POST TYPE

PERSPECTIVE

စေတနာသည် ဝေဒနာမဖြစ်သင့်ပါ
15-May-2019



ပတ်ဝန်းကျင်တွင် ကြားဖူးသည့်စကားတစ်ခွန်းရှိသည်။ လူတစ်ဦးကို စေတနာထား၍ အစစအရာရာ ကူညီသော်လည်း တစ်စုံတစ်ရာ အမှားအယွင်း အတိမ်းအစောင်း ဖြစ်သွားသည့်အခါ ကူညီပေးသူကို ပြစ်တင်တတ် ကြသည်။ ကူလည်း ကူညီရသေးသည်၊ အကောင်းမမြင် အပြစ်တင်ခံရသောအခါ ကူညီရသူက စေတနာဟာ ဝေဒနာဖြစ်သွားတယ်ဟု သက်ပြင်းချ၍ ဆိုလေ့ရှိကြပါသည်။

လတ်တလော သတင်းစာမျက်နှာများတွင် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်နှင့်ပတ်သက်၍ ထောင်တွင်းဆူပူမှုအကြောင်းကို အမြင်အမျိုးမျိုး ရှုထောင့်အစုံစုံ ပြစ်တင်ဝေဖန်မှုများနှင့် ထင်မြင်ချက်များကို တွေ့ရပါသည်။ အချို့က သက်ဆိုင်ရာဌာန၏ ချို့ယွင်းချက်ဟု ပုံချချင်သည်။ အချို့က နောက်ကွယ်က လက်မည်းကြီးတွေများလားဟု သံသယဖြစ်ကြသည်။ မည်သို့ပင်ဆိုစေကာမှု စေတနာသည် ဝေဒနာဖြစ်သွားခဲ့ပေသည်။

အရင်အစိုးရများလို မြန်မာ့နှစ်သစ်ကူးအခါသမယတွင် တစ်ကြိမ် တစ်ခေါက်သာ လွတ်ငြိမ်းချမ်းသာခွင့်ပေးသည်ဆိုလျှင် အကျဉ်းသားများအပေါ် သမ္မတကြီး၏စေတနာမှာ သမ္မတတစ်ဦး၏ ပုံမှန်လုပ်ရိုးလုပ်စဉ် တာဝန် ဝတ္တရားတစ်ခုဟုသာ ပြောဆိုရမည်ဖြစ်ပါသည်။ ယခုအခါ ၃ ကြိမ်တိတိ လွတ်ငြိမ်းခွင့်ပေးသည်ဆို၍ သမ္မတကြီး၏စေတနာကို အသိအမှတ်မပြု၍ မနေနိုင်ပေ။ ပထမအကြိမ်၊ ဒုတိယအကြိမ်၊ တတိယအကြိမ် ၃ ကြိမ်တွင် အကျဉ်းသားနှစ်သောင်းကျော်ထိ လွတ်ငြိမ်းချမ်းသာခွင့်ရကြသည်။ လွတ် မြောက်လာသည့် သူတို့မိသားစုများ ပျော်ရွှင်နေကြမည် ဖြစ်သည်။ အဖေလာမှာကို၊ အစ်ကိုလာမှာကို၊ လင်ယောကျာ်းလာမှာကို မျှော်နေကြသည့် သူတို့၏ ချစ်ခင်သူ မိသားစုဝင်များ အဘယ်မျှ ပျော်နေကြမည်နည်း။ တစ်ချိန်တည်းတွင်ပင် လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့် သမ္မတကြီးကို သူတို့ ကျေးဇူးတင်မိနေမည်မှာ သေချာပါသည်။ သို့သော် လွတ်ငြိမ်းချမ်းသာခွင့်က ဝေဒနာဖြစ် သွားရပေသည်။ မျှတခြင်းမရှိဟူ၍ ထောင်တွင်းမှ အသံကျယ်လောင်လာသလို ထောင်အပြင်မှအသံကလည်း ပိုကျယ်လောင်လာခဲ့ပေသည်။

