News

POST TYPE

PERSPECTIVE

ကနေဒါ ဖက်ဒရယ်စနစ်
08-Nov-2016

ကနေဒါ ဖက်ဒရယ်စနစ် ဖြစ်ပေါ်လာစေသည့် အကြောင်းရင်းများ

ကနေဒါ နိုင်ငံ၏ လက်ရှိ ဖက်ဒရယ်စနစ် ဖြစ်ပေါ် တိုးတက်လာပုံကို  ကောင်းစွာ နားလည် သဘောပေါက်စေရန်မှာ ၎င်းကို ပုံသွန်းလောင်းပေးခဲ့သော အင်အားစုများ အကြောင်းကို သိရှိ နားလည်ရန် လိုပေသည်။ ကနေဒါ ဖက်ဒရယ် စနစ်မှာ ၁၉ ရာစု အလယ်က ဗြိတိသျှ မြောက်အမေရိက ရင်ဆိုင်နေခဲ့ရသော နိုင်ငံရေးနှင့် လူမှုရေးဆိုင်ရာ ပကတိဘဝအကြောင်း အချက်များကို တုံ့ပြန်ခဲ့ရသည့် နိုင်ငံရေးနှင့် ဥပဒေရေးရာ ဖြေရှင်းချက်ပင်ဖြစ်သည်။

၁၈၆ဝ ခုနှစ် (အမေရိကန် လွတ်လပ်ရေး ရပြီး ၈၄ နှစ်အကြာ) တွင် ဗြိတိသျှ မြောက်အမေရိက ဆိုသည်မှာ နယူးဖောင်လန်၊ နိုဘာစကိုးရှား၊ နယူးဘန်းစ်ဝစ်နှင့် အတ္တလန်တိတ် သမုဒ္ဒရာ ကမ်းခြေရှိ ပရင့်စ်အက်ဝပ် ကျွန်းစသည့် ဗြိတိသျှ ကိုလိုနီများကို ခေါ်ဆိုခြင်း ဖြစ်သည်။ တစ်ဒေသနှင့် တစ်ဒေသ ဆက်စပ်မှု မရှိဘဲ တကွဲတပြားစီ ဖြစ်သည်။ ပစိဖိတ်ကမ်းခြေဘက်တွင် ဗင်ကူးဗားကျွန်းနှင့် ဗြိတိသျှ ကိုလံဘီယာတို့ ရှိသည်။ အလယ်ကောင်တွင် ကြီးမားသော ကနေဒါ ပြည်နယ်/ တိုင်းဒေသကြီး တည်ရှိပြီး ၎င်းအထဲတွင် ပြင်သစ်-ကက်သလစ် လွှမ်းမိုးသော ကနေဒါ အောက်ပိုင်းနှင့် အင်္ဂလိပ်-ပရိုတက်စတင့် လွှမ်းမိုးသော အထက်ပိုင်း ကနေဒါတို့ ပါဝင်သည်။ အဆိုပါ ကိုလိုနီများမှာ ပထဝီအရလည်းကောင်း၊ နိုင်ငံရေးနှင့် စီးပွားရေးအရလည်းကောင်း တစ်ဒေသနှင့် တစ်ဒေသ တကွဲတပြားစီ ဖြစ်နေသော်လည်း ၎င်းတို့အားလုံး ဗြိတိန်နှင့် ရင်းနှီးသော ဆက်ဆံရေး ရှိကြသည်။

၁၈၄၁ ခုနှစ်တွင် ဗြိတိန်က ယခင် တကွဲတပြားစီ ရှိနေခဲ့သော အထက်ပိုင်းနှင့် အောက်ပိုင်း ကနေဒါ ကိုလိုနီများကို နိုင်ငံရေးအရ ဇွတ်အတင်းအကျပ် ပြည်ထောင်စု တစ်ရပ် ဖွဲ့စေသည်။ အောက်ပိုင်း ကနေဒါသည် အထက်ပိုင်း ကနေဒါထက် လူဦးရေအရ ပိုမို များပြားသော်လည်း ဒေသကြီး နှစ်ခုလုံးမှ တူညီသော အရေအတွက်ရှိသည့် ကိုယ်စားလှယ်များကိုသာ ရွေးချယ် စေလွှတ်ခွင့်ပေးခြင်းဖြင့် အောက်ပိုင်း ကနေဒါရှိ ပြင်သစ်ကနေဒီ ယန်များကို မကျေမနပ် ဖြစ်စေလေသည်။

