News

POST TYPE

PERSPECTIVE

တိုင်းရင်းသားလူမျိုးအမည်နဲ့ ပထဝီဒေသအမည်
12-Jun-2019



ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ကချင်ပြည်နယ် ဒီမိုကရေစီပါတီ၊ ကချင်ဒီမိုကရက်တစ်ပါတီ၊ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ(ကချင်ပြည်နယ်) စသည့် ကချင်နိုင်ငံရေးပါတီ သုံးပါတီ ပူးပေါင်းထားသည့် ကချင်ပြည်နယ်ပြည်သူ့ပါတီ၏ ပါတီမှတ်ပုံတင်ခွင့်ကို ဇွန်လ ၇ ရက်နေ့က ခွင့်ပြုလိုက်သည်ဟု သိရှိလိုက်ရပါသည်။

ထို့အပြင် အခြားသော တိုင်းရင်းသားနိုင်ငံရေးပါတီများလည်း ပါတီချင်းပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြသလို အချို့မှာလည်း ပူးပေါင်းဆောင်ရွက်ပြီးစီးကြပြီဖြစ်ပါသည်။ တကယ်တော့ တိုင်းရင်းသား နိုင်ငံရေးပါတီများသည် မိမိပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူမျိုးစုများကို ကိုယ်စားပြုကာဖွဲ့စည်းထားခြင်းဖြစ်သည့်အတွက် မိမိနှင့်နီးစပ်ရာ၊ ရင်းနှီးရာ၊ အစုအဖွဲ့အလိုက် ဖွဲ့စည်းကြခြင်းထက် မိမိတိုင်းရင်းသားလူမျိုးစုကို ကိုယ်စားပြုကာ အတူတကွလက်တွဲပူးပေါင်း၍ဖွဲ့စည်းခြင်းက ပိုမို၍စည်းလုံးညီညွတ်မှုရှိမည်ဖြစ်သလို တောင်းဆိုမှုများ သို့မဟုတ် လိုလားချက်များသည်လည်း တစ်သံတည်းထွက်ကြမည် ဖြစ်ပါသည်။ သို့ရာတွင် မြန်မာနိုင်ငံရှိ ပြည်နယ်များမှာ အများအားဖြင့် ပြည်နယ်တစ်ခုအတွင်း၌ တိုင်းရင်းရင်းသားလူမျိုးစု တစ်မျိုးတည်းနေထိုင်သည်ထက် တိုင်းရင်းသားလူမျိုးစု အနည်းဆုံးနှစ်စုမှသည် ထို့ထက်ပိုမို၍ နေထိုင်ကြသည်ကို တွေ့ရှိရပါသည်။ အထူးသဖြင့် ရှမ်းပြည်နယ်ဆိုလျှင် ဗမာအပါအဝင် အခြားတိုင်းရင်းသားမျိုးနွယ်စုများလည်း အများအပြား နေထိုင်ကြပါသည်။ ထို့ကြောင့်လည်း လူမျိုးစုများအလိုက် နိုင်ငံရေးပါတီများ အများအပြားပေါ်ပေါက်လျက်ရှိသလို လက်နက်ကိုင်အဖွဲ့အစည်းများလည်း အများဆုံးရှိသော ပြည်နယ်တစ်ခုဖြစ်ပါသည်။

