News

POST TYPE

PERSPECTIVE

ခြေဥပြင်ဆင်ရေး မျှော်မှန်းချက်
28-Jun-2019



ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ၁၃ ကြိမ်မြောက် အစည်းအဝေးကို ဇူလိုင်လ ၁၅ ရက်နေ့တွင် ပြန်လည်စတင်မည်ဖြစ်သည်။ ၁၃ ကြိမ်မြောက် အစည်းအဝေးတွင်လည်း စိတ်ဝင်စားဖွယ်အကြောင်းအရာများက အသင့်ရှိနေသည်။ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့စည်းပြီး ခြေဥပြင်ဆင်ရေးကို ဆောင်ရွက်ခဲ့ပြီး လာမည့် ၁၃ ကြိမ်မြောက် အစည်းအဝေးတွင် ခြေဥပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတင်သွင်းမည်ဖြစ်သည်။

၁၂ ကြိမ်မြောက် အစည်းအဝေးတွင် ကျောင်းကုန်းမဲဆန္ဒနယ်မှ ဦးသိန်းထွန်းတင်သွင်းထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းနှင့်စပ်လျဉ်း၍ လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ၏ မှတ်ချက်အစီရင်ခံစာအပေါ် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ပါသည်။ ယင်းဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ပူးပေါင်းကော်မတီ၏ ရှင်းလင်းချက် အစီရင်ခံစာကို (၁၃.၅.၂၀၁၉) ရက်နေ့က လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခဲ့ရာ ဆန္ဒမဲ ထောက်ခံမဲ ၃၈၀ မဲ၊ ကန့်ကွက်မဲ ၁၉၈ မဲ၊ ကြားနေမဲ ၆ မဲဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေမူကြမ်းဆိုင်ရာ ပူးပေါင်းကော်မတီ၏ ဆောင်ရွက်ချက်တွင် တပေါင်းတည်းဆောင်ရွက်ရန် အတည်ပြုဆုံးဖြတ်ခဲ့သည်။

၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ဒေါက်တာမောင်သင်း၊ မိတ္ထီလာမဲဆန္ဒနယ် အပါအဝင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ၁၄၅ ဦး တင်ပြလာသော ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် ပတ်သက်၍ ၂၉-၅-၂၀၁၉ ရက်နေ့က လွှတ်တော်သို့ တင်ပြထားသည်။ ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေဆဲ ဖြစ်သည်။ သို့ဖြစ်ရာ လာမည့် ၁၃ ကြိမ်မြောက် အစည်းအဝေးတွင် ခြေဥဆိုင်ရာဆောင်ရွက်ရမည့် ကိစ္စများမှာ အဓိကဆွေးနွေးရမည့် ကိစ္စရပ်များဖြစ်နေပါသည်။

ခြေဥပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပထမအကြိမ်လွှတ်တော် ကာလအတွင်းက ပြင်ဆင်အတည်ပြုထားသည့် ခြေဥနောက်ဆက်တွဲပါဇယား ပြင်ဆင်ချက်များမှာ ယနေ့အထိရပ်တန့်ထားနေရဆဲ ဖြစ်သည်။ ၂၀၁၁ ခုနှစ်နောက်ပိုင်း ပြောင်းလဲလာသည့် နိုင်ငံ၏အခြေအနေအရ ပထမအကြိမ် လွှတ်တော်ကာလအတွင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးကို ဆောင်ရွက်ခဲ့ကြသည်။ ယင်းဆောင်ရွက်မှုမှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့်ဥပဒေ (၂၀၁၅ ခုနှစ်၊ ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ် ၄၅) ကို ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ၊ ၂၂ ရက်နေ့က ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံဆန္ဒမဲဖြင့် အတည်ပြုပြဋ္ဌာန်းခဲ့ပြီးလည်း ဖြစ်ပါသည်။

