News

POST TYPE

PERSPECTIVE

ပြည်တွင်းငြိမ်းချမ်းရေး စကားကြီး သုံးခွန်း
‘၂၁ ရာစုပင်လုံ’ ၏ ပဲ့ကိုင်ရှင်အသစ်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ကချင်ပြည်နယ် မိုင်ဂျာယန် (KIA ထိန်းချုပ်နယ်မြေ) တွင် ဇူလိုင်လ ၂၆-၂၉ ရက်များမှာ ကျင်းပနေဆဲ (တရားဝင် ခေါင်းစဉ်အရ) တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ မျက်နှာစုံညီ အစည်းအဝေးနဲ့ ပတ်သက်လို့ လာအိုနိုင်ငံ ဗီယင်ကျင်းမြို့ကို ရောက်နေစဉ်အချိန် ဇူလိုင်၂၆ ရက်နေ့ ညမှာ သတင်းမီဒီယာများနဲ့ တွေ့ဆုံပြီး လိုတိုရှင်း ရိုးရိုးပဲ ပြောခဲ့တဲ့ ‘စကားတစ်ခွန်း’ ဟာ သိပ်လှပြီး အနက်အဓိပ္ပာယ် ကျယ်ဝန်းလွန်းတာကို သတိပြုမိလိုက်ပါတယ်။ “အန်တီကတော့ ရိုးရိုးပါပဲ။ တိုင်းရင်းသားညီလာခံ လုပ်ရင် ပြည်ထောင်စုညီညွတ်ရေး အတွက်၊ အမျိုးသားရင်ကြားစေ့ရေးအတွက် ဦးတည်တာ ဖြစ်ပါစေလို့ပဲ ဆုတောင်းပါတယ်” တဲ့။ အန်တီစုရဲ့ စကားတစ်ခွန်းကို စံနမူနာပြပြီး လက်တွေ့လိုက်နာ ကျင့်သုံးပြသင့်တဲ့ တာဝန်အရှိဆုံး နိုင်ငံသားတွေကတော့ အန်တီစုရဲ့ ခေါင်းဆောင်မှုကို ယုံကြည်လို့၊ အန်တီစု ခေါင်းဆောင်တဲ့ NLD မှာ အနိမ့်ဆုံး ပါတီဝင်ထိ ပါဝင်နေကြသူ ခုနှစ်ရက် သားသမီးများအားလုံး ဖြစ်ကြမယ်လို့ ယုံကြည်ပါတယ်။

ဖွင့်ထားတဲ့စကား

မိုင်ဂျာယန် မျက်နှာစုံညီ ဒုတိယနေ့ (၂၇/၇/၂၀၁၆) မှာ ဖယ်ဒရယ်ပြည်ထောင်စု အခြေခံဥပဒေအတွက် အခြေခံမူ (၈) ချက်ကို သဘောတူခဲ့ကြတယ်လို့ မိုင်ဂျာယန်ရောက် သတင်းထောက်များရဲ့ သတင်းများအရ သိရပါတယ်။ (၁) အချုပ်အခြာအာဏာ တန်းတူရေး၊ (၂) ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ (၃) စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု၊ (၄) တိုင်းရင်းသား လူနည်းစုများ အခွင့်အရေးကို ကာကွယ်ခြင်း၊ (၅) ဒီမိုကရေစီ အခွင့်အရေး၊ (၆) အခြေခံလူ့အခွင့်အရေး၊ (၇) ကျား/မဆိုင်ရာ တန်းတူညီမျှမှု၊ (၈) ပါတီစုံ ဒီမိုကရေစီနှင့် ဘာသာရေးကို အခြေမခံသော နိုင်ငံ စတဲ့ အချက်တွေလို့ သိရပါတယ်။ ဒါပေမဲ့ ‘တံခါးဖွင့်’ ထားတာက ဒီမူကြမ်းကို အားလုံးသုံးမယ်လို့တော့ ဆိုလိုတာ မဟုတ်ဘူးဆိုတဲ့ NLO ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းရဲ့ ‘စကားတစ်ခွန်း’ ဖြစ်ပါတယ်။

