News

POST TYPE

PERSPECTIVE

အဂတိလိုက်စားမှုညွှန်းကိန်း ကျဆင်းအောင် ဘယ်လိုလုပ်ကြမလဲ
15-May-2019



နိုင်ငံတကာပွင့်လင်းမြင်သာမှုအဖွဲ့ Transprancy International ရဲ့ အဂတိလိုက်စားမှုအညွန်းကိန်း (CPI) အရ လက်ရှိ မြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၃၂ မှာရှိနေပါတယ်။ ဒါဟာ ယခင်၂၀၁၁ ခုနှစ် မှ ၂၀၁၇ ခုနှစ်အထိ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၃၀ ထိ တက်လာနေရာကနေ ၂၀၁၈ ခုနှစ်မှာ အခုလိုကျဆင်းသွားတာပဲ ဖြစ်ပါတယ်။ ဒီအဂတိလိုက်စားမှုတွေနဲ့ပတ်သက်လို့ ၂၀၁၈ ခုနှစ် နှစ်ကုန်တဲ့အထိ သိသိသာသာကျဆင်းသွားခြင်း မရှိသေးတာမို့ စုံစမ်းစစ်ဆေးခြင်းနဲ့ တရားစွဲဆိုခြင်းတွေကို ပိုမိုထိရောက်အောင် ဆောင်ရွက်သွားမယ်လို့လည်း ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ဧပြီလ ၂၉ ရက်နေ့က ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ အဂတိလိုက်စားမှုဥပဒေအရ သူ့ရဲ့ တစ်နှစ်တာအတွင်း လုပ်ငန်းဆောင်ရွက်ချက်တွေကို လွှတ်တော်ကို လာရောက်တင်သွင်းစဉ် ပြောကြားသွားခဲ့ပါတယ်။

သူ့ရဲ့အဆိုအရဆိုရင် သူ့ကော်မရှင်ထံကို အဂတိလိုက်စားမှုတွေနဲ့ ပတ်သက်လို့ တိုင်ကြားခဲ့တဲ့ တိုင်ကြားစာအရေအတွက်ဟာ ယခင်နှစ်ထက် ၅ ဆခန့် ပိုများလာကြောင်းနဲ့ အစိုးရဌာနတွေအတွင်းမှာ ဆုံးရှုံးနိုင်ဖွယ်ရှိတဲ့ ကျပ်ငွေ ၃၀.၈၉ သန်းနဲ့ အမေရိကန်ဒေါ်လာ ၄.ဝ၀၃ သန်းကို ပြည်သူ့ဘဏ္ဍာရန်ပုံငွေအဖြစ် ပြန်လည်ဆယ်တင်နိုင်လိုက်တယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် တိုင်ကြားသူတွေအနေနဲ့ ရဲရဲတင်းတင်းတိုင်ကြား နိုင်စေဖို့အတွက် ဖွင့်ဟဖော်ထုတ်တိုင်ကြားသူ ကာကွယ်ရေး ဥပဒေတစ်ရပ်ရေးဆွဲဖို့ကိုလည်း သူက လွှတ်တော်ကိုအကြံပြုခဲ့ပါတယ်။ သူတင်သွင်းတဲ့ အစီရင်ခံစာအပေါ် မေလ ၉ ရက်နဲ့ ၁၃ ရက်နေ့တွေမှာကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာတော့ ဒီအစီရင်ခံစာအပေါ် လွှတ်တော် ကိုယ်စားလှယ် ၃၇ ဦးတို့က ရှုထောင့်အမျိုးမျိုးကနေ ဆွေးနွေးကြတဲ့အချက်တွေကို ခြုံကြည့်လိုက်တဲ့အခါ အဂတိလိုက်စားမှုဖြစ်ပေါ်ရတဲ့အကြောင်း ရင်းတွေအနေနဲ့ တရားဥပဒေစိုးမိုးမှုအားနည်းတာ၊ အစဉ်အလာကဲ့သို့ ဖြစ်နေတာ၊ ထိရောက်စွာအရေးယူနိုင်မှုအားနည်းတာတွေကြောင့် ဥပဒေ အရထိန်းကျောင်းအရေးယူမှုများကို တိုးမြှင့်လုပ်ဆောင်သင့်တာ၊ အစိုးရဌာနတွေနဲ့ ဆက်စပ်လုပ်ကိုင်ကြရတဲ့အခါ ငွေကြေးလက်ဆောင်မပေးပါက ကြန့်ကြာနေတာ၊ မချေမငံဆက်ဆံခံရတာအပြင် လုပ်ငန်းစဉ်တွေ ပိုရှုပ်ထွေးသွားတာ၊ ဒီအတွက် နောက်ဆုံးမှာတော့ ဌာနဆိုင်ရာတွေကနေ ပြည်သူတွေအပေါ် ပေးရမယ့်ဝန်ဆောင်မှုတွေမရရှိကြတော့ဘဲ အခက်အခဲများစွာသာ ပေါ်ပေါက်ခဲ့ရတာတွေကို ပါဝင်ခဲ့ပါတယ်။

