News

POST TYPE

PERSPECTIVE

သတိထားဆင်ခြင်ရမယ့် ဖေ့စ်ဘွတ်ခ်ပေါ်က အမုန်းစကားတွေ
11-Jun-2019


ယနေ့အချိန်မှာ လူတိုင်းလူတိုင်းက မိုဘိုင်းလ်ဖုန်းနှင့် ကင်းနိုင်ကြသူတွေ မဟုတ်။ မူလတန်းကျောင်းသား အရွယ် ကလေးကစလို့ အသက်ခြောက်ဆယ်ကျော်၊ ခုနစ်ဆယ်နီးပါး သက်ကြီးရွယ်အိုတွေအထိ မိုဘိုင်းလ်ဖုန်းကို ကိုင်ဆောင်ကာ အသုံးပြုနေကြပါတယ်။ မိုဘိုင်းလ်ဖုန်းကို ကိုင်ဆောင်ပြီဆိုကတည်းက အင်တာနက်ဆိုသည့်အရာနှင့်လည်း လက်ပွန်းတတီး ဖြစ်နေကြပါတော့တယ်။ တစ်ဖန် အင်တာနက်ကနေတစ်ဆင့် လူမှုကွန်ရက်တစ်ခုဖြစ်တဲ့ ဖေ့စ်ဘွတ်ခ်ဆိုတာကိုပါ လူတိုင်းက အသုံးပြုနေကြပြီဖြစ်ပါတယ်။ 

အဲဒီလို မိုဘိုင်းလ်ဖုန်း၊ အင်တာနက်၊ ဖေ့စ်ဘွတ်ခ်ဆိုတာတွေကို အသုံးပြုနေကြသည့်အထဲမှာ လောကီနယ်ပယ်က လူပုဂ္ဂိုလ်တွေတင်မကဘဲ လောကုတ္တရာနယ်ပယ်က စာရေးသူတို့လို ရဟန်း၊ သံဃာတော်တွေလည်း ကိုင်ဆောင်အသုံးပြုနေကြပါတယ်။ လောကုတ္တရာနယ်ပယ်က ရဟန်း၊ သံဃာတော်တွေကလည်း လောကီနယ်ပယ်က လူသားတွေနည်းတူ တစ်ဦးနှင့်တစ်ဦး လျင်မြန်စွာဆက်သွယ်နိုင်ဖို့ မြန်မာ့သတင်း၊ ကမ္ဘာ့သတင်းတွေနဲ့ ပတ်သက်ပြီး မျက်ခြည်မပြတ် သိရှိနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ အသုံးပြုနေကြခြင်း ဖြစ်ပါတယ်။ 

မိုဘိုင်းလ်ဖုန်း ကိုင်ဆောင်ကြတဲ့ လောကီနယ်ပယ်က လူသားပဲဖြစ်ဖြစ်၊ သာသနာတော်တွင်းက ရဟန်းသံဃာတော်တွေပဲဖြစ်ဖြစ် ဖေ့စ်ဘွတ်ခ်ကိုတော့ အများဆုံး သုံးစွဲကြသူတွေချည်း ဖြစ်ကြပါတယ်။ ဖေ့စ်ဘုတ်ကို သုံးစွဲတာချင်း တူညီပေမယ့် သုံးစွဲပုံသုံးစွဲနည်းကတော့ တစ်ဦးနဲ့တစ်ဦး မတူညီနိုင်ကြပါဘူး။ 

