News

POST TYPE

PERSPECTIVE

အာဏာဆိုတာ ယူတတ်ဖို့လိုသလို စွန့်တတ်ဖို့လည်းလိုသည်
25-Jun-2019



သားပိုက်ကောင်ဆိုလိုက်တာနဲ့ Kangaroo လို့ခေါ်တဲ့ ဗိုက်ထဲသားကို ထည့်သွားလာတတ်တဲ့ သမင်လိုလို၊ ဒရယ်လိုလို၊ ယုန်အကြီးစားလိုလို အကောင်ကို မြင်ယောင်မိမှာပါ။ 

Nat Geo WILD ချန်နယ်က သားပိုက်ကောင်တွေအကြောင်း တင်ဆက်ထားတာ စိတ်ဝင်စားလို့ သေချာကြည့်ဖြစ်ပါတယ်။ အထီးတွေရဲ့ တိုက်ပွဲပါ။ အတော်လေး ပြင်းထန်ပါတယ်။ လူတွေ လက်ဝှေ့ထိုးသလိုမျိုး ထိုးကြိတ်ကြပါတယ်။ ခြေကန်ချက်တွေလည်းပါတယ်။ တစ်ဖက်ကန်လည်းပါသလို စုံကန်ချက်တွေလည်းပါတယ်။ တစ်သက်စာ ဒဏ်ရာရသွားစေမယ့် အားပြင်းတဲ့ ထိုးနှက်ချက်တွေ ကန်ကျောက်ချက်တွေပါ။ 

တိုက်ပွဲက အရှိန်မြင့်လာပါတယ်။ ပဝါမကူ ရေမရှူကြေး Non Stop ပေါ့။ Dog Fight လို့ပဲ ပြောရမလား၊ Kangaroo Fight လို့ပဲ ပြောရမလား အသေအကြေပါပဲ။ သေချာကြည့်တော့ အထီးနှစ်ကောင်က အရွယ်တူပေမယ့် အသက်ကွာပုံရတယ်။ တစ်ကောင်က အသက်အတော်ကြီးနေပြီ။ တစ်ကောင်က တက်လူ။ ဘေးက အမတွေကလည်း ပွဲကို စိတ်ဝင်တစားကြည့်နေတယ်။ အရှိန်မြင့်လေ ဘေးပရိသတ်က ပိုငြိမ်ပြီးစိတ်ဝင်တစား စောင့်ကြည့်လေပါပဲ။ ဒီတိုက်ပွဲက ဘာလဲဆိုတော့။ 

“ထီးနန်းလုပွဲ” တစ်နည်းအားဖြင့် “အာဏာသိမ်းပွဲ” ပါ။ နုပျိုသန်မာ လာတဲ့အထီးက အရွယ်ရလာတဲ့ အဘိုးကြီးအထီးကို အာဏာသိမ်းဖို့ ကြိုးစားတာပါ။ တိုက်ပွဲအတော်လေးကြာသွားတယ်။ လုံးထွေးအပြီးမှာ အကြီးကောင် လဲကျသွားတယ်။ အထိအတော်နာသွားတယ်။ သူရှုံးသွားပြီ။ အထီးငယ်ကတော့ ခပ်ကြွားကြွားရပ် ရင်အုပ်တွေကိုဖွင့်ပြီး အပေါ်ကနေ မိုးကြည့်နေတယ်။ ဪ.. လူတွေလိုပါပဲလား။ 

ထီးနန်းကျသွားတဲ့အထီး ထွက်ပြေးသွားပါပြီ။ အုပ်စုနဲ့ အဝေးကို ဝေးနိုင်သမျှ သွားရောက်နေထိုင်ကြရတော့မှာ ဖြစ်ပါတယ်။ သနားတော့ သနားစရာပါပဲ။ သိမ်ငယ်စွာနဲ့ နေသွားရတော့မယ်။ အသက်ကလည်း ကြီးပြီ။ 

အထီးသစ်ကတော့ အမတွေကြား ဟီးရိုးပါပဲ။ သူနဲ့ထိုက်တန်တဲ့ ဆုလာဘ်အဖြစ် ရယူခံစားရင်း အချိန်တွေ ဖြုန်းနိုင်တော့မှာပါ။ အခုချိန်မှာ အမတွေကလည်း သူ့ရဲ့ချဉ်းကပ်မှုကို လက်ခံနေကြပါပြီ။ ကြည်ဖြူနေကြပါပြီ။ နိုင်သူအကုန်စား၊ Winner takes all ဆိုပါတော့။ 