စေတနာက ဝေဒနာဖြစ်အောင် ဘယ်အကြောင်းတရားများက ဖန်တီးခဲ့ကြသနည်း။ သမ္မတလွတ်ငြိမ်းခွင့်အပေါ် ထောက်ပြဝေဖန်မှုများတွေ့ရပါသည်။ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်၏ သူ့လူမှုကွန်ရက်တွင် ရေးသားချက်က ပထမတစ်ကြိမ် လွတ်ငြိမ်းချမ်းသာခွင့်တွင် အချိန် ]လုံလောက်စွာ ပြင်ဆင်ခဲ့ရပြီး ဒုတိယအကြိမ်နှင့် တတိယအကြိမ်တွင် အချိန်ကပ်၍ လုပ်ရသည့်အတွက် ကြိုတင်ပြင်ဆင်မှု အားနည်းခြင်းလားဟု မေးခွန်း ထုတ်ထားပေသည်။ 

ဤအချက်သည်လည်း လက်ခံစရာကောင်းပါသည်။ မည်သည့်အလုပ်မဆို ကြိုတင်ပြင်ဆင်၍ အထပ်ထပ်အခါခါ စိစစ်ထားသည့်အခါ အမှားနည်းသည်။ အထူးသဖြင့် အများအတွက် လုပ်ကိုင်ဆောင်ရွက်ရသည့် ကိစ္စရပ်များတွင် အထူးသတိထား လုပ်ဆောင်ကြရပါသည်။ နာမည်လေးတစ်လုံး ကျန်ခဲ့သည်နှင့် တစ်ဖက်အတွက် နစ်နာမှုကြီးမားသည်။ စာရင်းပြုစုသူက အမှုမဲ့အမှတ်မဲ့ သာမန်ကာလျှံကာ ကျန်ခဲ့သည်ဆိုသော်လည်း တကယ် ထိုအခွင့်အရေးကို ခံစားရမည့်သူများမှာ များစွာနစ်နာရပေသည်။

ထောင်တွင်းဆူပူမှုသည် အဘယ်ကြောင့် ဖြစ်ပေါ်လာရသနည်းဆိုသည်ကို အဖြေရှာလိုခြင်းတော့ မဟုတ်ပါ။ သည်ကိစ္စအပေါ် စုံစမ်းစစ်ဆေးမည်ဟု နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ထားသည့်အတွက် ထောင်ဆူပူမှုဖြစ်ပွားရသည့် အကြောင်းအရင်းမှန်ကို မကြာမီ သိရှိလာကြရမည်သာ ဖြစ်ပါသည်။ သို့သော်လည်း ယနေ့ စာရေးသူတို့၏ လူ့အဖွဲ့အစည်းထဲမှာ အကြောင်းကိစ္စတစ်ရပ်အပေါ် ဝေဖန်မှုတွေ၊ အပြစ်တင်မှုတွေ စောလွန်းနေသည်ကို တွေ့ရပါသည်။ ဘာပဲဖြစ်လိုက် ဖြစ်လိုက် နိုင်ငံနှင့်ချီသော စကားလုံးတွေက အရင်ထွက်လာသည်။ နိုင်ငံရေးကစားကွက်ထဲ ဆွဲသွင်းလိုသွင်းနှင့် ရုပ်ဆိုးလှပေသည်။

ယခုဖြစ်ပွားခဲ့သည့် လွတ်ငြိမ်းသက်သာခွင့်နှင့်ပတ်သက်၍ သမ္မတ အဆက်ဆက် တစ်ကြိမ်တစ်ခါမှ ထောင်ဆူပူမှုမရှိဘူး ဆိုပြီးလည်း သမိုင်းကြောင်းနှင့်ချီ၍ မှတ်ချက်ပြုကြတာ တွေ့ရသည်။ သည်ထင်မြင်သုံးသပ်ချက်တွေ အရေးကြီးပါသလား။ ဒီလွတ်ငြိမ်းချမ်းသာခွင့်သာမက သာမန်စီမံခန့်ခွဲမှု အမှားတစ်ခုကိုပင် ကျယ်ကျယ်လောင်လောင် ပြောကြဆိုကြနှင့် မထင်မှတ်လောက်အောင် လူအများ ဂရုပြုစရာ သတိထားစရာ ဖြစ်သွားပေသည်။