ထိုသို့ ကိုလိုနီများအတွင်း ဖိအားများ ရှိနေစဉ်အတွင်း တောင်ဘက်ရှိ အမေရိကန် ပြည်ထောင်စုမှ ခြိမ်းခြောက်မှုများကလည်း ရှိပြန်သည်။ ပထမ ခြိမ်းခြောက်မှုမှာ မြောက်အမေရိကရှိ အင်္ဂလိပ် ကိုလိုနီများကို တိုက်ခိုက်ခြင်းဖြင့် အိုင်ယာလန် လွတ်လပ်ရေး ရရှိရန် မျှော်လင့်ကြသော အိုင်းရစ်ရှ် ကက်သလစ်အုပ်စု တစ်ခုဖြစ်သော Fenian တို့၏ ခြိမ်းခြောက်မှုဖြစ်သည်။ ၁၈၆၆ ခုနှစ်က Fenian ၁၅ဝဝ လောက်က အထက် ကနေဒါကို ကျူးကျော် လာသည့်အတွက် တိုက်ထုတ်ခဲ့ရသေးသည်။

ထို့ပြင် နောက်ထပ် ခြိမ်းခြောက်မှု တစ်ခုမှာ အမေရိကန် ပြည်ထောင်စု၏ သိမ်းပိုက်ခံရမည့် အရေးဖြစ်ပြီး နှစ်ကြိမ် နှစ်ခါ ကျူးကျော် တိုက်ခိုက်ခံရကာ နှစ်ကြိမ်လုံး မအောင်မြင်ချေ။ တစ်ကြိမ်မှာ ၁၇၇၅ ခုနှစ်က ဖြစ်ပြီး အမေရိကန် တပ်မတော်က ကွိဘက်ကို ကျူးကျော် တိုက်ခိုက်ပြီး မွန်ထရီယယ်ကို သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။ ဒုတိယ တစ်ကြိမ်မှာ ၁၈၁၂ ခုနှစ်တွင် ဖြစ်ပြီး အွန်တေရီယိုရှိ နိုင်ယာဂရာ ဒေသကို ဝင်ရောက် ကျူးကျော်ခဲ့ခြင်း ဖြစ်သည်။

ဗြိတိသျှ လူထု၏ အမြင်တွင် စစ်စရိတ် လျှော့ချရေးကိုသာ လိုလားကြသည်။ သို့ဖြစ်ရာ မြောက်အမေရိကတွင် အသုံးပြုမည့် အစိုးရ အသုံးစရိတ် (အထူးသဖြင့် ကာကွယ်ရေး စရိတ်) ကို ဖြတ်တောက် လိုကြသဖြင့် ကိုလိုနီများအဖို့ နောက်တစ်ခေါက် တိုက်ခိုက်ခံရလျှင် မိမိကိုယ်ကိုယ် ကာကွယ်ရမည့် ပုံပေါ်နေပေတော့သည်။

ထိုသို့ဖြင့် ၁၈၆၄ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စု၏ ကျူးကျော် သိမ်းပိုက်မှု အန္တရာယ်ကို ကာကွယ်ရန်နှင့် အပြန်အလှန် စီးပွားကုန်သွယ်ရေး တည်ဆောက်ရန်အတွက် ဗြိတိသျှ မြောက်အမေရိက ယူနီယံ ဖွဲ့စည်းရန် ပရင့်စ်အက်ဒဝပ်ကျွန်းရှိ ရှားလော့တောင်း (Charlottetown) တွင် အတ္တလန်တိတ်ကမ်းခြေ ပြည်နယ်များနှင့် ကနေဒါပြည်နယ်မှ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး ခဲ့ကြသည်။