၂၀၁၅ ခုနှစ်က အတည်ပြုခဲ့သော ယင်းအတည်ပြုပြဋ္ဌာန်းချက်သည် ယနေ့အထိ မကျင့်သုံးနိုင်သေးသည်ကို တွေ့ရပါသည်။ ယင်းပြင်ဆင်ချက်များသည် ပြည်ထောင်စုက ပြဋ္ဌာန်းကျင့်သုံးခွင့်များကို ပြည်နယ်များသို့ ဥပဒေပြုခွင့်အာဏာများ ခွဲဝေပေးထားခြင်းလည်းဖြစ်သည်။ ယခင် လွှတ်တော်ကအတည်ပြုခဲ့သည့် ဥပဒေကြမ်းအတည်ပြုချက်များကို အကောင်အထည်မဖော်နိုင်သေးသည်မှာ ယနေ့အထိပင်။ ယင်းပြင်ဆင်ချက်များကို မကြာမီကျင်းပမည့် လွှတ်တော်သို့ တင်သွင်းမည့် ခြေဥပြင်ဆင်ရေးနှင့် တစ်ပါတည်း ဆောင်ရွက်ခြင်းရှိ၊ မရှိ သိရပေလိမ့်မည်။ ပြည်ထောင်စု လွှတ်တော်က အတည်ပြုဆုံးဖြတ်ပြီးသော ဥပဒေကြမ်းကို အကောင်အထည်ဖော်ရန် ပြည်ထောင်စုလွှတ်တော်တွင် တာဝန်ရှိပါသည်။

မကြာမီကျင်းပမည့် ပြည်ထောင်စုလွှတ်တော် ၁၃ ကြိမ်မြောက် အစည်းအဝေးတွင် ခြေဥပြင်ဆင်ရေးအတွက် ဆွေးနွေးကြမည်ဖြစ်သည်။ ခြေဥပြင်ဆင်ရေးသည် သာမန်အားဖြင့် တပ်မတော်သား ကိုယ်စားလှယ်များ၏ ထောက်ခံမှုရရှိမှသာ ပြင်ဆင်နိုင်မည်ဖြစ်သည်။ ပထမအကြိမ် လွှတ်တော်သက်တမ်းအတွင်း ခြေဥပြင်ဆင်ရေးတွင် တပ်မတော်သား ကိုယ်စားလှယ်များထောက်ခံသည့် ပုဒ်မနှင့်ဇယားကို ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းကျော်ဖြင့် ပြင်ဆင်အတည်ပြုနိုင်ခဲ့သည်။ ယခုအကြိမ် ခြေဥပြင်ဆင်ရေး မည်သည့်အတိုင်းအတာအထိ ပြင်ဆင်နိုင်မည်၊ အတည်ပြုနိုင်မည်ဆိုသည်မှာ ညှိနှိုင်းဆွေးနွေးနိုင်မှုအပေါ်သာ မူတည်မည်ဟု ယေဘုယျဆိုနိုင်သည်။ သို့သော်လည်း နိုင်ငံရေးအရ ဖြစ်စေ၊ ဥပဒေသဘောအရဖြစ်စေ မမျှော်မှန်းနိုင်သည့် ရလဒ်များလည်း ထွက်ပေါ်လာနိုင်ပါသည်။ ဖက်ဒရယ်နှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် ခြေဥပြင်ဆင်ရာတွင် မြန်မာနိုင်ငံနည်းတူ အသွင်ကူးပြောင်းခဲ့သည့်နိုင်ငံများ၏ ဆင့်ကဲပြောင်းလဲမှုများကို နမူနာယူကြရပါမည်။