ပြဿနာတစ်ရပ်ဖြစ်လာလျှင် ဘာကြောင့်ဖြစ်တာလဲဆိုတာကိုပဲ အလေးထားလွန်းသည်ဟု မြင်ပါသည်။ သည်လွတ်ငြိမ်းချမ်းသာခွင့်သာမက အခြားသောကိစ္စများတွင်လည်း ထိုနည်း၎င်းပင် ဖြစ်ပါသည်။ မြစ်ဆုံကိစ္စဆိုလျှင်လည်း ဒီအတိုင်းပင် ဖြစ်ပါသည်။ အူမချေးခါး အပ်ကြောင်း ရှာလိုက်ကြသည်မှာ တော်ရုံနှင့် ဇာတ်ရှိန်မပြေနိုင်ဘဲ တမြုံ့မြုံ့ ဖြစ်လွန်းအားကြီးသည်။

ဘာကြောင့်ဖြစ်ရတာလဲဆိုသည်ကို အကြောင်းအရင်းတစ်ရပ်အနေနှင့် စဉ်းစားပြီး ထိုအကြောင်းအရင်းအပေါ် အကဲဆတ်မနေဘဲ အဖြေရှာဖို့ကြိုးစားကြသူက အနည်းငယ်သာ တွေ့ရပါသည်။ ဥပမာအားဖြင့် ဧရာဝတီမြစ်ဆုံနှင့်ပတ်သက်၍ One Dollar Campaing ကို ကြည့်လျှင် သူတို့သည် မြစ်ဆုံအရေးကို အဖြေရှာဖို့ ကြိုးပမ်းကြခြင်းသာ ဖြစ်ပေသည်။ ကောင်းသောလုပ်ဆောင်ချက်ဟု ရှုမြင်မိသည်။ ဝေဖန်နေကြသလို ဧရာဝတီ ကို ပြန်ရွေးယူလို့ရတာ မရတာက တစ်ပိုင်း။ သို့သော် ဧရာဝတီအပေါ် ပြည်သူတို့၏ တန်ဖိုးထားမြတ်နိုးမှုကို ဖော်ပြနိုင်သည်။ မဖြစ်သာအဆုံး ဧရာဝတီကို ပြည်သူ့ထည့်ဝင်ငွေဖြင့် ရွေးယူမည်ဆိုသည့် ရပ်တည်ချက်တစ်ရပ်ကို ပြသနိုင်ခဲ့သည်။ 

ဆိုလိုသည်မှာ ပြဿနာတစ်ရပ်အပေါ် ဘာကြောင့်ဖြစ်လာတာလဲ ဆိုသည်ကို လိုအပ်သည်ထက် ဖက်တွယ်အပြစ်မဖို့ဘဲ ပြေလည်အောင် ဘယ်လိုဖြေရှင်းကြမလဲဆိုသည့် တွေးခေါ်မှုများ စာရေးသူတို့ လူ့အဖွဲ့အစည်းတွင် အရေးတကြီး လိုအပ်နေပေသည်။