ဆွေးနွေးပွဲတွင် ပုံစံ အမျိုးမျိုးကို ဆွေးနွေး စဉ်းစားခဲ့ကြသည်။ တစ်ပြည်ထောင်စနစ် ပုံစံကို ထောက်ခံ ဆွေးနွေးမှုများ ရှိသလို ဆန့်ကျင် ကန့်ကွက်မှုများလည်း ရှိခဲ့သည်။ အထူးသဖြင့် ကွိဘက်အနေနှင့် ကနေဒါ တိုက်ငယ်၏ ဖွံ့ဖြိုးတိုးတက်မှုကို ခွဲဝေ ခံစားလိုသကဲ့သို့ အခြားသော ပြည်နယ်များရှိ ဈေးကွက်များတွင်လည်း ရောင်းဝယ် ဖောက်ကားလိုသည်။ သို့သော် ၎င်းအနေနှင့် တစ်ပြည်ထောင် စနစ်တွင် လူနည်းစု အနေအထားသို့ ကျရောက်သွားမည်ကို လက်မခံလိုပေ။ ထိုသို့သော အနေအထားမှာ ကွိဘက်ပြည်သူအဖို့ လက်ခံနိုင်ဖွယ်ရာ မဟုတ်ပေ။ ၎င်းတို့အနေနှင့် ၎င်းတို့၏ ယုံကြည် ကိုးကွယ်မှု၊ ဘာသာစကား၊ ဥပဒေနှင့် ယဉ်ကျေးမှုများကို ထိန်းသိမ်းထားလိုပြီး သီးခြားဖြစ်ခြင်းအပေါ် ဂုဏ်ယူကြသည်။ ကွိဘက်များ အနေနှင့် ဒေသယူနစ် တစ်ခုစီ၏ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ကို ထောက်ခံ အသိအမှတ်ပြုမှုရှိသော ဖက်ဒရယ် ပြည်ထောင်စုကသာ သူတို့၏ ထူးခြားမှုများကို အကောင်းဆုံး ထိန်းသိမ်း ပေးနိုင်လိမ့်မည်ဟု ယုံကြည်ကြသည်။ ထို့ကြောင့် ကိုယ်စားလှယ်များသည် အထပ်ထပ် အခါခါ ဆွေးနွေးပြီးနောက် ဖက်ဒရေးရှင်း တစ်ခုကသာ အဖွဲ့ဝင် ယူနစ်များ၏ အကျိုးစီးပွားကို ကာကွယ်ရင်း တစ်ခုလုံး၏ အကျိုးစီးပွားမှ ခွဲဝေ ခံစားနိုင်ကြလိမ့်မည်ဟု ယုံကြည်သဖြင့် ဖက်ဒရယ် ပြည်ထောင်စု တစ်ရပ် ဖွဲ့စည်းရန် ဆုံးဖြတ်လိုက်ကြသည်။ သို့သော်လည်း ပြည်နယ် အားလုံးက ထိုသို့ ယုံကြည်ခဲ့ကြခြင်း မဟုတ်ချေ။ ပရင့်စ်အက်ဒ်ဝပ်ကျွန်းနှင့် နယူးဖောင်လန်တို့က ဖက်ဒရေးရှင်းသည် ၎င်းတို့၏ ကွဲပြား ခြားနားသော ယဉ်ကျေးမှု အစဉ်အလာများကို ထိန်းသိမ်း ထားနိုင်လိမ့်မည်ဟု မယုံကြည်သဖြင့် ချက်ချင်း မပါဝင်ခဲ့ကြဘဲ ၁၈၇၃ ခုနှစ်တွင်မှ ပရင့်အက်ဒ်ဝပ်ကျွန်းကလည်းကောင်း၊ ၁၉၄၉ ခုနှစ်တွင် ကျမှ နယူးဖောင်လန်ကလည်းကောင်း ပူးပေါင်း ပါဝင်ခဲ့ခြင်းဖြစ်သည်။