မိမိတို့နိုင်ငံကဲ့သို့ပင် စစ်ဘက်အုပ်ချုပ်ရေးမှ အရပ်ဘက်အုပ်ချုပ်ရေးသို့ ဆင့်ကဲပြောင်းလဲခဲ့ပြီး နိုင်ငံရေးအရဖြစ်စေ၊ စီးပွားရေးအရဖြစ်စေ ဖွံ့ဖြိုးတိုးတက်နေသည့် ကိုရီးယားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံများလည်း ရှိနေပါသည်။ အင်ဒိုနီးရှားနိုင်ငံ၌ နိုင်ငံရေးတွင် စစ်ဘက်၏ ပါဝင်မှုကို လျှော့ချခဲ့သည့် နမူနာကောင်းရှိခဲ့ပြီးဖြစ်သည်။ ကိုရီးယားနိုင်ငံတွင်လည်း စစ်ဘက်အုပ်ချုပ်ရေးမှ အရပ်ဘက်အုပ်ချုပ်ရေးသို့ ပြောင်းလဲခဲ့သည့် သင်ခန်းစာရှိခဲ့ပြီး ဖြစ်သည်။ ထို့အတူ အခြားသောကမ္ဘာ့နိုင်ငံများတွင်လည်း အလားတူစစ်ဘက်မှ အရပ်ဘက်သို့ ပြောင်းလဲမှုဖြစ်စဉ်များရှိခဲ့ပြီး ဖြစ်သည်။ အသွင်ကူးပြောင်းမှုများကို အောင်မြင်စွာ ကူးပြောင်းနိုင်မှု၏အခြေခံသည် တွေ့ဆုံညှိနှိုင်းသဘောတူညီချက်ရရှိခြင်းနှင့် မိမိနိုင်ငံ၏အခြေအနေနှင့် လိုက်လျောညီထွေစွာ ပြင်ဆင်နိုင်မှုအဖြစ် တွေ့မြင်ရပါသည်။ သို့သော် စစ်ဘက်အုပ်ချုပ်ရေးမှ အရပ်ဘက်အုပ်ချုပ်ရေး ကူးပြောင်းဖြစ်စဉ် ဆိုသည်မှာလည်း တစ်နိုင်ငံနှင့် တစ်နိုင်ငံ အသွင်သဏ္ဌာန်အားဖြင့် ဖြစ်စေ၊ အနှစ်သာရအားဖြင့်ဖြစ်စေ မတူညီသည့်အချက်များကိုလည်း မြင်တွေ့ရပါသည်။ တင်ပြလိုရင်းမှာ နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ အခြေအနေများ တစ်ထပ်တည်းမတူညီနိုင်မှုနှင့် ကွဲပြားခြားနားမှုများ ရှိနေသော်လည်း ညင်သာစွာနှင့် အောင်မြင်စွာပြောင်းလဲနိုင်ခြင်းပင်ဖြစ်သည်။