ဖြစ်လာသည့်ပြဿနာများမှာ မည်သည့်အရောင်မျှမပါဘဲ ရိုးရိုးရှင်းရှင်းကြည့်လျှင် ရိုးရှင်းပါသည်။ လက်ရှိမြန်မာနိုင်ငံမှာ မည်သည့်ပြဿနာမဆို လူမျိုးရေးအရောင်၊ နိုင်ငံရေးအရောင်၊ ပါတီစွဲအရောင်များ မပါဘဲ ပကတိအတိုင်းကြည့်လျှင် ပကတိအတိုင်း မြင်နိုင်ပါသည်။ သို့သော် နိုင်ငံရေး အမြတ်ထုတ်လိုမှုတွေ၊ နိုင်ငံရေးသတ်ကွင်းတည်ဆောက်လိုမှုတွေနှင့် ကြည့်လျှင်တော့ အရာရာသည် ရှုပ်ထွေးနေပါလိမ့်မည်။ ဟိုဟာလည်း ဝေဖန်ချင်စရာ၊ သည်ဟာလည်း အပြစ်တင်ချင်စရာ၊ ဟိုဟာလည်း လက်ညှိုးထိုးစရာ ဖြစ်နေပါလိမ့်မည်။ ကိစ္စတစ်ရပ်အပေါ် တစ်ဖက်နှင့်တစ်ဖက် ပြစ်တင်ဝေဖန် နေသည်ထက် စည်းစည်းလုံးလုံးဖြင့် အဖြေရှာခြင်းသည်ပင် အရွေ့တစ်ခု ကို မြန်မြန်ဆန်ဆန် ရောက်ရှိနိုင်မည်ဟု ယုံကြည်မိပါသည်။

တဖြည်းဖြည်းနှင့် ၂၀၂၀ နီးလာလေလေ မြန်မာ့နိုင်ငံရေး ရာသီ ဥတုက ရှုပ်သထက် ရှုပ်လာသည်ကို တွေ့လာနေရသည်။ သည်ဟာကတော့ စာရေးသူတို့နိုင်ငံ တစ်ခုတည်းရယ်လို့တော့ မဟုတ်ပေ။ နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ ရွေးကောက်ပွဲနီးလာလေလေ ပိုအကဲဆတ်လာသည်က သဘာဝဖြစ်သည်။ သို့သော် စာရေးသူတို့ နိုင်ငံကတော့ တခြားနိုင်ငံများထက် ပိုအကဲဆတ်နေသလားဆိုတာ တွေးစရာ ဖြစ်နေသည်။

တစ်ဖက်ကလည်း ဤသို့ တွေးမိပါသည်။ အကဲဆတ်သည်ကိုလည်း အပြစ်ဖို့၍ မရသေးပေ။ လက်ရှိမြန်မာနိုင်ငံမှာက ဝါဒမှိုင်းမိနေသူတွေ၊ အဖွဲ့ အစည်းမှိုင်းမိနေသူတွေ၊ ပါတီမှိုင်းမိနေသူတွေ များလှသည်။ အမှန်ကို တည့်တည့်မမြင်နိုင်ဘဲ တစ်စုံတစ်ခုသောမှိုင်းကို ဖြတ်သန်းပြီးမှ မြင်ကြသည်ကို တွေ့ရသည်။ ခေတ်အဆက်ဆက် မှိုင်းမိမှန်းမသိ မှိုင်းမိနေသူများရှိသလို တစ်ကိုယ်စာကောင်းစာရေးအတွက် မှိုင်းဟုမမြင်ဘဲ မှိုင်းမိနေသောသူများလည်း ဒုနှင့်ဒေးဖြစ်သည်။ သည်အရာသည်ပင် ပြန်ပြင်ဆင်၍မရသော ခေတ်စနစ်တစ်ခု၏ အမှားဖြစ်ပါသည်။ စွဲမြဲနေသည့် အတွေးအခေါ် မှိုင်းတွေကို ဘေးဖယ်၍ ပကတိအခြေအနေကို ပကတိအတိုင်း မြင်ကြစေချင်ပါသည်။