ထို့ကြောင့် ရှမ်းပြည်နယ်အရေးကို စဉ်းစားကြသည့်အခါ ရှမ်းလူမျိုး တစ်မျိုးတည်းအတွက်သာ သီးခြားစဉ်းစား၍ မဖြစ်နိုင်သလို ရှမ်းပြည်နယ်အတွင်းရှိ လူမျိုးစုများအရေးကို တပေါင်းတည်းစဉ်းစားဖို့လည်း ခက်လှပါသည်။ ဤအခက်အခဲကို ဖြေရှင်းရန်အလို့ငှာ ပထမဆုံးကြိုးပမ်းမှုတစ်ခုအနေနှင့် ဆောင်ရွက်လာသည်ကား ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပင်ဖြစ်ပါသည်။ SNLD သည် ၁၉၈၈ ခုနှစ်မှ စတင်တည် ထောင်ခဲ့သောပါတီတစ်ခုဖြစ်ပြီး ၁၉၉၀ ရွေးကောက်ပွဲတွင် NLD ပါတီပြီးလျှင် ဒုတိယမဲအများဆုံးဖြင့် အနိုင်ရပါတီတစ်ခုလည်း ဖြစ်ပါသည်။ ယခု ထိုပါတီက ဇွန်လ ၇ ရက်နေ့တွင် ကြေညာချက်တစ်ရပ်ထုတ်ပြန်ခဲ့ရာ၌ “ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို လူမျိုးအခြေပြုပါတီမှ ပြည်နယ်အခြေပြုပါတီနှင့် မူဝါဒအခြေပြုပါတီအဖြစ် ပြောင်းလဲတည်ဆောက်မည်ဖြစ်ကြောင်း” ဟူ၍ ဖြစ်သည်။ ပါတီ၏ အထွေထွေအတွင်းရေးမှူးအဖြစ် ပြန်လည်ရွေးကောက်တင်မြှောက်ခြင်းခံရသည့် ဦးစိုင်းညွန့်လွင်က ပြောကြားရာတွင် “ကျွန်တော်တို့ပါတီ တည်ထောင်ခါစက ရှမ်းတစ်မျိုး တည်းမဟုတ်ပါဘူး၊ ပလောင်လူမျိုးကအစ ဒုတိယဥက္ကဋ္ဌအဆင့်အထိရှိခဲ့တယ်၊ ဒါပေမဲ့ နောက်ပိုင်းကျတော့ SNLD ကို ရှမ်းလူမျိုးအခြေပြုပါတီ မျိုးဖြစ်လာတယ်ပေါ့ဗျာ။ အဲဒီတော့ ကျွန်တော်တို့က လူမျိုးရေးအပေါ်မှာ အခြေခံတယ်ဆိုတာကို ပြုပြင်ပြောင်းလဲပြီးတော့ ပြည်နယ်အခြေခံတဲ့ ပါတီဖြစ်မယ်။ ပြီးရင် မူဝါဒအပေါ်မှာ ခိုင်ခိုင်မာမာရပ်တည်တဲ့ ပါတီအဖြစ် ကျွန်တော်တို့ ကြိုးပမ်းနေတာရှိပါတယ်” ဟူ၍ ပြောခဲ့သလို “ပြည်နယ် အခြေပြုပါတီအဖြစ် ပြောင်းလဲတည်ဆောက်မည်ဟုဆိုခြင်းသည် ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားအားလုံး၏အရေးကိစ္စကို ဦးစားပေးလုပ်ဆောင်မည်ဟုဆိုသည့်သဘောဖြစ်ပြီး ထိုသို့ဆောင်ရွက်မှုနှင့်အတူ ပြည်ထောင်စုအရေးကိစ္စကိုလည်း တတ်စွမ်းသရွေ့ ဆက်လက်ကြိုးပမ်းမည်ဖြစ်သည်” ဟု ၎င်းကဆက်လက်ပြောကြားသည်။ (Daily ELEVEN - 9.6.2019)

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ရည်ရွယ်ချက်မှာ ကောင်းမွန်သော်လည်း အမှန်တကယ်လုပ်ဆောင်ရာတွင်မူ အခက်အခဲများရှိလိမ့်မည်ဖြစ်ပါသည်။ တိုင်းရင်းသားလူမျိုးစုများသည် ရေတူ၊ မြေတူ ပြည်နယ်တစ်ခုအတွင်းတွင် နေထိုင်ကြသည်မှန်သော်လည်း ယဉ်ကျေးမှုဓလေ့ထုံးတမ်းမတူ၊ ဘာသာစကားနှင့်စာပေမတူကြခြင်းကပင်လျှင် ပထမဆုံးရင်ဆိုင်ကြုံတွေ့ရမည့် အခက်အခဲတစ်ခုဖြစ်ပါသည်။ တိုင်းရင်းသားတို့သည် မိမိတို့၏အမျိုးကိုခင်တွယ်ကြသည်။ သံယောဇဉ်ကြီးကြသည်။ ဆိုရလျှင် လူမျိုးစွဲကြီးကြသည်။ တကယ်တော့ “ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်” ဆိုသော အမည်ကိုပင် “ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်” ဆိုသောအမည်အဖြစ် ပထမဦးစွာပြောင်းသင့်သည်ဟု ထင်မြင်ယူဆပါသည်။ သို့မှသာလျှင် ယခု ပြောင်းလဲလိုက်သော ပါတီ၏မူဝါဒနှင့်ပိုမိုကိုက်ညီမည်ဟု ထင်မြင်ယူဆမိပါသည်။