ဒါ့အပြင် ဌာနတွေအနေနဲ့ ပြည်သူများအတွက် တာဝန်ကျေပွန်စွာ ဆောင်ရွက်ပေးရန်လိုတာတွေ၊ ဌာနတွေအတွင်းမှာ အခုဖွဲ့စည်းဆောင် ရွက်နေတယ်ဆိုတဲ့ CPU (Corruption Prevention Unit) အဂတိ လိုက်စားမှုတိုက်ဖျက်ရေး တားဆီးကာကွယ်ရေးအဖွဲ့တွေ ဖွဲ့စည်းဆောင်ရွက်နေတယ်ဆိုတဲ့အပေါ် ဒီကိစ္စဟာ ကာကွယ်ခြင်းက ကုသခြင်းထက်ကောင်း တယ်လို့ဆိုတဲ့အတိုင်း ဆောင်ရွက်နေကြပေမယ့်လည်း အမှန်တကယ်တော့ ယုန်ကို မုန်လာဥခင်း စောင့်ခိုင်းထားသလို ဖြစ်နေမှာတွေ၊ ဒါ့အပြင် ပြည်နယ်နဲ့တိုင်းအစိုးရအုပ်ချုပ်ရေးပိုင်းတွေ အချို့ ဌာနဆိုင်ရာတွေနဲ့ ပတ်သက်တဲ့တိုင်ကြားစာတွေကို သူ့ဆိုင်ရာဌာနတွေကို ပြန်လည်ပေးပို့ပြီးတော့ စစ်ဆေးစေတာတွေဟာ ဘယ်လောက်ထိရောက်မှုရှိသလဲ၊ တကယ်တမ်း ရောစစ်ဆေးပြီး အပြစ်ပေးအရေးယူတာမျိုးတွေရှိသလားဆိုတဲ့ မေးခွန်းတွေလည်း အဂတိကော်မရှင်အပေါ် မေးခွန်းပြန်လည်ထုတ်ခဲ့ကြပါတယ်။

ဒီမေးခွန်းတွေ မေးခဲ့ကြခြင်းဟာလည်း အဂတိကော်မရှင်အနေနဲ့ ဒီလိုတိုင်စာတွေအပေါ် လွှဲလိုက်ပြီးရင် ပြီးပြီလို့မယူဆဘဲ ပြန်လည်ဆန်း စစ်သင့်တာ၊ ပြီးတဲ့အခါ ပြည်သူကို ပွင့်ပွင့်လင်းလင်းချပြသင့်တာနဲ့ ဒီဌာန တွေအတွင်းမှာပဲ အဂတိလိုက်စားတဲ့သူတွေ ရှိလာတဲ့အခါ သူ့ဌာနဆိုင်ရာ အစီအစဉ်နဲ့တင် သတိပေးတာ၊ နေရာရွှေ့ပြောင်းလိုက်တာနဲ့တင် ပြီးဆုံး သွားတဲ့ကိစ္စတွေဟာ ယခင့်ယခင်ကာလကတည်းက ရှည်ကြာစွာ ဖြစ် ပေါ်လာခဲ့တဲ့အပေါ် ကော်မရှင်အနေနဲ့ ပြန်လည်စိစစ်ဖို့ ကိုယ်စားလှယ် တွေက ပြန်လည်အကြံပြုခဲ့ကြခြင်းပဲ ဖြစ်ပါတယ်။

