POST TYPE

PERSPECTIVE

ယုံကြည်မှုများနှင့် ချစ်ပေးကြပါစို့
14-May-2019

လူမိုက်မိတ်ဆွေများနှင့် ပညာရှိ ရန်သူမျိုးများကို ရွေးခွင့်ရှိကြမည်ဆိုလျှင် ကျွန်တော်တို့တစ်တွေသည် မည်သည့် အမျိုးအစားကို ရွေးချယ်ကြမည်နည်း။ ပွင့်လင်းလို့လာသော ခေတ်သစ် စရိုက်လက္ခဏာများထဲတွင် လူမိုက်မိတ်ဆွေသည် အသားထဲကလောက်ပမာ လှိုက်စားတိုးပွားလို့ လာတတ်ပေသည်။ ကျွန်တော်တို့တစ်တွေသည် အတွင်းထဲကနေ လှိုက်စားနေမည့် လူမိုက်မိတ်ဆွေမျိုးများထက် တခြားသော ပညာရှိရန်သူမျိုးများကို ရွေးချယ်ခွင့်ရှိကြပါ၏လော။ လူမိုက်မိတ်ဆွေထက် ပညာရှိရန်သူမျိုးများကပင် ပေါင်းအပ်ပေါင်းထိုက်သည်ဟု ထင်မြင်မိကြပါ၏လော။

ယုံကြည်မှုများ တည်ရှိနေသရွေ့ နှစ်သက်ခုံမင်မှုများသည်လည်း ကပ်ငြိတွယ်တာနေမည်သာဖြစ်သည်။ ယုံကြည်မှုများဖြင့် အနစ်နာခံ၍ ပေးဆပ်တတ်သော အကျင့်ကောင်းများသည် လူသားများထံတွင် အထူး ကိန်းဝပ်တည်ရှိလို့ နေတတ်ပေသည်။ ယုံကြည်မှုသည် ချစ်ခြင်းအစစ်၏ လမ်းစများဖြစ်သလို၊ ချစ်ခြင်း၏ တွယ်ငြိမှုများသည်လည်း ယုံကြည်မှုများ၌ အစတည်၍နေပေသည်။

အရာရာတိုင်း နေရာတိုင်းတွင် အကောင်းနှင့် အဆိုးများသည် ဒွန်တွဲ၍သာ ဖြစ်နေတတ်ပေသည်။ ယုံကြည်မှုကြောင့် ဖြစ်ပေါ်တတ်သော ချစ်ခြင်းထက်၊ ချစ်ခြင်းကြောင့် ဖြစ်ပေါ်တတ်သော ယုံကြည်မှုသည် ကြောက်စရာ ကောင်းလွန်းတတ်ပေသည်။ ချစ်ခြင်းကြောင့် အကောင်း အဆိုး မခွဲခြားနိုင်သော ယုံကြည်မှုများသည် နှစ်ဦးနှစ်ဖက်လုံးအတွက် နစ်နာစရာ ကောင်းလှပေသည်။ နှစ်ဦးနှစ်ဖက်လုံးအတွက် အစွန်းများ ရှိနေတတ်ပေသည်။

ချစ်ခြင်းကြောင့် ယုံကြည်ပေးလိုက်ရသော အရာရာတိုင်းသည် အစွန်းတစ်ဖက်ရှိနေမည်မှာ သေချာလှပေသည်။ ချစ်ခြင်းကိုအကြောင်းပြု၍ မတားမိလိုက်သော ကိစ္စတိုင်းအတွက် နောင်တများဖြင့် ကျန်ရစ်နေရမည်မှာလည်း အမှန်ပင်ဖြစ်ပါသည်။ ချစ်ခြင်းကိုအကြောင်းပြု၍ ဘဝတစ်ခုကို နှစ်သလိုဖြစ်မသွားစေဖို့ အထူး လိုအပ်လှပါသည်။ ချစ်လို့ ယုံကြည်မိကြပါသည်။ ယုံကြည်မှုများ လွန်ကဲလာသည့်အခါ ကိုးကွယ်မှုပမာ သဘောသက် ရောက်လို့လာပေသည်။ ကိုးကွယ်မှုပမာ ထင်မြင်လာသည့်အခါမျိုးတွင် ချစ်ခြင်းကြောင့်သာ တွေ့ထိမြင်တတ်ပါသောကြောင့် အမှားနှင့်အမှန် ခွဲခြားနိုင်ဖို့ ခက်ခဲလို့လာပေသည်။ အကောင်းနှင့်အဆိုးကို ပိုင်းခြားနိုင်ရန် အထူး ခက်ခဲလွန်းလှပေသည်။ ချစ်ခြင်း၏ ဖုံးကွယ်ထားမှုများကြောင့် အမှားကိုအမှားဟု မြင်နိုင်ရန်မှာ ခက်ခဲလို့သွားပေသည်။

