News

POST TYPE

PERSPECTIVE

လစ်ဘရယ်ဒီမိုကရေစီခေတ် ကုန်ဆုံးသွားပြီလား
01-Jul-2019


“လစ်ဘရယ်ဝါဒဆိုတာ ခေတ်မရှိတော့ပါဘူး . . .”

ဒီစကားပြောလိုက်သူက ရုရှားသမ္မတ ပူတင်ပါ။ ဂျပန်နိုင်ငံ အိုဆာကာမြို့မှာ ကျင်းပပြုလုပ်မယ့် G-20 ထိပ်သီးဆွေးနွေးပွဲ မထွက်ခွာမီ Financial Time သတင်းစာနဲ့ အင်တာဗျူးမှာ ပြောသွားတာပါ။ တစ်ဆက်တည်းမှာ အနောက်အုပ်စု ဒီမိုကရေစီနိုင်ငံတွေမှာ ဆယ်စုနှစ်အတန်ကြာအောင် အမြစ်တွယ်နေတဲ့ ဒီအယူအဆဟာ ရည်ရွယ်ချက် အထမမြောက်ဘဲ သေဆုံးသွားခဲ့ပြီလို့ ပြောသွားပါတယ်။ သူက အခု အမေရိကန်နဲ့ ဥရောပနိုင်ငံတွေမှာ ခေါင်းထောင်လာတဲ့ ပေါ်ပြူလာဝါဒ (Populism) ကို အမွှမ်းတင်လိုက်ပြီး “ယဉ်ကျေးမှုပေါင်းစုံအယူအဆ” (Multiculturalism) ဆိုတာလည်း ဆက်ပြီးတည်တံ့ဖို့ မဖြစ်နိုင်တော့ပါဘူးလို့ ပြောသွားခဲ့တယ်။

“လစ်ဘရယ်တွေဟာ ဘယ်သူ့ဘယ်သူကိုမှ ကိုယ်စားမပြုနိုင်တော့ပါဘူး”

နိုင်ငံပေါင်း ၂၀ က ထိပ်သီးခေါင်းဆောင်တွေဟာ ဂျပန်နိုင်ငံမှာ ကုန်သွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာကိစ္စတွေကို ဆွေးနွေးတိုင်ပင်နေကြချိန်မှာ ပူတင်ရဲ့ အင်တာဗျူးထွက်ပေါ်လာတာပါ။ ရုရှားနိုင်ငံရဲ့ စတုတ္ထမြောက် သမ္မတသက်တမ်းအထိ ရာထူးရယူထားတဲ့ပူတင်က လစ်ဘရယ်ဝါဒဟာ လူအများစုကြီးရဲ့ အကျိုးစီးပွားနဲ့ ဆန့်ကျင်နေတယ်လို့ ပြောဆိုလိုက်သလို ရွှေ့ပြောင်းဒုက္ခသည်အမြောက်အမြား ဂျာမနီနိုင်ငံမှာ အခြေချခွင့်ပေးခဲ့တဲ့ ဂျာမန်အဓိပတိ အင်ဂျယ်လာမာကယ်ကိုလည်း ရည်ညွှန်းပြော ဆိုသွားခဲ့တယ်။

“ဒီ လစ်ဘရယ်အိုင်ဒီယာဆိုတာ ဘာမှသုံးလို့မရတဲ့အယူအဆကို အခြေခံထားတာ။ ရွှေ့ပြောင်းဒုက္ခသည်တွေဟာ အရေးယူ အပြစ်ပေးမခံရဘဲ လူသတ်နိုင်တယ်၊ လုယက်နိုင်တယ်၊ မုဒိမ်းကျင့်နိုင်တယ်။ သူတို့ကို ရွှေ့ပြောင်းဒုက္ခသည်အဖြစ်နဲ့ အခွင့်အရေးပေးထားကြတာကိုး”