ကချင်ပြည်နယ်ဖြစ်တည်လာပုံကို ပြန်ကြည့်မည်ဆိုလျှင်လည်း ကချင်အနည်းစုသာရှိပြီးရှမ်း၊ မြန်မာနှင့် ရှမ်းတရုတ်အများအပြားနေထိုင်သော (မြန်မာပြည်မ အပိုင်း-၂ ဟုခေါ်သည့်)မြစ်ကြီးနား၊ ဗန်းမော်ခရိုင်များကိုသာထည့်မပေးလျှင် ကချင်ပြည်နယ်ဟူ၍ဖြစ်ပေါ်လာမည်မဟုတ်ပါ။ သို့သော်လည်း ကချင်လူမျိုးတို့၏ဆန္ဒကိုလိုက်လျောသည့်အနေနှင့် လည်းကောင်း၊ ပင်လုံစာချုပ်ကို ချောမောအောင်မြင်စွာ ချုပ်ဆိုနိုင်ရေးအတွက်လည်းကောင်း၊ (ဒေသခံများကန့်ကွက်နေသည့်ကြားက) ဗိုလ်ချုပ်အောင်ဆန်းက ကချင်ပြည်နယ်ဖြစ်တည်လာရေးအတွက် ကတိပေးခဲ့ပြီး ကတိပေးခဲ့သည့်အတိုင်း ဖဆပလညီလာခံတွင်တင်ပြ၍ အခြေခံဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းပေးခဲ့သည်။ (ပင်လုံစာချုပ်အတွက် ဆွေးနွေးကြစဉ်က ကချင်ခေါင်းဆောင်များအား ဗိုလ်ချုပ်ကပြောကြားခဲ့သည့်စကား တစ်ခွန်းမှာလည်း မှတ်သားလိုက်နာသင့်သည်ဖြစ်၍ ဤနေရာတွင် ပြန်၍ဖော်ပြရသော် “ကချင်ခေါင်းဆောင်များအနေနှင့် ၎င်းတို့၏ဆန္ဒကို လိုက်လျောစေလိုပါက ၎င်းတို့ကလည်း အခြားသူများ၏ဆန္ဒကို လေးစားစေလိုပါကြောင်” ဟူ၍ဖြစ်ပါသည်။ (ဦးဖေခင်၏ ကိုယ်တွေ့ပင်လုံ)။

မကြာသေးမီကလည်း ကချင်ပြည်နယ်တွင် တိုင်းရင်းသားမျိုးနွယ်စုတစ်ခုက KIO/KIA အဖွဲ့ကို ဆန့်ကျင်ဆန္ဒပြမှုတစ်ခုဖြစ်ပေါ်ခဲ့ကြောင်း သတင်းစာများတွင် ဖတ်ရှုလိုက်ရပါသည်။

လူမျိုးအမည်နဲ့ ဒေသအမည်

အထက်ဖော်ပြပါအတိုင်း မြန်မာနိုင်ငံတွင် ဒေသတစ်ခုတည်း၌ တိုင်းရင်းသားလူမျိုး တစ်မျိုးတည်းနေထိုင်ခြင်းမဟုတ်ဘဲ ဒေသတစ်ခုတွင်(အနည်းအများသာကွာခြားလျက်) တိုင်းရင်းသားလူမျိုးများ စုပေါင်းနေထိုင်ကြသည်ဖြစ်ရာ ပြည်နယ်များကိုအမည်ပေးရာတွင် တိုင်းရင်းသား လူမျိုး၏အမည်ကိုမပေးဘဲ ဒေသအမည်ကိုသာပေးသင့်ကြောင်း ဦးမောင်ကြည် (ပဲခူး) ဆိုသူက လူမှုကွန်ရက်စာမျက်နှာတွင် ဆောင်းပါးတစ်ပုဒ် ရေးသားတင်ပြလာသည်ကို ဖတ်ရှုလိုက်ရပါသည်။