လွန်ခဲ့သည့် တစ်နှစ်ကျော်ခန့်က စာရေးဆရာတစ်ဦး၏ ဆောင်းပါးတစ်ပုဒ်ဖတ်မိရာ အစိုးရကို ထောက်ခံသည့်ဘက်ကလည်း မြင်စရာမလိုသလို ကန့်ကွက်သည့်ဘက်ကလည်း မမြင်ဘဲ အမှန်အတိုင်း မြင်နိုင်ဖို့ မဲဆန္ဒရှင် ပြည်သူများတွင် တာဝန်ရှိသည်ဟု ဆိုသည်။ သူ့ရပ်တည်ချက်ကို စာရေးသူကတော့ ထောက်ခံမိပါသည်။ သမာသမတ်ကျသည်။ အစိုးရတစ်ရပ်၏ လုပ်ဆောင်ချက်ကို အမှန်အတိုင်းမြင်နိုင်ဖို့ အရေးကြီးပါသည်။

မဲပေးလိုက်သည့်အခါ ပါတီတစ်ခု၊ အနိုင်ရသွားသည့်အခါတော့ ပါတီတစ်ခုဖြစ်၍ အနိုင်ရပါတီက အစိုးရဖွဲ့ပြီး အုပ်ချုပ်ရေးတာဝန်ယူကြရရာ ကိုယ်မထောက်ခံသည့်ပါတီက အစိုးရဖြစ်နေရုံနှင့် အစိုးရလုပ်သမျှ အပြစ်ချည်းမြင်နေကြလျှင် ထိုအမြင်မျိုးကို အစွန်းရောက်သော၊ ပါတီစွဲအားကြီး သောအမြင်ဟုသာ ဆိုရပေမည်။ အစိုးရအဖွဲ့သည်လည်း ပုထုဇဉ်လူသားများဖြင့် လုပ်ကိုင်ကြရသည်ဖြစ်ရာ ကောင်းသည့်လုပ်ဆောင်ချက်လည်း ရှိနိုင်သလို အများလက်မခံနိုင်သည့် ဆောင်ရွက်ချက်များလည်း ရှိနိုင်ပေသည်။ သည်အရာကို ထိန်းကျောင်းဖို့ လွှတ်တော်လည်းရှိသည်။ အစိုးရ လုပ်သမျှ ပုတ်သင်ညိုလို ခေါင်းညိတ်ခိုင်းခြင်းတော့ မဟုတ်ပါ။ အစိုးရလုပ်သမျှ သဘောထားကြီး သည်းခံခိုင်းခြင်းလည်းမဟုတ်ပါ။ လုပ်ကိုင်ဆောင်ရွက်သူတို့၏ စေတနာကို နားလည်အောင် ဦးစွာပထမ ကြိုးစားကြဖို့ တိုက်တွန်းလိုခြင်းသာ ဖြစ်ပါသည်။

သည်နေရာမှာ ဘီးလ်ဂိတ်သူဌေးကြီး၏ ပြောစကားတစ်ခွန်းကိုလည်း အလျဉ်းသင့်၍ ဖော်ပြချင်ပါသည်။ အစိုးရကို ဝေဖန်နေရုံနှင့် တိုးတက်မသွားဘူး။ မင်း အိမ်ရှေ့ကအမှိုက်ကို စနစ်တကျပစ်ဖို့ မင်းမှာလည်း တာဝန်ရှိတယ်ဟူ၍ ဖြစ်သည်။ ဒီမိုကရေစီစနစ်တွင် လူတစ်ဦးတစ်ယောက် ရသင့်ရထိုက်သည့် အခွင့်အရေးများကို ဥပဒေနှင့်အညီ ရရှိခံစားပိုင်ခွင့်ရှိသလို ထမ်းဆောင်ရမည့် တာဝန်များကိုလည်း တာဝန်သိသိဖြင့် ထမ်းဆောင်ခြင်းသည်ပင် ဒီမိုကရေစီ၏ အခြေခံအနှစ်သာရပင် ဖြစ်ပါသည်။ 

