News

POST TYPE

PERSPECTIVE

ကနေဒါ ဖက်ဒရယ်စနစ်
08-Nov-2016

ဖက်ဒရယ် နိုင်ငံဆိုသည်မှာ မတူခြားနားသော နိုင်ငံရေး အသိုက်အဝန်းများကို ဘုံတူညီသော အရေးကိစ္စများအတွက် ဘုံ အစိုးရတစ်ရပ် (အမျိုးသားအစိုးရ) ဖွဲ့စည်းခွင့်ရှိခြင်းနှင့် မတူကွဲပြား ခြားနားသော ဒေသဆိုင်ရာ အရေးကိစ္စများအတွက် အသိုက်အဝန်း တစ်ခုစီအား ပြည်နယ်၊ တိုင်း ဒေသကြီးနှင့် ဒေသန္တရ အစိုးရများအဖြစ် ခွဲခြား ဖွဲ့စည်းစေကာ ပေါင်းစပ်ထားသည့် စနစ်ဖြစ်ပါသည်။ အမေရိကန် ပြည်ထောင်စု၊ ကနေဒါ၊ သြစတြေးလျနှင့် ဆွစ်ဇာလန် နိုင်ငံများသည် ဖက်ဒရယ်နိုင်ငံများ ဖြစ်ကြသည်။ ဖက်ဒရယ်စနစ် ဆိုသည်မှာ မတူကွဲပြားမှုများရှိသည့် ပေါင်းစည်း ညီညွတ်မှုပင် ဖြစ်သည်။ ကနေဒါနိုင်ငံ၏ ပထမဆုံး ဝန်ကြီးချုပ် ဆာဂျွန် အေ မက္ကဒေါ်နယ် ပြောခဲ့သလို “ဒေသဆိုင်ရာ ကိစ္စရပ်များကို ဖြေရှင်းရန် ဒေသဆိုင်ရာ အစိုးရများနှင့် ဥပဒေပြု အဖွဲ့အစည်းများ ပါဝင်သည့် တစ်မျိုးသားလုံးဆိုင်ရာ ကိစ္စများကို ဖြေရှင်းရန် အမျိုးသား အစိုးရ တစ်ရပ်နှင့် ဥပဒေပြု အဖွဲ့အစည်း”လည်း ဖြစ်ပေသည်။

“ကွန်ဖက်ဒရေးရှင်း”ဆိုသည်မှာ (အမေရိကန် ပြည်ထောင်စုက ၁၇၇၆ ခုနှစ်မှ ၁၇၈၉ ခုနှစ်အထိ ကျင့်သုံးခဲ့သလို) သီးခြား လွတ်လပ်သော နိုင်ငံများ စုပေါင်း ဖွဲ့စည်းထားသည့် အဖွဲ့ကြီး ဖြစ်သည်ဟု မကြာခဏ အဓိပ္ပာယ် ဖွင့်ဆိုကြသော်လည်း ကနေဒါ နိုင်ငံကို စတင် တည်ထောင်ခဲ့သူများ အတွက်မူ ထိုသို့ ဆိုလိုခြင်း မဟုတ်ချေ။ ပြင်သစ်စကား ပြောသူများရော၊ အင်္ဂလိပ် စကားပြောသူများကပါ ၎င်းတို့အနေနှင့် “နိုင်ငံတော်သစ် တစ်ရပ်”၊ “နိုင်ငံရေးဆိုင်ရာ လူမျိုးသစ် တစ်ရပ်”၊ “ကမ္ဘာ့နိုင်ငံများအကြား ဝင်ရောက် နေရာယူရန် အင်အား တောင့်တင်းသော အမျိုးသားနိုင်ငံ တစ်ရပ်”၊ “မဟာအင်အား ကြီးနိုင်ငံတစ်ရပ်” ထူထောင်နေကြခြင်း ဖြစ်ကြောင်း ထပ်ခါ တလဲလဲ ပြောခဲ့ကြသည်။