မိမိတို့ ကြိုက်နှစ်သက်ရာကဏ္ဍအလိုက် ဖေ့စ်ဘွတ်ခ်ကို အသုံးပြုလေ့ရှိကြပါတယ်။ နိုင်ငံရေးကို စိတ်ဝင်စားသူတွေက နိုင်ငံရေးအကြောင်းအရာတွေကို ဖေ့စ်ဘွတ်ခ်ပေါ်မှာ တင်ကြတယ်။ ဘာသာရေးကို စိတ်ဝင်စားသူတွေက ဘာသာရေးနှင့် ဆက်နွှယ်တဲ့ အကြောင်းအရာလေးတွေကို တင်လေ့ရှိကြပါတယ်။ စာပေကို ဝါသနာပါကြသူတွေက ကဗျာတွေ၊ စာတွေကို ရေးသားတင်ပြလေ့ရှိကြပါတယ်။ ကျန်းမာရေးအကြောင်း၊ စီးပွားရေးအကြောင်း၊ ခရီးသွားခြင်းအကြောင်း၊ မိသားစုအကြောင်း၊ ပညာရေးအကြောင်း၊ ကိုယ်ရေးကိုယ်တာကိစ္စအကြောင်း အစရှိတဲ့ အကြောင်းအရာတွေကို မရိုးနိုင်အောင် ဖေ့စ်ဘွတ်ခ်ပေါ်မှာ နေ့စဉ်နှင့်အမျှ တင်လေ့ရှိကြပါတယ်။ 

လူတစ်ကိုယ်စိတ်တစ်မျိုးမို့ အကြိုက်ချင်းလည်း မတူညီနိုင်သလို အယူအဆချင်းလည်း တူညီနိုင်မှာ မဟုတ်ပါဘူး။ အဲဒီတော့ ဖေ့စ်ဘွတ်ခ်ပေါ်မှာ မည်သူမဆို ကိုယ်ကြိုက်တဲ့အကြောင်းအရာ၊ ကိုယ့်ရဲ့ စိတ်ခံစားမှုကို လွတ်လပ်စွာ ရေးသားတင်ပြနိုင်ခွင့် ရှိနိုင်ပါတယ်။ ဒါဟာ ဖေ့စ်ဘွတ်ရဲ့ အားသာချက်တစ်ခုပဲ ဖြစ်ပါတယ်။ 

အဓိက,ကတော့ ဖေ့စ်ဘွတ်ခ်ကို အသုံးပြုကြသူတိုင်းဟာ ဘယ်သူ ဘယ်သူ တစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်နစ်နာမျိုးမရှိဘူးဆိုလျှင် လွတ်လွတ် လပ်လပ်တင်ပိုင်ခွင့်ရှိကြပါတယ်။ ရေးသားပိုင်ခွင့်ရှိကြပါတယ်။ ဖေ့စ်ဘွတ်ခ်ကို အသုံးပြုကြတဲ့အခါမှာ မိမိရဲ့ စိတ်ဆန္ဒကို ရှေ့တန်းမတင်ဘဲ မိမိတင်ပြ ရေးသားလိုက်တဲ့ စာသား၊ ဓာတ်ပုံတစ်ပုံတစ်ပုံဟာ အခြားသော တစ်စုံတစ်ယောက်အတွက် ထိခိုက်နစ်နာမှု ရှိနိုင်မလားဆိုတာကို ထည့်သွင်းစဉ်းစားကြဖို့ လိုအပ်ပါတယ်။ 

သည်နေရာမှာ သာသနာတော်တွင်းက ရှင်ရဟန်းများအနေနဲ့ လောကီနယ်ပယ်ဘက်က လူသားတွေထက် ပိုမိုကာ သတိကြီးကြီးထားပြီး ဖေ့စ်ဘွတ်ခ်ကို အသုံးပြုဖို့ လိုအပ်ပါတယ်။ အချို့သော ရှင်ရဟန်းတွေက ဘာသာရေးနဲ့ ဆက်နွှယ်တဲ့အကြောင်းအရာလေးတွေကို တင်လေ့ရှိကြတယ်။ ဒါဟာ ဖတ်ရသူလူအများအတွက် ဘာသာရေးနှင့် ပတ်သက်ပြီး မသိနားမလည်တာကို သိရှိခွင့်ရသည့်အတွက် အင်မတန်မှ ကောင်းမွန်လှပါတယ်။ အကယ်၍များ ဘာသာရေးအကြောင်းအရာတစ်ခုကို မှားယွင်းစွာ ရေးသားတင်ပြမိခဲ့ရင်တောင် အားလုံးက နားလည်ခွင့်လွှတ် ပေးနိုင်ကြပါတယ်။ အချို့သော ရဟန်းတော်တွေကတော့ ကဗျာတွေ၊ စာတွေကို ရေးသားတင်ပြကြတယ်။ သည်လို ကဗျာတွေ စာတွေတင်နေတဲ့ ရှင်ရဟန်းတော်တွေကိုလည်း ဘယ်သူကမျှ အပြစ်တင်လေ့မရှိကြပါဘူး။ ဝါသနာအရ ရေးသားတင်ပြကြတာမို့ အားလုံးက နားလည်လက်ခံပေးခဲ့ကြပါတယ်။ အချို့သော ရှင်ရဟန်းတွေကတော့ နိုင်ငံရေးနဲ့ ပတ်သက်ဆက်နွှယ်တဲ့ အကြောင်းအရာတွေကို တစိုက်မတ်မတ် တင်လေ့ရှိကြတာကို တွေ့ကြရပါတယ်။ 