ဒါကတော့ တီဗီမှာကြည့်ရင်း မြင်တွေ့ရတာလေးပါ။ ဒီလိုဖြစ်ရပ်တွေဟာ အထူးဆန်းကြီးတော့လည်း မဟုတ်လှပါဘူး။ အခြားသတ္တဝါတွေလည်း ဒီလိုပါပဲ။ မိတ်လိုက်ဖို့၊ အုပ်စုခေါင်းဆောင်ဖြစ်ဖို့ တိုက်ခိုက်တာတွေ အားပြိုင်တာတွေ ရှိကြစမြဲပါ။ ဒါပေမဲ့ အခု သားပိုက်ကောင်တွေ ထီးနန်းလုပွဲပြီးတော့ Narrator (ဇာတ်ကြောင်းပြောသူ) ကနေ တင်ပြလိုက်တဲ့ စကားလေး သဘောကျသွားတယ်။ 

“အခုဆိုရင် သားပိုက်ကောင်အုပ်စုဟာ ပိုမိုအရည်အချင်းရှိတဲ့၊ ပိုမိုကြံ့ခိုင်တဲ့ သားပိုက်ကောင်ထီးဘုရင်အောက်မှာ စုစည်းရပ်တည်ကြပါတော့မယ်။ ပိုကျန်းမာတဲ့ မျိုးဆက်၊ ပို ရာသီဥတုဒဏ်ခံနိုင်မယ့် မျိုးဆက်ကိုပိုမို မြှင့်တင်ပေးနိုင်မယ့် မျိုးဆက်သစ်တွေ မွေးထုတ်ပေးလာနိုင်တော့မှာ ဖြစ်ပါတယ်” တဲ့။ 

အဲလိုပါလား။ မျိုးဆက်သစ်တွေ ခွန်အားကောင်းသူတွေ သန်မာနုပျိုသူတွေနဲ့ သူတို့မျိုးဆက်သစ်တွေကို ဆက်မွေးထုတ်ပေးနိုင်တော့မယ့် အခြေအနေတစ်ရပ်လား။ ဒါဆိုရင် ဟိုထွက်ပြေးရတဲ့ ဘုရင်ဟောင်းက အိုမင်းမစွမ်း ဖြစ်တော့မှာပေါ့။ မကြာခင်မှာ သန်မာမှုတွေ လျော့ကျပြီပေါ့။ သန်မာတဲ့မျိုးဆက်တွေ ဆက်မွေးထုတ်ဖို့ မသေချာတော့ဘူးပေါ့။...တစ်နေ့တော့ ကိုယ့်ယူထားတဲ့ နေရာကနေ ထွက်သွားပေးလိုက်ရတာပါပဲ။ 

ကျွန်တော် ဆက်တွေးနေမိပါတယ်။ သမိုင်းအဆက်ဆက် နိုင်ငံတိုင်း လူမျိုးတိုင်းမှာ အာဏာသိမ်းမှုတွေ၊ ထီးနန်းလုမှုတွေ ရှိခဲ့ကြမှာပါ။ ခေတ်အဆက်ဆက် သူ့ခေတ်နဲ့သူ အာဏာလုကြ၊ အာဏာသိမ်းကြ၊ သုတ်သင်ခံရ စသဖြင့်ပေါ့။ လောက သဘောသဘာဝကြီးက ဒီလိုကြီးပါလား။ 

အမေရိကန်မှာ လေးနှစ် နှစ်ကြိမ် သမ္မတလုပ်ပြီးရင် အလိုလို အနားပေးတယ်။ ဆက်ယှဉ်ပြိုင်ခွင့်မရှိ။ အာဏာကို ကန့်သတ်ထားတယ်။ ဘယ်လောက်တော်တော် နောက်လူကို နောက်မျိုးဆက်ကို တာဝန်လွှဲပေးရမယ်။ အာဏာလွှဲပေးလိုက်တော့လည်း အာဏာသိမ်းတာတွေ မရှိတော့ဘူးပေါ့။ သူ့အလုပ်သူလုပ်။ သူ့တာဝန်ပြီးရင် ထွက်သွားရုံပဲ။ အေးအေးဆေးဆေး စာဖတ်၊ ရေလွှာလျှောစီး၊ ဂေါက်ရိုက်၊ ဟောပြောပွဲတွေတက်၊ လူထုကိုစကားပြော၊ စာတွေရေး၊ စာမူခတွေ သန်းချီရစသဖြင့် Easy Going ဆိုပါတော့။ ဂုဏ်သိက္ခာလည်း မကျဘူး။ တင့်တယ်နေတယ်။ လူတွေအပေါ် ဩဇာရှိနေဆဲ။ ဘာလို့လဲဆိုတော့ ရွေးကောက်ခံထားတာလေ။ တိုက်ရိုက်ဒီမိုကရေစီနည်းနဲ့ ရွေးကောက်ထားကြတာ။ ပြည်သူတစ်ဝက်ကျော် သူ့ဘက်မှာ ရှိနေတယ်။ အာဏာတော့မရှိတော့ပေမယ့် ဩဇာလျော့ မသွားဘူး။ 