၎င်းတို့အနေနှင့် ဖက်ဒရယ်အဖြစ် စုဖွဲ့လိုက်သော ပြည်နယ်/တိုင်းများ သို့မဟုတ် ကိုလိုနီများ၏ ဝိသေသ လက္ခဏာများ၊ ယဉ်ကျေးမှု ဓလေ့ ထုံးစံများကို ထိန်းသိမ်းထားနိုင်ရန် စွဲစွဲမြဲမြဲ ရပ်တည်ပြောဆို ခဲ့ကြသည်။ အဓိက အားဖြင့် ကနေဒါ အရှေ့ဘက်ခြမ်း (ကွိဘက်ပြည်နယ်)ရှိ ပြင်သစ် စကားပြော၊ ကက်သလစ် ခရစ်ယာန် ဘာသာဝင်များသည် ၎င်းတို့၏ ဘာသာစကား၊ ပြင်သစ်ပုံစံ တရားမ ဥပဒေနှင့် ထူးခြားသည့် ပညာ သင်ကြားရေး ဆိုင်ရာ ဘာသာရေး စနစ်တို့ကို အင်္ဂလိပ်စကား ပြောသည့် ပရိုတက်စတင့် ခရစ်ယာန် ဘာသာဝင်တို့၏ လွှမ်းမိုးဖျက်ဆီးခြင်း ခံရမည့်အရေး စိုးရိမ် ပူပန်နေရသည့် အနေအထားမှ လွတ်ကင်းလိုကြသည်။ အင်္ဂလိပ်ဘာသာ စကားပြော ပရိုတက်စတင့်တို့ လွှမ်းမိုးသည့် ကနေဒါ အနောက်ခြမ်း (အွန်တေရီယို) နယ်သားများ အနေနှင့်မူ ပြင်သစ် လွှမ်းမိုးမှု အန္တရာယ်မှ ကင်းလွတ်ရေး ဖြစ်သည်။ နိုဘာစကိုးရှားနှင့် နယူးဘန်းစဝစ်က်တို့ကမူ ကနေဒါ နယ်ပယ်များ၏ သိမ်းပိုက် ဝါးမျိုခံရမည်ကို မလိုလားချေ။ အဆိုပါ ကနေဒါ နယ်ပယ်များမှာ အမြဲတမ်းလို နိုင်ငံရေး မတည်ငြိမ်မှုများနှင့် ပြင်သစ်-အင်္ဂလိပ်တို့၏ ပြင်းထန်သော ရန်လိုအငြင်းပွားမှုများ တရစပ် ဖြစ်နေသည့် ဒေသများဟု မှတ်ယူကာ ယုံကြည်မှု မရှိကြချေ။

အခြားတစ်ဖက်တွင်မူ အားလုံးက အမေရိကန် ကျူးကျော်မှုနှင့် စီးပွားရေးအရ အမေရိကန်တို့၏ လည်ပင်းညှစ် ခံရမည်ကိုလည်း စိုးရိမ်ကြသည်။ အကြောင်းမှာ ကနေဒါ အနေနှင့် တစ်နှစ်လျှင် ခြောက်လခန့် သူ၏ အဓိက ကုန်ပစ္စည်း ထုတ်လုပ်ရာ ဗြိတိန်နှင့် အဆက်အသွယ် ပြတ်နေတတ်ပြီး အမေရိကန် ဆိပ်ကမ်းများမှတစ်ဆင့်သာ ကုန်သွယ်ကြရသောကြောင့် ဖြစ်သည်။ သို့ဖြစ်ရာ ကနေဒါ ကွန်ဖက်ဒရေးရှင်းကို တည်ထောင်ခဲ့သူများက သူတို့ မကြာခဏ ခေါ်ဆိုခဲ့ကြသလို တကယ် စစ်မှန်သော ယူနီယံ တစ်ခု၊ အစစ်အမှန် ဖက်ဒရေးရှင်း တစ်ရပ်ကို တည်ထောင်ရန် စိတ်ထက်သန်ခဲ့ကြခြင်း ဖြစ်ပြီး အချုပ်အခြာ အာဏာပိုင်နိုင်ငံများ သို့မဟုတ် တစ်ဝက် တစ်ပျက် လွတ်လပ်သော ပြည်နယ်များ စုပေါင်း ပါဝင်သည့် သမဂ္ဂကြီးမျိုး တည်ထောင်ရန် စိတ်ကူးခဲ့ကြခြင်း မဟုတ်ချေ။