နိုင်ငံရေးဆိုတာကတော့ အင်မတန်မှ ရှုပ်ထွေးပွေလီတဲ့ ကိစ္စရပ် တစ်ခုဖြစ်ပါတယ်။ သာသနာတော်တွင်းက ရှင်ရဟန်းတွေ မပြောနဲ့ နိုင်ငံရေးကို လေ့လာလိုက်စားကြပါတယ်ဆိုတဲ့ နိုင်ငံရေးသမားဆိုသူများတောင် နိုင်ငံရေးအကြောင်းအရာနဲ့ ပတ်သက်ပြီး ချေချေငံငံသိဖို့ ခက်ခဲလှပါတယ်။ ရှင်ရဟန်းများနှင့် နိုင်ငံရေးဟာ မပတ်သက်ဘူးလို့ ပြောလို့ရ ချင်ရနိုင်ပေမယ့်လည်း ရှင်ရဟန်းများအနေနဲ့ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိပါတယ်။ လွတ်လပ်စွာ မိမိတို့ ကြိုက်နှစ်သက်ရာ ခေါင်းဆောင်၊ ပါတီကို အားပေးခွင့်ရှိပါတယ်။ ယနေ့ပွင့်လင်းမြင်သာလာတဲ့ မျက်မှောက်ခေတ်မှာလည်း ပါတီချင်း၊ ခေါင်းဆောင်ချင်း ကွဲလွဲရာကနေ ရှင်ရဟန်းတွေကြားမှာလည်း အကွဲအပြဲလေးတွေက အနည်းအကျဉ်း ပေါ်ပေါက်လာခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမ်အယ်လ်ဒီပါတီကို ကြိုက်နှစ်သက်ကြတဲ့ ရှင်ရဟန်းတွေနဲ့ ပြီးခဲ့တဲ့ ဦးသိန်းစိန်အစိုးရ ကြံ့ခိုင်ရေးပါတီကို အားပေးထောက်ခံကြတဲ့ ရှင်ရဟန်းတွေရယ်လို့ အုပ်စုနှစ်စု ကွဲထွက်လာခဲ့ကြပါတယ်။ 