ဒါ့အပြင် အဂတိလိုက်စားမှုဖြစ်နေတဲ့ အကြောင်းအရာတွေကို အခြေခံကျကျ ဆန်းစစ်လိုက်တဲ့အခါ အဂတိလိုက်စားသူတွေဟာ လုပ် ပိုင်ခွင့်နဲ့အာဏာကို လက်ဝယ်ရရှိထားသူများသာဖြစ်ပြီး ထိုသူတွေအနေနဲ့ လောဘကြီးပြီး ချမ်းသာလွန်းလို စိတ်အားကြီးကာ အများပြည်သူအကျိုး စီးပွားထက် မိမိတို့ကိုယ်ကျိုးစီးပွားကိုသာ ဦးစားပေးသူက များနေခြင်း၊ အစဉ်အလာအတိုင်း မိရိုးဖလာလုပ်ငန်းတစ်ခုသဖွယ် ဆက်လက်လုပ် ကိုင်နေကြတာမို့ မပြောင်းလဲနိုင်ကြခြင်း၊ ထိရောက်စွာအရေးယူနိုင်မှု၊ ဥပဒေစိုးမိုးမှုအားနည်းခြင်းတို့ကြောင့် ဖြစ်တယ်လို့လည်း ကိုယ်စားလှယ် တွေက ထောက်ပြဆွေးနွေးသွားခဲ့ကြပါတယ်။ နောက်အဓိကကျတဲ့ အချက် ကတော့ လက်ရှိဌာနဆိုင်ရာတွေမှာ ကျင့်သုံးနေကြတဲ့ဥပဒေတွေ၊ လုပ် ထုံးလုပ်နည်းတွေမှာလည်း လုပ်ပိုင်ခွင့်တွေ အများအပြားထည့်သွင်းထား ပြီး ကွဲပြားတဲ့လုပ်ငန်းတွေအပေါ်မှာ မတူညီတဲ့ဌာနအချင်းချင်း ချိတ်ဆက် ကြတဲ့အခါ ရှုပ်ထွေးနေတာမို့ အဂတိလိုက်စားမှုတွေကိုလည်း ပိုမိုအားပေး ရာရောက်စေတာတွေလည်းရှိကြောင်းနဲ့ ကော်မရှင်အနေနဲ့ တိုင်ကြားမှု မရှိသမျှ ဝင်ရောက်စစ်ဆေးအရေးယူမှုမပြုနိုင်သေးတာ၊ ကျော်စောမှုရှိမှ သာစစ်ဆေးနိုင်တာ၊ လာဘ်ပေးသူနဲ့ ရယူသူနှစ်ဦး အပြန်အလှန်ကျေနပ် မှုရှိနေသရွေ့ တခြားသူကမသိရှိဘဲ ဖြစ်နေတတ်တာတွေအပြင် ကော်မရှင်အတွင်းမှာတင်ပဲ သတ်သတ်မှတ်မှတ် ဥပဒေအကြံပေးအဖွဲ့၊ စုံစမ်းစစ်ဆေးတဲ့အဖွဲ့ သီးခြားဖွဲ့စည်းထားမှု စတာတွေပါဝင်တဲ့ လွတ်လပ်တဲ့အဖွဲ့အစည်း တစ်ခုဖြစ်နေဖို့လည်းလိုကြောင်းလည်း အခြားနိုင်ငံမှာဆောင်ရွက်နေတဲ့ နည်းတွေကို နမူနာထားပြီး ထောက်ပြဆွေးနွေးခဲ့ကြပါတယ်။