ကွန်ဖက်ဒရေးရှင်းကို စတင် တည်ထောင်သူများသည် “ကျယ်ဝန်း လွန်းလှသော ဧရိယာအတွင်း ပြန့်ကြဲနေသည့် လူဦးရေ ခပ်ပါးပါးသာ စုစည်း နေထိုင်သော သေးငယ်သည့် လူ့အဖွဲ့အစည်းများကို” တစုတစည်းတည်း ဖြစ်စေရန် ခက်ခက်ခဲခဲ ကြိုးပမ်းခဲ့ကြရသည်။ ဤလူ့အဖွဲ့အစည်းအား သဘာဝ အတားအဆီးများကသာ ပိုင်းခြားထားသည် မဟုတ်ဘဲ စီးပွားရေးဆိုင်ရာ အကျိုးစီးပွား၊ ဘာသာစကား၊ ကိုးကွယ်ရာ အယူဝါဒ၊ ဥပဒေနှင့် ပညာရေး စသည်တို့ကလည်း နက်ရှိုင်းစွာ ပိုင်းခြားထားလေသည်။ လမ်းပန်း ဆက်သွယ်ရေးမှာ ဆိုးဝါး ညံ့ဖျင်းလှသည်။

ဤပြဿနာများကို ဖြေရှင်းရန်မှာ တစ်ခုတည်းသော အဖြေသာ ရှိပြီး ၎င်းမှာ ဖက်ဒရယ် စနစ်ပင် ဖြစ်သည်။ ပြည်နယ်/ ဒေသများ အနေနှင့် အထီးတည်း ခွဲမနေလိုသည့်နည်းတူ ဝါးမျိုခြင်းလည်း မခံလို။ သူတို့အနေနှင့် အားကောင်းသော ဗဟို အစိုးရနှင့် ဥပဒေပြု လွှတ်တော်ရှိသလို ဖက်ဒရေးရှင်း အဖွဲ့ဝင် ပြည်နယ်/ တိုင်းဒေသများအတွက် လုံလောက်သော ကိုယ်ပိုင်အုပ်ချုပ်မှု အာဏာရှိသည့် ကိုယ်ပိုင်အုပ်ချုပ်ရေး အစိုးရများ ပါဝင်သည့် ဖက်ဒရေးရှင်းကို ဖွဲ့စည်းနိုင်ခဲ့ကြလေသည်။

ခန့်အပ် ခံရသူများဖြင့် ဖွဲ့စည်းထားသည့် အထက်လွှတ်တော်ရှိသော ဖက်ဒရယ်နိုင်ငံ

ကနေဒါ ဖက်ဒရေးရှင်းကို ၁၈၆၇ ခုနှစ်တွင် စတင် ဖွဲ့စည်း တည်ထောင်ခဲ့သည်။ ကနေဒါဖက်ဒရယ် စနစ်မှာ ကမ္ဘာပေါ်တွင် အမေရိကန် ပြည်ထောင်စုနှင့် ဆွစ်ဇာလန်တို့နောက် တတိယမြောက် သက်တမ်းအရင့်ဆုံး ဖက်ဒရယ်ပြည်ထောင်စု ဖြစ်သည်။ ဧရိယာ အကျယ်အဝန်းအားဖြင့်  ရုရှားနိုင်ငံပြီးလျှင် ဒုတိယမြောက် အကြီးမားဆုံး နိုင်ငံ တစ်ခုဖြစ်သော်လည်း လူဦးရေအားဖြင့် နည်းပါးလှသည်။ မူလက အင်္ဂလိပ်နှင့် ပြင်သစ် ကိုလိုနီနယ်သားများသာ အဓိကအားဖြင့် နေထိုင်ခဲ့ကြသော ကနေဒါ ဖက်ဒရေးရှင်းမှာ၂ဝ၁၆ ခုနှစ် သန်းခေါင် စာရင်းများအရ လူဦးရေ ၃၆ သန်း ရှိပြီဖြစ်သည်။ ပြင်သစ် အခြေချ နေထိုင်သူများက ၁၆ဝ၄ ခုနှစ်တွင် စတင် လာရောက် အခြေချ နေထိုင်ခဲ့ကြသော်လည်း ယနေ့ ကနေဒါ လူဦးရေတွင် ကမ္ဘာပေါ်ရှိ နိုင်ငံ အသီးသီးမှ လူမျိုးများ ပါရှိနေပြီဖြစ်သည်။ ကွိဘက်သည် ပြင်သစ်စကား ပြောသော လူများစုများ နေထိုင်ရာ ပြည်နယ်ဖြစ်ပြီး ကနေဒါ နိုင်ငံရှိ ပြင်သစ်လူမျိုး အားလုံး၏ ၈ဝ ရာခိုင်နှုန်း နေထိုင်ကြသည်။