LGBT တွေနဲ့ပတ်သက်ပြီးတော့လည်း “ရုရှားမှာ ခွဲခြားဆက်ဆံမှု မရှိပါဘူး။ လွတ်လပ်ခွင့် အပြည့်ပေးထားတယ်။ ဒါပေမဲ့ တချို့ကတော့ အလွန်အကျွံ အခွင့်အရေးယူတာ တွေ့ရတယ်။ သူတို့က ကလေးတစ်ဦးဟာ လိင်သတ်မှတ်ချက်ငါးမျိုးအထိ သတ်မှတ်လို့ရတယ်ဆိုတဲ့အထိ ပြောလာတယ်။ လူတိုင်းလွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင်ပဲ။ ဘာပြဿနာမှ မရှိဘူး။ ဒါပေမဲ့ ဒီကိစ္စတွေဟာ၊ ထုံးတမ်းစဉ်လာတွေ၊ အများက ယုံကြည်လက်ခံထားတဲ့ ယဉ်ကျေးမှုတန်ဖိုးတွေကိုတော့ လွှမ်းမိုးခွင့်ပြုလို့မရဘူး” လို့ ပြောပါတယ်။

ရုရှားသမ္မတ ပူတင်ဟာ ဆိုဗီယက်ခေတ်မှာ ကြီးပြင်းလာသူဖြစ်ပြီး ကွန်မြူနစ်နိုင်ငံ ဝန်ထမ်းတစ်ဦးဖြစ်ခဲ့တယ်။ သူဟာ ဆိုဗီယက်ပြည်ထောင် စုကြီးပြိုကွဲသွားတဲ့အပေါ် နောင်တရနေသူတစ်ဦးဖြစ်ပြီး ရုရှားနိုင်ငံကို အနောက်လစ်ဘရယ်အင်အားစုကို တန်ပြန်နိုင်စွမ်းရှိတဲ့ နိုင်ငံတစ်ခုအဖြစ် တည်ဆောက်ဖို့ ရည်မှန်းထားသူဖြစ်တယ်။ ဒါ့ကြောင့်မို့လို့ ပူတင်ရဲ့ ခုလိုပြောဆိုချက်တွေဟာ သိပ်တော့မဆန်းပါဘူး။ ဒါပေမဲ့လည်း ရုရှားဟာ စီးပွားရေးအရ အင်အားတောင့်တင်းမှုမရှိသေးသလို နိုင်ငံထဲမှာလည်း လူမှုပြဿနာအများကြီးရှိနေသေးတဲ့ နိုင်ငံတစ်နိုင်ငံပါ။

ဘာပဲဖြစ်ဖြစ် ပူတင်ရဲ့ ခုလိုမှတ်ချက်စကားထွက်ပေါ်လာချိန်မှာ ဒုတိယကမ္ဘာစစ်အပြီး ထွက်ပေါ်လာခဲ့တဲ့ လစ်ဘရယ်လမ်းစဉ်ဟာ သမိုင်းတစ်လျှောက်မှာ အားအပျော့ဆုံးအခြေအနေကို ရောက်ရှိလို့နေပါတယ်။ 

ဘဏ္ဍာရေးအကျပ်အတည်းများရဲ့ အကျိုးဆက်အဖြစ် လစ်ဘရယ် ဒီမိုကရက်တစ်နိုင်ငံအများအပြားမှာ ပေါ်ပြူလစ် (Populist) တွေ အားကောင်းလာခဲ့တယ်။ ဗြိတိန်ရဲ့ Brexit။ တရုတ်နိုင်ငံက ကမ္ဘာ့စီးပွားရေး အင်အားစုကြီးတစ်ခုအဖြစ် ရောက်ရှိလာခြင်း။ အမေရိကန်ရဲ့ အစဉ်အလာ ကမ္ဘာ့နိုင်ငံရေးစံများကနေ သွေဖည်ပြီး သမ္မတဒေါ်နယ်ထရမ့် အာဏာရရှိလာခြင်း စတဲ့အချက်တွေဟာ လစ်ဘရယ်ဝါဒ အားပျော့လာနေမှုရဲ့ အမှတ်လက္ခဏာတွေလို့ ဆိုတယ်။