သူတို့နမူနာပေးဆွေးနွေးသွားကြတဲ့နိုင်ငံတွေထဲမှာ တောင်ကိုရီးယားနိုင်ငံရဲ့ အဂတိတိုက်ဖျက်ရေးကော်မရှင်  (Korea Independent Commission Against Corruption (KICAC) ကို အတုယူပြီး ဆောင်ရွက်ဖို့လိုတယ်လို့ ဆိုပါတယ်။ ဒီကော်မရှင်ဟာဆိုရင် လွတ်လပ်ပြီး နိုင်ငံတော်နဲ့ နိုင်ငံသားတိုင်းအတွက် လွတ်လပ်တဲ့ ကျောသားရင်သားမခွဲခြားတဲ့အဖွဲ့တစ်ဖွဲ့ဖြစ်ကြောင်းနဲ့ ဒီကော်မရှင်ကို ၂၀၀၂ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပြီး စစ်တပ်အပါအဝင် အစိုးရဌာနတွေအတွင်းက နိုင်ငံ့ဝန်ထမ်းတွေ၊ ပြင်ပကကုမ္ပဏီတွေ၊ ပြည်သူတွေရဲ့ အကျင့်ပျက်ခြစားမှုတွေကို မျက်ခြည်မပြတ် လေ့လာစောင့်ကြည့်ပြီး ထိထိရောက်ရောက် နှိမ်နင်းခဲ့ကြောင်း၊ သူတို့ကိုင်တွယ်ကျင့်သုံးတဲ့ဥပဒေကို နိုင်ငံသားများရဲ့အကျိုးအတွက် အမြဲပြင် ဆင်ပြောင်းလဲပြီး ကျင့်သုံးနေသလို သူ့ရဲ့လုပ်ပိုင်ခွင့်နဲ့အာဏာကိုလည်း အပြည့်အဝရအောင် တောင်းယူထားလေ့ရှိကြောင်း၊ ဒီအဖွဲ့ဟာ အစိုးရရဲ့ အောက်မှာမရှိဘဲ သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒါ့အပြင် တရားစီရင်ရေးအာဏာ (Judicial  Power) ကိုလည်း အပြည့်အဝသုံးစွဲခွင့်ရှိသလို အလွှာပေါင်းစုံ၊ အဖွဲ့အစည်းပေါင်းစုံမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ ကာကွယ်ရေးယူနစ်တွေဖွဲ့စည်းပြီး ထိန်းကျောင်းတာ၊ အရေးယူဆောင်ရွက်တာတွေ ပြုလုပ်ကြကြောင်းနဲ့ ဒီကော်မရှင်ကိုလည်း ပြန်လည်ထိန်းကျောင်းဖို့ လွှတ်တော်အတွင်းက ကိုယ်စားလှယ်များ၊ ပြည်သူများပါဝင်တဲ့အဖွဲ့တွေ ဖွဲ့စည်းထားကြကြောင်း နမူနာပေးသွားတယ်လည်း ကြားခဲ့မိပါတယ်။