ကနေဒါ ဖက်ဒရယ် စနစ်တွင် လွတ်လပ်အမှီအခို ကင်းသော အမျိုးသား အစိုးရ တစ်ရပ်နှင့် လွတ်လပ် အမှီအခို ကင်းသော ဒေသဆိုင်ရာ အစိုးရများ ရှိကြပြီး ၎င်းတို့၏ ဥပဒေပြုပိုင်ခွင့် အဝန်းအဝိုင်းအတွင်း အုပ်ချုပ်ရေး အာဏာ ကျင့်သုံးကြသည်။ သို့ဖြစ်လေရာ ကနေဒါ နိုင်ငံရေး အာဏာကို ဖက်ဒရယ် အစိုးရ (အမျိုးသား အစိုးရ) နှင့် ဒေသဆိုင်ရာ အစိုးရများအကြား ခွဲဝေ ကျင့်သုံးသည်ဟု ဆိုရမည်။ ၎င်းတို့အား ခွဲဝေသတ်မှတ် ပေးထားသော  ဥပဒေပြုခွင့် အာဏာ အဝန်းအဝိုင်းအရ ဖက်ဒရယ် အစိုးရနှင့် ဒေသဆိုင်ရာ အစိုးရတို့မှာ ထက်-အောက် ဆက်ဆံရေး မဟုတ်ဘဲ တန်းတူရည်တူ ဖြစ်သည်။ ပြည်နယ် ဥပဒေပြု အဖွဲ့အစည်းများနှင့် ကနေဒါ ပါလီမန်တို့၏ တာဝန်များ ခွဲဝေမှုကို ဗြိတိသျှ မြောက်အမေရိက အက်ဥပဒေဖြင့် ပိုင်းခြား သတ်မှတ်ပေးခဲ့ပြီး နောက်ပိုင်းတွင် အဆိုပါ အက်ဥပဒေကို “၁၈၆၇ ခုနှစ် အခြေခံ ဥပဒေ”ဟု ခေါ်တွင်သည်။ 

အမေရိကန် ပြည်ထောင်စုနှင့် ယူနိုက်တက်ကင်းဒမ်း (အင်္ဂလန်) မှာကဲ့သို့ပင် ကနေဒါတွင် (House of Commons) ခေါ် အောက်လွှတ်တော်နှင့် (Senate) ခေါ် အထက်လွှတ်တော်တို့ ပါဝင်သော လွှတ်တော် နှစ်ရပ်စနစ် ရှိသည်။ သို့သော် ကနေဒါ အထက်လွှတ်တော်မှာ အမေရိကန် အထက်လွှတ်တော်နှင့် သိပ်မတူလှဘဲ အင်္ဂလိပ် အထက်လွှတ်တော်နှင့် ပိုမို ဆင်တူသည်။ အကြောင်းမှာ ကနေဒါ အထက်လွှတ်တော် အမတ်များကို ရွေးကောက် တင်မြှောက်ခြင်း မဟုတ်ဘဲ ရွေးချယ် ခန့်ထားသည့် စနစ်ကြောင့် ဖြစ်သည်။ သို့သော် အထက်လွှတ်တော်မှာ ပြည်သူလူထု၏ ရွေးချယ် တင်မြှောက်ထားသော အောက်လွှတ်တော်၏ လွှမ်းမိုးမှုအောက်တွင် ရှိသည်။ ထို့ပြင် အမေရိကန် ပြည်ထောင်စုတွင် ပြည်နယ်တိုင်းမှ တူညီသော အရေအတွက်ရှိသည့် အထက်လွှတ်တော် အမတ်ဦးရေ စေလွှတ်ခွင့် ရှိသော်လည်း ကနေဒါ အခြေခံ ဥပဒေတွင် ထိုသို့ မဟုတ်ဘဲ ပြည်နယ် တစ်ခုစီအလိုက် အထက် လွှတ်တော် အမတ် အရေအတွက်ကို သတ်မှတ်ထားသည်။ ကနေဒါတွင် အထက် လွှတ်တော် အမတ်နေရာ ကိုယ်စားပြုမှုကို မဲဆန္ဒနယ် ယူနစ်များကို အခြေ မခံဘဲ ဒေသများကို အခြေခံသည်။ ဤသည်မှာ ကနေဒါရှိ ဘာသာစကားအရ လူနည်းစုများ (အထူးသဖြင့် ပြင်သစ် စကား ပြောကွိဘက်) ၏ ကိုယ်စားပြုမှုကို လုံလောက်စွာ အာမခံချက် ရှိစေလို၍ ဖြစ်သည်။