အလားတူပင် စစ်ဘက်အုပ်ချုပ်ရေးမှ အရပ်ဘက်အုပ်ချုပ်ရေးသို့ ရာနှုန်းပြည့်ကူးပြောင်းနိုင်ခဲ့သည့် နိုင်ငံများကို အတွေ့အကြုံယူရမည် ဖြစ်သကဲ့သို့ ဒီမိုကရေစီစနစ်နှင့် နိုင်ငံ၏မဏ္ဍိုင်များ ခိုင်မာပြီးဖြစ်သော ထိုင်းနိုင်ငံ၏ လတ်တလော နိုင်ငံရေးဖြစ်စဉ်ကိုလည်း သင်ခန်းစာယူကြရမည် ဖြစ်သည်။ ဒီမိုကရေစီစံနှုန်းများအရ နိုင်ငံရေးတွင် စစ်ဘက်၏ပါဝင်မှုများကို အနည်းနှင့်အများ လျှော့ချနေချိန်တွင် ထိုင်းနိုင်ငံက ၎င်းတို့၏နိုင်ငံရေးသို့ စစ်ဘက်ပါဝင်လာစေခြင်းကိုလည်း ဆန်းစစ်အတုယူကြရပါမည်။ မြန်မာနိုင်ငံအနေနှင့် ယင်းနိုင်ငံများနှင့် မတူညီသည့်အချက်မှာ နိုင်ငံတစ်ဝန်း တိုင်းရင်းသားလက်နက်ကိုင်များ ရှိနေသေးခြင်းဖြစ်သည်။ လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များသည် ဖက်ဒရယ်တည်ဆောက်ရေးနှင့် ဆက်စပ်နေသကဲ့သို့ အခြားသော အကျိုးစီးပွားအတွက် လက်နက်ကိုင်တိုက်ခိုက်နေမှုများလည်း ရှိနေပါသည်။ တစ်နည်းအားဖြင့် မတူညီသော အကျိုးစီးပွားများ၊ ရည်မှန်းချက်များ တည်ရှိနေခြင်းပင် ဖြစ်သည်။ ယင်းအကျိုးစီးပွားများ ဖြေရှင်းရေးဗဟိုချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေပင်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ပထမအကြိမ် အစိုးရသက်တမ်းအတွင်းက ငြိမ်းချမ်းရေးလမ်းကြောင်းမှတစ်ဆင့် ပြင်ဆင်ခြင်းနှင့် လွှတ်တော်လမ်းကြောင်းမှ ပြင်ဆင်ခြင်း နည်းလမ်း ၂ မျိုးဖြင့် ဆောင်ရွက်ခဲ့သည်။ ထိုနည်းလမ်း ၂ မျိုးအနက် ငြိမ်းချမ်းရေး လမ်းကြောင်းသည် ပါဝင်သည့်အဖွဲ့အစည်းများပြားခြင်း၊ လက်နက်ကိုင် ကိစ္စရပ်များပါဝင်ခြင်း၊ နိုင်ငံရေးသဘောတူညီချက်များပါဝင်ခြင်း စသည့် များပြားလှသည့် လုပ်ငန်းများနှင့် အပြန်အလှန်ညှိနှိုင်းဆွေးနွေးရခြင်းများကြောင့် တိုင်းရင်းသားလက်နက်ကိုင်အချို့နှင့်သာ NCA လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ ခြေဥပြင်ဆင်ရေးအား လွှတ်တော်အတွင်းမှ ပြင်ဆင်ရေးကြိုးပမ်းရာတွင် ခြေဥနောက်ဆက်တွဲဇယားပါအချက် အချို့ကိုသာ ပြင်ဆင်နိုင်ခဲ့သည်။ တည်ဆဲအစိုးရသက်တမ်းတွင်လည်း ခြေဥပြင်ဆင်ရေးကို ယခင်အစိုးရကဲ့သို့ပင် ငြိမ်းချမ်းရေးလမ်းကြောင်းနှင့် လွှတ်တော်လမ်းကြောင်းတို့မှ ပြင်ဆင်ရန်ကြိုးစားလျက်ရှိသည်။ ငြိမ်းချမ်းရေး လမ်းကြောင်းမှ ပြင်ဆင်ရေးကြိုးပမ်းမှုသည် ယခုအခါ တုံ့ဆိုင်းနေကို တွေ့ရသည်။

အခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းစဉ် ပြင်ဆင်ရာတွင် နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ ပြင်ဆင်သည့်နည်းလမ်း မတူညီကြသည်ကိုတွေ့ရသည်။ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေသည့် နိုင်ငံများတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှ တစ်ဆင့်အခြေခံဥပဒေပြင်ဆင်ရေးကို ထည့်သွင်းဆောင်ရွက်တတ်ကြသည်။ အချို့နိုင်ငံများသည် ပဏာမအခြေခံဥပဒေတွင် အခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းစဉ်ကို ထည့်သွင်းထားတတ်ကြသည်။ အချို့ နိုင်ငံများတွင် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို ချမှတ်ပြဋ္ဌာန်းပေးသည့် ဥပဒေတစ်ရပ်တွင် အခြေခံဥပဒေပြင်ဆင်ရေး လုပ်ငန်းစဉ်ကို ထည့်သွင်းထားတတ်သည်။ အချို့နိုင်ငံများတွင် ငြိမ်းချမ်းရေးသဘောတူညီချက်နှင့် ပဏာမအခြေခံဥပဒေတို့ကို ထည့်သွင်းထားတတ်ကြပါသည်။