ပူတင်က လစ်ဘရယ်ဝါဒကို ဝေဖန်သွားရုံမက ဒေါ်နယ်ထရမ့်ကိုလည်း “လူတော်တစ်ဦးပါ။ သူဟာ မဲဆန္ဒရှင်တွေကို စည်းရုံးနိုင်စွမ်းရှိသူ တစ်ဦးပါ”လို့ မြှောက်ပင့် ပြောဆိုသွားပါသေးတယ်။ ဒီသတင်းဖော်ပြထားတဲ့ ဘီဘီစီစာမျက်နှာမှာ ရုပ်သံဖိုင်တစ်ခုလည်း ထည့်သွင်းထားတာတွေ့ရတယ်။ G-20 ထိပ်သီးအစည်းအဝေးမှာ ပူတင်နဲ့ ဒေါ်နယ်ထရမ့်တို့ တွေ့ဆုံဆွေးနွေးနေတဲ့ ဗီဒီယိုဖိုင်ပါ။ သတင်းထောက်တွေက လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ရုရှားက ဝင်ရှုပ်ဦးမလားလို့ ဝိုင်းမေးကြတော့ ထရမ့်က ပူတင်ဘက်လှည့်ပြီး “ဝင်မရှုပ်တော့ဘူး မဟုတ်လား”လို့ နောက်ပြောင်ပြောဆိုပါတယ်။ ပူတင်ကတော့ ပြုံးပြုံးကြီးလုပ်နေပါတယ်။

ဒါ့အပြင် ပူတင်က တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ်ဖြစ်ရတာ၊ ဟော်မုတ်ရေလက်ကြားမှာ အီရန်နဲ့ ပြဿနာဖြစ်ရတာတွေဟာ အမေရိကန်ရဲ့ တစ်ဖက်သတ် ကိုယ်ကျိုးစီးပွားကာကွယ်ရေးမူဝါဒကြောင့် ဖြစ်တယ်လို့လည်း အမေရိကန်ကို ပြစ်တင်ဝေဖန်သွားခဲ့သေးတယ်။ 

ခုလို လစ်ဘရယ်ဝါဒအပေါ် ပူတင်ရဲ့ ပုတ်ခတ်ပြောဆိုမှုနဲ့ပတ်သက်ပြီး အီးယူဥက္ကဋ္ဌ ဒေါ်နယ်တပ်စ်ကတော့ လုံးဝ သဘောမတူပါဘူးလို့ သတင်းထောက်တွေကို သောကြာနေ့ (ဇွန် ၂၈ ရက်) မှာ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။ 

“လစ်ဘရယ်ဒီမိုကရေစီခေတ် မရှိတော့ပါဘူးလို့ ဘယ်သူကပြောသည်ဖြစ်စေ ဒါဟာ လွတ်လပ်မှု (Freedom)၊ တရားဥပဒေစိုးမိုးမှု (Rule of law) လူ့အခွင့်အရေး (Human Rights) မရှိတော့ပါဘူးလို့ ပြောလိုက်တာနဲ့အတူတူပါပဲ” 

“အမှန်တကယ် ခေတ်ကုန်သွားတာက အာဏာရှင်စနစ်၊ ပုဂ္ဂိုလ်ရေးဆည်းကပ်ကိုးကွယ်မှုဝါဒနဲ့ အခွင့်ထူးခံစနစ်တွေပဲလို့ ကျွန်တော်တော့ တွေ့မိပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။

ပူတင်ပြောတာ မှန်နေပြီလား . . . ။

ပူတင်ရဲ့ လစ်ဘရယ်ဒီမိုကရေစီခေတ် မရှိတော့ပါဘူးလို့ ပြောဆိုချက်ဟာ မှန်နေပြီလားလို့ ဘီဘီစီက ပြန်သုံးသပ်ပြထားပါတယ်။