အဆိုပါဆောင်းပါးတွင် အကြံပြုဖော်ပြထားသောဒေသအမည်များကို အကုန်အစင်သဘောမတူသည့်တိုင်မူအားဖြင့်မူ သဘောကျမိပါသည်။ မြန်မာနိုင်ငံတွင်လည်း တိုင်းရင်းသားလူမျိုးတစ်မျိုးတည်း သီးသန့်နေထိုင်သောဒေသဟူသည်မှာ ယခုအခါမရှိတော့ပါ။ ဗမာပြည်မ သို့မဟုတ် တိုင်းဒေသကြီးများဟုခေါ်ဆိုနေကြသော ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ တနင်္သာရီစသည့်ဒေသများတွင် တိုင်းရင်းသားလူမျိုးများ အတူတကွ ချစ်ကြည်ရင်းနှီးစွာ စုပေါင်းနေထိုင်လျက်ရှိကြသလို တိုင်းရင်းသားလူမျိုးစူများနေထိုင်ကြသည်ဆိုသော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ရှမ်းနှင့်ရခိုင်စသည့် ပြည်နယ်များတွင်လည်း ဗမာအပါအဝင် အခြားတိုင်းရင်းသားလူမျိုးစုများ ချစ်ခင်ရင်းနှီးစွာအတူတကွ ပူးပေါင်း နေထိုင်လျက်ရှိကြပါသည်။

ထိုကဲ့သို့ တိုင်းရင်းသားများ စုပေါင်းနေထိုင်ကြသောဒေသများကို တိုင်းရင်းသားလူမျိုးတစ်မျိုးတည်း၏ အမည်ကိုသာ ကွက်၍ခေါ်ဆိုမည် ဆိုပါက အခြားတိုင်းရင်းသားတစ်ဦးအဖို့ စိတ်အားငယ်မိမည်မှာ အမှန်ပင်ဖြစ်ပါသည်။ သူသည် ဤဒေသတွင် မွေးဖွားကြီးပြင်းခဲ့သော်လည်း အခြားလူမျိုးပိုင်သောဒေသတစ်ခုတွင် ဧည့်သည်တစ်ဦးသဖွယ်ဖြစ်နေမည်ဖြစ်ပြီး မိမိမွေးဖွားရာဇာတိမြေအပေါ် ချစ်ခင်တွယ်တာစိတ်ထားဖို့ ခက်ခဲနေမည်ဖြစ်ပါသည်။ ထိုအခါ တိုင်းရင်းသားချင်း ချစ်ခင်ရင်းနှီးဖို့ဆိုသည်ထက် အတူနေပြီး စိတ်ချင်းဝေးနေရသည့်သဘောမျိုး ဖြစ်နေပါမည်။

ရှမ်းပြည်နယ်ကိုပင် ဥပမာပေး၍ ဖော်ပြရမည်ဆိုပါက ရှမ်းပြည်နယ်အတွင်းနေထိုင်ကြသော ပအိုဝ်း၊ ဓနု၊ တအာင်း/ပလောင်၊ တောင်ရိုး၊ အင်းသား၊ လားဟူ၊ လီဆူး၊ ကိုးကန့်၊ အာခါ၊ “ဝ” စသည့်လူမျိုးစုများနှင့် ဗမာ၊ ကချင် စသည့်တိုင်းရင်းသားများအနေနှင့် ကိုယ့်ဒေသ ကိုယ့်ပြည်နယ်ဟူသည့် စိတ်ခံစားမှုရှိကြမည်မဟုတ်ဘဲ ဒေသကို ချစ်ခင်တွယ်တာ သံယောဇဉ်လည်းရှိကြမည်မဟုတ်ပါ။ “ဝ” လူမျိုးတို့သည်ပင်လျှင် ရှမ်းပြည်နယ်အတွင်းတွင် မနေချင်ကြတော့သဖြင့် သီးခြားပြည်နယ်တစ်ခုအဖြစ် ရပ်တည်ခွင့်ပေးရန် တောင်းဆိုနေကြပြီဖြစ်သည်။