ကနေဒါ နိုင်ငံမှာ အင်္ဂလန် ကဲ့သို့ ပါလီမန် စနစ်ကျင့်သုံးသော နိုင်ငံ ဖြစ်သဖြင့် အမေရိကန်ကဲ့သို့ သမ္မတစနစ် ကျင့်သုံးသည့်နိုင်ငံ မဟုတ်ချေ။ ထိုသို့ဆိုခြင်းကြောင့် ကနေဒါနိုင်ငံ၏ အုပ်ချုပ်ရေးမှာ ဖွဲ့စည်းပုံဆိုင်ရာ အုပ်ချုပ်သူနှင့် နိုင်ငံရေးဆိုင်ရာ အုပ်ချုပ်သူအကြား တစ်နည်းအားဖြင့် ဆိုလျှင် “ဘုရင်ခံချုပ်နှင့် ဝန်ကြီးချုပ် ခေါင်းဆောင်သည့် သူ၏အစိုးရအဖွဲ့”တို့အကြား လုပ်ပိုင်ခွင့် တာဝန်များ ခွဲဝေ ကျင့်သုံးခြင်း ဖြစ်သည်ဟု ဆိုနိုင်သည်။ 

ကွန်ဂရက်စနစ် (သမ္မတ အုပ်ချုပ်ရေးစနစ်) တွင် သမ္မတသည် နိုင်ငံတော် အကြီးအကဲနှင့် အစိုးရ အဖွဲ့ ခေါင်းဆောင်ဖြစ်သလို အဓိက အနိုင်ရ နိုင်ငံရေးပါတီ ခေါင်းဆောင်လည်း ဖြစ်သည်။ ကနေဒါ နိုင်ငံတွင်မူ ဝန်ကြီးချုပ်သည် နိုင်ငံ့ အကြီးအကဲ မဟုတ်ပေ။ ဤတာဝန်ကို ဘုရင်ခံချုပ်က ကိုယ်စားလှယ်အဖြစ် ထမ်းဆောင်သည်။ ဖွဲ့စည်းပုံဆိုင်ရာ အုပ်ချုပ်မှု အာဏာမှာ ဘုရင်မတွင် ရှိသည်။ သို့ဖြစ်၍ ဖွဲ့စည်းပုံ အဓိပ္ပာယ်အရ ကနေဒါသည် ဘုရင်စနစ် အုပ်ချုပ်ရေး အစိုးရဖြစ်သည်။ ဘုရင်ခံချုပ်က သဘောတရားအရ ဘုရင်မ၏ ကိုယ်စား အထူး အခွင့်အာဏာနှင့် လုပ်ပိုင်ခွင့်များ ကျင့်သုံးခွင့် ရှိသည်ဆိုသော်လည်း အမှန်တကယ် လုပ်ပိုင်ခွင့် အာဏာမှာ ဝန်ကြီးချုပ်နှင့် သူ၏ အစိုးရအဖွဲ့တွင်သာ ရှိပါသည်။ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့၏ အုပ်ချုပ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်များမှာ ဘုရင်ခံချုပ်၏ ရော်ဘာတံဆိပ်တုံး ထုနှက်ခြင်းဖြင့် အသက်ဝင်ရခြင်း ဖြစ်သည်။ အမှန်စင်စစ် အားဖြင့် အစိုးရ၏ အကြံပြုချက် အရသာ ဘုရင်ခံချုပ်က ဆောင်ရွက်ရန် နားလည်မှု ရှိထားချက် ဖြစ်သဖြင့် အမှန်တကယ် အာဏာရှိသူမှာ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ ဖြစ်ပါသည်။