လစ်ဘရယ်ဒီမိုကရေစီနဲ့ပတ်သက်လို့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေဟာ တစ်နေရာနဲ့တစ်နေရာ မတူပါဘူးလို့ ဆိုပါတယ်။ အကြောင်းအရာနဲ့ လူတွေပေါ်မူတည်ပြီး လစ်ဘရယ်ဝါဒကို အဓိပ္ပာယ်သုံးမျိုးဖွင့်ဆိုနိုင်ပါသတဲ့။ အဲဒါတွေကတော့ စီးပွားရေး လစ်ဘရယ်ဝါဒ  (Economic liberalism)၊ နိုင်ငံရေး လစ်ဘရယ်ဝါဒ (Political Liberalism)၊ နဲ့ လူမှုရေး လစ်ဘရယ်ဝါဒ (Social Liberalis m) တို့ပဲဖြစ်တယ်။ 

စီးပွားရေးလစ်ဘရယ်ဝါဒဟာ လွတ်လပ်စွာယှဉ်ပြိုင်ခြင်း (Free Competition) နဲ့ ဈေးကွက်ကို ကိုယ်တိုင်ထိန်းကျောင်းခြင်း (Self regulating market) ကို အခြေခံတယ်။ ဂလိုဘယ်လိုက်ဇေးရှင်းနဲ့ ဆက်စပ်နေပြီး စီးပွားရေးအပေါ် အစိုးရက ဝင်ရောက်စွက်ဖက်မှုနည်းပါးတယ်။

နိုင်ငံရေးလစ်ဘရယ်ဝါဒကတော့ တိုးတက်တဲ့ ယုံကြည်မှုအပေါ် အခြေခံပြီး လူသားမျိုးနွယ်စုနဲ့ တစ်သီးပုဂ္ဂလ အခွင့်အရေးတွေအတွက် မရှိမဖြစ် ကောင်းကျိုးဆောင်ခြင်းနဲ့ နိုင်ငံရေးနဲ့ လူမှုရေးလွတ်လပ်ခွင့်များကို အကာအကွယ်ပေးခြင်းအပေါ်မှာ အခြေခံတယ်။

လူမှုရေးလစ်ဘရယ်ဝါဒကတော့ လူနည်းစုအုပ်စုများကို အကာအကွယ်ပေးခြင်းနဲ့ လိင်တူလက်ထပ်ခြင်းအပါအဝင် LGBT တွေရဲ့ အခွင့်အရေးတွေကို အကာအကွယ်ပေးမှုတွေနဲ့ ဆက်စပ်နေတယ်လို့ ဆိုတယ်။

အခုကိစ္စမှာ ပူတင်ဟာ အနောက်အုပ်စုနိုင်ငံတချို့ရဲ့ “လူဝင်မှုကိစ္စ” “ယဉ်ကျေးမှုပေါင်းစုံယှဉ်တွဲနေထိုင်ရေးဝါဒ” နဲ့ LGBT အရေးကိစ္စတွေအပေါ်ချဉ်းကပ်ဝေဖန်သွားတာဖြစ်လို့ ဒါဟာ နိုင်ငံရေးလစ်ဘရယ်ဝါဒ (Political Liberalism) တစ်ခုတည်းနဲ့သာ သက်ဆိုင်ပြီး လစ်ဘရယ်ဝါဒ အားလုံးနဲ့ အကျုံးမဝင်ဘူးလို့ ဘီဘီစီက ကောက်ချက်ချပါတယ်။ 

တကယ်တော့ လစ်ဘရယ်ဝါဒကို ပြစ်တင်တင်ဝေဖန်တာ ပူတင်တစ်ယောက်တည်း မဟုတ်ပါဘူး။ မကြာသေးခင်က ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန်ကလည်း “လစ်ဘရယ်မဲ့ နိုင်ငံတော်” (Illiberal State) တည်ဆောက်ရမယ်လို့ပြောသွားပြီး တရုတ်နဲ့ ရုရှားတို့လို အာဏာရှင်စနစ်များက အနောက် လစ်ဘရယ်ဒီမိုကရေစီထက် ပိုအလုပ်ဖြစ်တယ်လို့ ပြောဆိုသွားခဲ့တယ်။