နောက်ပြီး ကောင်းတာတစ်ခုက သမ္မတများကလပ်။ သမ္မတဟောင်း လေးငါးခြောက်ဦး မကြာမကြာဆုံဖို့နေရာ။ ရန်ပုံငွေလည်း ရှိပြီးသား။ သောက်ကြစားကြဖို့လည်း ဘာမှမပူရ။ လက်ရှိသမ္မတအသစ်ကို အကြံကောင်းတွေ ဝိုင်းပေးကြတယ်။ သူတို့လည်း ခေါင်းဆောင်လုပ်ခဲ့ဖူးတော့ သူတို့နားလည်တယ်။ သူတို့ရပ်တည်ခဲ့ရတဲ့ ခံစားချက်တွေ နားလည်မှုတွေရှိတယ်။ ဒါကို လက်ရှိလုပ်နေရတဲ့ သမ္မတအသစ်ကို အကြံပေးကြတယ်။ သမ္မတအသစ်ကလည်း လေးစားစွာ နားထောင်တယ်၊ ဆွေးနွေးတယ်လို့ သိရတယ်။ National Interest...။ အမျိုးသားအကျိုးစီးပွား။ သူတို့မျိုးဆက်တွေအတွက် စဉ်းစားကြတယ်။ စွမ်းအင်တွေအတွက်၊ နည်းပညာတွေအတွက် ကန့်သတ်စစ်ပွဲတွေတိုက်ရင် တိုက်ပစ်လိုက်တယ်။ ကုန်သွယ်ရေးစစ်ပွဲတွေ လုပ်သင့် လုပ်ပစ်လိုက်တယ်။ Hauwai တောင် အတော်အထိနာသွားသေးတယ် မဟုတ်လား။ မှန်တယ် မှားတယ်လို့တော့ မပြောလိုပါဘူး။ ကျွန်တော်ပြောချင်တာက လူ့လောကထဲမှာ အာဏာသိမ်းမှုတွေ မဖြစ်အောင် ကြိုတင်မျှော်တွေး လုပ်ကိုင်ထားတဲ့စနစ်တွေကို သဘောကျမိတာပါ။ 

ခုနက သားပိုက်ကောင်တို့ အာဏာသိမ်းပွဲ၊ ထီးနန်းစွန့်ပွဲနဲ့ ဘာကွာသလဲ။ သားပိုက်ကောင် အထီးကြီး ကြောက်လန့်တုန်လှုပ်စွာ ထွက်ပြေးနေရတဲ့မြင်ကွင်းက ရင်နာစရာ။ သူလည်း တစ်ချိန်က ဘုရင်လေ။ အခုတော့ ပုန်းလျှိုးကွယ်လျှိုးနဲ့ သိမ်ငယ်စွာ သိက္ခာမဲ့စွာ ရင်နာစွာ နေသွားကြရတော့မယ်လေ။ 

အဲတော့ ကျွန်တော် ဆက်စဉ်းစားမိတာက Exit Strategy...။ တစ်နေ့တော့ အရာအားလုံးကို လက်လွှတ်ပေးရမှာ လောကသဘာဝပါပဲ။ ဘယ်လို လက်လွတ်ပေးမလဲ။ သားပိုက်ကောင်အထီးကြီးလိုလား၊ အမေရိကန်သမ္မတတွေလိုလား။ ထွက်ပေါက် မဟာဗျူဟာကို လူတိုင်း စိတ်ဝင်စားသင့်တယ် ထင်ပါတယ်။ 

သမိုင်းမှာ လုပ်ကြံခံရလို့ သေသွားတာတွေ အများကြီး။ တစ်ဖက်က ကြည့်ရင်လည်း သတ်ဖြတ်ပြီး ထီးနန်းကိုလုခဲ့သူတွေ အများကြီး။ လတ်တလော အာဏာရှိသူကတော့ သမိုင်းကို လိုသလိုရေးနိုင်မှာပါ။ သမိုင်းဆိုတာ နိုင်တဲ့သူတွေက ရေးတာလို့တောင် ပြောကြတယ်မဟုတ်လား။ 