ရက်ပေါင်း ၁၂၀

အဲဒီစကားကြီးနှစ်ခွန်းရဲ့ အန္တိမရည်မှန်းချက်က ‘ပြည်တွင်းငြိမ်းချမ်းရေးရပြီ’ ဆိုတဲ့ ‘သုံးခွန်းမြောက် စကားကြီးတစ်ခွန်း’ ကို ပြောနိုင်ဖို့သာ ကျန်ပါတယ်။ သုံးခွန်းမြောက် စကားကြီးကို ပြောနိုင်သူကို တိုင်းရင်းသားလူထုကြီးက ရှာဖွေခဲ့တာ ပြည်တွင်းစစ် စတင်ခဲ့တဲ့ ၁၉၄၈ ခုနှစ် ကတည်းက ဖြစ်ပါတယ်။ အခုနောက်ဆုံး ရှာပေးခြင်း ခံရသူက ‘ဒေါ်အောင်ဆန်းစုကြည်’ ပဲ ဖြစ်ပါတယ်။ ဒါကြောင့် တိုင်းရင်းသားပြည်သူလူထု (အားလုံး) က ဒေါ်အောင်ဆန်းစုကြည်ကို လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ကို ဝန်းရံနေသူတွေကို သတိထား စောင့်ကြည့်နေကြတာ ဇူလိုင် ၂၉ ရက်ဆိုရင် ရက်ပေါင်း ၁၂၀ ရှိသွားပါပြီ။ ပြည်သူလူထုကြီးက စောင့်ကြည့်နေကြတာက ဒေါ်အောင်ဆန်းစုကြည်ကို ဝန်းရံနေသူတွေဟာ နေရာမှန်လူမှန် (Right Person, Right Place) ဖြစ်ကြရဲ့လား၊ ဝန်းရံသူတွေထဲမှာ ‘ပညာတတ်’ တွေ များလို့ အားရတယ်၊ အားကျတယ်။ PhD ဒေါက်တာတွေ၊ ဆရာဝန် ဒေါက်တာတွေ အများဆုံးပါပဲ။ ဒါပေမဲ့ ခုတ်ရာတခြား၊ ရှရာတခြား ဖြစ်သွားမှာလား၊ အုပ်ချုပ်ရေးပိုင်းမှာ ပညာတတ်တာနဲ့ ကျွမ်းကျင်ရော့လား၊ မသိတာတွေကို သင်ယူစရာတွေ အများကြီး ရှိနေသေးတယ် ဆိုတာကိုရော လက်ခံကြသလား၊ စောင့်ကြည့်နေတဲ့ မေးခွန်းတွေက အထောင်အသောင်းပါပဲ။

ရင်ကိုအေးမြစေ

ဒီနေရာမှာ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားတစ်ခွန်းကတော့ တိုင်းရင်းသားလူထုကြီးရဲ့ ရင်ကို အေးမြစေခဲ့တာလည်း သတိထားမိပြန်ပါတယ်။ လာအိုနိုင်ငံ ဗီယင်ကျင်းမြို့တော်ရှိ မြန်မာသံရုံးမှာ သတင်းမီဒီယာတွေကို ပြောတဲ့ စကားတစ်ခွန်းပါ။ “ဘာကြီးလုပ်မယ်၊ ညာကြီးလုပ်မယ် ဆိုပြီး မျှော်မှန်းပြီး တက်တာ မဟုတ်ဘူး။ (နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ဆိုလိုခြင်းဖြစ်) တကယ်တော့ သင်ယူဖို့ တက်တယ်လို့ ပြောရမှာပါ။ ပထမဆုံး အစည်းအဝေးဆိုတာ ကိုယ်က သင်ယူရမှာပါ။ တကယ်ဆိုရင် အန်တီတို့အဖွဲ့က အန်တီ့ကို အများကြီး သင်ပြတယ်။ ဒီသွားရမယ်၊ ဒါလုပ်ရမယ်၊ ဒီလိုလုပ်ရမယ်ဆိုတာ သင်ပြပေးတယ်။ နိုင်ငံခြားရေးရုံးအဖွဲ့တွေက ကျွမ်းကျင်နေပြီလေ။ အန်တီက ကျွမ်းကျင်တာမှ မဟုတ်ဘဲ။ အန်တီက ကိုယ်မကျွမ်းကျင်တာကို သင်ယူဖို့ပဲ ရှိတာပါ”

