဆိုခဲ့ရာ မူရင်းအဆိုတော်နှင့် မူရင်းသီချင်းကိုသာ စွဲလမ်းနှစ်ခြိုက်သော လူအများ၏ ဝေဖန်ခြင်းကို ပြင်းပြင်းထန်ထန်ခံခဲ့ရလေ၏။ သို့သော် R ဇာနည်သည် ထိုပြန်ဆိုတေးများဖြင့် အောင်မြင်သောအဆိုတော်တစ်ယောက်အဖြစ် ခိုင်မာစွာ ရပ်တည်နိုင်ခဲ့၏။

ယနေ့ခေတ် ဂီတရေစီးကြောင်းသည် ယခင်ကဲ့သို့ မဟုတ်တော့ဘဲ မိမိကြိုက်နှစ်သက်ရာ ဂီတအမျိုးအစားကို ရွေးချယ်ခံစား နားထောင်နိုင်ပြီ။ မြန်မာသံစဉ်လား၊ စတီရီယိုလား၊ ရော့ခ်လား၊ ပန့်လား၊ ပေါ့ပ်လား၊ ဟစ်ဟော့လား။ ကြိုက်ရာရွေးနိုင်၏။ ချဉ်ချိုငန်စပ်ခါး ရသမျိုးစုံမှ ကြိုက်တာရွေးချယ်နိုင်သည့်သဘော။ ဥပမာဆိုရသော် ဟင်းအမည်စုံသော ထမင်းဝိုင်းကြီးထဲမှ မိမိကြိုက်နှစ်သက်ရာဟင်းကို ရွေးချယ်စားသောက် ယူရသလိုမျိုးပင်။ သို့သော် တစ်ခုတော့ သတိပြုရပါမည်။ အချိန်ကာလ ပြောင်းလဲသွားသဖြင့် စားဖိုမှူးသည် ယခင်စားဖိုမှူးမဟုတ်တော့ဘဲ ထိုသူနှင့်လက်ရာကွဲလွဲသော စားဖိုမှူးသစ်၏ လက်ရာဖြစ်နေတတ် သည်ကိုတော့ သတိပြုရပေမည်။ သည်အပြောင်းအလဲကိုတော့ ခံနိုင်ရည် ရှိရပါမည်။ ဆိုလိုသည်မှာ ယခင်မူလသီချင်းဟောင်းကို မူလအဆိုရှင်က သီဆိုခြင်းမဟုတ်ဘဲ အခြားအဆိုတော်တစ်ယောက် အနည်းငယ်ကွဲပြားခြားနားသော၊ လုံးဝကွဲပြားခြားနားသောပုံစံဖြင့် ပြန်လည်သီဆိုရာ၌ မူရင်းနှင့် ထပ်တူကျချင် ကျပေလိမ့်မည်။ ကောင်းချင်မှကောင်းပေလိမ့်မည် ဆိုသည်ကို ပြောလိုရင်းသာဖြစ်၏။