ကွန်ဂရက်စနစ် (သမ္မတ အုပ်ချုပ်ရေးစနစ်) နှင့် ပါလီမန် စနစ်တို့၏ နောက်ထပ် ခြားနားချက် တစ်ခုမှာ ကွန်ဂရက် စနစ်က အာဏာကို ခွဲဝေ ကျင့်သုံးခြင်း ဖြစ်ပြီး ပါလီမန် စနစ်က အာဏာများကို စုစည်း ကျင့်သုံးသည်။ အမေရိကန် သမ္မတနှင့် သူ၏ အစိုးရ အဖွဲ့ဝင်များမှာ မည်သည့်လွှတ်တော် ကိုယ်စားလှယ်မျှ မဖြစ်ရပေ။ ထို့အတူ သမ္မတနှင့် သူ၏ အစိုးရ အဖွဲ့ဝင်များမှာ ကွန်ဂရက်တွင် ဥပဒေ တစ်ရပ်ရပ်ကို တင်သွင်းခြင်း၊ မေးခွန်းများကို ဖြေကြားခြင်း သို့မဟုတ် အစိုးရ၏ ပေါ်လစီများကို ဝေဖန် တိုက်ခိုက်မှုအား တုံ့ပြန်ဖြေရှင်းခြင်းများ လုပ်ဆောင်ရန် မလိုပေ။

အခြားတစ်ဖက်တွင် ကနေဒါ ဝန်ကြီးချုပ်နှင့် သူ၏ အစိုးရ ဝန်ကြီးများသည် ထုံးစံအားဖြင့် လွှတ်တော် တစ်ခုခု၏ အမတ်များ ဖြစ်ကြရမည်။ အစိုးရ၏ ဥပဒေကြမ်းများမှာ အစိုးရဝန်ကြီး တစ်ဦးဦး သို့မဟုတ် ၎င်းကို ကိုယ်စားပြုသူ တစ်ဦးဦးက တင်သွင်းရမည်ဖြစ်ပြီး ဝန်ကြီးများသည် ပါလီမန်သို့ တက်ရောက်၍ အစိုးရ၏ ဥပဒေကြမ်းများကို ခုခံချေပ ရှင်းလင်းရမည့် တာဝန်ရှိသည့်အပြင် အစိုးရ၏ လုပ်ကိုင် ဆောင်ရွက်ချက်နှင့် ပေါ်လစီများနှင့် ပတ်သက်သည့် ပါလီမန်တွင်း မေးခွန်းများကို ဖြေကြားပေးရန် တာဝန် ရှိလေသည်။ သို့ဖြစ်၍ ပါလီမန်စနစ် ဆိုသည်မှာ အုပ်ချုပ်ရေး အာဏာနှင့် ဥပဒေပြုရေး အာဏာတို့ ပေါင်းစပ်ထားသည့် အခြေခံမူအပေါ် အခြေ ပြုထားသည်ဟု ဆိုရပေမည်။ ဥပဒေပြု လွှတ်တော်အတွင်း အများစုနေရာ ရထားသည့် နိုင်ငံရေး ပါတီသည် အုပ်ချုပ်ရေး အပိုင်းကိုလည်း ထိန်းချုပ်ခွင့် ရပေလိမ့်မည်။ အနိုင်ရပါတီ တစ်ခုတည်း၏ ခေါင်းဆောင်များက အစိုးရ၏ အုပ်ချုပ်ရေး အာဏာရော၊ ဥပဒေပြု အာဏာကိုပါ ကိုင်တွယ် ဆောင်ရွက်မည်ဖြစ်သည်။ ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေး ယန္တရားများအကြား ပေါင်းကူး တံတားမှာ ကက်ဘိနက် (အစိုးရအဖွဲ့) ဖြစ်၏။ အဆိုပါ အဖွဲ့သည် ဥပဒေပြု လွှတ်တော်ကို စုပေါင်း တာဝန်ခံရသည် ဖြစ်၍ လွှတ်တော်တွင် အများစု ထောက်ခံမှုရနေသရွေ့ အစိုးရအာဏာကို ဆုပ်ကိုင်ထားပေလိမ့်မည်။