ဖီမော်ဂေါ်လန်ကန်ဖန်

အဲဒီစကားတစ်ခွန်းဟာ တိုင်းရင်းသား နိုင်ငံရေးသမား၊ အာဏာရလာသူတွေ၊ တိုင်းရင်းသား နိုင်ငံ့ဝန်ထမ်းတွေအတွက် ယူတတ်ရင် အလွန်ကောင်းတဲ့၊ ကျင့်သုံးအပ်တဲ့ နိုင်ငံအတွက် အဖိုးတန်စကားတစ်ခွန်း ဖြစ်ပါတယ်။ အဲသလို စိတ်ဓာတ်မျိုးကသာလျှင် ဖိုးသောကြာတို့ မြန်မာနိုင်ငံ နယ်နိမိတ်ပိုင်နက် နယ်မြေနဲ့ အချုပ်အခြာကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ဒီနေ့ ဖိုးသောကြာတို့ ‘ရင်တမမ’ ဖြစ်နေရတဲ့ နယ်စပ်ဒေသတွေမှာ ‘ပြည်ထောင်စုညီညွတ်ရေး-အမျိုးသားရင်ကြားစေ့ရေး’ စကားကြီးတစ်ခွန်းကို တည်ဆောက်ဖို့ အချိန်တွေ နှောင်းနေတာကိုလည်း သတိပြုစေချင်ပါတယ်။ ဥပမာ - ‘ဝ’ ဒေသ၊ ရှမ်းပြည်က ‘မိုင်းလား’ ဒေသ၊ ကချင်ပြည်နယ်က ဆခုန်တိန့်ယိန်း ခေါင်းဆောင်တဲ့ ‘ကြယ်ခေါင်ပန်ဝါ ’ဒေသမျိုးတွေ ဖြစ်ပါတယ်။ ယခုလက်နက်ကိုင်အဖွဲ့တွေ မျက်နှာစုံညီနေတဲ့ ‘မိုင်ဂျာယန်’ ဆိုရင် ကြယ်ခေါင်ပန်ဝါထက် ပိုပြီးအတွင်းကျတဲ့ တရုတ်ပြည်နယ်စပ်မှာ ရှိနေတာပါ။ ဖိုးသောကြာတို့ မမေ့သင့်တဲ့ သင်ခန်းစာက ‘ဖီမော်-ဂေါ်လန်-ကန်ဖန်’  ဖြစ်ပါတယ်။ ဖိုးသောကြာတို့ တိုင်းရင်းသားမိသားစု ‘ရှမ်း’ မျိုးနွယ်တွေရဲ့ ‘ဆစ်ဆောင်ပနားဒေသ’ ဟာ တရုတ်ပိုင်နယ်မြေ ဖြစ်သွားခဲ့ရပါတယ်။ ‘ငါ့ဝမ်းပူဆာ မနေသာ’ လို့ ကိုယ့်အချုပ်အခြာ ကိုယ့်ပိုင်နက်နယ်မြေရဲ့ အခြားတစ်ဖက်နယ်မြေမှာ ဝမ်းစာရှာစားကြရပေမယ့် ကိုယ့်မြေကြီး ကိုယ့်ခြံစည်းရိုးကိုတော့ အသက်ပေးလို့ ကာကွယ်ရမှာပေါ့။