ဒီနေရာမှာ စာရေးသူအနေနဲ့ ဖြည့်စွက်ဆွေးနွေးရရင် ဒီအဂတိလိုက်စားမှုတွေလျော့နည်းလျော့ကျဖို့ဆိုရင် အတုယူရမယ့် အာဆီယံဒေသအတွင်းက စင်ကာပူနိုင်ငံလည်း ရှိနေပါသေးတယ်။ ၂၀၁၄ ခုနှစ်က စာရင်းထုတ်ပြန်ချက်အရ နိုင်ငံစုစုပေါင်း ၁၇၆ နိုင်ငံမှာ လာဘ်စားမှုအနည်းဆုံး အဆင့် ၃ ဖြစ်တဲ့ စင်ကာပူနိုင်ငံဟာဆိုရင် လာဘ်စားမှုတိုက်ဖျက်ဖို့ ကဏ္ဍကြီး ၄ ခုခွဲပြီး ဆောင်ရွက်ခဲ့တာ လေ့လာမိပါတယ်။ ဒါတွေကတော့  CPIB (Corrupt Practices Investigation Bureau) လာဘ်စားမှုတိုက်ဖျက် ရေးအဖွဲ့ကြီးကို ဝန်ကြီးချုပ်ကအစ အစိုးရဌာနတွေရာ၊ ပုဂ္ဂလိကကုမ္ပဏီ အားလုံးကိုပါ လွတ်လပ်စွာ စစ်ဆေးပိုင်ခွင့်ရှိအောင် အာဏာကုန်လွှဲအပ်ထားခြင်း၊ မည်သည့်လာဘ်စားသည့်အမှုကိုမဆို လွတ်လပ်စွာ စစ်ဆေးပိုင်ခွင့်ရှိတာ၊ မည်မျှရာထူးကြီးသူကိုမဆို စစ်ဆေးပိုင်ခွင့်ရှိခြင်း၊ အမှုသေးသေးကစလို့ ထိပ်ပိုင်းဝန်ကြီးအထိ စစ်ဆေးပိုင်ခွင့်ရှိခြင်း၊ တရားရုံးများကို အထူးအာဏာများ လွှဲအပ်ပေးထားခြင်း၊ အစိုးရဌာနများကို လာဘ်စားမှု တားဆီးရန်ဆောင်ရွက်ခြင်း၊ လာဘ်စားမှုတွေ့ပြီဆိုသည်နှင့် တရားရုံးမှာ စတင်စစ်ဆေးချိန်ကနေ စီရင်ချက်ချသည့်အချိန်အထိ တရားရုံးချိန်းတိုင်းမှာ အမှုစစ်ဆေးတာကို အစိုးရသတင်းစာကြီးမှာ နာမည်၊ ဓာတ်ပုံတွေနဲ့တကွ တောက်လျှောက်ဖော်ပြပေးခြင်းများပဲ ဖြစ်ပါတယ်။

အမှန်တော့ ဒီအဂတိလိုက်စားမှုတွေ အများဆုံးဖြစ်လေ့ဖြစ်ထရှိတဲ့နေရာ၊ ဖြစ်နိုင်ခြေအရှိဆုံးကိစ္စတွေကို လေ့လာကြည့်မယ်ဆိုရင်တော့ ပြည်သူ့ဘဏ္ဍာငွေတွေနဲ့ အခြားပြည်ပနိုင်ငံတကာအဖွဲ့အစည်းတွေက ကူညီကြတဲ့ငွေတွေအပေါ် ပြန်လည်သုံးစွဲကြတဲ့ အစိုးရဌာနတွေမှာ အများဆုံးပေါ်ပေါက်နေတာ မြင်ကြရမှာပါ။ ဒီအဂတိလိုက်စားမှုတွေ မကျဆင်း ခြင်းရဲ့အခြေခံအချက်တွေကို ဖြစ်ပွားခဲ့သမျှအမှုတွေအပေါ် ဖြစ်နိုင်ခြေ အရှိဆုံးအချက်တွေကို ဆွဲထုတ်လေ့လာကြည့်တဲ့အခါ ပစ္စည်းဝယ်ယူရေး၊ ဆောက်လုပ်ရေးကိစ္စတွေမှာ တွေ့ရသလို ဒါတွေကို တာဝန်ယူဆောင်ရွက်ပေးမယ့် ပြင်ပကကုမ္ပဏီတွေနဲ့ အများဆုံးပတ်သက်နေကြတာ။ တန်ဖိုးကြီးတဲ့ ရုံးသုံး၊ စက်ရုံသုံးတည်ဆောက်ရေး စက်ပစ္စည်းတွေ၊ အိုင်စီတီပစ္စည်း တွေဝယ်ယူတင်သွင်းကြတဲ့ကိစ္စ၊ အဆောက်အအုံတွေတည်ဆောက်ကြတဲ့ကိစ္စ၊ ပြည်သူ့ရေးရာဝန်ဆောင်မှုလုပ်ငန်းတွေဖြစ်တဲ့ ပညာရေး၊ ကျန်း မာရေးဆိုင်ရာပံ့ပိုးမှုပစ္စည်းတွေ ဝယ်ယူတင်သွင်းကြတဲ့ကိစ္စ၊ မြစ်ချောင်းတာတမံတည်ဆောက် ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းတွေ၊ လမ်းတံတား တည်ဆောက်ရေးလုပ်ငန်းတွေ စတဲ့ကိစ္စတွေအတွက် ခေါ်ယူလုပ်ကိုင်ကြတဲ့ တင်ဒါခေါ်ယူလုပ်ငန်းစဉ်တွေနဲ့ နောက်ပိုင်း အရည်အသွေးစစ်ဆေးရေး၊ လက်ခံရေး၊ ငွေပေးချေရေးနဲ့ ကြံ့ခိုင်ရေးကိစ္စတွေမှာ ဒီအဂတိလိုက်စားမှုတွေ ပေါ်ပေါက်ခဲ့တာ လေ့လာမိပါတယ်။ 

