News

POST TYPE

PERSPECTIVE

လူကြီးတို့၏ ကိုယ်နှုတ်အမူအရာ
13-May-2019

မွန်ပြည်နယ် လွှတ်တော်တွင် ကျေးလက်လမ်းခင်းခြင်းစီမံကိန်း တစ်ခုအတွက် အစိုးရက တင်ဒါမခေါ်ဘဲ လက်သိပ်ထိုးပေးလိုက်သည့်ကိစ္စအပေါ် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက မေးခွန်းထုတ်သည်။ လွှတ်တော်ကိုယ်စားလှယ်မှာ အခြားသူမဟုတ်။ ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ တာဝန်ယူထားသူလည်းဖြစ်သည်။ လွှတ်တော်မှာ ဘာတာဝန်ပဲ ယူထားသည်ဖြစ်စေ သူက မေးသင့် မေးထိုက်သည့် မေးခွန်းတစ်ခုကို အများရှေ့မှောက်လွှတ်တော်တွင် မေးမြန်းလိုက်ခြင်းဖြစ်သည်။ ရေးမြို့နယ် မြောက်ဘက် အောင်သပြေ-နှစ်ကရင် ကျေးရွာချင်းဆက် လမ်းဖောက်ရန်အတွက် Southern Myanmar Development Co., Ltd. ကို မွန်ပြည်နယ် အစိုးရက တင်ဒါချပေးခဲ့ရာတွင် ပွင့်လင်းမြင်သာမှုမရှိဘဲ လက်သိပ်ထိုး ချပေးခဲ့သည်ဆိုသော မေးခွန်းဖြစ်သည်။ ထိုမေးခွန်းကို မွန်ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည် ဖြေကြားရာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ နှုတ်မိန့်အရ ၂၀၁၈၊ မီနီဘတ်ဂျက်ခွင့်ပြုငွေ သန်း ၁၀ဝ၀ ကို တင်ဒါမခေါ်ဘဲ ပေးလိုက်ခြင်းဖြစ်သည်ဟုဆိုသည်။

လွှတ်တော်က စောဒက တက်ရာတွင် မည်သည့်ဘတ်ဂျက်ခွင့်ပြု ငွေဖြစ်စေ နှုတ်မိန့်တစ်ခုတည်းနှင့် ပေးပိုင်ခွင့်မရှိဟု ဆိုသည်။ မှန်သည်။ နိုင်ငံတော် စီမံကိန်းမှန်သမျှ သေးသည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ မိမိသဘောတစ်ခုတည်းနှင့် လုပ်စေဟု ခွင့်ပြုလိုက်၍မရ။ အားလုံးရှေ့မှောက်တွင် တရားဝင် သဘောတူပြီးမှ လုပ်သင့်သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင်ကလည်း ထိုသို့ခွင့်ပြုခြင်းကို လက်ခံသဘောတူမည်မဟုတ်။ နောက်တစ်နေ့ အစည်းအဝေးတွင် မွန်ပြည်နယ် ဝန်ကြီးချုပ်က မေးခွန်းထုတ်သော လွှတ်တော်အမတ်ကို လွှတ်တော်အမတ်အလုပ် မဟုတ်သည့်မေးခွန်းတွေ မေးနေပါသည်ဆိုပြီး စာတင်ထားပြီးမှ ပြန်ရုပ်သွားကြောင်း သတင်းများမှာ ဖတ်ရသည်။ လွှတ်တော်နှင့် အစိုးရတို့၏ ပွတ်တိုက်မှုတစ်ခုဟုဆိုရမည်။