ခြေထိုးသူတွေ

အခုဆိုရင် ‘၂၁ ရာစုပင်လုံ’ အပေါ် ကွဲပြားတဲ့ သဘောထားတွေ အသံထွက်နေပါတယ်။ ‘ကွဲပြား’ တာဟာ ‘ဒီမိုကရေစီ’ ပါ။ ‘ခွဲခြား’ တာက အချုပ်အခြာအာဏာ ဖြစ်ပါတယ်။ ‘ကွဲပြား’ ပါ၊ ‘မခွဲခြား’ စေချင်ပါဘူး။ ဒါမှသာ ဖိုးသောကြာတို့ ပြည်ထောင်စုကြီး မယိုင်မလဲ၊ မပြိုမကွဲ ရှိနေမယ်လို့ ဖိုးသောကြာကတော့ ယုံကြည်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အပါအဝင် တိုင်းရင်းသား နိုင်ငံရေးခေါင်းဆောင်များရဲ့ ‘၂၀ ရာစု ပင်လုံညီလာခံ’ နဲ့ ပတ်သက်လို့ အသံတွေ ကြားရတာ ရှိပါတယ်။ ၂၀ ရာစု ပင်လုံညီလာခံ သမိုင်းမှာ ‘ပဲ့ကိုင် ဗိုလ်ချုပ်အောင်ဆန်း’ ရဲ့ ‘စကားကြီးတစ်ခွန်း’ ကိုလည်း ပြန်လည်ငဲ့စောင်း လေ့လာသင့်ပါတယ်။ ဗိုလ်ချုပ်ပြောခဲ့တဲ့ စကားကြီးတစ်ခွန်းကို မပြောခင် ၂၀ ရာစု ရှမ်းပြည်နယ်နဲ့ ပတ်သက်လို့ စော်ဘွားတွေရဲ့ ဆန္ဒလို့ ဗိုလ်ချုပ်က ပြောခဲ့ပါတယ်။ ရှမ်းစော်ဘွားများနဲ့ ရှမ်းပြည်သူတို့က ဗြိတိသျှတို့ရဲ့ တောင်တန်းဒေသ အုပ်ချုပ်ရေးအောက်မှာ မနေလိုကြဘူး။ ပြည်တွင်း၌ ကိုယ်ပိုင်အုပ်ချုပ်ရေးရလျှင်  မြန်မာပြည်နဲ့ ပူးပေါင်းလိုတယ်။ (ရှမ်းစော်ဘွားများ ဗိုလ်ချုပ်ထံသို့ပေးစာ ၁၉၄၆ ခု နိုဝင်ဘာ ၁၄ ရက်စွဲ) ကို အင်္ဂလိပ်ဘုရင်ခံ ဘော်ဟွမ်လေကို ထုတ်ပြတယ်။ ဗြိတိသျှ အထက်တန်းအရာရှိ ‘စတီဗင်’ တို့ ခြေထိုးနေတယ်လို့လည်း ပြောပြလိုက်တာ သမိုင်းသင်ခန်းစာပါ၊ ဒီနေ့မှာလည်း ‘စတီဗင်’ လို ခြေထိုးသူတွေ ရှိမနေဘူးလား ဆိုတာ စဉ်းစားတွေးကြည့်သင့်ပါတယ်။

ကြားစကား

ပင်လုံကအပြန် ၁၉၄၇ ခုနှစ် မေလ ၂၀ ရက်နေ့မှာ ပြုလုပ်တဲ့ ဖဆပလ ပဏာမ ပြင်ဆင်မှု ညီလာခံမှာ ဗိုလ်ချုပ်က “ကျွန်တော်တို့ ပြည်ထောင်စုကြီးကို တည်ထောင်တော့ ‘ပြည်ထောင်စု’ သဘော တည်ထောင်မှာလား၊ လူမျိုးစုတစ်မျိုးတည်းဆိုတဲ့ ‘တိုင်းပြည်မျိုး’ (Unitary State) တည်ထောင်မလားဆိုတဲ့ မေးခွန်းကို ဖြေဖို့လိုတယ်။ ကျွန်တော့် (ဗိုလ်ချုပ်) အမြင်အရ ဆိုရင်တော့ လူမျိုးရေးအရ ရသင့်ရထိုက်တဲ့ အခွင့်အရေးမျိုးတွေကို စည်းကမ်း သတ်မှတ်ပေးပြီးတော့ (Unitary State) လူမျိုးကြီးတစ်မျိုးတည်းဆိုတဲ့ နိုင်ငံမျိုးတော့ ထောင်လို့မဖြစ်ဘူး။ ပြည်ထောင်စု သဘောမျိုး ဖြစ်ရမှာပဲ” လို့ ပြောခဲ့တာ သမိုင်းရှိပါတယ်။ အဲဒီတော့ ၂၁ ရာစုပင်လုံရဲ့ ပဲ့ကိုင် (ဒေါ်အောင်ဆန်းစုကြည်) နဲ့ ‘၂၀ ရာစုပင်လုံ’ ကို ကိုယ်နားလည်ချင်သလို နားလည်နေကြတဲ့ တိုင်းရင်းသားတွေအကြား တစ်သားတည်း ဖြစ်ဖို့၊ ကြားစကား (ဗြိတိသျှအရာရှိ မစ္စတာ စတီဗင်လို နိုင်ငံခြားတို့ရဲ့ ကြားစကား) တွေကိုလည်း သတိထား ရှောင်တတ်ရှားတတ်ဖို့ ပညာရှိများကို အသိပေးလိုပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းကို တကယ်ချစ်တဲ့သူ၊ ဗိုလ်ချုပ်ရဲ့သမီး ဒေါ်အောင်ဆန်းစုကြည်ကို ချစ်တဲ့သူ (နိုင်ငံရေးအရ NLD ပါတီကို ဝင်ပြီး ထောက်ခံဝန်းရံသူ) ပါတီထဲ မဝင်ပေမယ့် ထောက်ခံကြသူတွေ ကံသုံးပါး မဟုတ်တောင် တစ်ပါးပါးနဲ့တော့ တာဝန်ကျေဖို့ လိုပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကို မုန်းသူတွေ၊ ဒေါ်အောင်ဆန်းစုကြည်ကို မုန်းသူတွေ၊ နိုင်ငံရေးအရ NLD ပါတီကို လက်မခံကြသူတွေ၊ အတိုက်အခံ ပါတီဝင်တွေကလည်း ကံသုံးပါး၊ တစ်ပါးပါးနဲ့ ‘နိုင်ငံရေးအာဏာဟာ သာမည နိုင်ငံအချုပ်အခြာနဲ့ နယ်နိမိတ် တည်တံ့ခိုင်မာရေးသာ အဓိက’ ဆိုတဲ့ စိတ်ထားပြီး နိုင်ငံနဲ့ အချုပ်အခြာအာဏာကို စောင့်ရှောက်ပေးစေချင်ပါတယ်။