ဒီအတွက်ပဲ နိဂုံးချုပ်ရရင် နိုင်ငံတစ်နိုင်ငံအဖို့ အခုလိုအကျင့်ပျက် လာဘ်စားမှုတွေ မလျော့ကျဘူး၊ ဖွဲ့စည်းထားတဲ့ အဂတိကော်မရှင်ကိုလည်း လွတ်လပ်စွာ စုံစမ်းစစ်ဆေးခွင့်၊ တရားစီရင်ပိုင်ခွင့်၊ ဥပဒေအရ သူ့ဘာသာ အကြံပေးဖွဲ့စည်းခွင့်တွေရှိမနေဘူးဆိုရင် လာမယ့်နှစ်တွေမှာ ဆိုရင်လည်း အဂတိအညွန်းကိန်းဟာ တိုးသထက်တိုးလာဖို့သာရှိနေပါမယ်။ ဒီအဂတိလိုက်စားမှုတွေရှိနေရင် နိုင်ငံခြားက ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာမှာမဟုတ်သလို ဆင်းရဲချမ်းသာ လူတန်းစားကွာဟမှုကြီးနေမယ်၊ ငွေကြေးဖောင်းပွမှုတွေရှိနေမယ်၊ ပြည်သူ့ရေးရာဝန်ဆောင်မှုဆိုတဲ့စကားလုံးအောက်မှာ အစိုးရဌာနတွေကို ပြည်သူတွေက ဆက်ဆံရမှာ ကြောက်ရွံ့မှုဖြစ်နေဦးမယ်ဆိုတာ အမှန်ပဲဖြစ်တာမို့ အစိုးရအနေနဲ့ အဂတိကော်မရှင်ကို လွတ်လပ်တဲ့အဖွဲ့အစည်းတစ်ခုအဖြစ် လုပ်ပိုင်ခွင့်အာဏာ အပြည့်အဝပေးပြီး လာဘ်စားမှုတိုက်ဖျက်ရေးကို နိုင်ငံရေးဦးတည်ချက်တစ်ရပ်အနေနဲ့ အားသွန်ခွန်စိုက် ကြိုးပမ်းစေချင်ပါကြောင်းနဲ့ ပြင်ပက လူမှုအဖွဲ့အစည်းပေါင်းစုံ၊ ပြည်သူအများနဲ့ မီဒီယာများမှလည်း ဝိုင်းဝန်းဖော်ထုတ်မှသာ အခုဖြစ်နေတဲ့အခြေအနေက လွတ်မြောက်မယ်ထင်မိပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။

သန်းဖြိုးနိုင်