ယခုကိစ္စတွင် မွန်ပြည်နယ် ဝန်ကြီးချုပ်သည် စကားကို လက်လွတ်စပယ် ပြောလိုက်ခြင်း၊ ဖြေလိုက်ခြင်းဖြစ်ပြီး မိမိ၏နှုတ်ထွက်စကားသည် ဥပဒေအရ အရာမြောက် မမြောက် ကြိုတင်စဉ်းစားခဲ့ဟန် မတူပါ။ အစိုးရလုပ်ငန်းမှန်သမျှ ကိုယ့်သဘောနှင့်ကိုယ် လုပ်ပိုင်ခွင့်မရှိ။ တစ်ခုခု လုပ်ဆောင်တော့မည်ဆိုလျှင် ဥပဒေပြုရေးလွှတ်တော်ကို အသိပေးရမည်ကို မေ့လျော့နေတာလည်းဖြစ်မည်။ သို့မဟုတ် လွှတ်တော်ကို ဂရုမစိုက်တာလည်း ဖြစ်မည်။ ဤအဖြစ်မျိုးက မွန်ပြည်နယ် လွှတ်တော်တစ်ခုတည်း ကွက်ပြီး ဖြစ်နေတာမျိုးတာ့မဟုတ်။ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာလည်း ခဏခဏဖြစ်သည်။ အစိုးရအဖွဲ့ လုပ်လိုက်တာတွေကို လွှတ်တော်ကမသိ။ လွှတ်တော်ခွင့်ပြုချက် မတောင်းခံ။ လွှတ်တော်ကို ကိုယ့်လက်အောက်ခံ အဖွဲ့အစည်းတစ်ခုလို သဘောထားသလိုမျိုး ဖြစ်သည်။ ရန်ကုန်မြို့သစ် စီမံကိန်းလို အဓိကကျသည့် စီမံကိန်းများ အပါအဝင် အချို့သောကိစ္စများကို ရန်ကုန်လွှတ်တော်ကိုယ်စားလှယ်များပင် မသိဆိုသော သတင်းတွေလည်း ကြားနေရသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ်က ပွင့်ပွင့်လင်းလင်း ဟောဟောဒိုင်းဒိုင်း ပြောတတ်သူဖြစ်သည်။ ပွင့်လင်းခြင်းမှာ ကောင်းသော်လည်း ဝန်ကြီးချုပ်တစ်ဦးအနေနှင့် အများပြည်သူရှေ့ စကားပြောရာတွင် သတိနှင့် ဆင်ခြင်ပြီးမှ ပြောဖို့လိုသည်။ ဟိုတစ်လောတုန်းကလည်း ချောင်းဆုံမြို့နယ်က လယ်ကွင်းတွေမှာ စပါးဖျက် ခရုတစ်မျိုးဖျက်ဆီး၍ လယ်သမားတွေ ဒုက္ခရောက်နေရကြောင်း ရင်ဖွင့်တော့ “ခင်ဗျားတို့ အဲဒီခရုတွေကို ဖမ်းကြပေါ့”ဆိုပြီး လွယ်လွယ်ဖြေသည်။ စပါးဖျက်ခရုနှင့် လယ်ကွင်းထဲကခရု မတူသည်ကို သိပုံမရ။ ကိုယ်က လူကြီးနေရာ ကုလားထိုင်ပေါ်က ထိုင်နေရပြီဆိုသောအခါ ကိုယ့်စကားတွေကိုသာ အမှန်ဟု ထင်နေတတ်သည်။ လူကြီးဖြစ်လာသောအခါ အပြောအဆို အနေအထိုင် အစစအရာရာ ဆင်ခြင်ရသည်။ သထုံမှာ ဟင်းတစ်မည်စားဟု ပရိသတ်ရှေ့ ပြောချလိုက်သောအခါ ပြောစမှတ်တွင်သွားသည်။ သူ့ တကယ့်ဆိုလိုရင်းက ချွေချွေတာတာ စား သောက်နေထိုင်ကြဖို့ ဖြစ်သော်လည်း အပြောအဆို မတတ်တော့ ဟားစရာ ဖြစ်သွားသည်။

သည်လိုအဖြစ်မျိုးက မွန်ဝန်ကြီးချုပ်မှမဟုတ်။ အခြားလူကြီး အတော်များများလည်းဖြစ်သည်။ လူကြီးဖြစ်လာလျှင် အပြောအဆို ဆင်ခြင်ရသည်။ မပြောမီ စဉ်းစား။ စဉ်းစားပြီးမှ ပြောရမည်။ ရာထူးတွေ၊ နေရာတွေရှိလာတော့ လူတို့သဘာဝ အပြောအဆိုတွေမှာ မာနသံလေးတွေ လွှမ်းနေတတ်သည်။ အောက်က လူတွေကို ကိုယ့်လောက်မသိ။ ကိုယ့်လောက် မတတ်သူတွေလို့ ထင်နေတတ်သည်။ တစ်ခါက လူကြီးတစ်ဦးက သတင်းထောက်ပေါက်စတစ်ဦးကို “ေ-ာက်ရူး”ဟု ခြောက်ခါတိတိ အော်ဟစ်ခဲ့ဖူးသည်။ လူကြီးဖြစ်လာလျှင် မိမိ၏စိတ်ခံစားမှုကို ထိန်းသိမ်းနိုင်ဖို့လိုသည်။ ခုခေတ်မှမဟုတ်။ ဟိုခေတ်တုန်းကလည်း “ပါးရိုက်လို့ရသည်”ဆိုပြီး နာမည်ကြီးခဲ့သည့်လူကြီးတွေ ရှိခဲ့သည်။