ဖြစ်ပေါ်သမျှ ကြုံတွေ့လာကြသော ကိစ္စရပ်တိုင်းကို ချစ်ခြင်းကြောင့် ဖြစ်ပေါ်တတ်သော ယုံကြည်မှုဖြင့် မဆုံးဖြတ်ကြဖို့ အထူးလိုအပ်ပါပေသည်။ ချစ်ခြင်းကြောင့် မမြင်နိုင်မိသော လွတ်ကွက် ဟာကွက်များသည် အန္တရာယ်များလှပေသည်။ ချစ်ခြင်းသည် အကောင်းဘက်ကိုသာ ကွက်၍ မြင်တတ်သည့်သဘောမျိုး ဖြစ်ပါသည်။ ချစ်ခြင်း၏ ဖေးမမှုများကြောင့် ပြုလုပ်မိသမျှသော အမှားများကို လျှော့ပေါ့၍ တွေးတတ်ကြ ဖြေတတ်ကြပေသည်။ အမှားမရှိဟုလည်း အမြင်လွယ်ကြပါသည်။

အမှားကို အမှားဟုမမြင်နိုင်ဘဲ တစ်ဖက်ကန်း အတွေးဘက်သို့ ဦးတည်၍နေတတ်သောကြောင့် ချစ်ခြင်းကြောင့် ဖြစ်ပေါ်တတ်သော ယုံကြည်မှုများဖြင့် မဆုံးဖြတ်ကြဖို့ အထူးလိုအပ်လှပါသည်။ ချစ်ခြင်းကိုအကြောင်းပြု၍ ဖြစ်ပေါ်တတ်သော ယုံကြည်မှုများသည် ကြာရှည်လည်း မခံတတ်ပါပေ။ အချစ်မကုန်ခင် ယုံကြည်မှု ကုန်ခန်းတတ်သောသဘောမျိုး ရှိပေသည်။

ချစ်ခြင်းအချို့သည် အမြင်အာရုံကို အကန်းဖြစ်စေရုံမျှမက စဉ်းစားဆင်ခြင်နိုင်သော ဦးနှောက်ကိုပါ အကန်းဖြစ်စေတတ်သော သဘောကြောင့်သာ ဖြစ်ပေသည်။ ထို့ကြောင့် ချစ်ခြင်းကြောင့်ဖြစ်ပေါ်တတ်သော ယုံကြည်မှုများကို အထူးဆင်ခြင် စဉ်းစားသင့်ပေသည်။

အကောင်းနှင့် အဆိုးအကြား ခွဲခြားဝေဖန်ပိုင်းခြား၍ စိတ်ချယုံကြည်ရသောစိတ်မှ ဖြစ်ပေါ်လာသော ချစ်ခြင်းများသည် ကောင်း၏။ ထို့အတူ ယုံကြည်မှုများကို အကြောင်းအရင်းပြု၍ ဖြစ်ပေါ်လို့လာတတ်သော ချစ်ခြင်းတရားဖြင့်သာ ရှေးဆက်နိုင်ပါလျှင် ယုံကြည်ခံရသူနှင့် ယုံကြည်မိကြသူ နှစ်ဦးနှစ်ဖက်လုံးအတွက် အကောင်းများဆီသို့ ဦးတည်မိကြဖို့ အကြောင်းများလှပါသည်။ ယုံကြည်မှုဖြင့် ရှေ့ဆက်လျှောက်ကြသော ချစ်ခြင်းတရားတို့သည်သာ ခိုင်မြဲဖို့ရန် အကြောင်းရင်းရှိနိုင်ပါပေသည်။