အစိုးရကို မှန်မှန်ကန်ကန်မြင်၍ အပြုသဘောဆောင်သော ဝေဖန်ချက်များကို လက်ကမ်းကြိုဆိုရမည် ဖြစ်သော်လည်း နိုင်ငံသားတစ်ဦး၏ အလိုက်တသိထမ်းဆောင်ရမည့်တာဝန်များကို မကျေပွန်ပါဘဲ အစိုးရလုပ်သမျှ မုန်းသောမျက်စိဖြင့် ဝေဖန်နေကြမည်ဆိုပါက ဘယ်ခါ ရှေ့ရောက်နိုင်ပါဦးမလဲ။ ဒီမိုကရေစီလမ်းကြောင်းတွင် အနှောင့်အယှက်အတားအဆီးပြုလုပ်သည်ဟု တံဆိပ်ကပ်ရမည်သာ ဖြစ်သည်။ မကူညီချင်လျှင်နေ၊ မနှောင့် ယှက်ပါနဲ့ဆိုသည့် ဆိုရိုးစကားလည်း ရှိသည်မဟုတ်လား။ ကြိုးစားပမ်း စားဆောင်ရွက်နေသူများကို ဘေးထိုင်ဘုပြော လုပ်နေဖို့အချိန်လည်း မဟုတ်တော့ပါ။ သူ့အနာ ကိုယ်ဆေးထည့်၊ ကိုယ့်အနာ သူဆေးထည့်ပြီး အစိုးရနှင့် အတိုက်အခံ၊ အစိုးရနှင့် ပြည်သူ ဖေးဖေးကူကူ သွားရမည့် အချိန်အခါဟု ယူဆမိပါသည်။

ဒီနေရာမှာ စောဒကတက်စရာ ရှိပါသေးသည်။ မပြောလို့မရဘူးဗျ၊ အဲဒီလို ပြောခွင့်မသာခဲ့လို့ ခံခဲ့ရပြီးပြီ။ အာညောင်းအောင် ပြောနေရမှာပဲဟူသော လူများလည်း ရှိပါလိမ့်ဦးမည်။ မှန်ပါသည်။ စာရေးသူတို့တစ်ထွေ ယခင်တုန်းက ပြောခွင့်မသာခဲ့ကြပါ။ မလွတ်လပ်ခဲ့ကြပါ။ သို့သော် ယခုတော့ အထိုက်အလျောက် ပြောဆို၍ရလာသည်။ ပြောခွင့်၊ ဆိုခွင့်ရှိလာ သည်။ ယခင်ထက် ပိုလွတ်လပ်လာသည်။ သည်အခွင့်အေရးနှင့် လွတ်လပ်မှုများကို ဆက်ထိန်းထားဖို့လိုသည်။ ယခင်ကအခြေအနေနှင့် ယခုအခြေအနေ နှိုင်းယှဉ်၍ တွေးဆဖို့လည်း အရေးကြီးသည်။

နိုင်ငံသားအားလုံး ရင်ထဲမှာ ဒီမိုကရေစီခရီးသည် ရေရှည်ခရီးဆိုသည်ကို နှလုံးသွင်းထားဖို့တော့ လိုအပ်ပါလိမ့်မည်။ စာရေးသူတို့နိုင်ငံသည် ဒီမိုကရေစီခရီး၏ တာထွက်ရုံအချိန်သာ ရှိသေးသည်။ သို့သော် ကျွန်တော်တို့ကတော့ မည်သည့်ကိစ္စပဲပြောပြော ဒီမိုကရေစီဘိုးအေနိုင်ငံများနှင့် နှိုင်းယှဉ်၍ ပြောကြဆိုကြတာ တွေ့ရသည်။ ဒီမိုကရေစီအဆုံးထိ တစ်နည်းအားဖြင့် ရာနှုန်းပြည့် ဒီမိုကရေစီရရှိဖို့အတွက် စိတ်ရှည်သည်းခံမှုများလည်းရှိတန်သလောက်ရှိမှ ဖြစ်ပါမည်။ 