နိုင်ငံရေးသဘောအရ ဒေါ်အောင်ဆန်းစုကြည်ကို မုန်းပိုင်ခွင့်ရှိ သလို၊ ချစ်ပိုင်ခွင့်လည်း ရှိပါတယ်။ တစ်ဖန် ဦးသိန်းစိန်အစိုးရကို ချစ်ပိုင်ခွင့်လည်းရှိသလို မုန်းပိုင်ခွင့်လည်း ရှိပါတယ်။ လွတ်လပ်စွာ မုန်းခွင့်ချစ်ခွင့် ရှိပါတယ်။ အဲဒီတော့ ပါတီတစ်ခု၊ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အပေါ်မှာ ချစ်ခြင်း၊ မုန်းခြင်းကို အကြောင်းပြုကာ ဖေ့စ်ဘွတ်ခ်ဆိုတဲ့ လူမှုကွန်ရက်ပေါ်မှာလည်း အမုန်းတရားတွေ၊ ချစ်ခြင်းတရားတွေက ပလူပျံလာခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမ်အယ်လ်ဒီပါတီကို ကြိုက်နှစ်သက် ကြတဲ့ပုဂ္ဂိုလ်တွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ အမ်အယ်လ်ဒီပါတီရဲ့ ကောင်းကွက်တွေကိုပဲ ရေးသားဖြန့်ဝေလာကြသလို အခြားတစ်ဖက်က ပါတီနဲ့ ခေါင်းဆောင်ပိုင်းတွေရဲ့ မကောင်းကွက်၊ ဟာကွက် ပျော့ကွက်တွေကိုလည်း ဖေ့စ်ဘွတ်ခ်ပေါ်မှာ ရေးသားဖြန့်ဝေလာခဲ့ကြပါတယ်။ နောက်တစ်ခါ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမရဲ့ပါတီကို မကြိုက်မနှစ်သက်ကြတဲ့ ပုဂ္ဂိုလ်တွေကလည်း ၎င်းတို့ရဲ့ ဟာကွက်တွေ၊ မကောင်းကွက်တွေကို ရေးသားဖြန့်ဝေလာကြတာကို ဖေ့စ်ဘုတ်လို့ခေါ်တဲ့ လူမှုကွန်ရက်ပေါ်မှာ မှိုလိုပေါက်အောင် တွေ့နေရပါတယ်။ 

အထက်မှာ ပြောခဲ့ပြီးဖြစ်သလို ဝေဖန်တယ်ဆိုတာကတော့ လူတိုင်းလူတိုင်းရဲ့ လွတ်လပ်မှုတစ်ခုဖြစ်ပါတယ်။ သို့သော်လည်းပဲ မိမိရဲ့ဝေဖန်မှုဟာ နည်းလမ်းတကျဖြစ်ဖို့၊ သမာသမတ်ကျဖို့တော့ အရေးကြီးပါတယ်။ ဟုတ်တာ၊ မဟုတ်တာကို အပထားလို့ မိမိမုန်းတဲ့လူတစ်ယောက်ကို ဝေဖန်လိုက်ရရင် ပြီးရောဆိုတဲ့ အနေအထားမျိုးနဲ့ ဝေဖန်ခြင်းမျိုးတွေဟာ သိပ်ပြီးတော့ကို အောက်တန်းကျလွန်းလှပါတယ်။ ဝေဖန်တာဟာ အပြစ်မဟုတ်ပေမယ့် နည်းစနစ်မကျတဲ့ ဝေဖန်ခြင်းမျိုးကိုတော့ ရှင်ရဟန်းများအနေနဲ့ ရှောင်ရှားသင့်ပြီး ဓမ္မဓိဋ္ဌာန်ကျကျ ဝေဖန်တတ်ဖို့ အရေးကြီးပါတယ်။ နောက်တစ်ချက်က နိုင်ငံရေးဆိုသည်မှာ အင်မတန် ကောက်ကျစ်စဉ်းလဲတတ်တာမို့ ကိုယ်မကျွမ်းကျင် မနိုင်နင်းတဲ့ အရာတစ်ခုအပေါ်မှာလည်း ဝေဖန်နေခြင်းမျိုးဟာ ရှင်ရဟန်းများအတွက် မလျော်ကန်လှပါဘူး။ အကောင်းဆုံးကတော့ မိမိဝေဖန်လိုတဲ့ အကြောင်းအရာတစ်ခုကို နှိုက်နှိုက်ချွတ်ချွတ် အသေးစိတ် လေ့လာစုံစမ်းပြီးမှသာလျှင် ဝေဖန်ခြင်းဟာ အကောင်းဆုံးဖြစ်ပါတယ်။ 