ယနေ့ဖြစ်ပေါ်နေသော လျှောက်လှမ်းနေသော ကျွန်တော်တို့၏ လူနေမှုဘဝ အရေးများစွာကိုပင် အထူးစဉ်းစားဖို့ လိုအပ်လို့ လာပေသည်။ ကျွန်တော်တို့ လိုအပ်သောအရာများနှင့် ကျွန်တော်တို့ ဖြစ်စေချင်သည့်အရာများသည် ယုံကြည်မှုဖြင့် ချစ်ခြင်းလား၊ သို့တည်းမဟုတ် ချစ်ခြင်းကြောင့် ယုံကြည်မှုများလားဟု ကျွန်တော်တို့ကိုယ်တိုင် အကျယ်တဝင့် စဉ်းစားတတ်ဖို့ လိုအပ်လို့လာပေသည်။ ချစ်ခြင်းကြောင့်သာ ယုံကြည်မှုများဖြစ်ခဲ့ကြသည်ဆိုလျှင်  ကျွန်တော်တို့၏ ရှေ့သွားခေါင်းဆောင်နောက်သို့ မှားမှားမှန်မှန် ထက်ကြပ်မကွာ လိုက်ကြရုံသာရှိပေသည်။

အမှားနှင့်အမှန် ခွဲခြားဝေဖန်နေကြဖို့ထက် ကျွန်တော်တို့ခေါင်းဆောင်၏ လိုအပ်နေသော ဆောင်ရွက်နေသော  ကိစ္စရပ်များ အမြန်ပြီးစီးစေရန် လက်ရုံးရည် အကူများသာ ပေးကြဖို့ရန်ရှိပေသည်။ ခိုင်းသမျှကို တစ်သဝေမတိမ်း လုပ်ပေးရန်မှတစ်ပါး အခြားမရှိနိုင်ပါပေ။ ချစ်ခြင်းကြောင့် ယုံကြည်မှုကို ပေးဆပ်ကြသည့်နေရာတွင် နှလုံးရည်ထက် လက်ရုံးရည်ကို ပို၍ လိုအပ်မည်ဟု ထင်မြင်မိပါသည်။

ချစ်ခြင်းကြောင့်ဖြစ်ပေါ်တတ်သော ယုံကြည်မှုကိုအကြောင်းပြု၍ ဆင်ကန်းတောတိုးပမာ မြင်မြင်ရာ ဇွတ်ယုံကြည်အားပေးနေရင်ဖြင့် နှစ်ဦး နှစ်ဖက်လုံးအတွက် ကျဆုံးခန်းများ မြန်မြန်ရောက်လို့ လာနိုင်ပေသည်။ ယုံကြည်ခံရသူ အနေနှင့်လည်း အမှားပါလို့မှ ပြုပြင်ဖို့ရန် ဝေဖန်ထောက်ပြ အကြံပေးမည့်သူမရှိလျှင် လျှောက်လှမ်းမိသော ခြေလှမ်းတိုင်းသည် ခရီးတွင်မည် မဟုတ်နိုင်ပေ။ အမှားကိုချိတ်ဆွဲ၍ သွားလာနေရသောကြောင့် လျှောက်လှမ်းနေရသော ခရီးသည်လည်း ကြန့်ကြာတုံ့ဆိုင်းနေမည်မှာ အမှန်ပင်ဖြစ်သည်။

ယုံကြည်မှုများကို အရင်းတည်၍ ဖြစ်ပေါ်မိသော ချစ်ခြင်းဖြင့်ပေး ဆပ်ကြမည်ဆိုလျှင် ကျွန်တော်တို့၏ ရှေ့သွားခေါင်းဆောင်နောက်သို့ လိုက်ကြသည့်အခါများတွင် အမှားနှင့်အမှန် ခွဲခြားဝေဖန် ထောက်ပြပေးတတ်ရမည် ဖြစ်သည်။ ခေါင်းဆောင်လုပ်သူ၏ ဆောင်ရွက်ချက်များတွင် အမှားကို အမှား၊ အမှန်ကို အမှန်ဟု ရဲရဲဝံ့ဝံ့ ထောက်ပြရဲရမည်သာ ဖြစ်သည်။ ယုံကြည်မှုကြောင့် ဖြစ်ပေါ်တတ်သော ချစ်ခြင်းများအတွက် လက်ရုံးရည်ရော နှလုံးရည်ပါ ပေးဆပ်နိုင်ကြဖို့ အထူးလိုအပ်ပါပေသည်။ ကျွန်တော်တို့၏ ခေါင်းဆောင်လုပ်သူရဲ့ လိုအပ်ချက်များ၊ လုပ်ကိုင်ချက်များကို နှလုံးသားနှင့်လည်း ခံစားလို့ ဖြည့်ဆည်းပေးကြရမည်။ ဦးနှောက်ဖြင့်လည်း စဉ်းစားခံစားပေးဆပ်ရမည်သာ ဖြစ်သည်။ နှလုံးရည် ပြည့်ပြည့်ဝ၀ဖြင့် လိုက်နာဖြည့်ဆည်းပေးရမည်ဖြစ်သလို လက်ရုံးရည်ကောင်းကောင်းဖြင့်လည်း တုံးတိုက်တိုက် ကျားကိုက်ကိုက်ဆိုသလိုမျိုးပမာ လုပ်ပေးနိုင်ရမည်ဖြစ်ပါသည်။