အားကောင်းသော ဗဟို အစိုးရလော၊ အားနည်းသော ဗဟို အစိုးရလော

ဖက်ဒရေးရှင်း ပြည်ထောင်စု ဖွဲ့စည်းရန် ဆုံးဖြတ်ပြီးဖြစ်သော ကိုယ်စားလှယ်များသည် နောက်တစ်လ အကြာတွင် ကွိဘက်မြို့တွင် ထပ်မံ တွေ့ဆုံကာ အသေးစိတ် ကိစ္စများကို ထပ်မံညှိနှိုင်း ခဲ့ကြပြန်သည်။ ဖက်ဒရေးရှင်းတွင် အားကောင်းသော ဗဟို အစိုးရလော သို့တည်းမဟုတ် အားနည်းသော ဗဟို အစိုးရလော ဆိုသည့်ကိစ္စမှာ အဓိက ငြင်းခုံရသော ပြဿနာ ဖြစ်သည်။ နယူးဗန်းစ်ဝစ် ကိုယ်စားလှယ်များက ပြည်နယ်ရှိ လုပ်ပိုင်ခွင့် အာဏာများကို ဗဟိုသို့ ပေးလိုက်ရလျှင် ၎င်းတို့မှာ မြူနီစီပယ် ကော်ပိုရေးရှင်း သာသာမျှသာ အာဏာ ရှိတော့မည်ဟု ဆိုကြသည်။ အားကောင်းသော ဗဟို အစိုးရကို လိုလားသူများက အမေရိကန်၏ ပြည်တွင်းစစ် အတွေ့အကြုံကို ညွှန်ပြ၍ အားနည်းသော ဗဟို အစိုးရသာ ရှိသည့် ဖက်ဒရေးရှင်းကြောင့် ပြည်နယ်များ အချင်းချင်းအကြား ပဋိပက္ခများ ထိန်းမနိုင် သိမ်းမရဖြစ်ရပုံကို ဆွေးနွေး၍ အားကောင်းသော ဗဟို အစိုးရ လိုအပ်ပုံကို တင်ပြသည်။ ထိုကဲ့သို့သော ကံကြမ္မာ ၎င်းတို့ထံ တစ်ပတ် ပြန်လည်လာမည်ကို စိုးရိမ်သဖြင့် ၎င်းတို့ တည်ဆောက်မည့် ပြည်ထောင်စုတွင် ဗဟိုကို အားကောင်းစေချင်သည်။

အထက် ကနေဒါမှ ကွန်ဆာဗေးတစ် ခေါင်းဆောင် တစ်ယောက်လည်းဖြစ်၊ နောက်ပိုင်းတွင် ကနေဒါ၏ ဝန်ကြီးချုပ် အဖြစ်လည်း ၂၅ နှစ်ကြာ တာဝန် ထမ်းဆောင်ခဲ့သည့် ဆာဂျွန် အေ -မက်ဒေါ်နယ်က အမေရိကန် ပြည်ထောင်စု စတင် ဖွဲ့စည်းစက အဓိက အမှား တစ်ခုမှာ ပြည်နယ်တိုင်းက အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို မစွန့်လွှတ်ဘဲ ထိန်းသိမ်းထားကြပြီး  သေးငယ်သော လုပ်ပိုင်ခွင့် အာဏာကိုသာ ဗဟိုအစိုးရသို့ လွှဲအပ်ခဲ့ကြခြင်း ဖြစ်သည်ဟု ယုံကြည်လေသည်။ မက်ဒေါ်နယ် အနေနှင့် အမေရိကန်တို့ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်ကို ပြောင်းပြန်လုပ်ခြင်းဖြင့် ဗဟိုအစိုးရကို အားကောင်းစေရန်အတွက် ပြည်နယ်များ၏ ဒေသဆိုင်ရာ ရည်မှန်းချက်များအတွက် လိုအပ်သော လုပ်ပိုင်ခွင့် အာဏာကိုသာ ထိန်းသိမ်းရန် ပြည်နယ်များနှင့် တိုင်ပင် ညှိနှိုင်းရမည်ဟု ယူဆလေသည်။ မက်ဒေါ်နယ် အနေဖြင့် အင်အား တောင့်တင်းသော စည်းလုံး ညီညွတ်သည့် ကနေဒါနိုင်ငံကသာ အမေရိကန် ပြည်ထောင်စု၏ နောက်ထပ် တစ်ဖန် ကျူးကျော် တိုက်ခိုက်လာမှုကို ကာကွယ်နိုင်လိမ့်မည်ဟု ယုံကြည်လေသည်။