တစ်ဦးတစ်ယောက်ပြောတာလေးကို ကြားရုံမျှဖြင့်သော်လည်းကောင်း၊ အင်တာနက်က တက်လာတဲ့ သတင်းအစအနေလေးကို ဖြတ်ညှပ်ကတ်လုပ်ကာသော်လည်းကောင်း အချို့သော ရှင်ရဟန်းတွေက ပုံတူမှားရိုက်ကာ ဖေ့စ်ဘွတ်ခ်ပေါ်ကို စတေးတပ်တင်လေ့ရှိကြပါတယ်။ အဲဒီလို တင်လိုက်ခြင်းအားဖြင့် ရှင်ရဟန်းများအနေနဲ့ ဘာမှအကျိုးရလဒ်ကို ဖြစ်စေလာမည်မဟုတ်ဘဲ သူတို့ရေးသားတင်ပြထားတဲ့ ဖေ့စ်ဘွတ်ခ် စတေ့တပ်ကွန်မင့်ကို သွားကြည့်လိုက်မယ်ဆိုရင် နင်ပဲငဆ ဆဲဆိုသံတွေကိုသာ မမြင်ချင်မှအဆုံး မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။ 

ရှင်ရဟန်းကော၊ ဘာကောဆိုတာကို ထည့်စဉ်းစားမနေကြတော့ဘဲ အနာပစကားလုံးတွေနဲ့ တန်ပြန်ဝေဖန်ရှုတ်ချမှုတွေကိုသာ ရှင်ရဟန်းများအနေနဲ့ ခံကြရမှာဖြစ်ပါတယ်။ ရှင်ရဟန်းများအနေနဲ့ မမှန်ကန်တဲ့ နည်းလမ်းတွေနဲ့ မဟုတ်မမှန်တဲ့ သတင်းတုသတင်းမှားတွေကို ဖေ့စ်ဘွတ်ခ်ပေါ်မှာ အများသိအောင်ရေးသားတင်ပြနေကြခြင်းဟာ အမုန်းတရားတွေကို ဖြန့်ဖြူးနေကြခြင်းသာဖြစ်ပါတယ်။ အထူးသဖြင့် ရဟန်းသံဃာ တော်အချင်းချင်း သွေးကွဲလာအောင်၊ လူပုဂ္ဂိုလ်များနှင့် သာသနာတော် အတွင်းက ရှင်ရဟန်းတွေကြားမှာ ယုံကြည်မှုတွေ ပျက်ပြားလာအောင်၊ ရှင်ရဟန်းတော်တွေအပေါ်မှာ ဒကာ၊ ဒကာမတွေရဲ့ ကြည်ညိုမှုလျော့ပါးလာအောင် လုပ်ဆောင်နေကြခြင်းသာ ဖြစ်ပါတယ်။ ဖေ့စ်ဘွတ်ခ်ပေါ်မှာ မိမိရေးသားတင်ပြလိုက်တဲ့ မမှန်ကန်တဲ့ စတေးတပ်တစ်ခုဟာ မိမိတစ်ဦး တစ်ယောက်တည်းသာလျှင် ထိခိုက်စေတာမဟုတ်ဘဲ သာသနာတော်အတွင်းက ရှင်ရဟန်းတွေအားလုံးအပေါ်မှာ ဒကာ၊ ဒကာမတွေရဲ့ အထင်သေးမှုတွေကို ခံကြရတယ်ဆိုတာကို ထည့်တွက် စဉ်းစားသင့်ပါတယ်။ 

အဲဒီတော့ ရှင်ရဟန်းများအနေနဲ့ ဖေ့စ်ဘွတ်ခ်ပေါ်မှာ တစ်ဦးနှင့်တစ်ဦးကြား အမုန်းတရားကို ဖြစ်စေမည့် ရေးသားချက်၊ တင်ပြချက်တွေကို ရပ်တန်းက ရပ်သင့်ပြီဖြစ်ပါကြောင်းနှင့် မဟုတ်မမှန်ကန်သော နည်းလမ်းတွေကို အသုံးပြုပြီး ဝေဖန်တဲ့စတေးတပ်မျိုးတွေကို ဖေ့စ်ဘွတ်ခ်လို့ခေါ်တဲ့ လူမှုကွန်ရက်ပေါ်မှာ ရေးသားဖြန့်ဖြူးမှုတွေကိုလည်း ရှောင်ကြဉ်သင့်ပါကြောင်း ရေးသားတိုက်တွန်းလိုက်ရပါတယ်။

ကြယ်စင်စိုး (မန္တလေး)