အဟောင်းကိုပစ်၍ ပြောင်းလဲခြင်းကို မက်မောလာကြသော ခေတ်သစ် အယူအဆ အသစ်များအတွက် ကျွန်တော်တို့၏ ယုံကြည်ခြင်း၊ ချစ်ခြင်းများသည်လည်း မှန်ကန်တည့်မတ်နိုင်ဖို့ အထူးလိုအပ်ပါသည်။ ကျွန်တော်တို့ကိုယ်တိုင်သည်လည်း နှလုံးသားနှင့် မခံစားကြဘဲ ဦးနှောက်ဖြင့် ခံစားတတ်ဖို့ လိုအပ်လာပေသည်။ ဦးနှောက်နှင့် သင့် မသင့်ကိုလည်းကောင်း၊ အမှားနှင့် အမှန်ကိုလည်းကောင်း ဦးစွာ ခံစားစေချင်ပါသည်။ ဦးနှောက်ဖြင့် ခံစားဆုံးဖြတ်ထားမှုများကို နှလုံးသားနှင့်ပါ ထပ်မံ၍ ဆုံးဖြတ်စေလိုပါသည်။ ဘက်လိုက်ထားခြင်းမရှိဘဲ ဦးနှောက်ဖြင့် ဆုံးဖြတ်ထားသောအရာများကို နှလုံးသားဖြင့် ထပ်မံ၍ စဉ်းစားဆုံးဖြတ်မည်ဆိုပါက အမှန်တရားနှင့် အနီးဆုံးနေရာမှာ ရှိနေမည်ဟု ထင်မြင်ယူဆမိပါသည်။

ယနေ့အချိန်အခါသည်ပင် လူမိုက်မိတ်ဆွေမျိုးထက် ပညာရှိရန်သူမျိုးကို ပို၍လိုအပ်နေသော အချိန်အခါဖြစ်သည်။ ကျွန်တော်တို့တစ်တွေသည် တကယ်ချစ်တတ်ပါလျှင် နှလုံးသားနှင့်ချစ်ပြဖို့ ခံစားကြဖို့ထက် ဦးနှောက်ဖြင့်သာချစ်ပြဖို့ ခံစားကြဖို့၊ ယုံကြည်တတ်ဖို့ ပိုလိုအပ်ပေသည်။ သို့မှသာလျှင် ချစ်သူနှင့် အချစ်ခံသူ နှစ်ဦးနှစ်ဖက်လုံး အကောင်းဘက်သို့ ဦးတည်လို့လာနိုင်ပါပေသည်။ ချစ်ခြင်းကြောင့် မှားမှားမှန်မှန် ခေါင်းညိတ် လက်ခံ အားပေးနေကြမည့်အစား ယုံကြည်မှုဖြင့် မှန်ကန်သည့်ဘက်သို့ တည့်မတ်ထောက်ပြပေးခြင်းဖြင့်သာ အားပေးဖို့ အထူးသင့်ပေသည်။

ချစ်လို့ မပြောမဆိုဘဲနေကြမည့်အစား ချစ်လို့ကို အမှားကို အမှားဟု ထောက်ပြသင့်သလို၊ အမှန်ကို အမှန်ကိုဟု အားပေးတတ်ကြပါစို့လို့ ပန်းတိုင်အသစ်ကို စောင့်မျှော်ရင်း ရေးသားလိုက်ရပါသည်။

ခိုင်မြင့်ဝေ