၁၈၆၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ အက်ဥပဒေ

ဖက်ဒရယ်စနစ်ဆိုင်ရာ အဆို နှစ်ရပ်လုံး၏ ကောင်းကွက်များကို ကိုင်စွဲကာ ပြင်းပြင်းထန်ထန် ဆွေးနွေး ငြင်းခုံကြပြီး နောက်ဆုံးတွင် မက်ဒေါ်နယ်နှင့် သူ့ကို ထောက်ခံသူများ၏ အမြင် ယူဆချက်က လွှမ်းမိုး သွားလေတော့သည်။ သို့ဖြစ်၍ ၁၈၆၇ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် အတည်ပြု သက်ဝင်ခဲ့သော ဖက်ဒရေးရှင်းမှာ ဗဟို ချုပ်ကိုင်မှုများသော အခြေခံဥပဒေ ဖြစ်ခဲ့လေသည်။ ဥပမာအားဖြင့် ဗဟိုဖက်ဒရယ် အစိုးရအား ကန့်သတ်ချက် မရှိ အခွန်ကောက်ယူခွင့် အာဏာ ပေးထားသော်လည်း ပြည်နယ် အစိုးရများမှာမူ ပြည်နယ်အတွင်း တိုက်ရိုက် အခွန်ကောက်ယူခွင့်နှင့် ပတ်သက်၍ ကန့်သတ်ချက်များ ရှိလေသည်။ ထို့ပြင် ဖက်ဒရယ် အစိုးရ အနေနှင့် ဒေသဆိုင်ရာ လုပ်ငန်း တစ်ခုခု သို့မဟုတ် စီမံကိန်း တစ်ခုခုအပေါ် တရားစီရင်ခွင့် အာဏာရှိပြီး အကယ်၍ အဆိုပါ လုပ်ငန်းမှာ ပြည်နယ် တစ်ခုအတွင်း လုံးဝ  ကျရောက် တည်ရှိနေခဲ့လျှင်သော်မှ ကနေဒါနိုင်ငံအတွက် အထွေထွေ ဦးစားပေးမှုအရ ဖြစ်စေရမည်ဟု ကြေညာလျက် ဗဟို တရားစီရင်ပိုင်ခွင့် အောက်သို့ ဆွဲသွင်းနိုင်သည်။ အချို့သော အခြေအနေ အချက်အလက်များအောက်တွင် ဖက်ဒရယ် အစိုးရအနေနှင့် ပြည်နယ်က ပြဋ္ဌာန်းထားသော ဥပဒေများအား ပယ်ဖျက်ခွင့်ကိုလည်း ပေးအပ်ထားသေးသည်။