ကျွန်တော်တို့ လူ့လောကဟာ တစ်စထက်တစ်စ ပိုယဉ်ကျေးလာဖို့ လိုပါတယ်။ အရင်ခေတ်တွေကတော့ သတ်ကြဖြတ်ကြ သုတ်သင်ကြပေါ့။ မင်းညီ မင်းသားတွေ အကုန်သတ်၊ ကျူပင်ခုတ် ကျူငုတ်မကျန်အောင်ချ၊ အာဏာကို ဆက်ထိန်းဖို့ကြိုးစား၊ အာဏာလုမှာတွေရှောင်၊ မင်းလောင်း ပေါ်တယ်ကြားရင်တောင်သတ်၊ လူစွမ်းကောင်းတွေကို စောင့်ကြည့်၊ သံသယဝင်ရင် ကွပ်မျက်၊ သစ္စာခံတွေမွေး၊ တပည့်မွေး၊ ဆရာမွေး၊ အနားမှာ လူယုံတွေပဲ နေရာချ၊ စိတ်ချရသူတွေ တစ်နည်း နီးစပ်သူတွေကိုပဲ နေရာပေး စသဖြင့် အာဏာကို လက်လွတ်ရမှာစိုးလို့ လုပ်ခဲ့ကြတာပါပဲ။ သူ့အတွက်၊ သူ့အကျိုးစီးပွားအတွက် စိတ်ချရတဲ့အဝန်းအဝိုင်းတစ်ခု ဖန်တီးထားတတ်ကြတယ်။ ဆူးငြောင့်ခလုတ် ပေါ်လာရင်တော့ သူ့ခေတ်နဲ့သူ ကြမ်းကြ ရမ်းကြ ဆော်ကြ နှက်ကြပေါ့။ 

ဒါတွေဟာ ဘာကြောင့်လဲ။ Exit Stagety မရှိခဲ့ကြလို့လည်း ဖြစ်နိုင်ပါတယ်။ လူကြီးတွေ ခဏခဏပြောတဲ့ “ငါတော့ Finishing ကောင်းချင်တယ်ကွာ”ဆိုတဲ့ စကားမျိုးပေါ့။ တာဝန်တွေ ယူပြီးတဲ့အခါ အဆုံးသတ် ကောင်းချင်ကြတာပေါ့။ 

ခုနက ထွက်ပြေးတဲ့ သားပိုက်ကောင်ကြီးအဖြစ်ကို ကြည့်ပါ။ ဆင်းရဲလွန်းလှပါတယ်။ သူ့ကိုလည်း အနားပေးပြီး သားပိုက်ကောင်အုပ်စုထဲမှာ နားနားနေနေနဲ့ သိုက်သိုက်ဝန်းဝန်းနေသွားလို့ မရဘူးလား။ အုပ်စုထဲမှာ ဆက်နေခွင့်လေး မရသင့်ဘူးလား။ ဒါပေမဲ့ တစ်ခုတော့ရှိတယ်။ သူက အငြိမ်မနေရင်တော့၊ ဝေစုတွေ တောင်းနေရင်တော့၊ အတို့အထောင် လုပ်နေမယ်ဆိုရင်တော့လည်း အထီးငယ်တွေ လက်ခံမှာ မဟုတ်ပြန်ဘူး။ ဒါလည်း ကိုယ့်ဘာသာ စဉ်းစားချက်ပါ။ 

ဘာပဲပြောပြော တိရစ္ဆာန်တွေထက် ပိုအဆင့်မြင့်တဲ့၊ ပိုယဉ်ကျေးတဲ့၊ ပိုမိုအေးချမ်းတဲ့ ထီးနန်းလုပွဲ၊ အာဏာလုပွဲနဲ့ ထွက်ပေါက်မဟာဗျူဟာကို အခြေခံထားတဲ့ အာဏာစွန့်ခြင်း။ ထီးနန်းလွှတ်ခြင်းတွေ ဖြစ်လာဖို့ နောက်ပိုင်းမှာ ပိုမိုကျန်းမာပြီး ဉာဏ်ရည်မြင့်မားပြီး ယဉ်ကျေးတဲ့ လူ့အဖွဲ့ အစည်း အသိုက်အဝန်းကောင်းတစ်ခု ပေါ်ထွန်းလာဖို့ မျိုးဆက်လိုက် မျိုးဆက်လိုက် ကြိုးပမ်းသွားကြရမှာပဲ ဖြစ်ပါတယ်။ 

ရဲထွဋ်ခေါင်