ကွန်ဂရက်စနစ် (သမ္မတစနစ်) တွင်မူ ဥပဒေပြု အာဏာနှင့် အုပ်ချုပ်ရေးအာဏာ ပေါင်းစပ် ကျင့်သုံးခြင်း မဟုတ်ဘဲ အာဏာကို ခွဲဝေ ကျင့်သုံးသည့် စနစ်ဖြစ်သည်။ ဤအာဏာ ခွဲဝေကျင့်သုံးမှုကို အပြန်အလှန် ထိန်းကျောင်းမှုများဖြင့် ထိန်းညှိထားသည်။ ဥပမာအားဖြင့် သမ္မတသည် ဥပဒေပြုခွင့် အာဏာ မရှိသော်လည်း ကွန်ဂရက်က အတည်ပြုထားသော ဥပဒေကို ဗီတိုအာဏာ သုံး၍ ပယ်ချခွင့်ရှိသည်။ သူ၏ဗီတိုကို ပြန်လည်ချေ ဖျက်ရန်အတွက် လွှတ်တော် နှစ်ရပ်လုံးတွင် သုံးပုံ နှစ်ပုံ ထောက်ခံမဲ ရရှိရန် လိုသည်။

ကနေဒါ ပြည်နယ် အစိုးရများမှာ အမျိုးသား အစိုးရ (ဗဟိုအစိုးရ) ကို ရောင်ပြန်ဟပ်သည်။ ပြည်နယ် အဆင့်တွင် အုပ်ချုပ်ရေး ကဏ္ဍမှာ ဝန်ကြီးချုပ်နှင့် လက်ထောက် အုပ်ချုပ်ရေးမှူးတို့အကြား ခွဲဝေထားသည်။ မည်သို့ဆိုစေကာမူ ပြည်နယ်များတွင် လွှတ်တော် နှစ်ရပ်စနစ် မဟုတ်ဘဲ ရွေးကောက် တင်မြှောက်သည့် လွှတ်တော် တစ်ရပ်သာ ရှိသည်။ ကနေဒါ နိုင်ငံသည် ဖက်ဒရယ် စနစ် ကျင့်သုံးသည့် ဒီမိုကရေစီ နိုင်ငံ တစ်ခုဖြစ်သည်နှင့်အညီ ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်တို့၏ ဆက်ဆံရေးမှာ ဤသို့ ဖြစ်သည်။ ဖက်ဒရယ် အဆင့် (အမျိုးသား အဆင့်) မှာ ကဲ့သို့ပင် ပြည်နယ်များ၊ ပြည်ထောင်စု နယ်မြေများတွင်လည်း တစ်နေရာနှင့် တစ်နေရာ ကွဲပြား ခြားနားနိုင်သော်လည်း အများစု မဲဖြင့် ဆုံးဖြတ်သည့် တန်းတူညီစနစ် တစ်ခုရှိသည်။ ဒီမိုကရက်တစ် အမြင် အယူအဆများကို ဖော်ပြခြင်းနှင့် ပတ်သက်၍ မည်သည့် အများစုကမှ အခြားသော အများစုထက် ပိုမိုသာလွန်ခြင်းသော်လည်းကောင်း၊ ယုတ်လျော့ခြင်းသော်လည်းကောင်း မရှိချေ။ မတူကွဲပြားသော ပြည်နယ် အသီးသီးသည် သက်ဆိုင်ရာ ပြည်နယ် ပြည်သူလူထုနှင့် ပတ်သက်သော အထူး အကြောင်းကိစ္စများကို တုံ့ပြန် ဆောင်ရွက်ရန် သီးခြား ဖြစ်သော ပေါ်လစီများကို ချမှတ်နိုင်သည်။ တစ်ချိန်တည်းမှာပင် ဖက်ဒရယ် စနစ်သည် ကနေဒီယန်များကို တစ်မျိုးသားလုံးနှင့်ဆိုင်သော ၎င်းတို့၏ ရည်မှန်းချက်များ ပေါက်မြောက်စေရန် ဖက်ဒရယ် အစိုးရ အနေနှင့် သူ၏ ဥပဒေပြုပိုင်ခွင့် ဘောင်အတွင်းမှ ဆောင်ရွက်ပေးခြင်းဖြင့် ရရှိနိုင်သည်။ သို့ဖြစ်၍ ကနေဒါ ဖက်ဒရယ် စနစ်သည် နိုင်ငံသားများကို ဖက်ဒရယ်အဆင့် (အမျိုးသားအဆင့်) မှာရော ပြည်နယ်အဆင့်တွင်ပါ တစ်ပြိုင်နက်တည်းတွင် မတူကွဲပြား ခြားနားသော စုပေါင်း လှုပ်ရှားမှုများအတွင်း ပါဝင် ဆောင်ရွက်နိုင်လေသည်။ 

ရဲထွန်း (သီပေါ)


  • VIA