ကင်ဆာရောဂါလို နိုင်ငံရေးဗျူဟာမျိုးသုံးပြီး ပြည်ပက ပယောဂ လက်တံတွေနဲ့ မမြင်နိုင်တဲ့ အရစ်အပတ်တွေကို အထူးသဖြင့် တိုင်းရင်းသား ပြည်သူလူထုက မခံမိကြဖို့၊ ခံမိပြီ ဆိုရင်လည်း ခွဲစိတ်ကုသပစ်ကြဖို့၊ ပြည်တွင်းမှာ နည်းလမ်းပေါင်းစုံနဲ့ ရှိနေကြ၊ နေထိုင်နေကြတဲ့ ဧည့်နိုင်ငံသားတွေကလည်း ကိုယ့်ဝမ်းစာ ကိုယ့်စီးပွားကို ရိုးရိုးသားသား ရှာဖွေစားသောက်ကြဖို့၊ ကိုယ်ထမင်းစားနေတဲ့ နိုင်ငံကို သစ္စာမဖောက်ကြဖို့ တောင်းဆိုပါတယ်။ ဒုတိယ မြန်မာနိုင်ငံတော်ကြီး ဖြစ်တည်လာခဲ့တဲ့ အချိန်ကစလို့ ဒီနေ့တည်ရှိဆဲ မြန်မာနိုင်ငံတော်ကြီးရဲ့ ပကတိအချိန်အထိ သမိုင်းမှန်များကပေးတဲ့ သင်ခန်းစာတွေကို မျိုးဆက်သစ် လူငယ်တွေက ကိုယ့်အနာဂတ် နိုင်ငံတော်ကြီးကို တတိယ မြန်မာနိုင်ငံတော်ကြီး ဖြစ်လာအောင် တည်ထောင်နိုင်ဖို့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အာဘော်ဖြစ်တဲ့ ‘ကိုယ့်တိုင်းရင်းသား ပြည်သူလူထုအားလုံး တိုင်းပြည်ကောင်းစားဖို့မှာ၊ ကိုယ့်အားနဲ့ကိုယ့် တာဝန်မှန်သည်’ ဆိုတဲ့ ပြန်လည်ထူထောင်ရေး တေးသီချင်း စာသားအတိုင်း ‘အအိပ်’ ကအစ ‘ခြိုးခြံချွေတာ’ ပြီး စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ပြည်ပပယောဂ ကင်းရှင်းစွာ ဝန်းရံပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။

ဖိုးသောကြာ (ခေတ်+မိုး)
အထောက်အတို။   ။ (၁) ဦးရွှေအုန်း (ရပက) ၏ မပြိုကွဲနိုင်သော ပြည်ထောင်စုစာတမ်း