ကနေဒါ ဖက်ဒရယ် အစိုးရ အနေနှင့် ၎င်းအရှေ့တည်ရှိနေသော အမေရိကန် ပြည်ထောင်စုနှင့် ဆွစ်ဇာလန် ဖက်ဒရယ် စနစ်များတွင် ဗဟိုက ရရှိသော လုပ်ပိုင်ခွင့် အာဏာများထက်ပိုသော အထူး သီးသန့် လုပ်ပိုင်ခွင့် အာဏာများ ရရှိရုံသာမကသေး Residual Power ခေါ် ကြွင်းကျန်သော အာဏာများကိုလည်း “ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် အစိုးရကောင်းဖြစ်ရေး”ဆိုသည့် အထွေထွေ ပြဋ္ဌာန်းချက်ဖြင့် ဖက်ဒရယ် အစိုးရသို့ ပေးအပ်ထားသေးသည်။ အမေရိကန်၊ ဆွစ်ဇာလန်နှင့် သြစတြေးလျ ပုံစံ ဖက်ဒရယ် စနစ်များတွင်မူ Residual Power ခေါ် ကြွင်းကျန်အာဏာကို ဒေသဆိုင်ရာနှင့် ပြည်နယ်များသို့ ပေးအပ်ထားလေသည်။

အထက်လွှတ်တော် အမတ်များ တစ်သက်တာပတ်လုံး တာဝန် ထမ်းဆောင်နိုင်ရန် ဘုရင်ခံချုပ်က ခန့်ထားခွင့် ပေးထားခြင်းသည်လည်း ဖက်ဒရယ် အစိုးရကို ပိုမို အားဖြည့်ပေးရာ ရောက်လေသည်။ အစောပိုင်း ကာလက အမေရိကန် ပြည်ထောင်စုတွင်မူ အထက်လွှတ်တော် အမတ်များမှာ ပြည်နယ် အကျိုးဆောင်ရွက်ရန်အတွက် ပြည်နယ် ဥပဒေပြု လွှတ်တော်မှ ကွန်ဂရက် လွှတ်တော်သို့ ခန့်အပ် စေလွှတ်ခြင်း ဖြစ်သည်။ ယခုအခါတွင်မူ အမေရိကန် အထက်လွှတ်တော် အမတ်များကို ပြည်နယ်တွင်းရှိ ပြည်သူ လူထုက တိုက်ရိုက် ရွေးကောက်တင်မြှောက်သည့် စနစ်သို့ ပြောင်းလဲပြီး ဖြစ်သော်လည်း ကနေဒါ နိုင်ငံတွင်မူ ဖက်ဒရယ် အစိုးရက ခန့်အပ်ခြင်း ဖြစ်နေသေးသည်။

ကနေဒါ ဖက်ဒရယ် အစိုးရအနေနှင့် အထွေထွေ အယူခံ တရားရုံး တည်ထောင်ခွင့် ရှိသလို တရားသူကြီးများကိုလည်း ခန့်အပ်ခွင့် ရှိလေသည်။ ၁၈၇၅ ခုနှစ်က ကနေဒါ ပြည်ထောင်စု တရားရုံးချုပ်ကို ဖွဲ့စည်းစဉ်ကလည်း ဆိုခဲ့ပါ အခွင့်အာဏာကို အသုံးပြုခဲ့လေသည်။ အဆိုပါ ပြည်ထောင်စု တရားရုံးချုပ်မှာ ပြည်နယ် အစိုးရနှင့် ဖက်ဒရယ် အစိုးရတို့အကြား အခြေခံ ဥပဒေဆိုင်ရာ အငြင်းပွားမှုများကို နောက်ပိတ်ဆုံး အဆုံးအဖြတ် ပေးရာဌာနလည်း ဖြစ်လေသည်။ ကနေဒါ ပါလီမန်သည် ပြည်နယ် တရားသူကြီးများ၊ ခရိုင်အဆင့်နှင့် အထက်အယူခံ တရားရုံး တရားသူကြီးများနှင့် တရားရေး ဝန်ထမ်းများကို ခန့်ထားခွင့် ရှိသည့်အပြင် ၎င်းတို့၏ လစာ၊ ခံစားခွင့်နှင့် ပင်စင်များအတွက်လည်း တာဝန် ရှိလေသည်။