လူကြီး သို့မဟုတ် ခေါင်းဆောင် ဖြစ်လာပြီဆိုလျှင် အပြောအဆို ကိုယ်နှုတ်အမူအရာ အစစ သတိထား ပြောရသည်။ တစ်ယောက်နှင့်တစ်ယောက်တော့ မတူကြ။ အချို့လူကြီးတွေက စကားကို လက်လွတ်စပယ် ပြောတတ်သော်လည်း အချို့လူကြီးတွေကျတော့ သတိနှင့် ဆင်ဆင်ခြင်ခြင် ပြောသည်။ အချို့က လူကြီးဆိုသော ရာထူးတာဝန် ရလာသောအခါ မိမိ၏ အခြေအနေမှန်ကို မေ့သွားတတ်သည်။ ကိုယ်ပြောသမျှစကား အောက်ကလူတွေ နားထောင်နေရသည်ဆိုပြီး အမှားအမှန် မဝေဖန်နိုင်တော့သလို မိမိလုပ်သမျှ အမှန်လို့လည်း ထင်သွားတတ်သည်။ ရာထူးတစ်ခုတွင် ကာလအတန်ကြာလာလေ အမူအရာအချိုးတွေလည်း ပြောင်းလဲသွားသည်ကို တွေ့ရသည်။ တကယ့်ခေါင်းဆောင်တွေက စကားပြောလျှင် အမြဲသတိရှိကြသည်။

တကယ့်ခေါင်းဆောင်၊ တကယ့်လူကြီးတွေက အပြောအဆို အနေအထိုင် တစ်သမတ်တည်း ရှိသည်။ အပြောင်းအလဲ မရှိ။ ဘယ်လောက်ပဲ ရာထူးတွေကြီးပြီး ဘယ်လောက်ပင် လူအများက ရိုကျိုးနေလည်း သူတို့၏ ကိုယ်နှုတ်အမူအရာ မပြောင်းလဲ။ ပုထုဇဉ် သဘာဝအရ ရာထူး၊ အာဏာ၊ ငွေကြေး ပြည့်စုံလာသည့်အခါ ပင်ကိုဗီဇတွေ အနည်းနှင့်အများ ယိမ်းယိုင်လာတတ်ကြသည်။ ပြည်သူတွေကပေးသော ဆန္ဒမဲ၊ ပြည်သူတွေက ထောက်ခံပြီး ရာထူးနေရာ ရရှိလာသည်ကို မေ့လျော့သွားတတ်ကြသည်။ နိုင်ငံရေး ရာထူးတွေသာမဟုတ်၊ စီးပွားရေးလုပ်ငန်းတွေမှာလည်း ထို့အတူ ဖြစ်သည်။ လုပ်ငန်းအောင်မြင်မှုနှင့် ချမ်းသာကြွယ်ဝမှုက ပင့်တင်ပေးလိုက်သော ဩဇာကြောင့် မိမိတို့ အယူအဆ၊ အတွေးအခေါ်သည်သာ အမှန်ဟု ထင်နေကြသော လူကြီးတွေလည်း ရှိသည်။

လူကြီးဖြစ်လာလျှင် လူ့သဘာဝအရ အနည်းနှင့်အများ ပြောင်းလဲသွားတတ်သည်။ ထိုအခြေအနေကို သတိပြုမိဖို့ အပြောအဆို ဆင်ခြင်ရသည်။ ကိုယ်နှုတ်အမူအရာ ဆင်ခြင်ရသည်။ ရာထူးအာဏာ မာနတို့ မိုးမွှန်နေသောအခါ ထိုအဖြစ်ကို သတိမမူမိတော့ဘဲ မေ့လျော့သွားတတ်သည်။ ငါ ဝန်ကြီးချုပ်ပဲဆိုပြီး ပြောချင်ရာ ပြောလို့မရ။ လုပ်ချင်တာ လုပ်လို့မရ။ အာဏာရှင်ခေတ်မှာ လုပ်ချင်ရာ လုပ်လို့ရသော်လည်း ခုလို ခေတ်ကြီးမှာတော့ ကိုယ်နှင့်သက်ဆိုင်သမျှ အင်စတီကျူးရှင်းတွေ၊ လူပုဂ္ဂိုလ်တွေ၊ ပြည်သူတွေကိုလည်း လေးစားဖို့လိုကြောင်း တင်ပြလိုက်ရပါသည် ...။

ချစ်ဝင်းမောင်


ABOUT AUTHOR

(ချစ်ဝင်းမောင်)