မကြာခင်အချိန်ကာလက The Voice Myanmar သီချင်းဆို ပြိုင်ပွဲတွင် ယှဉ်ပြိုင်သွားသော အမျိုးသမီးတေးသံရှင် ဟေဇယ်သည် လွန်ခဲ့သောနှစ်များစွာက နာမည်ကြီးထင်ရှားခဲ့ပြီး ပရိသတ်နှစ်ခြိုက် စွဲလမ်းခဲ့သော သီချင်းတစ်ပုဒ်ဖြင့် သီဆိုယှဉ်ပြိုင်သွားခဲ့သည်။ သီချင်းနာမည်က “တစ်ကျော့ နှစ်ကျော့ တေးကိုသီ”။ မူရင်းအဆိုတော်သည်လည်း ဟိုယခင်က နာမည်ကြီးအဆိုတော် တင်တင်မြ။ သီချင်းစာသားအချို့သည် ဆရာကြီးမင်းသုဝဏ်၏ ရသနှင့်လင်္ကာမြောက်သော စာသားများပင်။ သံစဉ်ဂီတများကို နေရာတကျ နားဝင်ပီယံဖြစ်စေရန် ဖန်တီးသူက ဂီတလုလင် မောင်ကိုကို။ အားလုံးပေါင်းစပ်လိုက်သောအခါ ထိုသီချင်းသည် ထိုခေတ် အခါက သီချင်းအဖြစ်သာမက ရုပ်ရှင်ဇတ်ကားနာမည်အဖြစ်နဲ့ပါ အောင်မြင်ခဲ့သည်။ ထိုသို့အောင်မြင်ခဲ့သော သီချင်းတစ်ပုဒ်ကို အဆိုတော်မဖြစ်သေးသည့် ဝါသနာရှင် မိန်းမငယ်လေးတစ်ယောက်က ပြန်ဆိုခြင်းသည် အလွန်ပင် အန္တရာယ်ကြီးမားလှပေသည်။ အောင်မြင်ပြီးသားအဆိုတော် တစ်ယောက်ပင်လျှင် အောင်မြင်ပြီးသား သူများသီချင်းကို ပြန်ဆိုဖို့ရန် ဝန်လေးကြ၏။ တတ်နိုင်သမျှ လက်ရှောင်ကြ၏။ မဆိုမဖြစ် ဆိုရသောအခါလည်း မူရင်းသီချင်းကို မမီပါက နားလည်လက်ခံပေးဖို့ကို ကြိုတင်မေတ္တာ ရပ်ခံကြလေ့ရှိ၏။ ပြန်ဆိုတေးတစ်ပုဒ်ကို ခံစားရာတွင် လူတော်တော်များများသည် ယခင်ရှိနှင့်ပြီးသား၊ ခံစားမိပြီးသား၊ ရသဘောင်ထဲကသာ ခံစားနားထောင်ကြလေ့ရှိ၏။ မူရင်းအဆိုတော်၏ အသံအင်အားလွှမ်းမိုးမှုနှင့် မူရင်းသီချင်းသံစဉ်၏ အစီအစဉ်တကျ ထွက်ပေါ်လာမှုကွန်ရက်ထဲမှာသာ ကျရောက်နေလေ့ရှိ၏။ ထိုအခါ သီဆိုသူ၏ အသံသစ်နှင့် သီချင်းဂီတ၏ ဆန်းသစ်ပြောင်းလဲမှုကို တွေ့ရသောအခါ ရုတ်တရက် လက်မခံနိုင်ဘဲ ဖြစ်ကြသည်။ ဤသည်မှာ အပြောင်းအလဲ၏ ဖြစ်ရိုးဖြစ်စဉ်တစ်ခုမျှသာ။ ရွေးချယ်စရာလမ်းရှိပုံမရသော ဝါသနာရှင်အဆင့် မိန်းမငယ်လေးအပေါ်၌ ထိုသူများက ဝေဖန်ပြစ်တင်ပြောဆိုကြခြင်းသည်လည်း တကယ်တမ်းတော့ ဖြစ်ရိုးဖြစ်စဉ်မျှသာ။