ခြေဥပြင်ဆင်ရေးနည်းလမ်းများတွင် သက်ဆိုင်သူအားလုံးနှင့် ညှိနှိုင်းသဘောတူပြင်သည်ဖြစ်စေ၊ တစ်ဖွဲ့တည်း အကြိုက်ပြင်သည်ဖြစ်စေ၊ ထိပ်တိုက်ရင်ဆိုင်ပြင်ဆင်သည်ဖြစ်စေ အဓိကရည်ရွယ်ချက်မှာ တည်ငြိမ်စွာဖြင့် ဖက်ဒရယ်နှင့်ဒီမိုကရေစီသို့ အသွင်ကူးပြောင်းနိုင်ရေးရည်မှန်းချက် မပျောက်ရန်ပင် ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးသည် ယနေ့ရပ်တန့်နေသည့် ငြိမ်းချမ်းရေးအတွက် အထောက်အပံ့ဖြစ်စေနိုင်မည်လား ဆိုသည်မှာလည်း စိတ်ဝင်စားစရာပင်ဖြစ်သည်။ ငြိမ်းချမ်းရေးသည်လည်း တိုင်းရင်းသားများအရေးနှင့် တိုက်ရိုက်သက်ဆိုင် နေပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေသည် တိုင်းရင်းသားအားလုံး၏ တန်ဖိုးများ၊ အမှတ်လက္ခဏာ သို့မဟုတ် ရည်ရွယ်ချက်ကို ထင်ဟပ်ဖော်ပြချက်များ ဖြစ်ရန်လိုအပ်သည်။ 

ထိရောက်အကျိုးဖြစ်ထွန်းသော၊ ရေရည်တည်တံ့သော၊ ကျယ်ပြန့်သော အခြေခံဥပဒေတစ်ရပ်ဖြစ်ရန် တိုင်းရင်းသားအားလုံး၏ တန်ဖိုးများ၊ အမှတ်လက္ခဏာများ၊ ရည်ရွယ်ချက်များနှင့်ပတ်သက်ပြီး အများ၏သဘောတူညီချက်များကို ထင်ဟပ်ရန်လိုအပ်မည်ဖြစ်သည်။ သို့မှသာ တရားဝင်မှုရှိသောအခြေခံဥပဒေအဖြစ် လက်ခံကြမည်ဖြစ်ပြီး နိုင်ငံ၏တည်ငြိမ်မှု၊ ထိရောက်သော အုပ်ချုပ်ရေးစနစ်များ တည်ဆောက်နိုင်မည် ဖြစ်ပါသည်။ ထို့အတူ ဆောင်ရွက်ဆဲနိုင်ငံရေး အသွင်ကူးပြောင်းမှု၊ ငြိမ်းချမ်းရေး၊ ရင်ကြားစေ့ရေးတို့ကိုလည်း အထောက်အကူဖြစ်စေမည်ဖြစ်သည်။

တိုင်းရင်းသားအားလုံး၏ သဘောတူညီမှုရရှိရန် ဆိုသည်ကလည်း အခြေအနေ၊ အချိန်အခါအလိုက် ကွဲပြားမှုများရှိနိုင်ပါသည်။ မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုး၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ ဘာသာစကား၊ ကိုးကွယ်ယုံကြည်မှုများပြားသည်ဖြစ်ရာ အားလုံးကိုလွှမ်းခြုံနိုင်သည့် သို့မဟုတ် ကိုယ်စားပြုနိုင်သည့် အခြေခံဥပဒေဖြစ်ရန် လိုအပ်မည်ဖြစ်သည်။ အားလုံးလွှမ်းခြုံနိုင်သော အခြေခံဥပဒေတစ်ရပ် ရေးဆွဲရေး၊ ပြင်ဆင်ရေး၊ ဖြည့်စွက်ရေး သဘောတူညီချက်ရရှိရန်ဆိုပါက ပဏာမ သို့မဟုတ် အပြိုင် နိုင်ငံရေးလုပ်ငန်းစဉ်ချမှတ်လေ့ရှိကြပါသည်။ သို့မှလည်း ဖွဲ့စည်းပုံ ပြင်ဆင်ရေးလုပ်ငန်းစဉ်ချောမွေ့နိုင်ပြီး တိုင်းရင်းသားအားလုံးကိုကိုယ်စားပြုနိုင်သည့် ပြင်ဆင်မှုတစ်ရပ် ဖြစ်လာမည်ဟု မျှော်မှန်းနိုင်ပါသည်။

သိန်းထွန်း (IR)

(၂၆.၆.၂၀၁၉)