ဒါဆိုရင် လစ်ဘရယ်ဝါဒ ခေတ်မမီတော့ဘူးလား . . . ။

ဒီနေ့အထိတော့ လစ်ဘရယ်ဝါဒဟာ ကမ္ဘာ့နိုင်ငံအများအပြားက စံအဖြစ် သတ်မှတ်ကျင့်သုံးဆဲ ဝါဒတစ်ခုဖြစ်နေဆဲပါ။ ဖိုင်နန်ရှယ်တိုင်းမ် သတင်းစာရဲ့ ရေးသားဖော်ပြချက်အရ လစ်ဘရယ်ဝါဒဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ကမ္ဘာမှာ အဓိကလွှမ်းမိုးခဲ့တဲ့ ဝါဒတစ်ခုဖြစ်တယ်လို့ဆိုတယ်။ 

ဒါပေမဲ့ ဒီဝါဒဟာ ကျဆုံးလာနိုင်တယ်လို့ လူအများက ယုံကြည်နေကြပြီဖြစ်တယ်။ ဗြိတိန်မှာ Brexit ကို ထောက်ခံနေကြသူတွေရှိလာတာ၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်လို၊ အီတလီက မက်တီယို ဆယ်လ်ဗီနီလို ပေါ်ပြူလစ်ခေါင်းဆောင်တွေကို လူအများက ထောက်ခံလာတာဟာ သက်သေအထောက်အထားတွေပါပဲလို့ ဆိုတယ်။ 

“မှန်ပါတယ်။ ၂၀၀၈ ခုနှစ်နောက်ပိုင်းကစလို့ လစ်ဘရယ်လမ်းစဉ်ဟာ ပြဿနာတွေနဲ့ ကြုံလာရပါတယ်”လို့ မိုက်ကယ် ကော့စ်ဆိုသူ နိုင်ငံတကာဆက်ဆံရေးပါမောက္ခတစ်ဦးက ဘီဘီစီကို ပြောပါတယ်။ သူက ၂၀၀၈ ခုနှစ် ဘဏ္ဍာရေးအကျပ်အတည်းဟာ အဓိက အလှည့်အပြောင်းတစ်ခုဖြစ်ခဲ့ပြီး ဂလိုဘယ်လိုက်ဇေးရှင်းနဲ့ ဈေးကွက်က အရာအားလုံးကို ဆုံးဖြတ်တယ်ဆိုတဲ့အချက်တွေအပေါ်မှာ ဖြစ်တည်မှုနဲ့ ယဉ်ကျေးမှု (Identity and culture) အရ ကိုယ့်နိုင်ငံကို ကိုယ့်နိုင်ငံမဟုတ်သလို ခံစားလာရတဲ့လူတွေက မေးခွန်းထုတ်လာကြတယ်လို့ ဆိုတယ်။ ဒါပေမဲ့လည်း ဒီနေ့ ကမ္ဘာ့စီးပွားရေးဟာ လစ်ဘရယ်ဝါဒအပေါ်အခြေခံထားပြီး ကမ္ဘာ့နိုင်ငံအများစုဟာ အာဏာရှင်နိုင်ငံတွေ မဟုတ်ကြဘဲ လစ်ဘရယ်ဒီမိုကရေစီ နိုင်ငံတွေဖြစ်ကြတယ်လို့ သူက ဆက်ပြီး ငြင်းချက်ထုတ်သွားပါတယ်။

ဒါက ဂျပန်နိုင်ငံမှာ ကျင်းပတဲ့ G-20 ထိပ်သီးအစည်းအဝေးကို မသွားမီ Financial Time နဲ့ ရုရှားသမ္မတပူတင်တို့ရဲ့ အင်တာဗျူးမှာ “လစ်ဘရယ်ဝါဒ ခေတ်မရှိတော့ပါဘူး” လို့ ပြောဆိုခဲ့မှုနဲ့ပတ်သက်ပြီး ဘီဘီစီရဲ့ သုံးသပ်ချက်တွေဖြစ်ပါတယ်။ စာဖတ်သူအနေနဲ့ရော ဘယ်လိုသုံးသပ်မိပါသလဲ။

ချစ်ဝင်းမောင် (၃၀-၆-၂၀၁၉)