သို့သော် ထိုသူများအားလုံး မေ့လျော့နေသောအချက်များစွာ ရှိသည်။ ထိုသီချင်းကို သီဆိုသောသူသည် ဝါရင့်သမ္ဘာရင့် အဆိုတော်ကြီး တစ်ယောက်မဟုတ်ဘဲ ငယ်ရွယ်နုနယ်သော အဆိုဝါသနာရှင် မိန်းကလေးတစ်ယောက်။ ထိုမိန်းကလေးက ထိုသီချင်းကို သီဆိုရာတွင် မူရင်းအဆိုတော် တင်တင်မြကဲ့သို့ အဘယ်မှာလျှင် မီအောင် ကောင်းအောင် ဆိုနိုင်ပေလိမ့်မည်နည်း။ မူရင်းကို မမီသောအခါ ဝေဖန်ပြစ်တင်ကြ၏။ ဝါသနာရှင် တစ်ယောက်အတွက် ယင်းဝေဖန်မှုများသည် မျှတမှုရှိပါသလော။ လမ်းလျှောက်တတ်စကလေးကို မပြေးနိုင်ရကောင်းလားဟု အပြစ်တင်နေသလိုပင်။ ပြစ်တင်ခြင်းအစား စာနာနားလည်မှုဖြင့် ဖေးမလက်တွဲခေါ်သင့် ၏။ မှန်ကန်သောစေတနာဖြင့် လမ်းညွှန်ပြသဝေဖန်သင့်၏။ တကယ်တော့ ပြန်ဆိုတေးဆိုသည်မှာ ဘယ်သူပြန်ဆိုဆို မူရင်းကို မမီတာကများ၏။ စိုင်းထီးဆိုင်သည်ပင် “မောင့်လပြည့်ဝန်း” ကို ပြန်ဆိုသောအခါ ပထမအကြိမ် ဆိုစဉ်က ပုံစံမျိုးကို မမီဟု သူကိုယ်တိုင်ပင် ဝန်ခံခဲ့ကြောင်း ပြောဆိုသံကြားဖူးသည်။ မွန်းအောင်၏ သီချင်းအချို့ကို ခင်မောင်တိုးပြန်ဆိုတော့ မွန်းအောင်ကို မမီဟု ပြောကြသည်။ သို့သော် ထိုသီချင်းများကို ပရိသတ် ကြိုက်နှစ်သက်ခဲ့ကြ၏။ အောင်ထက်သည် ရင်ဂို၏ သီချင်းဟောင်းတစ်ပုဒ်ဖြစ်သော “အနားမှာ ဘယ်သူရှိလဲ” သီချင်းကို ပြန်ဆိုခဲ့သည်။ ရင်ဂိုကိုမမီဟု ပြောကြပြန်သည်။ သို့သော် အောင်ထက်၏ ပရိသတ်တွေက ထိုသီချင်းကို နှစ်သက်လက်ခံခဲ့၏။ အောင်ထက်သည် ရင်ဂိုမဟုတ်သည့်အတွက် အောင်ထက်ဟန် အောင်ထက်အသံသာ ထွက်လာပါလိမ့်မည်။ ဤသည်ကို နားလည်နိုင်ဖို့ လိုပါသည်။ ထိုမျှနှင့် အားမရပါက မူရင်းဆိုသည့် ရင်ဂိုကို ပြန်နားထောင်ပြီး ခံစားလို့ရသည်။ ယခု ဟေဆယ်သည်လည်း ဟေဆယ် ဖြစ်သည့်အတွက် ဟေဆယ့်ဟန် ဟေဆယ့်အသံသာ ထွက်လာပါလိမ့်မည်။ သူမသည် တင်တင်မြမဟုတ်သည့်အတွက် တင်တင်မြလို ထပ်တူနီးပါးကောင်းလိမ့်မည်မဟုတ်ပါ။ မကြိုက်ပါက အားမရပါက တင်တင်မြသီချင်းကို ရှာဖွေနားထောင်နိုင်၏။ ယနေ့လို အင်တာနက်ခေတ်ကြီးထဲတွင် ထိုသီချင်းသာမက အခြားပြန်ဆိုတေးများ၏ မူရင်းသီချင်း အားလုံးနီးပါးကို ရှာဖွေနားဆင်နိုင်ပါသည်။