“ဝ” လူမျိုးတို့နေထိုင်ရာဒေသကို ပြည်နယ်တစ်ခုအဖြစ် သတ်မှတ်ပေးလိုက်ပါက အခြားသောလူဦးရေများသည့် တိုင်းရင်းသားလူမျိုးစုများကလည်း ပြည်နယ်များ တောင်းဆိုလာကြမည်ဖြစ်ပါသည်။ ထိုအခါ ရှမ်းပြည်နယ်တစ်ခုတည်းကိုပင် ထပ်မံ၍ပြည်နယ်များခွဲပေးရမလိုဖြစ်နေရာ ပြည်နယ်များ ဖောင်းပွလာမည်ဖြစ်ပါသည်။ ထို့ကြောင့် ပြည်နယ်အများအပြားကိုလည်း ထပ်မံ၍ခွဲဝေပေးစရာမလိုအောင် လက်ရှိပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူမျိုးစု အချင်းချင်းသည်လည်း ပိုမို၍ချစ်ကြည် ရင်းနှီးမှုရရှိစေရန် ပြည်နယ်များကို ဒေသအမည်ပေးခြင်းအစား ဒေသအတွင်းရှိ တိုင်းရင်းသားလူမျိုးစုများ လက်ခံနိုင်သောအမည်တစ်ခုပေး အပ်ရန် စဉ်းစားသင့်သည်ဟု ထင်မြင်ယူဆမိပါသည်။

နိဂုံး

ဤဆောင်းပါး၏အစကို ပြန်ကောက်ရသော် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်အနေနှင့် ရှမ်းလူမျိုးတစ်မျိုးတည်း၏ အကျိုးစီးပွား တစ်ခုတည်းကိုသာ ဖော်ဆောင်ခြင်းထက် ရှမ်းပြည်နယ်အတွင်းရှိ အခြားသော တိုင်းရင်းသားလူမျိုးများ၏အကျိုးစီးပွားကိုပါ ဆောင်ရွက်ပေးလိုသည်ဆိုပါလျှင် ရှမ်းပြည်နယ်၏အမည်ကိုလည်း အများကိုကိုယ်စားပြုပြီး ပထဝီဆိုင်ရာဒေသကိုလည်း ကိုယ်စားပြုသည့် အမည်နာမတစ်ခုကို စဉ်းစားသင့်ပါသည်။

ထို့အတူ အခြားသောပြည်နယ်များနှင့် တိုင်းဒေသကြီးများသည်လည်း မိမိတို့ပြည်နယ်နှင့်တိုင်းဒေသကြီးအတွင်း နေထိုင်ကြသည့် တိုင်း ရင်းသားလူမျိုးများနှင့် လိုက်ဖက်သင့်လျော်ပြီး ပထဝီဆိုင်ရာဒေသကိုလည်းကိုယ်စားပြုသည့် အမည်နာမလှလှကလေးများကို စဉ်းစားသင့်ပါသည်။

ယခုအခါကျင်းပဆဲ ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော် ၁၃ ကြိမ်မြောက်အစည်းအဝေးကို ခေတ္တရပ်နားလိုက်ပြီဖြစ်ပါသည်။ အစည်းအဝေးရပ်နားနေသည့်ကာလအတွင်း ပါတီစုံမှကိုယ်စားလှယ်များပါဝင်သည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီအနေနှင့် မိမိ၏လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နေကြမည်ဖြစ်ပါသည်။ ပူးပေါင်းကော်မတီ၏ တွေ့ရှိချက်၊ ဆွေးနွေးချက်၊ သုံးသပ်ချက်နှင့် အကြံပြုချက်များကို လာမည့်ဇူလိုင်လတွင် ပြန်လည်ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ တင်ပြရမည်ဖြစ်ပါသည်။

အခြေခံဥပဒေ အခန်း (၂)၊ နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံတွင် ဖော်ပြထားသည့် တိုင်းဒေသကြီး ခုနစ်ခု၊ ပြည်နယ်ခုနစ်ခုနှင့် ပြည်ထောင်စု နယ်မြေများအစား ဒေသကိုကိုယ်စားပြုသော သင့်လျော်သည့်အမည်နာမများကို ပြောင်းလဲပြင်ဆင်ပြဋ္ဌာန်း သင့်/မသင့် စဉ်းစားသင့်ပါကြောင်း အကြံပြုတင်ပြလိုက်ရပါသည်။

သိန်းထက်အောင်