မူလပြည်နယ်များက ဖက်ဒရယ်တွင် ပါဝင်ဖွဲ့စည်းပါမည်ဟူသော စေ့စပ်ညှိနှိုင်း သဘောတူမှုကို အခြေခံ ဥပဒေက ရုပ်လုံးဖော်ရခြင်း ဖြစ်သည်။ လူနည်းစုများ၏ အခွင့်အရေးကို ထိန်းသိမ်းပေးခြင်းသည် အဆိုပါ လူနည်းစုများ ဖက်ဒရေးရှင်းထဲ ဝင်လာစေသည့် အချက်အလက် အကြောင်းအရင်းလည်း ဖြစ်သလို အဆိုပါ အခြေခံအပေါ်မှ နိုင်ငံ၏ တည်ဆောက်ပုံကို ဖော်ဆောင်ရခြင်းလည်း ဖြစ်လေသည်။

ဖက်ဒရယ်နှင့် ပြည်နယ်အကြား လုပ်ပိုင်ခွင့် အာဏာ ခွဲဝေမှုကို ပြဋ္ဌာန်းခဲ့သည့် အခြေခံ ဥပဒေကို ၁၈၆၇ ခုနှစ် ဗြိတိသျှ မြောက်အမေရိက အက်ဥပဒေဟု ခေါ်တွင်သည်။ အကြောင်းမှာ အဆိုပါ အက်ဥပဒေကို ဗြိတိသျှ ပါလီမန်က ပြဋ္ဌာန်းပေးခဲ့သောကြောင့် ဖြစ်သည်။ နောက်ပိုင်းတွင် ၁၈၆၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံ အက်ဥပဒေဟု ပြောင်းလဲ ခေါ်ဝေါ်ခဲ့သည်။  အဆိုပါ အက်ဥပဒေဖြင့် ကနေဒါ ဒိုမီနီယံကို ဖန်တီးလိုက်ကာ အရှေ့ ကနေဒါ၊ အနောက် ကနေဒါ၊ နိုဘာစကိုးရှားနှင့် နယူးဘန်းစ်ဝစ် ပြည်နယ်များကို စုစည်းလိုက်သည်။ အဆိုပါ ဥပဒေက ဗြိတိသျှ မြောက်အမေရိက၏ အခြားသော အစိတ်အပိုင်းများကို ဝင်ခွင့်ပြုရေးနှင့် ပတ်သက်၍လည်း စည်းဘောင် ပြဋ္ဌာန်းပေးသည်။ ထို့ပြင် ဖက်ဒရယ် ပါလီမန်နှင့် ပြည်နယ် ဥပဒေပြု လွှတ်တော်များအကြား ဥပဒေပြုရေး အာဏာများကိုလည်း ခွဲခြားသတ်မှတ် ပေးသည်။

၁၇၈၇ ခုနှစ် အမေရိကန် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် သူ၏ ပြင်ဆင်ချက်များနှင့် မတူဘဲ ကနေဒါ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၏ ကြီးမားသည့် အစိတ်အပိုင်းမှာ စာချုပ်စာတမ်း တစ်ခုတည်းအတွင်း မတည်ရှိပေ။ “၁၉၈၂ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ အက်ဥပဒေ” ပုဒ်မ ၅၂ (၂) တွင်ပါသည့်  မပြည့်စုံသေးသော အခြေခံ ဥပဒေ ဇယား ၂၅ ခုက ကနေဒါ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြည့်စုံစေလေသည်။ မည်သို့ ဆိုစေကာမူ ကနေဒါ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ကြီးမားသော အစိတ်အပိုင်း (တချို့သော ပြောစကားများအရ အခြေခံ အကျဆုံး အစိတ်အပိုင်း) လည်းဖြစ်ပြီး ရေးသား မထားသည့် အခြေခံမူများက အခြေခံဥပဒေ ဖြစ်ပေါ်လာရန် လှုံ့ဆော် ပုံသွင်းပေးခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ သဘော တူညီချက်များ (Constitutional Conventions) ဟု ခေါ်တွင်သည်။

ရဲထွန်း (သီပေါ )
စာကိုး 
- Federalism in Canada by Chief Justice John D. Richard
- A Federal State by Dr. Eugene A. Forsey


  • VIA