ပြန်ဆိုတေးကို သီဆိုကြသူအားလုံးတွင် ဂီတအပေါ် ရိုးသားသော စိတ်တစ်ခုရှိကြသည်ဟု ယုံကြည်မိပါသည်။ ထိုအရာမှာ မူရင်းသီချင်းကို ဖျက်လိုဖျက်ဆီးလုပ်လိုစိတ်မရှိဘဲ အကောင်းဆုံး ကြိုးစားသီဆိုမည်ဆိုသောစိတ်ပင်။ သူတို့ဟန် သူတို့ဂီတပုံစံအသစ်ဖြင့် ပြန်လည်သီဆိုခြင်းသည် အဟောင်းကိုငြီးငွေ့နေသော ပရိသတ်အတွက် ထိထိရှရှ ခံစားငြိတွယ်နိုင်ဖို့ အတိုင်းအတာတစ်ခုအထိ အားထုတ်ကြိုးပမ်းခြင်းဟု ဆိုနိုင်သည်။ ဝမ်းမြောက်ဝမ်းသာ လက်ခံကြိုဆိုကြရန် လိုအပ်ပါသည်။မူရင်းသီချင်းသည်လည်း မူရင်းအတိုင်း မပျက်စီးဘဲရှိနေဆဲသာ။ အသစ်သီဆိုတီးခတ်လိုက်သည့်အတွက် မူရင်း၏ ကောင်းမွန်သော ဂုဏ်သတ္တိများ၊ ဂန္ထဝင်တွင်နေမှုများသည် တစိုးတစိမျှ ပွန်းပဲ့ပါသွားခြင်းမရှိပါ။ ပရိသတ်သည်လည်း လျော့ပါးမသွားပါ။ တင်တင်မြပရိသတ်သည် မူလအတိုင်းရှိနေမည်ဖြစ်သလို R ဇာနည်၊ ဟေဆယ်၊ အောင်ထက် ပရိသတ်များသည်လည်း သူ့ဘာသာသူသာရှိနေမည်ဖြစ်သည်။

သည်နေရာတွင် ဆရာဇော်ဇော်အောင် အက်ဆေးတစ်ပုဒ်ထဲမှ ခံစားချက်အမြင်အချို့ကို ပြောပြချင်ပါသည်။ အဆိုတော် မောင်မောင်ညွန့်၏ မိုးသက်လေနှင်သီချင်းကို တကယ့်တန်းဝင်အဆိုတော်အမျိုးသမီး တစ်ယောက်က ပြန်သီဆိုထားသည်ကို နားထောင်မိတော့ ထိုအမျိုးသမီးသီဆိုတာ ကောင်းသည်ကို လက်ခံမိသည်တဲ့။ “သို့သော် ရင်ထဲတွင် တစ်ခုခု လစ်ဟာနေသည်ဟု ခံစားရသည်။ မောင်မောင်ညွန့်ကို မမီ၊ မောင်မောင် ညွန့်လောက် မကောင်းဟု လူပြိန်းတစ်ယောက်ဆန်ဆန် ဆုံးဖြတ်ချက်မချ ချင်ပါ။ မီ မမီ၊ ကျော် မကျော်ဆိုသည်မှာ နှိုင်းယှဉ်ခြင်းသဘောပါသည်။ သီးခြားအနုပညာဆောင်ရွက်မှုများဖြစ်သည်ကိုလည်း ခံစားရသည်။ သို့သော် မောင်မောင်ညွန့်ကို စွဲလမ်းနှစ်ခြိုက်ခဲ့သောအစွဲက ရင်ထဲမှာ “ခု” နေသည်ဟု ထင်ရသည်”

ဆရာဇော်ဇော်အောင် ခံစားသကဲ့သို့ပင် တင်တင်မြကို စွဲလမ်းနှစ်ခြိုက်ခဲ့သောအစွဲသည် ကျွန်တော်တို့ရင်ထဲ၌ “ခု” နေပါသည်။ သို့သော် ကျွန်တော်တို့သည် မီ မမီ၊ ကျော် မကျော်ကို လူပြိန်းတစ်ယောက်ဆန်ဆန် မဆုံးဖြတ်သင့်ဘဲ အသစ်တီထွင်ဖန်တီးသောဂီတကို စစ်မှန်သောစေတနာဖြင့် လမ်းညွှန်ထောက်ပြပြီး နားလည်မှုပေးဖို့ အရေးကြီးလှပေသည်။အဘယ့်ကြောင့်ဆိုသော် ပြောင်းလဲနေသော ဂီတရေစီးကြောင်းများ၊ ပြန်ဆိုတေးများ၊ အသစ်တီထွင်ဖန်တီးမှုများသည် အတိတ်ကာလကဲ့သို့ အနာဂတ်တွင်လည်း ထပ်မံကြုံတွေ့ရဦးမှာ သေချာသလောက်ဖြစ်နေသောကြောင့်ပင်။

ခိုင်မြဲသူယျ