ကောင်းစေချင်၍ ဝေဖန်လိုက်သည့် မိမိ၏ဝေဖန်မှုသည် တစ်ဖက်အတွက် စေတနာထက် ဝေဒနာမဖြစ်သွားဖို့ လိုပါသည်။ ထိုနည်းတူ အစိုးရ၏ လုပ်ဆောင်ချက်သည်လည်း စေတနာထား လုပ်ကိုင်ဆောင်ရွက်သော်လည်း နောက်ဆုံး၌ ဝေဒနာမဖြစ်သွားဖို့ အရေးကြီးသည်။ ထိုသို့မဖြစ်စေရန် မူဝါဒရေးဆွဲသူများ၊ လုပ်ငန်းအကောင်းအထည်ဖော်ရသူများအနေဖြင့်လည်း အကဲဆတ်လွယ်သည့် မြန်မာ့လူ့အဖွဲ့အစည်းအတွက် ဘက်စုံထောင့်စုံက တွေးခေါ်၍ ရရှိလာမည့် အကျိုးရလဒ်နှင့် ဘေးထွက်ဆိုးကျိုးကိုပါ တစ်ခါတည်း ချင့်ချိန်သုံးသပ်ထားသင့်ပါသည်။ ဘေးထွက်ဆိုးကျိုးဖြစ်လာလျှင်လည်း မည်ကဲ့သို့ ကုသမည်ကိုပါ စီမံဆောင်ရွက်ကြရမည်သာ ဖြစ်ပါသည်။ စေတနာထက် ဝေဒနာပိုကြီးထွားခဲ့လျှင် ထိုစေတနာမှာ နဂိုလိုရင်းမရောက်ဘဲ မှေးမှိန်ပျောက်ကွယ်သွားပေလိမ့်မည်။ 

သမ္မတကြီး၏ တတိယအကြိမ် လွတ်ငြိမ်းသက်သာခွင့်နှင့် စပ်လျဉ်း၍ နောက်ဆက်တွဲမကျေနပ်မှုများ၊ ဆူပူမှုများသည် ရိုးရိုးရှင်းရှင်းမြင်ရလျှင် စေတနာက ဝေဒနာဖြစ်သွားသည့်သာဓကဟုသာ ကောက်ချက်ချရပေမည်။ 

နိဂုံးချုပ်အနေနှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မြန်မာနိုင်ငံသား ဦးသန့်၏ မှတ်သားဖွယ်ရာ စကားတစ်ခွန်းကို ဖော်ပြလိုပါသည်။ “တိုင်းပြည်အုပ်ချုပ်ရေးစနစ်များအနက် ဒီမိုကရေစီစနစ်သည် အခက်ခဲဆုံးဖြစ်လေသည်။ ဒီမိုကရေစီစနစ်အောင်မြင်ရန် ပြည်သူပြည်သားတို့သည် အသိဉာဏ်ပညာနှင့် ဆင်ခြင်တုံတရား လုံလောက်အောင် ရှိရမည်။ အသိဉာဏ်ကင်းမဲ့သောနိုင်ငံတွင် ဒီမိုကရေစီစနစ်သည် ဗရုတ်သုတ်ခကိုသာ ဖြစ်စေလိမ့်မည်”။ သူ၏ စကားမှာ လက်တလောဖြစ်ပျက်နေသည့် မြန်မာ့နိုင်ငံရေးကို ပြောပြနေသလား ထင်ရသည်။ လူ့အဖွဲ့အစည်းက ဒီမိုကရေစီကို မှန်မှန်ကန်ကန် နားလည်ဖို့ အချိန်ယူနေရသည်မှာ လက်ခံနိုင်သော်လည်း မိမိတို့၏ ပြုမှုချက်များ၊ ဆောင်ရွက်ချက်များသည် စေတနာကနေ ဝေဒနာမဖြစ်သင့်ဟုတော့ ရိုးရှင်းစွာယုံကြည်နေမိပါသည်။

သားညိုထွေး